အစားအသောက် ပို့ဆောင်ခြင်း
Vol. 1 Ch. 5
သူမ ဖတ်ဖူးတဲ့စာအုပ်တွေထဲမှ တခြားသောအချိန်ကို ဖြတ်ကျော်လာတဲ့အင်အားကြီးမိန်းကလေးတွေက
မိသားစုအတွက် ညစာချက်ပြုတ်ပေးတတ်တာကိုတွေးမိတော့ သူမအနည်းငယ် တုန်လှုပ်လာမိတယ်။
ဒါပေမယ့် သူမက ဘာကိုမှ မလုပ်တတ်ဘူးလေ။ မီးဖိုဆီကို လှမ်းကြည့်လိုက်တော့ မူးဝေလာသလိုခံစားမိပြန်တယ်။ သူမ ဒါကို တကယ် မသုံးဖူးဘူး။
ဒါမှမဟုတ်ရင် ရိုးရိုးသားသားပြောပြပြီးနေမယ်ဆိုရင်ရော။
သူမက ထိတ်လန့်နေခဲ့ပေမဲ့ ဒီအတိုင်း ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တာကြောင့် နောက်ဆုံးမှာ မြေပြင်ကို လှမ်းကျင်းပေးဖို့ ဆုံးဖြတ်လိုက်တယ်။ မြေပြင်ကလည်း မြေသားတွေနဲ့ဖြစ်တာကြောင့် သူမ လှည်းကျင်းတဲ့အချိန်မှာ မြေမှုန်တွေက တထောင်းထောင်းထလာရပြန်တယ်။
အဆုံးမှာတော့ သူမအနည်းငယ် စိတ်ဓာတ်ကျလာရပြီ။
“ငါ ဘာကိုမှ မလုပ်နိုင်ဘူးပဲ”
လင်းချွမ် ပြန်လာချိန်မှာတော့ ဖက်ရှင်ကျတဲ့ ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားတဲ့ ကလေးမလေးတစ်ယောက် ဒေါသတကြီး နှုတ်ခမ်းစူနေတာကို မြင်တွေ့လိုက်ရလေတယ်။ ကြည့်ရတာ ဘာမှမတတ်နိုင်လောက်အောင် ဒေါသထွက်နေပုံရတယ်။
တကယ်တမ်းမှာ ဒီနေရာက အရမ်းခေါင်ပြီး အခြေအနေတွေကလည်း မကောင်းဘူးလို့ ခံစားရတဲ့အတွက် သူမ ငိုကြွေးချင်နေပြီး မြို့ကို ပြန်သွားချင်နေတာ ဖြစ်လောက်တယ်မလား။
လင်းချွမ် ထမင်းကို စားပွဲပေါ်သို့ တိတ်တဆိတ်ချလိုက်ပြီး ရေသောက်ရန် ခွက်ကို လှမ်းကိုင်လိုက်ချိန်မှာ ထို မိန်းကလေးက အသံကျယ်ကျယ်အော်ဟစ်ပြီ ထခုန်လာတယ်။ ပြီးမှ သူမရဲ့ရင်ဘတ်ကို အသာပုတ်ရင်း
“ရှင်ဖြစ်နေတာကိုး! ကျွန်မကို လန့်အောင်လုပ်နေတာပဲ”
ရုတ်တရက် လူတစ်ယောက်က ကိုယ်ရဲ့နောက်မှာ တိတ်တဆိတ်ရောက်နေမယ်ဆိုရင် လူတိုင်း လန့်သွားကြမှာပဲလေ။ နောက်ပြီး အဲဒီလူက အသံမထွက်ဘဲ လမ်းလျှောက်နေသေးတယ်။
“ငါ မင်းအတွက် ထမင်းယူလာတာ .. စားလိုက်လေ”
လင်းချွမ်က ဆန့်ကျင်ဘက်လိင်တွေနဲ့ တရင်းတနီးမနေဖူးဘဲ အခုချိန်မှာလည်း လူတွေရဲ့ သံသယကို ရှောင်ရှားနိုင်စေဖို့အတွက် ထိုစကားကိုသာပြောပြီး ပြန်ထွက်သွားဖို့ လုပ်တယ်။
ဆုဆုအနေနဲ့ အခုလို ရိုးဖြောင့်တဲ့အမျိုးသားမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။ မိန်းကလေးတစ်ယောက်နဲ့ တွေ့တဲ့အချိန်မှာ သူက လှည့်တောင်မကြည့်ပဲ ထွက်သွားလောက်အောင် ဖြောင့်တန်းလွန်းနေတယ်။
“ကျွန်မ ဒီထမင်းကို စားတာ အဆင်ပြေလို့လား”
သူမ ကြားခဲ့သလောက်ဆိုရင် ဒီထမင်းကို အဖွဲထဲမှာ အိုးကြီးနဲ့ချက်ပေးခဲ့တာဖြစ်ပြီး အဖွဲ့ထဲမှာ အလုပ်လုပ်တဲ့လူတွေအတွက်ပဲ ပြင်ဆင်ပေးထားတာ။ သူမက အိမ်မှာနေနေတာကို တစ်ယောက်ယောက်က အစားအသောက်ပို့ပေးလာတယ်။ ဒါက နည်းနည်းတော့ မသင့်တော်ဘူးမလား။
“မင်းက ဒီရွာကို စာတတ်မြောက်ရေးအတွက် ကူညီပေးဖို့ လာတာလေ.. မင်းလည်း ငါတို့ကို ထောက်ပံ့ပေးနေတဲ့သူပဲ.. ဒါကြောင့် မင်းအတွက် ရိက္ခာတွေကို တပ်မဟာက ယာယီပေးချေဖို့ ဆုံးဖြတ်ထားတယ်.. နောက်ပြီး ဒါကို အလုပ်ရမှတ်ရဲ့ တစ်ဝက်အဖြစ် သတ်မှတ်လိမ့်မယ်”
“အမ်.. နောက်ပြီး မနေ့တုန်းကအတွက်ကျေးဇူးတင်ပါတယ်.. ကျွန်မ နည်းနည်းလောက်ရှုပ်ထွေးနေပြီး ဘာမှမသိဘူးဖစ်သွားတယ်”
သူမပြောခဲ့တာတွေကို သိပ်ပြီး မစဉ်းစားတာ ကောင်းလိမ့်မယ်။
ဒါပေမယ့် တစ်ဖက်လူက ဘယ်လိုအမူအယာမှမပြပဲ ထူးမခြားနားစွာ ခေါင်းညိတ်ပြပြီး ဘာမှမပြောပဲ ထွက်သွားခဲ့လေတယ်။
ဒီလိုအမျိုးသားအတွက်ကတော့ ရည်းစားရနိုင်တာကမှ ထူးဆန်းနေလိမ့်မယ်။ သူ့ရဲ့ မိသားစုကသာ မစီစဉ်ပေးခဲ့ဘူးဆိုရင် သူကတော့ ဇနီးတစ်ယောက်နဲ့ လုံးဝလက်ထပ်နိုင်မှာ မဟုတ်ဘူး။
သို့ပေမဲ့ ဒီလိုအမျိုးသားမျိုးကလည်း အတော့လေး ဆွဲဆောင်မှုရှိနေတာပဲ။ သူ့ရဲ့ဘဝတစ်လျှောက် တခြားသောအမျိုးသမီးတွေနောက်ကို လိုက်နေမှာမဟုတ်တော့ဘူးလေ။ အရေးအကြီးဆုံးအချက်က သူရဲ့ ရုပ်ရည်ကချောမောလွန်းနေတယ်။
တစ်နေကုန် အလုပ်လုပ်ခဲ့ပြီးနောက် ညနေပိုင်းကိုရောက်ချိန်မှာတော့ လူတိုင်းပြန်ရောက်လာကြပြီ။
ဆုဆုက သူတို့အတွက် ရေနွေးအိုးတစ်အိုးတည်ပေးခဲ့ရုံကလွဲပြီး ဘာမှမလုပ်တတ်ခဲ့ပေမယ့် အမေလင်းကတော့ အရမ်းကို ပျော်ရွှင်စွာနဲ့ ပြောလာတယ်။
“ငါ အိမ်ကိုပြန်လာတဲ့ အေးစက်နေတဲ့ အိုးနဲ့ အေးစက်နေတဲ့ မီးဖိုက စောင့်နေလေ့ရှိတယ်.. ဒီနေ့တော့ ငါတို့ရဲ့ အိမ်က နွေးထွေးနေပြီ”
ဆုဆုက သူ့ရဲ့ခေါင်းကို ရှက်ရွံ့စွာကုတ်ခြစ်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြုံးလိုက်မိတယ်။
“ကျွန်မ.. ကျွန်မ ဘာမှ မလုပ်ခဲ့ရပါဘူး”
မူလတုန်းက သူမအနေနဲ့ ပိုက်ဆံပို့ချင်ခဲ့တယ်ဆိုပေမယ့် လင်းကျင်းရဲ့ ကိုယ့်ကိုယ်ကို လေးစားမှုအပေါ်ကို တွေးတောပြီးနောက် အိမ်အတွက် ကူညီပေးတာက ပိုပြီး အဆင်ပြေလိမ့်မယ်လို့ သူမ တွေးခဲ့တယ်။
“မင်း ဗိုက်ဆာနေလောက်ရောပေါ့.. ဒုတိယလေး ထမင်းချက်ဖို့လုပ်ရအောင်.. ခဏနေရင် ကပ္ပတိန် လာလိမ့်မယ်”
အမေလင်း ပြောပြီးတာနဲ့ လင်းဟိုင်က စတင်ချက်ပြုတ်ဖို့လုပ်ပြီး အိမ်လေးက လှုပ်ရှားသက်ဝင်လာခဲ့တယ်။
ဆုဆု ကူညီပေးချင်ပေမယ့် သူမ ဘာကိုမှ မလုပ်တတ်တာကို သိလိုက်ရပြီး နောက်ဆုံးတော့ အခန်းထဲမှာပဲထိုင်ကာ အပြင်ကို ကြည့်နေခဲ့တယ်။ ကောင်းကင်ကြီးက ညို့မှိုင်းနေကြီး မကြာခင် နှင်းတွေကျလာတော့မယ်လို့ ထင်ရတယ်။ခဏလောက်ကြာတော့ အမျိုးသားဇာတ်လိုက် ရောက်လာခဲ့ပြီ။ သူမအနေနဲ့ဆိုရင်တော့ ဇာတ်လိုက်က အတော်လေးသိမ်မွေ့တယ်လို့ ပြောရမယ်။ အနည်းဆုံး သူက လင်းချွမ်ထက်တော့ တပါးသူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ပိုပြီးချောမွေ့နေခဲ့တယ်။ သူက မွေးစားသားဖြစ်ပေမဲ့ သူ့ဦးလေးရဲ့မိသားစုက သူ့ကို အပြင်လူအဖြစ်မဆက်ဆံခဲ့ဘူး။
သူ အထက်တန်းကျောင်းတက်ဖို့အတွက်လည်း ထိုလူတွေက ပေးချေခဲ့ပြီး ထို့အတွက်ကြောင့်သာ မဟုတ်ရင် သူက တစ်ရွာလုံးမှာ ပညာအတတ်ဆုံး ကပ်ပတိန်ဖြစ်လာမှမဟုတ်ဘူး။
သူ အိမ်ထဲကိုဝင်လိုက်တာနဲ့ ပထမဆုံးမြင်လိုက်ရတာက ဆံပင်ကို ပိုနီတေးစတိုင်စည်းထားပြီး အခန်းမှာ လိမ်လိမ်မာမာနဲ့ထိုင်နေတဲ့ ကောင်မလေးပဲ။ သူမက သူမနဲ့ အတော်လေးကြီးတဲ့ ဆွယ်တာအင်္ကျီအသစ်ကို ၀တ်ဆင်ထားပြီး သူမရဲ့မျက်နှာက ဖြူဖွေးပြီးပြီး နူးညံ့နေပုံရပေမဲ့ သူမရဲ့အမူအယာက အနည်းငယ်ခါးသီးနေသလိုပဲ။
အထင်ရှားဆုံးသောအရာကတော့ ချစ်စရာကောင်းတဲ့ မျက်လုံးဝိုင်းကြီးတွေဖြစ်ပြီး ထိုမျက်လုံးလေးတွေနဲ့ သူ့ကို ကြည့်နေခဲ့တယ်။
ဒီလိုမျက်လုံးမျိုးတွေနဲ့ ကြည့်လာရင် ဘယ်လိုယောက်ျားမျိုးကမှ စိတ်ကိုတည်ငြိမ်အောင် ထားနိုင်တော့မှာမဟုတ်ဘူး။
ကံကောင်းထောက်မစွာနဲ့ လင်းတုံဟဲက အချို့သော မြင်ကွင်းမျိုးကို မြင်တွေ့ခဲ့ဖူးပြီးသားဖြစ်နေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ရှေ့မှ မိန်းကလေး ၀တ်စားဆင်ယင်ထားတဲ့ အဝတ်အထည်တွေက သူမြင်တွေ့ခဲ့ဖူးတဲ့ အကြီးဆုံး ခေါင်းဆောင်တောင်မှ မဝတ်နိုင်လောက်ဘူးလို့ သူ ခံစားခဲ့ရတယ်။
“ဟယ်လို.. မင်းက ရဲဘော်ဆုလား? ငါ့နာမည်က လင်းတုံဟဲပါ ငါက ရှောင်ရှန်ရွာရဲ့ ထုတ်လုပ်ရေးအဖွဲ့ထဲက ကပ္ပတိန်ပါ”
“ဟဲလို ကျွန်မနာမည်က ဆုဆုပါ”
သူမက ထိုအမျိုးသားကို ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်ပြီးနောက် နာခံမှုအပြည့်နဲ့ ပြန်ထိုင်လိုက်တယ်။
“ငါ မင်းရဲ့စာရွက်စာတမ်းကို ဖတ်ပြီးသွားပြီ.. ခရိုင်က စာတတ်မြောက်ရေးအတွက် ဆရာတစ်ယောက် လာလိမ့်မယ်လို့ ပြောခဲ့ပေမယ့် ကောလိပ်ကျောင်းသူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး.. ငါတို့ရွာမှာ စာမတတ်တဲ့သူတွေ အများကြီးရှိနေပြီး ရွာရဲ့လူအများစုက စာမတတ်တဲ့လူတွေပဲ.. အခု ဆောင်းဦးရာသီရဲ့ စပါးရိတ်သိမ်းတဲ့အလုပ်ပြီးသွားပြီဆိုတာနဲ့ လူတိုင်းက စာလေ့လာဖို့ အချိန်ရလာလိမ့်မယ်”
“အမ် ကျွန်မအကောင်းဆုံးကြိုးစားပါ့မယ်”
“ဒါ့အပြင် ရဲဘော်ဆုဆုအတွက် နေစရာကတော့ .. ပညာတတ်လူငယ်တွေရဲ့ နေရာဆီမှာ ငါတို့ စီစဉ်ပေးလို့ရမလား.. ရွာထဲမှာ ဆောက်ထားတဲ့ အိမ်အသစ်ရှိပြီး အနွေးခန်းလည်း ရှိပါတယ်.. ပညာတတ်လူငယ်တွေက သိပ်တော့မများဘူး .. သုံးယောက်.... “
လင်းတုံဟဲပြောနေရင်းနဲ့ ခေတ္တရပ်လိုက်တယ်။
အမေလင်းက ဝင်ပြောလာတယ်။
“တုံ့ဟဲ ပညာတတ်လူငယ်တွေရဲ့နေရာမှာ ခန်တွေက အရမ်းကျဉ်းလွန်းတယ်လေ.. ဒီကလေးသွားရင် နေစရာနေရာမရှိမှာကို ငါစိုးရိမ်မိတယ်”
“ဟုတ်တယ်.. နည်းနည်းတော့ လူပြည့်နေတယ်”
လင်းတုံဟဲ ခေါင်းညိတ်လိုက်တယ်။
“ဒါဆို ကျွန်မ အန်တီရဲ့အိမ်မှာ နေလို့ရမလား”
ဆုဆုက အမေလင်းကို အနည်းငယ် သနားစရာကောင်းစွာကြည့်လာတယ်။
“ကျွန်မ မရင်းနှီးတဲ့ လူတွေနဲ့ နေရတာကို သိပ်ပြီးမကြိုက်ဘူး.. မရွှေ့ပြောင်းပဲ အန်တီရဲ့အိမ်မှာပဲ ဆက်နေလို့ရမလား”
လင်းတုံဟဲက အမေလင်းကို တစ်ချက်ကြည့်လိုက်တယ်။ ဒုတိယဦးလေးရဲ့အိမ်မှာ နေစရာက တကယ်ပဲရှိနေတယ်။ အဆုံးမှာ အနောက်ဘက်မှာ အနွေးပေးအိမ်တစ်လုံးရှိနေတာကို လူတိုင်းသိပြီးသားပဲလေ။ ဒါပေမဲ့ သူတို့က သားသမီးတွေ အများကြီးရှိပြီး ဆင်းရဲတဲ့အတွက် အပြင်လူတွေကို လက်မခံချင်လောက်ဘူး။
ဒါပေမယ့် အမေလင်းက ဆုဆုကို သဘောကျနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ သူမက ဒီမိန်းကလေး အခုလို တစ်ယောက်တည်းရှိနေစဥ်မှာ ဂရုစိုက်ပေးမယ့် လူရှိနေသင့်တယ်လို့ တွေးတောခဲ့တယ်။
ထို့အပြင် သူမရဲ့သမီး အိမ်ထောင်ကျပြီးကတည်းက အိမ်ကိုပြန်လာတာ ရှားပါးလွန်းတယ်။ သူတို့တွေက သွေးသားလည်း မတော်စပ်တာကြောင့် သိပ်ပြီး မနီးစပ်တာဖြစ်နိုင်တယ်။ ဒါကြောင့် အခုချိန်မှာ သူတို့ရဲ့အိမ်မှာနေချင်သော မိန်းကလေးကိုတွေ့တော့ မကြိုဆိုပဲမနေနိုင်တော့ဘူး။
သူမရဲ့ မိသားစုက မြို့ကဖြစ်တဲ့အတွက် သူတို့ရဲ့ဆင်းရဲမွဲတေမှုကို မထီမဲ့မြင်မလုပ်ရင် အဆင်ပြေပါတယ်။
“ ကောင်းတာပေါ့ ..ဒီမှာ မင်းအတွက် အနွေးပေးအခန်းလည်း ရှိနေပြီးသားပဲလေ”
အမေလင်းက ချက်ချင်း သဘောတူလိုက်တယ်။
လင်းချွမ်က မျက်မှောင်ကြုတ်လိုက်ပေမဲ့ စကားမပြောခဲ့ဘူး။ ဒါပေမဲ့ လင်းတုံဟဲက ပြောလာတယ်
“ဒါက.. ဒါက အဆင်မပြေလောက်ဘူးလေ.. ကျွန်တော့်အစ်ကို အခုပြန်လာတာက ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖြေရှင်းဖို့အတွက်မလား.. အိမ်ထောင်ခန်းက...”
အမေလင်းက သူမရဲ့သားကို တစ်ချက်ကြည့်လိုက်ပြီး :
“ငါတို့တွေ သူတို့လက်ထပ်ရင် လောင်နင်တို့မိသားစုရဲ့အိမ်ကိုဝယ်ဖို့ စီစဉ်ထားတယ်.. အိမ်နောက်ဖေးမှာ စိုက်ပျိုးဖို့အတွက် မြေကွက်လပ်လည်းပါတယ်.. ယွဲ့ယွဲ့ အဲဒီကလေး မြို့ကနေ ပြန်ရောက်ပြီးရင် အိမ်သစ်တက်ပွဲလည်း မကြာခင်လုပ်လို့ရလောက်မယ်”
“အမေ...”လင်းချွမ်က သူ့ရဲ့မိဘတွေက သူ့အတွက် အိမ်ဝယ်ပေးချင်တယ်လို့ မထင်ခဲ့မိဘူး။ နှစ်တွေကြာလာတာနဲ့အမျှ သူတို့က ကလေးတွေအတွက် ကျောင်းစရိတ်နဲ့ အဘိုးအဘွားတွေရဲ့နေမကောင်းဖြစ်တာတွေကို ကုသစရိတ်တွေကြောင့် အကြွေးတွေ အများကြီးတင်ထားခဲ့တာကို သူသိတယ်။ အကြွေးတွေဆပ်ရမှာကို သူ့အတွက် အိမ်ဝယ်ပေးမလို့လား။
**