ဂုဏ်သိက္ခာအတွက် အဆုံးသတ်တိုက်ပွဲ
Vol. 2 Ch. 123
“ သွေးမိစ္ဆာလက်ဝါးသိုင်း အဆုံးသတ်တိုက်ကွက် “
သွေးမိစ္ဆာမှ ကျယ်လောင်စွာအော်ဟစ်၍ သူ၏လက်ဝါးနှစ်ဖက်အားခန္တာကိုယ်ရှေ့တွင်ထားလိုက်သည်။
ဘယ်လက်မှာ ရင်ဘက်နေရာတွင်ရှိနေကာ ညာဘက်လက်မှာမှာ ခပ်နိမ့်နိမ့်နေရာယူထားသည်။
သူ၏လာမည့်တိုက်ခိုက်မှုမှာ လွန်စွာပြင်းထန်ပုံရကာ ထင်းရှီမှာ သတိအနေအထားဖြစ်သွားသည်။ သူ၏မသိစိတ်အရ လာမည့်တိုက်ကွက်မှာ အစွမ်းထက်လှမည်ကို သိရှိနေသည်။
သွေးမိစ္ဆာလည်း ထင်းရှီ၏အနားသို့ရိပ်ခနဲရောက်လာသည် ။ ထို့နောက် သူ၏လက်ဝါးမှာ ထင်းရှီ၏ရင်ဘက်ဆီသို့ တိုးဝင်သွားသည် ။
ထင်းရှီလည်း သူ၏ဓားကိုအလျားလိုက်ထား၍ သွေးမိစ္ဆာ၏လက်ကိုဖြတ်ခုတ်ချလိုက်သည် ။သို့သော် သွေးမိစ္ဆာ၏လက်မှာ ဦးတည်ရာပြောင်း၍ ထင်းရှီ၏ဘယ်ဘက်ပခုံးသို့ဝင်ရောက်လာသည် ။
ထင်းရှီမှာ ထိုတိုက်ကွက်ကိုမျှော်လင့်ပြီးဖြစ်သည် ။ထို့ကြောင့် ညာဘက်သို့အနည်းငယ်တိမ်းစောင်း၍ သွေးမိစ္ဆာ၏လက်ဝါးချက်ကိုရှောင်တိမ်းလိုက်သည် ။
ထိုအချိန်တွင် သူ၏စိတ်ထဲ၌ အန္တရာယ်အငွေ့အသက်ကိုခံစားမိလိုက်ကာ အနည်းငယ်ထိတ်လန့်သွားသည် ။
သွေးမိစ္ဆာ၏ဘယ်လက်ဝါးမှာ အဓိကဝှက်ဖဲဖြစ်၍ ထင်းရှီ၏ခန္တာကိုယ်အောက်ပိုင်းသို့ရက်စက်စွာတိုးဝင်လာသည်။
သိုင်းသမားတစ်ဦးနှင့်တစ်ဦးတိုက်ခိုက်ရာတွင် နောက်ကျောဘက်မှတိုက်ခိုက်ခြင်း ၊မသင့်လျော်သည့်နေရာများအားတိုက်ခိုက်ခြင်းစသည်တို့ကို ရှောင်ကြလေသည်။
ဤသည်မှာ ပြောစရာမလိုဘဲသိရမည့်စည်းကမ်းတစ်ခုလည်းဖြစ်ကာ အနက်ရောင်သိုင်းသမားများပင် ထိုအချက်ကိုလိုက်နာကြသည် ။
သို့သော် သွေးမိစ္ဆာမှာမူ အင်အားပြင်းထန်လှသည့်လက်ဝါးဖြင့် ထင်းရှီ၏အဓိကနေရာကိုတိုက်ခိုက်လိုက်သည် ။
အကယ်၍ထင်းရှီသာထိုတိုက်ကွက်ကိုမရှောင်တိမ်းနိုင်ပါက သူ၏ ယောင်္ကျားဘဝဆုံးရှုံးသွားနိုင်သည့်အပြင် အတွင်းအားအပြည့်ထည့်ထားသည့်လက်ဝါးချက်မှာသူ့ကိုတစ်ချက်ထဲဖြင့်ပင် ရှူံးနိမ့်သွားနိုင်သည် ။
ထင်းရှီလည်း သွေးမိစ္ဆာ၏ယုတ်ညံ့သည့်လုပ်ရပ်ကြောင့် လွန်စွာဒေါသထွက်သွားမိသည်။ ထိုအခါမှ အဆုံးသတ်တိုက်ကွက်ဆိုသည့်နာမည်ကိုနားလည်သလိုရှိလာသည် ။
သွေးမိစ္ဆာမှာမူ ခပ်တည်တည်ပင်ဖြစ်ကာ ထင်းရှီအားသတ်ဖြတ်နိုင်ရန်မှာ သူ၏ရည်ရွယ်ချက်အစစ်ဖြစ်သည် ။
ထင်းရှီလည်း လျှင်မြန်စွာစဉ်းစားလိုက်ကာ မြေပြင်အားခြေတစ်ချက်ဆောင့်၍ လေပေါ်သိုါခုန်တတ်လိုက်သည် ။
သွေးမိစ္ဆာမှာ ထင်းရှီဤသို့လွတ်မြောက်မည်ကိုတွေးဆထားပြီးဖြစ်နိုင်သည် ။ထို့ကြောင့် သူ၏ညာဘက်လက်ဝါးဖြင့် ထင်းရှီခုန်ထွက်မသွားစေရန်ပိတ်ဆို့ထားလိုက်သည် ။
သို့သော် ထင်းရှီမှ သူမျှော်လင့်ထားသည်နှင့်ဆန့်ကျင်စွာ ထိုလက်ဝါးအားကန်ထုတ်ကာ နောက်ဘက်သို့ အလျားလိုက်ဆုတ်သွားသည် ။
အကယ်၍ ထင်းရှီ၏နေရာတွင် ကိုယ်ဖော့ပညာအနည်းငယ်နိမ့်ကျသည့်သိုင်းသမားဆိုပါက လွတ်မြောက်နိုင်မည်မဟုတ်ပေ ။
သွေးမိစ္ဆာ၏အကြံမှာ ရက်စက်လှသလို သူ၏တိုက်ခိုက်မှုမှာလည်းအကွက်စေ့လှသည် ။
ထင်းရှီလည်း နောက်သို့ခုန်ဆုတ်သွားပြီး ချက်ခြင်းပင်မြေပြင်အားခြေတစ်ချက်ဆောင့်ကာ သွေးမိစ္ဆာထံသို့ မြားတစ်စင်းကဲ့သို့ တဟုန်ထိုးတိုးဝင်လာသည်။
သူ၏ဓားသည်လည်း လျှင်မြန်စွာလှုပ်ရှားသွားပြီး သွေးမိစ္ဆာအား အနားမပေးဘဲဆက်တိုက်တိုက်ခိုက်လိုက်သည် ။
သွေးမိစ္ဆာမှာ ထင်းရှီ၏ဒေါသတကြီးအမူအယာကြောင့် တဟားဟားအော်ရယ်လိုက်သည် ။ထို့နောက် ကြောက်မက်ဖွယ် ပြုံး၍ပြောလိုက်သည်။
“ သိပ်ပြီး ဒေါသထွက်သွားတာလား ပျော်စရာလေးတွေကအခုမှစမှာ “
သွေးမိစ္ဆာလည်း ရယ်မောရင်းဖြင့် ထင်းရှီထံသို့တိုးဝင်သွားသည် ။ ထို့နောက် သူ၏လက်ဝါးနှစ်ဖက်အားလျှင်မြန်စွာလှုပ်ရှား၍တိုက်ခိုက်လိုက်သည် ။
“ သွေးစုပ်နတ်ဆိုး၏ မရဏတိုက်ကွက် “
ယခုတစ်ကြိမ်တွင် သွေးမိစ္ဆာ၏လက်ဝါးများမှာ အတွင်းအားအပြည့်ဖြင့် ထင်းရှီထံသို့တိုးဝင်လာသည် ။
ထင်းရှီလည်း ယခုတစ်ကြိမ်တွင်ပို၍လေးနက်သွားသည်။ သို့သော် သူ၏တိုက်ကွက်များကိုမရပ်တန့်ဘဲ ဆက်လက်တိုက်ခိုက်လိုက်သည် ။
“ သစ်ရွက်ကြွေဓားသိုင်း လေနှင့်အတူယိမ်းနွဲ့ခြင်း “
ထင်းရှီမှ သူ့ဆရာ၏သစ်ရွက်ကြွေဓားသိုင်းမှ ဓားကွက်တစ်ခုကိုထုတ်သုံးလိုက်သည် ။
ထင်းချီယင်၏သစ်ရွက်ကြွေဓားသိုင်းမှာ ပျော့ပြောင်းသည့်ဓားသိုင်းအမျိုးအစားဖြစ်ကာ ပြင်းထန်သည့်သိုင်းပညာများကို ရင်ဆိုင်ရာတွင်သင့်လျော်သည်။
ထို့အပြင် ထင်းချီယင်မှာ သစ်ရွက်ကြွေဓားသိုင်းတစ်ခုထဲဖြင့် သိုင်းလောကတွင် ကျော်ကြားခဲ့ခြင်းဖြစ်သည်။
ယခုထင်းရှီ၏ဓားကွက်မှာ ထင်းချီယင်ကိုယ်တိုင်အသုံးပြုသလောက်အစွမ်းမထက်သော်လည်း သွေးမိစ္ဆာ၏သိုင်းကွက်များကို ကောင်းစွာထိမ်းချုပ်နိုင်သည် ။
သွေးမိစ္ဆာ၏အနီရင့်ရောင်လက်ဝါးရိပ်များမှာ ထင်းရှီ၏အဖြူရောင်ဓားရိပ်များဖုံးလွှမ်းခြင်းကိုခံနေရကာ အရေးနိမ့်နေသည် ။
သွေးမိစ္ဆာမှာ သူ၏အစွမ်းအထက်ဆုံးသိုင်းဖြင့်တိုက်ခိုက်နေသော်လည်း ထင်းရှီအားသတ်ဖြတ်ရန်မဆိုထားနှင့် အနိုင်ရရန်ပင်မဖြစ်နိုင်သေးပေ ။
ထင်းရှီ၏အားနည်းဟန်ရသည့်ဓားကွက်များက သူ၏လက်ဝါးရိပ်များအား ကောင်းစွာပိတ်ဆို့ထားနိုင်သည် ။
သွေးမိစ္ဆာလည်း မျက်နှာကြီးမည်းမှောင်လာ၍ ဒေါသထွက်လာသည် ။
“ ကောင်းပြီလေ မင်းကငါ့ကိုဖိအားပေးနေတာပဲ “
သွေးမိစ္ဆာမှ နောက်သို့အလျှင်အမြန်ခုန်ဆုတ်ကာအော်ဟစ်လိုက်သည် ။
ထို့နောက် သူ၏ရင်ဘက်ကြားထဲမှ အပ်ချောင်းလေးများအားထုတ်ကာ ငယ်ထိပ်ပေါ်တွင်တစ်ချောင်းစိုက်ချလိုက်သည် ။
ထို့နောက် ခန္တာကိုယ်ပေါ်ရှိနေရာအချို့တွင်လည်း အသီးသီး စိုက်ချလိုက်သည်။
“ အွတ် “
သွေးတစ်ပွတ်အန်ထုတ်လိုက်ကာ သွေးမိစ္ဆာ၏မျက်လုံးများမှာ ရဲရဲနီလာသည် ။ထို့နောက် သူ၏ခန္တာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။
သွေးမိစ္ဆာ၏အတွင်းအားမျသည်လည်း သူ၏မျက်စေ့ရှေ့တွင်ပင် တရိပ်ရိပ်မြင့်တတ်လာသည်။ ထင်းရှီလည်း။ဤအဖြစ်အားကြည့်ကာ မျက်နှာကွက်ခနဲပျက်သွားသည် ။
“ အတွင်းအားယာယီနှိုးဆွနည်း “
ထင်းရှီမှခပ်တိုးတိုးရေရွတ်လိုက်မိသည်။ ယခု သွေးမိစ္ဆာအသုံးပြုနေသည့်နည်းလမ်းမှာ အတွင်းအားယာယီနှိုးဆွနည်းဟူသည့်နည်းလမ်းဖြစ်သည်။
ထိုနည်းလမ်းမှာ မိမိ၏အတွင်းအားများကို တခဏအတွင်း များစွာမြင့်တတ်လာစေသည် ။သို့သော် ပေးဆပ်ရမည့်တန်ဖိုးမှာလည်း မနည်းပါးပေ ။
အရာရာတိုင်းတွင် သူ့တန်ဖိုးနှင့်သူရှိကြသည် ။ အတွင်းအားယာယီနှိုးဆွခြင်းနည်းလမ်းကိုအသုံးပြုပြီးနောက် ခန္တာကိုယ်အတွင်းရှိသွေးကြောများဒဏ်ရာရကုန်ကာ မသန်မစွမ်းဖြစ်သွားပေမည်။
သို့သော် သွေးမိစ္ဆာမှာ ထိုအချက်အားသိသိကြီးနှင့်အသုံးပြုခြင်းမှာ အကြောင်းရင်းတစ်စုံတစ်ရာရှိနိုင်သည် ။
ထင်းရှီလည်း အတွင်းအားစုပ်သိုင်းကျမ်းကို သတိရသွားမိသည် ။
အတွင်းအားစုပ်သိုင်းကျမ်းမှာ သူတစ်ပါး၏အတွင်းအားများကိုစုပ်ယူ၍ မိမိကိုယ်ပိုင်အတွင်းအားများအဖြစ်ပြောင်းလဲပေးရုံသာမက နောက်ထပ်အကျိုးသက်ရောက်မှုတစ်မျိုးမှာ အတွင်းဒဏ်ရာအမျိူးမျိုးကိုပါ ပျောက်ကင်းစေနိုင်သည် ။
ထို့အတွက်ကြောင့်လည်း သိုးထိန်းကြီးမှ ရှောင်ကျန်းမင်၏ခန္တာကိုယ်အတွင်းမှ မကောင်းသည့်အတွင်းအားများကိုဖယ်ရှားရန် အတွင်းအားစုပ်သိုင်းကို လိုအပ်သည်ဟုပြောခြင်းဖြစ်သည်။
ယခု သွေးမိစ္ဆာမှ ထိုနည်းလမ်းကိုအသုံးပြုလာသည့်အတွက် ထင်းရှီနှင့်အဆုံးစွန်အထိရင်ဆိုင်မည်ဟူသည့်သဘောဖြစ်သည်။
“ ဟားဟားး ကောင်လေး မင်းကြောက်နေပြီလား အခုငါ့နဲ့တိုက်ခိုက်ရဲသေးလား “
သွေးမိစ္ဆာမှ ကြောက်စရာကောင်းစွာရယ်မောရင်းပြောလိုက်သည်။
သူ၏ရည်ရွည်ချက်မှာ ရှင်းလင်းသည်။ ထင်းရှီအားရန်စနေခြင်းဖြစ်သည်။
ယခင်က သူထင်းရှီအားသတ်ဖြတ်နိုင်ရန် ယုံကြည်ချက်မရှိသော်လည်းယခုလိုအတွင်းအားများစွာမြင့်တတ်လာပြီးနောက် ထင်းရှီအားသတ်ဖြတ်နိုင်ရန် ယုံကြည်ချက်ရှိသည်။
ထင်းရှီလည်း သွေးမိစ္ဆာ၏ရည်ရွယ်ချက်ကို အကဲခပ်မိသည် ။ထိုလူမှာ သူ့ကိုတိုက်ခိုက်စေလိုခြင်းဖြစ်သည် ။
အတွင်းအားယာယီနှိုးဆွနည်း၏အကျိုးသက်ရောက်မှုမှာ နာရီအနည်းငယ်သာဖြစ်သည်။ ထိုအချိန်အတွင်း သူထွက်ပြေးလိုပါကသွေးမိစ္ဆာမှာ
လုံးဝလိုက်မီမည်မဟုတ်ပေ ။
သို့သော် သွေးမိစ္ဆာမှာမူ လွတ်မြောက်သွားနိုင်သည်။ အတွင်းအားစုပ်သိုင်းအားတတ်မြောက်ထသည့် သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်သိုင်းသမားမှာ လွန်စွာအန္တရာယ်ကြီးမားလှသည်။
အကယ်၍ ယခုအချိန်တွင်သာသွေးမိစ္ဆာလွတ်မြောက်သွားပါက နောက်ပိုင်းတွင်သိုင်းဝိဇ္ဇာအဆင့်သို့်ကျိန်းသေရောက်ရှိပေမည်။
ထိုအချိန်သို့ရောက်လျှင် သွေးမိစ္ဆာအား သတ်ဖြတ်ရန်မှာ ပို၍ခက်ခဲသွားပေမည်။ ။
နောက်ထပ်အကြောင်းပြချက်တစ်ခုမှာ ထင်းရှီမှာ ဂုဏ်သိက္ခာကြီးမားလှသည့်ဓားစံအိမ်မှတပည့်တစ်ဦးဖြစ်သည်။
ဓားစံအိမ်မှတပည့်များမှာ တိုက်ပွဲတွင် ရန်သူအားကြောက်ရွံ့၍ထွက်ပြေးသည်ဟူ၍လုံးဝမရှိခဲ့ပေ။ ဤသည်က ဓားသမားတစ်ယောက်၏ဂုဏ်သိက္ခာလည်းဖြစ်နိုင်သည်။
ထင်းရှီလည်း ထိုအကြောင်းများကြောင့် သွေးမိစ္ဆာနှင့်တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက်ာအော်ဟစ်မာန်သွင်း၍ သွေးမိစ္ဆာထံသို့ ဦးစွာပြေးဝင်သွားသည်။
“ တောင်နှင့်မြစ်အားပိုင်းဖြတ်ခြင်း “
ထင်းရှီ၏ခန္တာကိုယ်မှာလေထဲသို့ရောက်ရှိသွားကာ သွေးမိစ္ဆာအား ဓားဖြင့်ခုတ်ပိုင်းလိုက်သည် ။
ကြီးမားသည့်ဓားရိပ်ကြီးမှာ လေထဲမှတစ်ဆင့်သွေူမိစ္ဆာထံသို့ပြေးဝင်သွားသည်။ ထိုဓားရိပ်ကြီးမှာ သူ၏လမ်းကြောင်းရှိအရာရာကို ပိုင်းဖြတ်တော့မည့်ပုံရသည် ။
သွေးမိစ္ဆာမှ ထင်းရှီ၏ဓားရိပ်ကြီးအား စိတမလှုပ်ရှားသည့်ပုံစံဖြင့်ကြည့်ကာ သူ၏လက်ဝါးတစ်ဖက်အားဝေ့ယမ်းလိုက်သည်။
“ သွေးစုပ်နတ်ဆိုး၏ မရဏတိုက်ကွက် “
သွေးမိစ္ဆာထံမှ အော်ဟစ်သံနှင့်အတူ သွေးနီရောင်လက်ဝါးရိပ်ကြီးတစ်ခုမှာ ထင်းရှီထံသို့ပြေးဝင်သွားကာ ထင်းရှီ၏ဓားရိပ်ကြီးနှင့် ထိတမတိုက်တွေ့သွားသည်။