ရေတွင်းထဲမှဖားသူငယ်
Vol. 2 Ch. 126
ထင်းရှီ၏မျက်လုံးများဖျက်ခနဲပွင့်လာသည် ။ ထို့အတူ ဓားတစ်စင်းလို ထက်ရှသည့်အငွေ့အသက်များမှာ သူ၏ခန္တာကိုယ်စီမှထွက်ပေါ်လာသည်။
ထင်းရှီ၏ပြောင်းလဲမှုများကြောင့် သွေးမိစ္ဆာလည်းတိုက်ခိုက်နေခြင်းအားရပ်တန့်လိုက်ကာ အနည်းငယ်ထိတ်လန့်သွားသည် ။
ယခုအချိန်တွင်ထင်းရှီ၏ခန္တာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းသည့်အငွေ့အသက်များထွက်ပေါ်နေကာ သည့်မတိုက်မီကထင်းရှီမှာ ဓားအိမ်အတွင်းမှ မချွတ်ရသေးသည့်ဓားတစ်လတ်ဆိုပါက ယခုသူ၏ရှေ့ရှိထင်းရှီမှာ ဓားအိမ်အတွင်းမှချွတ်ထားပြီးသည့်ဓားတစ်လတ်ဖြစ်နေချေပြီ ။
သူ၏လမ်းတွင်ပိတ်တို့နေသည့်အရာရာတိုင်းအားပိုင်းဖြတ်မည့်ထက်ရှသည့်ဓားတစ်စင်းနှင့်တူနေသည် ။
ထင်းရှီမှာ ရှောင်တိမ်းနေခြင်းအားရပ်တန့်လိုက်ပြီးသွေးမိစ္ဆာအားစူးစိုက်ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထက်တွင် ခပ်ယောင်ယောင်အပြုံးလေးတစ်ပွင့်ပေါ်လာကာ ခပ်တိုးတိုးပြောလိုက်သည် ။
“ လွတ်လပ်သော ဓားဆန္ဒ “
ထင်းရှီ၏ခန္တာကိုယ်ဆီမှ ကြောက်ဖက်ဖွယ်ကောင်းလှသည့်ဖိအားကြီးမှာ သွေးမိစ္ဆာအားဖိနှိပ်လိုက်သည် ။
သွေးမိစ္ဆာမှာ ထင်းရှီနှင့်နောက်ထပ်တစ်ကြိမ်တိုက်ခိုက်ရခြင်းမရှိသေးသော်လည်း သူ၏စိတ်ထဲတွင်ဓားအစင်းပေါင်းများစွာနှင့်ထိုးစိုက်ခံနေရသလိုခံစားမိနေသည်။
သူလွန်ခဲ့သည့်ဆယ်နှစ်ကျော်က နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်နှင့်ရင်ဆိုင်စဉ်ကပင်ယခုလိုဖိအားမျိူးမခံစားမိပေ ။
ယခုသူ၏ရှေ့တွင်ရပ်နေသည့်လူငယ်မှာ ယခင်ကထက်များစွာအစွမ်းထက်လာကြောင်းကို သူသိလိုက်သည်။
သို့သော် သူထိုလူငယ်အားအသေသတ်ရမည်ဖြစ်သည် ။ သူ၏အတွင်းအားများမှာလည်း အကန့်အသက်ဖြင့်ရှိသည်။ ထို့ကြောင့် အချိန်အနည်းငယ်ကြာပါက သူ၏အတွင်းအားများပျောက်ဆုံးကုန်မည်ဖြစ်ကာ ဝေဒနာပြင်းထန်စွာခံစားရဦးမည်ဖြစ်သည်။
ထို့ကြောင့် ထိုမတိုင်ခင်သူ၏ရှေ့မှလူငယ်အားအသေသတ်ရပေမည်။
သွေးမိစ္ဆာလည်းသူ၏အတွင်းအားများမကုန်ဆုံးမီ အံကိုတင်းတင်းကြိတ်ကာထင်းရှီထံသို့တိုးဝင်သွားသည် ။ ထို့နောက် ပြင်းထန်စွာတိုက်ခိုက်လိုက်သည် ။
ထင်းရှီလည်း သူ့ထံသို့လျှင်မြန်စွာတိုးဝင်လာသည့်သွေးမိစ္ဆာအားကြည့်လိုက်သည်။ သူ၏မျက်စေ့ထဲတွင်သွေးမိစ္ဆာ၏သိုင်းကွက်မှဟာကွက်များကိုမြင်နေရသည်။
ထင်းရှီ၏အထီးကျန်ဓားသိုင်းမှာ ပြိုင်ဘက်၏ဟာကွက်အားအရင်ရှာကာ တိုက်ခိုက်ရသည့်ဓားသိုင်းအမျိုးအစားဖြစ်ကာ ယခင်က သွေးမိစ္ဆာ၏ဟာကွက်များကိုရှာတွေ့သော်လည်း သူတိုက်ခိုက်ရန်အတွက် သူ၏ဓားမှာ လုံလောက်အောင်လျှင်မြန်ခြင်းမရှိသေးပေ ။
သို့သော် ယခုလိုဓားဆန္ဒကိုသိရှိပြီးသည့်နောက်တွင်တော့ ထိုအချက်အားစမ်းသပ်ကြည့်ရပေမည်။
“ ရွှပ် “
ထင်းရှီ၏ဓားမှာ လျှင်မြန်လှသဖြင့်အလင်းရောင်ပင်ထွက်ပေါ်မလာပေ။ ထို့အတူ သူ၏ဓားကိုလည်း သွေးမိစ္ဆာတစ်ယောက်မမြင်လိုက်ရပေ။
“ ဘုတ် “
“ အားး... “
သွေးမိစ္ဆာ၏လက်မောင်းတစ်ဖက်မြေပြင်ပေါ်သို့ပြတ်ကျသွားကာ စူးစူးဝါးဝါးအော်ဟစ်သံထွက်ပေါ်လာသည်။
ထို့နောက်တွင် သွေးမိစ္ဆာမှာ နောက်သို့ဒရောသောပါးဆုတ်ခွာလိုက်သည် ။ထင်းရှီမှာမူ သူ့နေရာတွင်ပင်ရပ်နေကာ လိုက်လံတိုက်ခိုက်ခြင်းမရှိသေးပေ ။
သူ၏စိတ်ထဲတွင်တော့ အစောပိုင်းမှ သူတိုက်ခိုက်လိုက်သည့်ဓားချက်အား ပြန်၍စဉ်းစားနေမိသည် ။
ထိုဓားချက်မှာ ယခင်ကကဲ့သို့ အထီးကျန်ဓားသိုင်း
ထဲမှဓားကွက်တစ်ခုသာဖြစ်သော်လည်း ယခုအချိန်တွင်မူ ယခင်ကအသုံးပြုသည်ထက် အဆပေါင်းများစွာပို၍အစွမ်းထက်နေသည်။
ဤသည်မှာ သူဓားဆန္ဒအား နားလည်သဘောပေါက်ပြီး၍လည်းဖြစ်ကောင်းဖြစ်နိုင်သည် ။
ထို့အပြင် အထီးကျန်ဓားသိုင်းအားတီးထွင်ခဲ့သည့်ပြိုင်ဘက်ကင်းဓားသမားကြီးမှာ အထီးကျန်ဓားဆန္ဒအားပိုင်ဆိုင်ခဲ့မည်ဟု သူတွေးလိုက်မိသည် ။
သူ၏ဓားသိုင်းမှာ အထီးကျန်ဓားဆန္ဒအားနားလည်ပြီးသည့်နောက်တွင်မှ တီထွင်ခဲ့ခြင်းဖြစ်နိုင်သည်။ ထို့ကြောင့်လည်း ထင်းရှီယခင်ကတစ်စုံတစ်ရာလိုအပ်နေသည်ဟုအမြဲတွေးထင်မိခဲ့ခြင်းဖြစ်နိုင်သည် ။
ထို့ကြောင့် ဓားသိုင်းကွက်များ ၊ သိုင်းလောကထိပ်တန်းရတနာလက်နက်များမှာ အစစ်အမှန်ပညာရှင်များ၏လက်တွင်မည်သည့်တန်ဖိုးမှမရှိဟု သိုးထိန်းကြီးပြောခဲ့ခြင်းမှာ ဖြစ်နိုင်လေသည် ။
ထိုစဉ်က ထိုစကားကို သူများစွာနားမလည်ခဲ့မိသော်လည်း ယခုအချိန်တွင်မူပြန်၍တွေးကြည့်နေမိသည်။
သူဓားစံအိမ်တွင်ရှိစဉ်က သိုးထိန်းကြီးမှာ ကွက်ပျစ်ပေါ်တွက်ထိုင်၍ သစ်ပင်အားပျင်းရိစွာမှီရင်းမှပြောခဲ့ဖူးသည် ။
“ သိုင်းလောကမှာ ပြိုင်ဘက်ကက်းဓားပညာတွေ၊ ထိပ်တန်းရတနာလက်နက်တွေဆိုတာ စွမ်းအားကြီးတာမှန်ပေမယ့် အသုံးပြုတဲ့လူကို အချိန်အတိုင်းအတာတစ်ခုအထိပဲအကျိုးပြုနိုင်တာ ။
အဲလိုပြင်ပအထောက်အပံ့တွေကိုမှီခိုလွန်းရင် ကိုယ့်ရဲ့အရည်အချင်းအစစ်အမှန်ကလဲငုပ်လျှိုးသွားနိုင်တယ်။
သိုင်းလောကရဲ့ထိပ်တန်းပညာရပ်တွေကိုတတ်မြောက်ထားတဲ့လူနဲ့ သိုင်းပညာဒါမှမဟုတ်ရင်ဓားပညာတစ်ခုခုရဲ့ အစစ်အမှန်သဘောတရားကို နားလည်ထားတဲ့လူတွေဆိုတာ နှိုင်းယှဉ်စရာကိုမလိုတာ ။
ထိပ်တန်းပညာရပ်တွေများစွာတတ်မြောက်ထားတဲ့ကြောက်စရာကောင်းတဲ့သိုင်းသမားဆိုတာ တကယ့်ပညာရှင်ကြီးတွေရဲ့မျက်စေ့ထဲမှာ အဖိုးတန်ရတနာကိုကောက်ရထားတဲ့ကလေးတစ်ယောက်လိုပဲ ။
ဘာကြောင့်လဲဆိုတော့ သူတို့တတ်ထားတဲ့ပညာတွေက ထိပ်တန်းအဆင့်ရှိတဲ့သိုင်းကျမ်းတွေကို ဖန်တီးနိုင်စွမ်းရှိလို့ပဲ “
သိုးထိန်းကြီးမှာ ထိုစကားများအားပြောခဲ့စဉ်ကသူ၏မျက်နှာမှာ လေးနက်တည်ကြည်နေသည်။
ထင်းရှီလည်းထိုစကားများကို ယခုအချိန်မှ အနည်းငယ်နားလည်လာသည် ။
ထို့အတူ သူသဘောပေါက်ထားသည့်ဓားဆန္ဒတစ်ခု ဆိုသည်မှာ ကျယ်ပြန့်လှသည့်ဓားပညယသဘောတရားများထဲမှ တစ်ခုသာဖြစ်ကြောင်းကိုလည်းသိလိုက်ရသည် ။
သို့သော် ထိုတစ်ခုကိုပင် ဓားသမားတစ်ထောင်တွင်တစ်ယောက်ပင်နားမလည်နိုင်ကြပေ။
သိုင်းလောကရှိဓားသမားအတော်များများမှာ ကိုယ်ပိုင်ပညာရပ်မျကိုပြီးပြည့်စုံပြီဟုတွေးထားလေ့ရှိသော်လည်း အမှန်က သူတို့၏အခြေအနေမှာ သနားစရာကောင်းသည့် ရေတွင်းထဲမှဖားတစ်ကောင်ကဲ့သို့ဖြစ်နေသည်။
ထင်းရှီလည ယခုအချိန်မှ သိုးထိန်းကြီး၏အကြောင်းအားပြန်စဉ်းစားမိလိုက်ကာ ထိတ်လန့်တုန်လှုပ်၍သွားသည် ။
သူတွေ့ဖူးသမျှလူများထဲတွင် သိုးထိန်းကြီးနှင့် သူ၏ဆရာမှာ သိုင်းပညာအမြင့်ဆုံးဖြစ်သည်။
သိုးထိန်းကြီးသိုင်းပညာအဆင့်ကို သူတိတိကျကျမခန့်မှန်းနိုင်သော်လည်း သိုးထိန်းကြီးမှာ သူ့ဆရာထက်များစွာသာလိမ့်မည်ဟုသူအလိုလိုသိလိုက်သည်။
ထိုအချိန်တွင် သွေးမိစ္ဆာမှာ တစ်ဦးတည်းကမ္ဘာပျက်နေပြီဖြစ်သည်။
ထင်းရှီမှာ ယခုလောက်အစွမ်းထက်လာမည်ဟုစူမမျှော်လင့်ထားခဲ့မိပေ ။ထင်းရှီ၏အစွမ်းမှာ နတ်ရေကန်အတွင်းပစ်ချလိုက်သလို တခဏ္ဌအတွင်းလွန်စွာအစွမ်းထက်လာခဲ့သည်။
ဤသည်မှာ သူကြားဖူးသည့် အလွန်ရှားပါးသော ဉာဏ်အလင်းပွင့်ခြင်းကို ထင်းရှီကြုံတွေ့ခဲ့ရမည်ဖြစ်ကြောင်းသူသိလိုက်သည် ။
သွေးမိစ္ဆာလည်း သွေးထွက်မလွန်စေရန်သူ၏လက်မောင်းမှအကြောအချို့ကိုထိုးပိတ်လိုက်သည် ။ ထို့နောက် ထင်းရှီအား အေးစက်စက်ကြည့်လိုက်သည် ။
သူ၏မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များရှိမနေတော့ပေ။ သူ၏မျက်လုံးများက ထူးဆန်းသည့်အရိပ်အယောင်များယှက်သမ်းနေကာ သူမည်သည့်အရာများတွေးနေသည်ကို မခန့်မှန်းနိုင်ပေ ။
“ ငါဝန်ခံပါတယ် ငါမင်းကိုအနိုင်မယူနိုင်တော့ဘူး “
သွေးမိစ္ဆာမှာ ထင်းရှီအားရှုံးနိမ့်ကြောင်းဝန်ခံစကားပြောလိုက်သည် ။
ထင်းရှီ၏အခြေအနေမှာ တစ်စုံတစ်ရာကိုတွေးတောနေသည်ဟုထင်ရသော်လည်း သူထွက်ပြေးလျှင်ပင်မရမှန်းသူသိသည် ။
ထို့အပြင် ထင်းရှီမှာ ဓားတစ်ချက်တည်းဖြင့်သူ၏လက်မောင်းတစ်ဖက်ကိုဖြန်ပစ်ခဲ့သောကြောင့်သူတို့အကြားရှိအစွမ်းကွာဟမှုမှာ မေးနေစရာပင်မလိုတော့ပေ။
ထင်းရှီလည်း သွေးမိစ္ဆာ၏စကားကြောင့်သူ၏အတွေးများပြက်တောက်သွားသည်။ ထို့နောက် စိတ်ဓာတ်ကျနေဟန်ရသည့်သွေးမိစ္ဆာအား စူးစိုက်ကြည့်လိုက်သည် ။
“ ခင်ဗျားနောင်တမရဘူးလား “
ထင်းရှီမှသွေးမိစ္ဆာအားမေးလိုက်သည်။ သူ၏မေးခွန်းကြောင့် သွေးမိစ္ဆာမှ လျှို့ဝှက်စွာပြုံးလိုက်သည်။
“ ငါနောင်တရတယ် အဲဒါက ငါမင်းကိုတိုက်ပွဲစထဲက အစွမ်းကုန်သုံးပြီးသတ်ပစ်ခဲ့ရင်အခုလိုအခြေအနေကိုရောက်လာမှာမဟုတ်ဘူး ။
ဒါပေမယ့် ဘယ်သူကသိနိုင်မှာလဲ အခုလိုအခြေအနေတွေဖြစ်လာလိမ့်မယ်လို့ “
သွေးမိစ္ဆာ၏တည်ငြိမ်သည့်စကားကြောင့်ထင်းရှီလည်းခေါင်းညိမ့်လိုက်မိသည်။
ယခုတိုက်ပွဲကြီးတွင် သူလည်းအမှားအယွင်းများစွာပြုလုပ်ခဲ့မိသည်။ သူ၏ဒေါသနှင့်ရွာငယ်လေးမှလူများသေဆုံးသွားခဲ့ရခြင်းမှာ သူ၏အပြစ်မကင်းဟူသည့်စိတ်ဓာတ်ကြောင့် သူမြစ်ဝါနဂါးဂိုဏ်းမှလူရာနှင့်ချီ၍သတ်ပစ်ခဲ့သည် ။
သို့သော် ပြန်၍စဉ်းစားကြည့်လျှင် မြစါဝါနဂါးဂိုဏ်းမှစတုတ္ထရေဘုရင်မှလွဲ၍ ထိုလူများမှာ ရွာငယ်လေးမှလူများသေဆုံးမှုနှင့်မည်သို့မှပတ်သတ်ခြင်းမရှိပေ။
သူ၏ဒေါသအလျှောက် မဆင်မခြင်လုပ်ရပ်ကြောင့် လူရာနှင့်ချီ၍ သေဆုံးခဲ့ရပြီးဖြစ်သည်။
သူတို့နှစ်ဦးမှာာအကြည့်ချင်းဆုံသွားကာ တစ်ဦး၏အတွေးကို တစ်ဦးမှမခန့်မှန်းနိုင်ခဲ့ပေ ။
သွေးမိစ္ဆာမှာ ထင်းရှီအားစူးစိုက်ကြည့်လိုက်ပြီး ရုတ်တရက်ကျယ်လောင်စွာရယ်မောလိုက်သည် ။
“ ဟားးဟားး.. ငါသိုင်းလောကမှာကျင်လည်လာတာ နှစ်သုံးဆယ်ကျော်ပြီးပြီ။ ငါ့ထက်နှစ်များစွာငယ်တဲ့လူငယ်တစ်ယောက်စီမှာအခုလိုဆိုးဆိုးရွားရွားဖြစ်လိမ့်မယ့်လို့ထင်မထားမိဘူး “
သွေးမိစ္ဆာမှာ ပို၍ကျယ်လောင်စွာရယ်မောလိုက်သည် ။ထို့နောက် သူ၏ရယ်သံမှာ တိခနဲရပ်တန့်သွားကာသူ၏မျက်နှာမှာရှုံ့မဲ့သွားသည် ။
“ ဖောင်းး ဖောင်းး.. “
ခပ်အုပ်အုပ်မည်သံအချို့ထွက်ပေါ်လာကာသွေးမိစ္ဆာ၏ခန္တာကိုယ်မှ သွေးများပန်းထွက်လာသည် ။
ဤသည်မှာ သွေးမိစ္ဆာမှာ ကိုယ်တွင်းမှသွေးကြောများအား သူကိုယ်တိုင်ဖျက်ဆီး၍ သူ့ကိုယ်သူသတ်သေခြင်းဖြစ်သည်။
သွေးမိစ္ဆာ၏အသက်ရှူသံမှာရပ်တန့်သွားသလို သူ၏မျက်လုံးများလည်းမှိတ်သွားသည်။ ထို့နောက် အားအက်လျော့နည်းစွာရပ်နေရာမှ နောက်သို့လဲကျသွားတော့သည်။