← Chapters

ပါးနပ်သည့်လှည့်စားမှု

Vol. 2 Ch. 127

ပါးနပ်သည့်လှည့်စားမှု

Vol. 2 Ch. 127

ထင်းရှီလည်း သွေးမိစ္ဆာ၏လုပ်ရပ်ကြောင့် တခဏကြောင်အသွားသည်။

သွေးမိစ္ဆာမှာ သူ့အားအနိုင်မယူနိုင်မှန်းသိသည်နှင့် ယခုလိုကိုယ့်ကိုယ်ကိုသတ်သေသွားမည်ဟု သူမမျှော်လင့်ထားခဲ့မိပေ။

ထင်းရှီလည်း သူတိုက်ခိုက်နေစဉ်က အကြောပိတ်၍ပစ်ချထားခဲ့သည့် စတုတ္ထုရေဘုရင်ဆီသို့လျှောက်လာခဲ့သည်။

စတုတ္ထရေဘုရင်မှာ ယခုအချိန်အထိအသက်ရှင်လျက်ရှိနေသေးသည် ။ သို့သော် သူ၏လက်မောင်းတစ်ဖက်မှာ ပြတ်တောက်နေ၍သွေးများစွာစီးကျနေသေးသည် ။

သွေးထွက်လွန်ကဲမှုကြောင့် သူ၏မျက်နှာဖြူဖျြောနေသော်လည်း အတွင်းအားကောင်းသည့် အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်နေ‌ခြင်းကြောင့် ယခုလိုအသက်ရှင်နေခြင်းဖြစ်သည် ။

သာမန်လူတစ်ယောက်ဆိုလျှင် ယခုလိုအခြေအနေမျိုးတွင် သွေးထွက်လွန်မှုကြောင့် သေဆုံးသွားနိုင်သည် ။

ယခုလည်း စတုတ္ထရေဘုရင်၏အခြေအနေမှာ အလွန်ဆိုးရွားနေသည်ဟုပြော၍ရသည်။

ထင်းရှီမှ သူ့အားတိုက်ခိုက်စဉ်က လက်မောင်းတစ်ဖက်အားဖြတ်ပစ်ကာ ‌အကြောပိတ်ထားခဲ့ခြင်းကြောင့် ယခုအချိန်အထိလှုပ်ရှားနိုင်ခြင်းမရှိပေ။

သို့သော်သူ၏အကြားအာရုံများမှာကောင်းမွန်နေသေးကာ အခြေအနေအားကောင်းစွာသိရှိသည် ။

ထို့ကြောင့် ထင်းရှီမှမြစ်ဝါနဂါးဂိုဏ်းတစ်ခုလုံးအားအနိုင်ယူခဲ့ပြီးသည့်အပြင် သွေးမိစ္ဆာကိုပါ အနိုင်ယူခဲ့ကြောင်းကိုသူသိရှိသည် ။

ယခုအချိန်တွင် သူ၏စိတ်ထဲ၌ ရှိနေသည့်အရာကား ထင်းရှီမှ သူ့အားအလျှင်အမြန်သတ်ဖြန်ရန်ဖြစ်သည် ။

သို့မှသာ ယခုလိုဝေဒနာခံစားနေရသည်မှ အမြန်ဆုံးလွတ်မြောက်မည်ဖြစ်သည် ။

သို့သော်ထင်းရှီမှမည်သည့်အတွက် သူ့ကိုယခုလိုသည်းကြီးမည်းကြီးရန်ငြိုးထား၍ မြစ်ဝါနဂါးဂိုဏ်းတစ်ခုလုံးကိုပါဖျက်ဆီးခဲ့ကြောင်းကိုတော့ သူလည်းမစဉ်းစားတတ်အောင်ဖြစ်နေသည်။

ထင်းရှီလည်း စတုတ္တရေဘုရင်၏အနားသို့ဖြေးညင်းစွာလျှောက်လာကာ ထိုအနားတွင်မောပန်းစွာထိုင်ချလိုက်သည် ။

သူညနေမစောင်းမီအချိန်ထဲမှတိုက်ခိုက်နေသည်မှာ ယခုဆိုလျှင် နေလုံးကြီးပင် အနောက်ကျွန်းသို့ ဝင်တော့မည်ဖြစ်သည်။

ပြင်ပကမ္ဘာတွင်အလင်းရောင်ဝိုးတိုဝါးတားသာရှိတော့သော်လည်း ကွဲကွဲပြားပြားမြင်ရသေးသည်။

ထင်းရှီသည်လည်း အချိန်ကြာမြင့်စွာတိုက်ခိုက်ခဲ့ရသောကြောင့်လွန်စွာမောပန်းနွမ်းနယ်နေသည် ။

သူ၏ခန္တာကိုယ်တစ်ခုလုံးရှိအကြောများတင်းကြပ်၍ အသေးစားဒဏ်ရာသုံးလေးခုလည်းရှိနေသေးသည် ။

ထို့ထက်ဆိုးသည်ကား သွေးမိစ္ဆာမှသူ့အားတြိက်ခိုက်လိုက်သည့်လက်ဝါးချက်ဖြစ်သည်။ ထိုလက်ဝါးချက်မှာ သူ့ကိူအတွင်းဒဏ်ရာအပြင်းအထန်ရစေကာ ယခုအချိန်အထိပြန်လည်ကောင်းမွန်ခြင်းမရှိပေ ။

သူသွေးမိစ္ဆာအားအနိုင်ယူနိုင်သည်မှာ သူရုတ်တရက်သဘောပေါက်သွားသည့်ဓားဆန္ဒကြောင့်ဖြစ်ကာ သူ၏ဓားပညာတွင် အဆင့်တစ်ခုသို့ရောက်သွားခြင်းကြောင့်ဖြစ်သည် ။

သို့မဟုတ်ပါက မြေပြင်ပေါ်တွင်လဲကျသေဆုံးနေရမည့်လူမှာ သွေးမိစ္ဆာမဟုတ်ဘဲ သူဖြစ်နေမည်မှာ မြေကြီးလက်ခက်မလွဲပေ။

ထင်းရှီမှာ စတုတ္ထရေဘုရင်၏မျက်ဝန်းများထဒမှအကြည့်ကိုနားလည်သည်။ သို့သော် ယခုအချိန်တွင် သူဖြေကြားချင်စိတ်မရှိပေ။

“ တစ်ခါတစ်လေမှာ ခင်ဗျားထင်မှတ်မထားလောက်တဲ့လုပ်ရပ်သေးသေးလေးတွေကာကြီးမားတဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေနိုင်တယ် “

ထင်းရှီမှ စတုတ္ထရေဘုရင်အားကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည် ။

ရွာငယ်လေးမှ လူလေးငါးဆယ်အားသတ်ဖြတ်ခြင်းမှာ စတုတ္ထရေဘုရင်လို လုယက်သတ်ဖြတ်နေသည့်လူဆိုးလူသွမ်းတစ်‌ယောက်အတွက် သာမန်ကိစ္စရပ်လေးတစ်ခုဖြစ်မည်ဖြစ်သော်လည်း ထိုကိစ္စလေးမှမြစ်ဝါနဂါးဂိုဏ်းကြီး၏ပျက်စီးခြင်းကို ဖြစ်သွားစေပြီဖြစ်သည်။

ထို့‌နောက် ထင်းရှီလည်း သူ၏ဓားအားမြောက်ကာ စတုတ္ထရေဘုရင်အား အဆုံးသတ်ပေးလိုက်သည်။

ယခုအချိန်တွင်မူ စတုတ္ထရေဘုရင်၏မျက်နှာထက်တွင် ဒေါသများမောဟများမရှိတော့ဘဲ မကျေမနပ်ဖြစ်သည့်အရိပ်အယောင်များလည်းမရှိတော့ပေ။

သူ၏မျက်နှာမှာ တည်ငြိမ်နေကာ တစ်မျိုးတစ်ဖုံအေးချမ်းနေသည်ဟုပင်ထင်ရသည် ။သူခံစား‌နေရသည့်နာကျင်မှုကြီးမှ ‌လွတ်မြောက်သွား၍လည်းဖြစ်ကောင်းဖြစ်နိုင်သည်။

ထင်းရှီလည်း စတုတ္ထရေဘုရင်အားသတ်ဖြတ်ပြီးနောက် သွေးမိစ္ဆာ၏အလောင်းနားသို့လျှောက်လာခဲ့သည် ။

သွေးမိစ္ဆာမှာ ပါးနပ်ကောက်ကျစ်ကာ ကြောက်မက်ဖွယ်ကောင်းသည့်သိုင်းသမားဆိုးတစ်ယောက်ဖြသ်သော်လည်း ယခုအချိန်တွင်မူ အသက်ဝိညာဉ်ကင်းမဲ့နေသည့် ခန္တာကိုယ်ကြီးသာကျန်ခဲ့တော့သည်။

ထင်းရှီလည်း ထိုအနားတွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ကာ သွေးမိစ္ဆာ၏အလောင်းအားကြည့်ကာခေါင်းယမ်းလိုက်မိသည်။

“ ခင်ဗျားကသိပ်ပြီးတော်ပါတယ် ။။ဒီနေရာမှာ တစ်ခြားတစ်ယောက်သာဆိုရင်ခင်ဗျားလှည့်စားကောက်းလှည့်စားနိုင်ပေမယ့် အခုက ကျုပ်ဖြစ်နေတာခင်ဗျားကံဆိုးတာပဲ “

ထင်းရှီမှသွေးမိစ္ဆာ၏အလောင်းကြီးအားကြည့်ကာ ဖြေးညင်းစွာပြောလိုက်သည်။

ထင်းရှီမှာ အသက်မရှိတော့သည့်အလောင်းကောင်ကြီးအား တစ်ဦးတည်းစကားပြောနေမိသည်။ ထင်းရှီမှာ ရူးသွပ်သွားပြီလော။

သူ၏စကားအားခေတ္တရပ်နားလိုက်ပြီး ထင်းရှီမှသွေးမိစ္ဆာ၏ခန္တာကိုယ်ကြီးအားကြည့်လိုက်သည် ။ထို့နောက် သူ၏မျက်နှာတွင်အပြုံးတစ်ခုပေါ်လာကာ ခပ်တိုးတိုးပြောလိုက်ပြန်သည် ။

“ နှင်းဖုံးတောင်တန်းတွေဆီက တိဗက်ဘုန်းကြီးတွေဆီမှာ ထူးဆန်းတဲ့အသက်ရှူနည်းပညာတစ်ခုရှိတယ်။ နှင်းလိပ်အသက်ရှူနည်းတဲ့

အဲဒီပညာရပ်က လူတစ်ယောက်ကိုနှလုံးခုန်နှုန်းရပ်တန့်သွားစေပြီး လူသေတစ်ယောက်လိုဖြစ်သွားစေနိုင်တယ် ။ ဒါပေါ့ အချိန်အကန့်အသက်တစ်ခုထိပေါ့ ။

ဒီပညာရပ်ကတိဗက်မှာ လူသိများပေမယ့်ပြည်မသိုင်းလောကထဲမှာ အင်မတန်လူသိနည်းတယ်။ လူသိနည်းဆို တိဗက်မှာတောင်လူအနည်းငယ်ပဲဒီပညာကို တတ်မြောက်ကြတာာကိုး။

အဲဒီပညာရပ်ကို တတ်ကျွမ်းသွားရင် ရေထဲမှာလည်းအကြာကြီးအသက်မရှူဘဲနေနိုင်တယ် ။ နောက်ပြီး လူသေတစ်ယောက်လိုလည်းဟန်ဆောင်လို့ရသေးတယ် “

ထင်းရှီမှ သူ၏စကားအားရပ်တန့်ကာ သွေးမိစ္ဆာ၏အလောင်းကောင်ကြီးအား စူးစိုက်ကြည့်၍ ခပ်ဆက်ဆက်မေးလိုက်သည်။

ခင်ဗျားမမျှော်လင့်ထားတာက ကျုပ်ကဒီပညာကိုရပ်သိရှိရုံတင်မကဘဲ ကျုပ်လဲတတ်မြောက်နေတာပဲ ။ ခင်ဗျားဘယ်အချိန်ဟန်ဆောင်နေဦးမှာလဲသွေးမိစ္ဆာ “

ထင်းရှီ၏စကားအဆုံးတွင် မလှုပ်မယှက်ဖြစ်နေသည့်သွေးမိစ္ဆာ၏ခန္တာကိုယ်ကြီးမှာ အနည်းငယ်လှုပ်ရှားသွားကာ သူ၏မျက်လုံးများမှာလည်း ဖျက်ခနဲပွင့်လာသည် ။

သူ၏ပါးစပ်မှာပွင့်ဟသွားကာ တစ်စုံတစ်ရာငိုပြောလိုသည့်ပုံဖြစ်သည် ။သို့သော် ထင်းရှီ၏ဓားမှ သူ၏ရင်ဘက်သို့စိုက်ဝင်သွားကာ သွေးမိစ္ဆာမှာ နောက်ထပ်တစ်ကြိမ် ထပ်မံငြိမ်သက်သွားပြန်သည်။

ယခုတစ်ကြိမ်တွင်တော့သွေးမိစ္ဆာမှာ အမှန်တကယ်သေဆုံးသွားခဲ့ပြီဖြစ်သည်။

ထင်းရှီလည်း သွေးမိစ္ဆာ၏ရင်ဘက်တွင် စိုက်ဝင်နေသည့် သူ၏ဓားကိုဆွဲထုတ်လိုက်ကာ ညည်းတွားလိုက်မိသည် ။

“ ကံကောင်းလို့ပါလား ငါတောင်လှည့်စားခံလိုက်ရတော့မလို့ “

ထင်းရှီမှ မသက်မသာရေရွတ်လိုက်သည် ။ အမှန်ပင်သူလှည့်စားခံလိုက်ရတော့မလိုဖြစ်သွားသည်။

သွေးမိစ္ဆာမှာ သူ၏ခန္တာကိုယ်အတွင်းမှ သွေးကြောများအားဖောက်ခွဲပြသော်လည်း အတွင်းအားစုပ်သိုင်းကျမ်းကြောင့် ပြန်၍လေ့ကျင့်ယူနိုင်သည်။

ထို့နောက်တွင် နှင်းလိပ်အသက်ရှူနည်းဖြင့်သေချင်ဟန်ဆောင်ကာ ထင်းရှီအားလှည့်စားခဲ့ခြင်းဖြစ်သည်။

သူကံဆိုးသွားသည်မှာ သူသေချင်ဟန်မဆောင်မီ သွေးထွက်လွန်မည်စိုးရိမ်သောကြောင့် သူ၏လက်မောင်းမှအကြောများအားပိတ်ခဲ့ခြင်းဖြစ်သည် ။

ထိုအချက်ကြောင့်ပင် ထင်းရှီမှာ သူ့အား အနည်းငယ်သံသယဝင်သွားကာ နှင်းလိပ်အသက်ရှူနည်းကိုသတိရလိုက်ပြီးသွေးမိစ္ဆာအားအမှန်တကယ်သေဆုံးစေရန်ပြုလုပ်ပေးလိုက်ခြင်းဖြစ်သည် ။

သွေးမိစ္ဆာ၏အစီအစဉ်မှာ ပြီးပြည့်စုံသည်ဟုပြောရမည် ။ထင်းရှီသာသွေးမိစ္ဆာအား သံသယမဝင်လျှင် သို့မဟုတ် နှင်းလိပ်အသက်ရှူနည်းအားမသိရှိလျှင်သူလှည့်စားခံလိုက်ရမည်ဖြစ်သည် ။

နှစ်ပေါင်းများစွာသိုင်းလောကတွင်ကျင်လည်ခဲ့သည့်မြေခွေးအိုကြီးမှာ အမှန်ပင်ကောက်ကျစ်ပါးနပ်လှသည် ။

ထင်းရှီလည်း သွေးမိစ္ဆာအား ချက်ခြင်းသတ်လိုက်မိသည်ကို အနည်းငယ်နောင်တရသွားမိသည်။

အကယ်၍ သွေးမိစ္ဆာဆီမှ အတွင်းအားစုပ်သိုင်းကျမ်းအားသူမရပါက သူ၏ရည်ရွယ်ချက်တစ်ခုမှာ ပျက်စီးသွားရတော့မည်ဟုပြောရပေမည်။

သူ့အစ်ကိုကြီး၏ခြေထောက်များအတွက် အတွင်းအားစုပ်သိုင်းကျမ်းကိုသာမရပါက သူ၏သိုင်းလောကခရီးမှာမည်သို့အဓိပ္ပာယ်ရှိမည်နည်း ။

ထို့နောက် ထင်းရှီလည်း မျှော်လင့်ချက်လက်ကျန်အနည်းငယ်ဖြင့်သွေးမိစ္ဆာ၏ခန္တာကိုယ်အားရှာဖွေလိုက်သည် ။

သူကံကောင်းသည်ဟုပြောရပေမည် ။သွေးမိစ္ဆာ၏အင်္ကျီအတွင်းမှ သိုင်းကျမ်းငယ်လေးတစ်ခုအားတွေ့လာရသည် ။

သွေးမိစ္ဆာမှာ သိုင်းကျမ်းအားအလုံးစုံလေ့ကျင့်အောင်မြင်ခြင်းမရှိမီအလျှင်စလိုဖြင့်ထွက်လာခဲ့သောကြောင့် သိုင်းကျမ်းအား သူ၏ခန္တာကိုယ်ပေါ်တွင် အလွယ်တကူထားခြင်းဖြစ်သည် ။

သို့သော် ထင်းရှီအားအနည်းငယ်ဘဝင်မကျဖြစ်သွားစေသည်မှာ သိုင်းကျမ်းစာအုပ်မှာ အနည်းငယ်သစ်လွင်ကာ မင်အနေအထားကိုကြည့်ရသည်မှာလည်း နှစ်များစွာကြာသေးပုံမရပေ။

အတွင်းအားစုပ်သိုင်းကျမ်းမှာ သိုင်းလောကတွင်ပေါ်ထွက်လာသည်မှာ နှစ်ရာနှင့်ချီ၍ကြာပြီဖြစ်သည်။

ထင်းရှီလည်းသိုင်းကျမ်အားစစ်ဆေးလိုက်ပြီးနောက် အတွင်းအားစုပ်သိုင်းကျမ်းအစစ်ဖြစ်မှန်းသိသောကြောင့်သူ၏စိတ်ထဲတွင် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိသည်။

သိုင်းကျမ်းမှာမည်သို့ဖြစ်နေပါစေညသိုင်းကျမ်းထဲရှိပညာရပ်အစစ်ဖြစ်ပါကတန်ဖိုးတူညီပေသည်။

သူလိုအပ်သည်မှာ နှစ်ပေါင်းများစွာကြာနေသည့် သိုင်းကျမ်းမူရင်းမဟုတ်ဘဲသိုင်းကျမ်းထဲမှပညာရပ်များသာဖြစ်သည် ။

ထို့နောက် ထင်းရှီလည်းစိတ်လက်ပေါ့ပါးစွာဖြင့်ထရပ်လိုက်ကာ ဂိုဏ်း၏ဌာနချုပ်အပြင်သို့ထွက်ရန်ဆုံးဖြတ်လိုက်သည် ။

All Chapters