← Chapters

အနိုင်အရှုံး

Vol. 2 Ch. 130

အနိုင်အရှုံး

Vol. 2 Ch. 130

ပြင်းထန်လှသည့်အားလှိုင်းကြီးနှစ်ခုတွေ့ဆုံအပြီးတွင် တောအုပ်ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကျယ်လောင်စွာပေါက်ကွဲသွားကာ မြေပြင်များပင်တုန်ဟီးသွားသည်ဟုထင်ရသည် ။

ရသေ့လက်ဝါး၏ အဖြူအနက်လက်ဝါးရိပ်ကြီးနှစ်ခုမှာ ထင်းရှီ၏ဓားရိပ်ပြီးနှင့်တွေ့၍ပျက်ပြယ်သွားသော်လည်း ထင်းရှီ၏ဓားကမူ အနည်းငယ်အားနည်းသွားသော်လည်း ရသေ့လက်ဝါးထံသို့ ဆက်လက်တိုးဝင်လာသည်။

ရသေ့လက်ဝါးမှာ သူ၏အစွမ်းအထက်ဆုံးသိုင်းကွက်ဖြစ်သည့် အဖြူအနက်သူတော်စင်နတ်ဆိုးသိုင်းကွက်ကိုအသုံးပြုပြီးနောက် အတော်လေးအားနည်းသွားသည်။

ထို့ကြောင့်ပင် ထိုသိုင်းကွက်ကိုအသုံးပြုပြီးသည့်နောက် ထင်းရှီအားအနိုင် မရပါက သူရှုံးနိမ့်ရမည်ဟုပြောခြင်းဖြစ်သည်။

“ ဝေါ့ .. “

ရသေ့လက်ဝါးမှာ ဓားလှိုင်းကြီး၏အရှိန်ကြောင့်သွေးတစ်ပွတ်အန်ထုတ်လိုက်ရသည် ။

ထင်းရှီလည်း အနည်းငယ်ထိတ်ထိတ်ပြာပြာဖြစ်သွားကာ သူ၏သိုင်းကွက်ကို ပြန်၍ထိမ်းချုပ်လိုက်သည် ။

သို့သော် ထင်းရှီ၏ဓားမှာအရှိန်မသေဘဲဆက်လက်တိုးဝင်လာသောကြောင့် ရသေ့လက်ဝါးမှာ သူ၏လက်ဝါးအားမြောက်ကာ ဓားအားဖမ်းဆုပ်လိုက်သည် ။

“ လေနှင့်တိမ်အားဖမ်းယူခြင်း “

ရသေ့လက်ဝါး၏လက်ဝါးရိပ်ကြီးမှာ ထင်းရှီ၏ဓားကိုဟန့်တားလိုက်သည် ။သို့သော် သူ၏အတွင်းအားများလျော့နည်းနေသောကြောင့် သူ၏သိုင်းကွက်မှာ အနည်းငယ်သာအစွမ်းထက်တော့သည်။

နောက်ဆုံးတွင် ရသေ့လက်ဝါးမှာ ထင်းရှီ၏ဓားအားဖမ်းယူကာ ဟန့်တားထားလိုက်နိုင်သည်။

သူ၏လက်ဝါးတွင် ဓား၏ပြက်ရှရာကြောင့်သွေးများတစက်စက်စီးကျနေကာ သူ၏လက်ညှိုးနေရာတွင်တုံးတိဖြစ်နေသည်။

ထင်းရှီလည်း သက်ပြင်းတစ်ချက်အားမှုတ်ထုတ်လိုက်မိသည် ။တိုက်ပွဲမှာ အနိုင်အရှုံးကွဲပြားသွားလေပြီ ။ သို့သော် ရသေ့လက်ဝါးမှတန်ဖိုးအနည်းငယ်ပေးဆပ်ခဲ့ရသည်။

ထင်းရှီ၏ဓားကွက်မှာ ပြင်းထန်လှသဖြင့် ရဩေလက်ဝါး၏လက်ဝါးသိုင်းကွက်သည်ပင်အလုံးစုံမဟန့်တားနိုင်ပေ ။

ထင်းရှီကိုယ်တိုင်လည်း ပြန်၍ထိမ်းချုပ်လိုက်သော‌လည်း ဓား၏အရှိန်မှာပြင်းထန်လှသောကြောင့် ရသေ့လက်ဝါး၏ညာဘက်လက်ညှိုးတစ်ချောင်းပြက်တောက်ခဲ့ရသည် ။

ရသေ့လက်ဝါးမှာ ထင်းရှီ၏ဓားအားပြန်လွှတ်ကာ သူ၏ သွေးတစက်စက်စီးကျနေသည့် လက်ဝါးကိုကြည့်ကာပြုံးလိုက်သည်။

“ မင်းဘာမှစိတ်မကောင်းဖြစ်နေစရာမလိုဘူး ။ ငါတို့ရဲ့တိုက်ပွဲကပြင်းထန်တော့ နည်းနည်း ထိမ်းချုပ်မှုလွတ်ကင်းသွားတာက ပုံမှန်လိုပါပဲ။

မတော်တဆမှုတွေကိုတော့ ရှောင်ရှားလို့ဘယ်ရမလဲ “

ရသေ့လက်ဝါး၏စကားကြောင့် ထင်းရှီမှာအနည်းငယ်အံ့အားသင့်သွားသည် ။ထိုလူမှာ ထူးခြားသည့်စိတ်သဘောရှိသည် ။

ထိုလူမှာ တိုက်ခိုက်ရခြင်းအားခုံမင်ကာ ယခုထင်းရှီ၏လက်ချက်ကြောင့် သူ၏လက်ချောင်းတစ်ချောင်းပြက်တောက်ခဲ့ရသည်ကိုပင် ရန်ငြိုးမထားခဲ့ပေ ။

“ ကျုပ်နာမည်ကထင်းရှီပါ “

ထင်းရှီလည်းပြုံးလျက်ပြောလိုက်သည် ။ သူ၏ရှေ့မှလူမှာ အနည်းငယ်ထူးဆန်းသည့်စိတ်သဘောရှိသော်လည်း ကောင်းမွန်သည့်လူတစ်ယောက်ဖြစ်သည်။

“ ကျုပ်နာမည်က ယင်ရှူချန်း သိုင်းလောကသားတွေက ရသေ့လက်ဝါးလို့ပဲသိကြတယ်။ ကျုပ်ရဲ့နာမည်အရင်းကိုသိတဲ့လူတွေက လက်ဆယ်ချောင်းတောင်မပြည့်ဘူး “

ရသေ့လက်ဝါးသည်လည်း သူ၏အမည်အားပြောလိုက်သည် ။ ထင်းရှီလည်း ထိုလူ၏စကားကြောင့် ခေါင်းညိမ့်လိုက်မိသည်။

ထို့နောက် ယင်ရှုချန်းမှညအနည်းငယ်နာကျင်သွားသည့်ဟန်ဖြင့်ရယ်မော၍ စကားဆက်လိုက်သည်။

“ ကျုပ် သိုင်းထိပ်သီးဆယ်ယောက်ထဲကလူအတော်များများနဲ့တိုက်ခိုက်ဖူပေမယ့် သူတို့ထဲကဘယ်သူကမှကျုပ်ကို အပြက်အသက်အနိုင်မယူနိုင်ဘူး။

တကယ်ဆိုရင်မင်းရဲ့သိုင်းပညာက အသက်ငယ်ငယ်လေးနဲ့ သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှာနံပါတ်တစ်နေရာကိုယူနိုင်တယ် ။

နောက်ဆုံးတော့ တောင်တစ်လုံးထက် အခြားတောင်တစ်လုံးကပိုပြီးမြင့်တယ်ဆိုတာကို ငါလက်ခံသွားပြီ။ ငါလဲ ငါ့ရဲ့သိုင်းပညာပိုပြီးတိုးတက်ဖို့လေ့ကျင့်တော့မယ် “

ထို့နောက် ယင်ရှုချန်းမှာ ထင်းရှီအားနှုတ်ဆက်ကာ ထိုနေရာမှ ထွက်သွားလိုက်သည် ။ သူ၏ခန္တာကိုယ်မှာ တခဏအတွင်း တောအုပ်အတွင်းသို့ရောက်ရှိကာပျောက်ကွယ်သွားသည်။

“ ကျုပ်တို့နောက်တစ်ကြိမ်ပြန်တွေ့ရင် မင်းငါ့နဲ့အခြေအတင်တိုက်ခိုက်နိုင်မယ်လို့မျှော်လင့်ပါတယ် “

ယင်ရှုချန်း၏အသံမှာ တောအုပ်အတွင်းမှလွင့်ပျံ့လာသည်။ ထင်းရှီလည်း တိတ်ဆိတ်စွာပင်ခေါင်းညိမ့်လိုက်မိသည်။

“ ကျုပ်တို့နောက်တစ်ကြိမ်ပြန်တွေ့တာပေါ့ “

သူ၏စိတ်အတွင်းမှ တီးတိုးရေရွတ်လိုက်သည်။ ယင်ရှူချန်းကို အစစ်အမှန်တိုက်ခိုက်ပါက သူသိုင်းသုံးကွက်အတွင်းအနိုင်ယူနိုင်စွမ်းရှိသည်။

သို့သော် ဤအကြောင်းကို သူ၏စိတ်ထဲတွင်သာထားလိုက်တော့သည်။ သို့မဟုတ်ပါက ယင်ရှုချန်းစတိုက်ခိုက်လိုသည့်စိတ်ဆန္ဒမှာ အနည်းနှင့်အများလျော့နည်းသွားကာ ရှေ့ဆက်တိုးတက်မှုကိုပင် ထိခိုက်စေနိုင်ပေမည်။

ထို့နောက် ထင်းရှီလည ချောင်းစပ်တွင်ပင်ထိုင်ချလိုက်ကာ သူ၏ကုန်ဆုံးသွားသည့်အတွင်းအားမအားများအား ပြန်ဖြည့်လိုက်သည်။

သူ၏သိုင်းပညာမှာ သူ့အသက်အရွယ်တွင်အမြင့်ဆုံးဟုဆိုနိုင်သော်လည်း သူကျင့်ကြံမှုကိုလည်း အရှိန်မလျော့ရဲပေ။

တောင်တစ်လုံးထက်အခြားတောင်တစ်လုံးကပို၍မြင့်ကာ ထိုတောင်၏အထက်တွင်လည်း ကောင်းကင်ရှိနေသေးသည်။

သူသာလက်ရှိအခြေအနေတွက်ကျေနပ်နေပါက နောက်ထက်တိုးတက်လာမည်မဟုတ်တော့ဘဲ ဓားပညာနက်နဲလှသည့်အပိုင်းများနှင့် ထိတွေ့ခွင့်ရတော့မည်မဟုတ်ပေ။

ထို့ကြောင့် သူဆက်လက်ကျင့်ကြံရပေမည်။ သူ၏ဆန္ဒမှာ ဓားပညာကိုနက်နဲစွာသိရှိကာ နေရာအနှံ့ခြေဆန့်ရန်ဖြစ်သည်။

သူ၏ဓားဆန္ဒမှာ လွတ်လပ်သောဓားဆန္ဒဖြစ်သည် ။ လေပြေလိုလွင့်မြောကာ အချုပ်အနှောင်ကင်းမဲ့သည့် လွတ်လပ်သောဓားဆန္ဒ။

“ ကျိ ကျလိ “

ငှက်ငယ်လေးများ၏သာယာသည့်အသံမှာ နံနက်ခင်းတွင်ကျက်သရေရှိစွာထွက်ပေါ်လာသည်။

ထင်းရှီမှာ တစ်ညလုံးမအိပ်စက်ခဲ့ရသော်လည်း အတွင်းအား လေ့ကျင့်နေသောကြောင့် သူ၏အတွင်းအားများပြန်လည်ပြည့်ဝသွားပြီဖြစ်ကာ လန်းဆန်းနေသည်။

“ ဟက် ဟက် “

“ လာလေ မှီအောင်လိုက်စမ်းပါ ဟားးဟား “

တောအုပ်အတွင်းမှ လူသံများကြားလာရသောကြောင့် ထင်းရှီမှာ နားစွန့်လိုက်သည် ။

ထိုအသံများမှာ သူရှိရာဘက်သို့ဦးတည်၍လာနေခြင်းဖြစ်ကာ သူခန့်မှန်းကြည့်ရသလောက် ကလေးငယ်နှစ်ယောက်သုံးယောက်၏အသံများဖြစ်ပုံရသည် ။

ထို့နောက်တွင် ထင်းရှီ၏မြင်ကွင်းထဲသို့ ကလေးငယ်နှစ်ယောက်ဝင်ရောက်လာသည်။

ထိုကလေးငယ်များမှာ ‌ကောင်လေးနှစ်ယောက်ဖြစ်ကာ အသက်ငါးနှစ်ခြောက်နှစ်ခန့်သာရှိသေးသည်။

ထိုကလေးငယ်များမှာ သူတို့၏လက်ထဲတွင် သစ်သီးအချို့နှင့် ရေဘူးတစ်ဘူးကိုကိုင်ထားကာ စမ်းချောင်းရှိရာသို့လာခြင်းဖြစ်နိုင်သည်။

ကလေးငယ်များမှာ စမ်းချောင်းနှင့်မလှမ်းမကမ်းတွင် ခြေချိတ်ထိုင်နေသည့်ထင်းရှီအား သတိပြုမိသွားကာ သူတို့၏ခြေလှမ်းများ ရပ်တန့်သွားသည်။

ထင်းရှီမှာ အတွင်းအားလေ့ကျင့်နေရာမှထို‌ကလေးငယ်များ၏အသံကြောင့်ရပ်တန့်လိုက်ခြင်းဖြစ်ကာ ထိုနှစ်‌ယောက်အား အကဲခပ်လိုက်သည်။

ကလေးငယ်များမှာ အနက်ရောင်ဝတ်စုံများကိုဝတ်ဆင်ထားကြကာ သူတို့၏ဝတ်စုံများမှာကောင်း

မွန်လှသည် ။ထို့ကြောင့် ထိုကလေးငယ်များမှာ ချမ်းသာကြွယ်ဝသည့်မိသားစုမှဖြစ်ပုံရသည်။

သို့သော် ချမ်းသာသည့်မိသားစုမှကလေးများမှာ ထိုနေရာသို့မည်သည့်အတွက်လာရောက်မည်နည်း။

ထင်းရှီမှာ ထိုအချက်အား အတွေးရခက်သွားသည် ။ သူအကဲခပ်နေစဉ်တွင် ကလေးငယ်များမှာ ထင်းရှီ၏အနားသို့ကပ်လာကြသည်။

“ အစ်ကိုကြီး ခင်ဗျားက သိုင်းသမားတစ်ဦးလား “

ကလေးငယ်တစ်‌ယောက်မှ ထင်းရှီအား ကြည်လင်နေသည့်မျက်ဝန်းများဖြင့်ကြည့်ကာမေးလိုက်သည်။

သူ၏မေးခွန်းကြောင့်ထင်းရှီလည်း အံ့ဩသွားကာခေါင်းညိမ့်ပြလိုက်သည်။ သူသိုင်းသမားတစ်ဦးဖြစ်ကြောင်းကို ထိုကလေးငယ်မှာ တန်းပြောနိုင်သည် ။

ကြည့်ရသည်မှာ ထိုကလေးငယ်များလည်း သိုင်းပညာရှင်များအား သိရှိပုံပေါ်သည် ။

“ မင်းတို့ကဘယ်သူတွေလဲ “

ထင်းရှီလည်း ထိုကလေးငယ်နှစ်ယောက်ကို‌ပြန်၍မေးခွန်းထုတ်လိုက်သည် ။

သူ၏မေးခွန်းကြောင့်ကလေးငယ်နှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းယမ်းပြလိုက်ကြသည်။

“ ဟမ် ဘာဖြစ်လို့လဲ “

ထင်းရှီလည်း အနည်းငယ်အံ့အားသင့်သွားကာမေးလိုက်သည်။ သူ၏ မေးခွန်းကြောင့် နောက်တွင်ရပ်နေည့် အသက်အနည်းငယ်ကြီးပုံရသည့်ကလေးမှဖြေလိုက်သည်။

“ ကျွန်တော်တို့ရဲ့အမေက ဘယ်သူ့ကိုမှပြောမပြရဘူးလို့ပြောထားလို့ပါ။ အဲဒီအတွက် စိန်မရှိပါနဲ့ “

ထိုကလေးငယ်ပါးနပ်သည့်စကားကြောင့် ထင်းရှီမှာ စိတ်မဆိုးနိုင်ဘဲပြုံးလိုက်မိသည်။

“ မင်းတို့ကဘာဖြစ်လို့ဒီတောထဲကိုရောက်နေတာလဲ ဒီတောထဲမှာနေတာလား “

ထင်းရှီမှ နောက်တစ်ခုပြောင်းလဲ၍မေးလိုက်သည်။ ယခုတစ်ခါတွင် သူ၏မေးခွန်းကိုကလေးငယ်တစ်ယောက်မှပြန်ဖြေလိုက်သည်။

“ အစ်ကိုကြီးကျွန်တော်တို့ကို သိုင်းစွမ်းရာ်ပြရင် ပြောပြမယ် ကျွန်တော်တို့နေတဲ့နေရာမှာဆို အချင်းချင်း အမြဲတိုက်ခိုက်နေကြတာ။ “

ထိုကလေးငယ်၏စကားကြောင့် ထင်းရှီ၏မျက်ခုံးများမြင့်တတ်သွားသည်။

ထိုကလေးငယ်၏စကားအရ သူတို့၏နေရာမှာ ဂိုဏ်းတစ်ခုခုဖြစ်ပုံရကာ ဂိုဏ်းသားများအချင်းချင်းလက်ရည်စမ်းသည့်ပုံရသည်။

ထင်းရှီလည်း သူ၏ဘေးတွင်ချထားသည့်ဓားကိုကောင်ယူလိုက်သည်။

သူ၏ဓားမှာ ကောင်းမွန်သည်ဓားတစ်လက်ဖြစ်သော်လည်း များစွာတိုက်ခိုက်ခဲ့ရသောကြောင့် အသွားတွင် ပဲ့ရာများရှိနေသည်။

ထို့ကြောင့် သူ၏ဓားမှာ ယခင်ကလိုမတောက်ပတော့ဘဲ အနည်းငယ်ကြည့်ရဆိုးနေသည်။

ထင်းရှီလည်း ဓားသွားအားလက်ဖြင့်အသာပွတ်လိုက်သည်။ ထို့နောက် ကလေးငယ်များအားကြည့်ကာပြုံးလိုက်သည်။

“ မင်းရဲ့လက်ထဲကသစ်သီးတစ်လုံးပေးလိုက် “

ထင်းရှီ၏စကားကြောင့်ထိုကလေးငယ်မှ သစ်သီးတစ်လုံးအားထင်းရှီ၏လက်ထဲသို့ထည့်လိုက်သည်။

All Chapters