ဝင်္ကပါတောအုပ်သို့
Vol. 2 Ch. 136
ဝမ်းတုနှင့်ဝမ်းတတို့မှာ မျက်လုံးများပြူးကျယ်နေကြသည် ။
သူတို့နှစ်ယောက်မှာ သူတို့၏ဆရာနှင်းငွေ့မိစ္ဆာသခင်မှတစ်ပါး အခြားလူများကို လုံးဝအထက်ကြီးလေးစားမှုမရှိပေ။
သို့သော် ယခုအဖြူရောင်သွေးမိစ္ဆာဆိုသည့်လူမှာ သူတို့၏စိတ်အားတုန်လှုပ်သွားစေသည်။
မြစ်ဝါနဂါးဂိုဏ်းအား ထိုးဖောက်သည်မှာ သူတို့နှစ်ဦးလည်း ပြုလုပ်နိုင်သည် ။ သူတို့အတွက် ဂိုဏ်းသားအချို့အားသတ်ဖြတ်၍ ပြန်ထွက်ရန်ပြဿနာမရှိပေ။
သို့သော် သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်နှင့် အဆင့်လွန်သိုင်းသမားငါးယောက်အား သတ်ဖြတ်ခြင်းမှာ လွန်စွာကြီးကျယ်သည့်ကိစ္စတစ်ခုဖြစ်သွားချေပြီ။
ဝမ်းတုနှင့်ဝမ်းတတို့နှစ်ဦးပေါင်းတိုက်ခိုက်လျှင်သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်များကို သတ်ဖြတ်နိုင်သည် ။
သို့သော် သွေးမိစ္ဆာကဲ့သို့နှစ်ပေါင်းများစွာကျော်ကြားသည့်သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်ဖြင့်တိုက်ခိုက်ရလျှင်မူ သူတို့အနေဖြင့် လက်ရည်တူရုံသာရှိပေမည်။
ယခု အဖြူရောင်သွေးမိစ္ဆာဆိုသည့်လူမှာ သွေးမိစ္ဆာအားသတ်ဖြတ်ရုံမှမက နောက်ထပ်အဆင့်လွန်သိုင်းသမားငါးယောက်နှင့်ဂိုဏ်းသားနှစ်ရာကျော်ကိုပါတစ်ဦးတည်းသတ်ဖြတ်ခဲ့သေးသည်။
ဝမ်းတုနှင့်ဝမ်းတတို့မှာ ထင်းရှီမှသွေးမိစ္ဆာအားသိုင်းသုံးကွက်အတွင်းသတ်ဖြတ်ခဲ့သည်ကိုသာသိရှိမည်ဆိုပါက အံ့ဩမှုကြောင့် နေရာတွင်ပင်ကျောက်ရုပ်ဖြစ်သွားနိုင်သည် ။
“ အင်း အသက်သုံးဆယ်မပြည့်သေးတဲ့လူငယ်က သွေးမိစ္ဆာလိုလူတစ်ယောက်ကိုသတ်ဖြတ်နိုင်တယ်ဆိုတော့ သူကလူငယ်မျိုးဆက်မှာ ပြိုင်ဘက်ကင်းလို့တောင်ပြောလို့ရနိုင်တယ် “
မျက်နှာဖုံးရှင်မှာ အချိန်အနည်းငယ်ငြိမ်သက်နေပြီး ချီးကျူးစကားပြောလိုက်သည်။
သူ၏လေသံမှာ တည်ငြိမ်နေသော်လည်း ချီးကျူးလိုသည့်အရိပ်အယောင်များကိုသူတို့သိနိုင်သေးသည်။
ထို့နောက်မျက်နှာဖုံးရှင်၏လေသံမှာ ပြောင်းလဲသွားသည်။
“ သူ့ကိုသေချာစောင့်ကြည့်လိုက် ပြီးရင်ငါတို့ဘက်ကိုဆွဲခေါ်လို့ရရင်ဆွဲခေါ်လိုက် ။ ဆွဲခေါ်လို့မရရင် မင်းကိုယ်တိုင်တာဝန်ယူလိုက် ။
အဲဒီလူငယ်က အများကြီးတိုးတက်နိုင်သေးတယ် ။သူကမသေဘူးဆိုရင် ဘယ်သူမှမမျှော်မှန်းနိုင်တဲ့အဆင့်ထိရောက်သွားနိုင်တယ် ။
အဲလိုလူတစ်ယောက်ကိုကိုယ့်ဘက်ကိုဆွဲမခေါ်နိုင်ဘူးဆိုရင် သတ်ဖြတ်လိုက်တာက အကောင်းဆုံးပဲ “
ဝတ်ရုံနက်လည်း မျက်နှာဖုံးရှင်၏စကားဆုံးသည်နှင့် ပျောက်ကွယ်သွားလေသည်။
“ ဝမ်းတမင်းရဲ့အခြေအနေကဘယ်လိုလဲ “
မျက်နှာဖုံးရှင်၏စကားသံထွက်ပေါ်လာသည်။ ဝမ်းတလည်း ဦးညွတ်လိုက်ပြီးနောက်ပြန်ဖြေလိုက်သည်။
“ ဒဏ်ရာတစ်စုံတစ်ရာတော့မရှိတော့ပါဘူး ဒါပေမယ့် ကျုပ်ရဲ့သိုင်းပညာက သုံးနှစ်အတွင်းအသုံးမပြုနိုင်ဘူး “
ဝမ်းတ၏လေသံမှာ အနည်းငယ်အလိုမကျဖြစ်နေသည် ။ သုံးနှစ်အတွင်းသိုင်းပညာအသုံးပြု၍မရခြင်းမှာ သူလိုလူတစ်ယောက်ကို များစွာဆုံးရှုံးသွားစေနိုင်သည်။
မျက်နှာဖုံးရှင်မှ သူမျှော်လင့်ထားသည့်ဟန်ဖြင့် ခေါင်းညိမ့်လိုက်သည်။
“ ဘာမှမဖြစ်ပါဘူး။ မင်းတို့နဲ့ရင်ဆိုင်တွေ့ခဲ့တဲ့လူရွယ်ကလည်း သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်လောက်အစွမ်းထက်တယ် ။
အဲဒါကိုသင်ခန်းစာယူပြီး မင်းတို့ရဲ့တိုးတက်မှုကိုပိုပြီးတိုးလာအောင်ကြိုးစားကြ။ သိုင်းပညာဆိုတာအဆုံးမရှိဘူး ။
မင်းက ဒီအချိန်အတွင်းမှာ အတွင်းအားအသုံးမပြုနိုင်ပေမယ့် မင်းရဲ့မိစ္ဆာအမှောင်လက်ဝါးသိုင်းကို ပိုပြီးနားလည်မှုတိုးလာအောင်ကြိုးစားလို့ရတယ်။
သိုင်းပညာတစ်ရပ်ကိုအောင်မြင်အောင်လေ့ကျင့်ပြီးတာနဲ့ နက်နက်နဲနဲနားလည်အောင်ကြိုးစားတာက မတူညီတဲ့ကိစ္စပဲ ။
ထိပ်တန်းအဆင့်သိုင်းကျမ်းတစ်ခုကိုနက်နက်နဲနဲနားလည်ထားတဲ့လူက ထိပ်တန်းအဆင့်သိုင်းပညာဆယ်ခုကိုတတ်ကျွမ်းထားတဲ့လူထက် ပိုပြီးအစွမ်းထက်တယ် “
မျက်နှာဖုံးရှင်မှ သူ၏စကားအားခေတ္တရပ်နားလိုက်သည် ။ ဝမ်းတမှာ မျက်နှာဖုံးရှင်၏စကားများအား အာရုံစူးစိုက်၍မှတ်သားနေသည်။
ထို့နောက် မျက်နှာဖုံးရှင်မှ ဝမ်းတုအားကြည့်လိုက်သည်။
“ ဝမ်းတု မင်းကတော့ သိုင်းလောကထဲမှာမွှေနှောက်ရဦးမယ်။ ဒါပေမယ့် နဂါးစိမ်းဂိုဏ်းကအဖိုးကြီးတွေကိုရင်ဆိုင်မတွေ့အောင်ရှောင်လို့ရတယ်။
ကိုယ့်ရဲ့သိုင်းပညာကိုတိုးတက်စေဖို့နောက်ထပ်နည်းလမ်းတစ်ခုက တိုက်ပွဲပေါင်းမြောက်များစွာတိုက်ခိုက်တာပဲ “
မျက်နှာဖုံးရှင်မှ ဝမ်းတုကိုလည်းညွှန်ကြားလိုက်သည်။ ဝမ်းတုလည်း ဝမ်းတလိုပင်မျက်နှာဖုံးရှင်၏စကားများကို အာရုံစိုက်ကာနားထောင်နေသည်။
ထို့နောက် မျက်နှာဖုံးရှင်မှ တစ်စုံတစ်ရာထပ်မံပြောကြားခြင်းမပြုဘဲ ဝမ်းတနှင့်ဝမ်းတုကို ထွက်သွားခိုင်းလိုက်သည်။
“ အင်း... ဝင်္ကပါတောအုပ် ဘယ်လောက်အထိဆန်းကြယ်မလဲဆိုတာကို ကြည့်ရသေးတာပေါ့ “
မျက်နှာဖုံးရှင်မှ တီးတိုးရေရွတ်ကာ ထိုင်နေရာမှပျောက်ကွယ်သွားသည်။
ဝမ်းတနှင့်ဝမ်းတုတို့မှာ မျက်နှာဖုံးရှင်၏လှုပ်ရှားမှုကိုမြင်ပါက ပို၍အံ့အားသင့်သွားမည်ဖြစ်သည်။
ထိုလှုပ်ရှားမှုမှာ ဝတ်ရုံနက်နှင့်အရိပ်တပ်ဖွဲ့ခေါင်းဆောင်ထက်ပင်များစွာလျှင်မြန်နေသေးသည်။
ဝင်္ကပါတောအုပ်
တောအုပ်ထဲတွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်တစ်ယောက်မှာ ဓားတစ်ချောင်းကဲ့သို့ ဖြောင့်တန်းစွာရပ်နေသည်။
သူ၏ခန္တာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသည့်အငွေ့အသက်များထွက်ပေါ်နေကာ တောအုပ်အတွင်းဘက်သို့ စူးစိုက်ကြည့်နေသည်။
ထိုလူငယ်လေးမှာ ထင်းရှီဖြစ်ကာ ဝင်္ကပါတောအုပ်အတွင်းသို့ ပြန်လာခြင်းဖြစ်သည်။ သို့သော် သူဓားစံအိမ်သို့ပြန်ရန်ရည်ရွယ်ချက်မရှိသေးပေ။
“ အကြီးအကဲတို့ ကျုပ်ထင်းရှီတွေ့ခွင့်တောင်းပါတယ် “
ထင်းရှီမှ အတွင်းအားများစွာအသုံးပြု၍ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သို့သော် တောအုပ်အတွင်းမှ လှုပ်ရှားမှုတစ်စုံတစ်ရာမတွေ့ပေ ။
ထင်းရှီ၏အမူအယာမှာ အနည်းငယ်ရှုပ်ထွေးသွားကာ နောက်ထပ်တစ်ကြိမ်ထပ်၍အော်ဟစ်လိုက်သည်။
သူ၏အော်သံမှာ တောအုပ်တစ်ခုလုံးကိုဖုံးလွှမ်းနိုင်သည်ဟုမပြောနိုင်သော်လည်း အစောင့်ကျနေသည့်အကြီးအကဲများကောင်းစွာကြားနိုင်မည်ဟုသူယုံကြည်သည်။
ထင်းရှီ၏မျက်ခုံးများစုကြုံ့သွားကာ တစ်စုံတစ်ဂာအားတွေးတောလိုက်သည်။
သူတောအုပ်ထဲသို့ဝင်လာစဉ်ဝင်္ကပါနှစ်ခုသုံးခုမှု ဖျက်ဆီးခြင်းခံရသည်ကိုတွေ့ခဲ့ရပြီးဖြစ်သည်။ ထို့အပြင် သစ်ပင်များစွာပျက်စီးနေသည်ကိုလည်းမြင်ခဲ့ရသည်။
ထိုအရာများကို တစ်စုံတစ်ယောက်မှပြုလုပ်သွားခြင်းဖြစ်နိုင်သည်။
သို့သော် ဝင်္ကပါတောအုပ်ထဲသို့ ယခုလိုလာရောက်ဖျက်ဆီးဝံ့သူမှာ သတ္တိနည်းလိမ့်မည်မဟုတ်ပေ။
ဓားစံအိမ်မှအကြီးအကဲများ ဝင်္ကပါတောအုပ်အတွင်းစောင့်ကြပ်ရခြင်းမှာ ဝင်္ကပါများအား အင်အားသုံး၍ဖျက်ဆီးခြင်းမပြုရန်ဖြစ်သည်။
ယခုထိုလူမှာ ဝင်္ကပါနှစ်ခုသုံးခုခန့်ကိုပင်ဖျက်ဆီးသွားချေပြီဖြစ်သည်။
ထင်းရှီမှာ အတွေးများနေရာမှ တစ်စုံတစ်ခုအားခံစားမိလိုက်သောကြောင့် သူ၏လက်ယာဘက်မှ သစ်ပင်ကြီးဆီသို့ကြည့်လိုက်သည်။
“ ဝှစ် “
ထင်းရှီ၏ဘေးသို့လူရိပ်တစ်ရိပ်ရောက်လာသည် ။ထိုလူသည်လည်း အဖြူရောင်ဝတ်စုံကိုပင်ဝတ်ဆင်ထားကာ အသက်ငါးဆယ်အရွယ်လူတစ်ယောက်ဖြစ်သည်။
ထိုလူရိပ်မှာ တည်ငြိမ်သည့်မျက်နှာဖြင့် လက်နောက်ပစ်၍ရပ်နေကာ ထင်းရှီအားစူးရှတောက်ပသည့်မျက်ဝန်းများဖြင့် ကြည့်နေသည်။
ထင်းရှီလည်း ထိုလူအား မြင်သည်နှင့်ဂါရဝပြုလိုက်သည် ။
“ အကြီးအကဲငါး “
ထိုဝတ်စုံဖြူဖြင့်လူမှာ ဓားစံအိမ်၏နံပါတ်ငါးအကြီးအကဲဖြစ်သည် ။
အကြီးအကဲငါး၏ အမြဲလိုလိုတည်ငြိမ်နေသည့်မျက်နှာမှာ ယခုအချိန်တွင် စိတ်ရှုပ်ထွေးနေပုံပေါ်သည်။
“ မင်းကစံအိမ်သခင်ရဲ့စည်းမျဉ်းကိုဖောက်ဖျက်ပြီး သိုင်းလောကထဲကိုဆင်းသွားတာပဲ ။ အခုပြန်လာတာလား “
အကြီးအကဲငါးမှ ထင်းရှီအားမေးလိုက်သည်။ ထင်းရှီလည်း ထိုမေးခွန်းကြောင့် အနည်းငယ်ရှက်ရွံ့သွားကာ ခေါင်းယမ်းပြလိုက်သည်။
သူ့အနေဖြင့် သူ့ဆရာ၏တားမြစ်မှုကိုဖောက်ဖျက်ကာသိုင်းလောကထဲသို့ဆင်းလာရုံမှမက ဝင်က္ပါတောအုပ်သို့ နောက်ထပ်တစ်ကြိမ်ရောက်ရှိနေပြန်သည်။
သို့သော် သူဓားစံအိမ်သို့ပြန်ရန်ရည်ရွယ်ချက်မရှိသေးပေ ။
“ ကျွန်တော်အစ်ကိုကြီး ရှောင်ကျန်းမင်ရဲ့အခြေအနေကို အကြီးအကဲသိတယ်မဟုတ်လား “
ထင်းရှီ၏အဆက်အစပ်မရှိသည့်မေးခွန်းကြောင့် အကြီးအကဲငါးမှာမျက်မှောင်ကြုတ်သွားသော်လည်း ခေါင်းညိမ့်ပြလိုက်သည်။
ရှောင်ကျန်းမင်၏အခြေအနေမှာ ဓားစံအိမ်တစ်ခုလုံးသိကြပြီးဖြစ်ကာ သူ၏ခြေထောင်များပြန်ကောင်းနိုင်ရန် ရာခိုင်နှုန်းအတော်နည်းပါးသည်။ ထင်းရှီလည်း သူ၏စကားအားဆက်လိုက်သည်။
“ ကျွန်တော်အခုတစ်ခေါက်ပြန်လာတာက အစ်ကိုကြီးရဲ့ခြေထောက်တွေကိုပြန်ကောင်းစေနိုင်တဲ့ သိုင်းကျမ်းကြောင့်ပဲ ။
သူ၏စကားကြောင့် အကြီးအကဲငါးမှယ အနည်းငယ်အံ့အားသင့်သွားကာ ထင်းရှီအားအလျှင်အမြန်မေးလိုက်သည်။
ထင်းရှီလည်း ပြန်မဖြေဘဲ ခေါင်းညိမ့်ပြလိုက်သည် ။ထို့နောက် ထပ်၍ပြောလိုက်ပြန်သည် ။
“ ဓားစံအိမ်ကိုပြန်လိုက်ဖို့ကတော့ အခုချိန်မှာမဖြစ်နိာင်သေးဘူး “
ထင်းရှီလည်း ပြက်သားစွာပြောလိုက်သည်။
အကြီးအကဲငါးမှာ ထင်းရှီ၏ငြင်းဆန်လိုသည့်အမူအယာကြောင့် မျက်နှာအနည်းငယ်တင်းမာသွားသည်။
“ ဒါက ... ကောင်းပြီလေ ပုံမှန်ဆိုရင် မင်းကိုငါ ဖမ်းချုပ်ပြီး ဓားစံအိမ်ကိုပြန်ခေါ်သွားရမှာမှန်ပေမယ့် အခု အခွင့်အရေးတစ်ခုပေးလိုက်မယ်။
မင်းငါ့ရဲ့သိုင်းဆယ်ကွက်ကိုခုခံနိုင်ရင် မင်းကိုလွှတ်ပေးမယ် “
အကြီးအကဲငါးမှာ သူလိုက်လျောနိုင်သည့်အောက်ဆုံးစည်းအားပြောသည်။ ထို့ထက်ပို၍ အလျော့ပေးတော့မည့်ပုံမရပေ။