မျက်နှာဖုံးစွပ်လူ
Vol. 2 Ch. 138
အကြီးအကဲငါး၏ပုံစံမှာ ပြောသင့်မပြောသင့်ဝေခွဲနေပုံရသည်။ ထင်းရှီလည်း အကြီးအကဲငါး၏တုံ့ဆိုင်းနေသည့်အမူအယာကို ပထမဦးဆုံးအကြိမ်အဖြစ်မြင်တွေ့ရခြင်းဖြစ်သည်။
ထို့နောက်တွင် အကြီးအကဲငါးမှ သက်ပြင်းတစ်ချင်ချကာပြောလိုက်သည်။
“ လွန်ခဲ့တဲ့နှစ်ရက်လောက်က ဒီတောအုပ်ထဲကို မျက်နှာဖုံးစွပ်နဲ့လူတစ်ယောက်ရောက်လာခဲ့တယ် ။ နောက်ပြီးတော့ သူက ဝင်္ကပါအချို့ကို ချိုးဖျက်ပြီးတော့ ဓားစံအိမ်ကိုလိုက်ရှာခဲ့တယ် “
သူစကားကြောင့် ထင်းရှီမှာ အံ့ဩသွားကာာအလျှင်အမြန်မေးလိုက်သည် ။
“ အဲဒီနေ့က အကြီးအကဲသုံးရဲ့နေ့မဟုတ်လား သူကရော “
ထင်းရှီမှမယုံကြည်နိုင်သည့်လေသံဖြင့်မေးလိုက်သည်။
လွန်ခဲ့သည့်နှစ်များကလည်း ဓားစံအိမ်အားရှာဖွေသူအချို့မှ ယခုလိုဝင်္ကပါများအားဖျက်ဆီးခြင်းများလည်းရှိသည်။
ဓားစံအိမ်မှ အကြီးအကဲဆယ့်နှစ်ယောက်မှာ ဝင်္ကပါတောအုပ်အတွင်းစောင့်ကြပ်ရသည်မှာလည်း ထိုအချက်ကြောင့်ပင်ဖြစ်သည်။
တစ်စုံတစ်ယောက်မှ ဝင်္ကပါများအား သမားရိုးကျဖြတ်ကျော်ခြင်းမပြုဘဲ ဖျက်ဆီးပါက အကြီးအကဲများမှ ထွက်၍တားဆီးရသည်။
သို့သော်တောအုပ်ထဲတွင် သဘာဝအတိုင်းဖြသ်နေသည့်ဝင်္ကပါများသာမက ဓားစံအိမ်အားတည်ထောင်သူဘိုးဘေးပြုလုပ်ခဲ့သည့်ဝင်္ကပါများလည်းရှိကာ တော်ရုံတန်ရုံသိုင်းသမားတစ်ယောက် ဝင်္ကပါတစ်ခုကိုဖျက်စီးရန်မလွယ်ကူလှပေ။
ယခင်ရက်ကလာရောက်သည့်လူမှာ ဝင်္ကပါနှစ်ခုအထိဖျက်ဆီးနိုင်ကာ သုံးခုမြောက်ဝင်္ကပါကိုပင်ညတစ်ဝက်နီးပါးဖျက်ဆီးနိုင်သောကြောင့် ထိုလူမှာ သာမန်မဟုတ်နိုင်ပေ ။
အကြီးအကဲငါးမှ အနည်းငယ်စိတ်ဓာတ်ကျသည့်ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။
“ နံပါတ်သုံးက သူ့ကိုရှုံးနိမ့်သွားခဲ့တယ် ။ပြီးတော့ သိုင်းဆယ်ကွက်အတွင်းမှာပဲ “
အကြီးအကဲငါး၏နောက်ထပ်စကားက ထင်းရှီ၏မျက်လုံးများအား ပြူးကျယ်သွားစေသည်။
နံပါတ်သုံးအကြီးအကဲ၏သိုင်းပညာအဆင့်ကိုသူတိတိကျကျမမှန်းဆနိုင်သော်လည်းလွန်စွာအားကောင်းသည်ကိုသူသိသည်။
ဓားစံအိမ်မှ အကြီးအကဲများမှာ ဓားဆန္ဒကိုယ်စီနားလည်ထားကြသူများဖြစ်ကာ သိုင်းအဆင့်တွင်လည်း သိုင်းဝိဇ္ဇာအဆင့်များပင်ဖြစ်ကြသည်။
ထိုကဲ့သို့လူတစ်ယောက်ကိုပင် သိုင်းဆယ်ကွက်အတွင်းအနိုင်ယူနိုင်ခြင်းမှာ ထိုလူ၏သိုင်းပညာကိုထင်းရှီမမှန်းဆရဲတော့ပေ။
“ တစ်ခုရှိတာက အဲဒီလူကသိပ်ပြီးလျှင်မြန်တယ် သူ့ရဲ့ကိုယ်ဖော့ပညာက ငါ့အထင်ပြောရရင်စံအိမ်သခင်ထက်တောင်အားကောင်းနိုင်တယ် ။
နောက်ထပ်တစ်ခုက သူ့ရဲ့လက်ဝါးသိုင်းက မိစ္ဆာဆန်ပြီးတော့ အတော်လေးအဆင့်မြင့်တယ်။
ဒါကြောင့်လည်း နံပါတ်သုံးက သူ့ကိုထိထိရောက်ရောက်မတိုက်နိုင်ဘဲနဲ့ ဆယ်ကွက်အတွင်းရှုံးနိမ့်သွားရတာပဲ “
အကြီးအကဲငါးမှ ထင်းရှီမည်သည့်အရာကိုတွေးနေသည်အား သိရှိနေသကဲ့သို့ရှင်းပြလိုက်သည်။
ထိုအခါမှ ထင်းရှီမှာ အနည်းငယ်နားလည်သွားသည်။ ထိုမျက်နှာဖုံးစွပ်မှာ နံပါတ်သုံးအကြီးအကဲအား ဆယ်ကွက်အတွင်း အနိုင်ယူနိုင်သည်မှာ ထိတ်တိုက်ရင်ဆိုင်၍မဟုတ်ပေ။
သူကိုယ်တိုင်ပင် အကြီးအကဲငါးအား ဓားပညယသီးသန့်တိုက်ခိုက်လျှင် အနိုင်ယူနိုင်မည်မဟုတ်သော်လည်း သူ၏လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုအသုံးပြုပါက လက်ရည်တူတိုက်နိုင်မည်ဟုယုံကြည်ချက်ရှိသည် ။
သို့သော် တစ်ခုရှိသည်မှာ ကိုယ်ဖော့ပညာဆိုသည်မှာလည်း သိုင်းသမားတစ်ယောက်၏စွမ်းရည်ပင်ဖြစ်သည်။
အစစ်အမှန်တိုက်ပွဲများတွင် ထိတ်တိုက်ရင်ဆိုင်ရမည်ဟုသာ သတ်မှတ်ထားခြင်းမရှိဘဲ မည်သည့်သိုင်းပညာကိုသုံး၍ဖြစ်စေပြိုင်ဘက်အားသတ်ဖြတ်နိုင်ရန်မှာ ပို၍အရေးကြီးပေသည်။
“ ဒါဆိုရင် နံပါတ်သုံးအကြီးအကဲကိုအနိုင်ယူပြီး အဲဒီလူကထွက်သွားတာလား “
ထင်းရှီမှ သူသိလိုသည့်အချက်တစ်ခုအားမေးလိုက်သည် ။ဝင်္ကပါနှစ်ခုကျော်ပျက်စီးသွားပြီးနောက် အခြားဝင်္ကပါများမှာ အကောင်းအတိုင်ကျန်ရှိသေးသည် ။
ထို့ကြောင့်ပင်သူဓားစံအိမ်သို့တိုက်ရိုက်ပြန်၍မရခြင်းဖြစ်သည် ။
“ နံပါတ်သုံးအကြီးအကဲကိုအနိုင်ယူပြီးတော့ မျက်နှာဖုံးစွပ်နဲ့လူက ဆက်ပြီးတိုးဝင်လာသေးတယ် ။ ဒါပေမယ့် စံအိမ်သခင်ရောက်လာပြီးတော့ သူတို့နှစ်ယောက်တိုက်ခိုက်ကြတယ် “
အကြီးအကဲငါး၏အဖြေစကားကြောင့် ထင်းရှီ၏မျက်နှာထက်တွင်စိုးရိမ်ပူပန်သည့်အရိပ်အယောင်အချို့ဖြက်ပြေးသွားသည်။
ထိုမျက်နှာဖုံးစွပ်ဖြင့်သိုင်းထိပ်သီးမှာ နံပါတ်သုံးအကြီးအကဲကိုပင်ဆယ်ကွက်အတွင်းအနိုင်ယူနိုင်သည်ဖြစ်ရာ သူ၏ဆရာမှာ မည်သည့်အခြေအနေရှိမည်နည်း ။
နံပါတ်ငါးအကြီးအကဲမှ ထင်းရှီ၏စိုးရိမ်မှုကိုနားလည်သည့်ဟန်ဖြင့် ဆက်ပြောလိုက်သည် ။
“ သူက စံအိမ်သခင်ကိုတော့ ရှုံးနိမ့်သွားခဲ့တယ်။ သူတို့သိုင်းကွက်နှစ်ရာလောက်တိုက်ခိုက်ပြီးတော့ မျက်နှာဖုံးစွပ်လူက သူအရေးနိမ့်တာနဲ့ ချက်ခြင်းထွက်ပြေးသွားခဲ့တာပဲ “
နံပါတ်ငါးအကြီးအကဲ၏စကားက ထင်းရှီ၏စိုးရိမ်ပူပန်စိတ်ကို လျော့ကျစေသည် ။
သို့သော် နံပါတ်သုံးအကြီးအကဲလိုလူမျိုးကိုပင် ဆယ်ကွက်အတွင်းအနိုင်ယူနိုင်သည့်လူအား သူ၏ဆရာမှ သိုင်းကွက်နှစ်ရာအတွင်းအနိုင်ယသနိုင်သည်မှာ သူ့ဆရာ၏ဓားပညာမှာ မည်သည့်အဆင့်ထိရောက်နေမည်နည်း။
သူ့ဆရာမှာ သူတွေ့ဖူးသည့် အစွမ်းအထက်ဆုံးသိုင်းသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည် ။ယခုအချိန်အထိ သူ့ဆရာ၏ သိုင်းပညာအတိမ်အနက်ကို သူမှန်းဆမိခြင်းမရှိသေးပေ။
သို့သော် လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်ကျော်ထဲကပင် သိုင်းလောကတစ်ခုလုံး၌ မြစိမ်းရောင်ဓားသမားဟုကျော်ကြားခဲ့သည့် သူ့ဆရာ၏ဓားပညာမှ လွန်စွာမြင့်မားသည့်အဆင့်သို့ရောက်နေမည်ဖြစ်သည်။
ထိူ့နောက်တွင်ထင်းရှီလည်း အကြီးအကဲငါးအားနှုတ်ဆက်၍ ဝင်္ကကါတောအုပ်မှ ထွက်ခွာလာခဲ့သည် ။သူ၏သိုင်းလောကခရီးမှာ ပြီးဆုံးမှုမရှိသေးပေ။
------------------------------------------------------------&
ဝူတန်းတောင်
ဝူတန်းတောင်မှာ သိုင်းလောကတွင်ကျော်ကြားလှသည့်ဝူတန်းဂိုဏ်းတည်ရှိရာ တောင်တစ်လုံးလည်းဖြစ်သည်။
ဝူတန်းဂိုဏ်းမှာ သိုင်းလောကရှိထိပ်တန်းဂိုဏ်းကြီးခြောက်ဂိုဏ်းတွင်ပါဝင်သည့်ဂိုဏ်းကြီးတစ်ဂိုဏ်စဖြစ်ကယ ခေတ်အဆက်ဆက်ထူးချွန်ထက်မြက်လှသည့်ဓားသမားများပေါ်ထွန်းရာနေရာဖြစ်သည်။
ဝူတန်း၏ထိုက်ကျိဓားသိုင်းမှာလည်း သိုင်းလောကတွင်ကျော်ကြားလှသည့် ထိပ်တန်းအဆင့်သိုင်းပာူတစ်ရပ်ဖြစ်ကာ ရှောင်လင်မှခုနစ်ဆယ့်နှစ်မျိုးသောသိုင်းပညာများ၊ သူတောင်းစားဂိုဏ်းမှ ခွေးရိုက်တုတ်သိုင်းနှင့်နဂါးနိုင်လက်ဝါးသိုင်းတို့နည်းတူ ကျော်ကြားလှသည်။
သို့သော် အကြောင်းကြောင်းကြောင့် ထိုက်ကျိဓားသိုင်းမှာ လေ့ကျင့်အောင်မြင်နိုင်သူနည်းပါးကာ ယခုနှစ်များအတွင်း ဝူတန်းမှ ပြိုင်ဘက်ကင်းထူးချွန်သည့်ဓားသမားများပေါ်ထွက်မလာခဲ့ပေ ။
သို့သော် လက်ရှိဝူတန်းချုပ်နှင့် ယခုနှစ်များတွင်နာမည်ကျော်ကြားလာသည့် လူငယ်မျိုးဆက် ထိုက်ကျိဓားစန်းဟုန်းလျန်တို့ကြောင့် ဝူတန်းဂိုဏ်းသည်လည်းသိုင်းလောကတွင် နာမည်ပိုထွက်လာခဲ့သည် ။
သို့သော် လူအများအမှတ်ထင်ထင်ကျန်ရှိနေသည်ကား ယခင်မျိုးဆက်၏ဂိုဏ်းချုပ်ဟောင်း အလယ်ပိုင်းဓားဘုရင်ဟုနာမည်ကြီးသည့် ကျန်းချန်းယောင်ဖြစ်သည်။
ကျန်းချန်းဟောင်မှာ လွန်ခဲ့သည့်နှစ်ငါးဆယ်ခန့်က အလယ်ပိုင်းဓားဘုရင်ဟုနာမည်ကျော်ကြားခဲ့ကာ နေလသိုင်းသမား၊ သွေးစွန်းသိုင်းရာဇာ နှင့် သူ့အားအနိုင်ယူခဲ့သည့် ပြိုင်ဘက်ကင်းဓားသမားတို့နည်းတူကျော်ကြားလေသည်။
သို့သော် ကျန်းချန်းဟောင်မှာသိုင်းလောကမှနှုတ်ထွက်သွားသည်မှာ အချိန်အတော်ကြာပြီဖြစ်ကာ ယခုအချိန်တွင် သေဆုံးပြီးဖြစ်နိုင်သည် ။
သို့တိုင်အောင် လက်ရှိဝူတန်းဂိုဏ်းချုပ်သည်လည်း သိုင်းလောက၏အဓိပတိများထဲမှတစ်ယောက်ဖြစ်ကာ သူ့အားယှဉ်နိုင်သူဟူ၍ လက်ငါးချောင်းမပြည့်ပါချေ ။
ဝူတန်းတောင်
နေရောင်ခြည်မှာ ဝူတန်းတောင်ပေါ်သို့ စူးရဲစွာကျရောက်နေသည်။
နေ့လည့်ခင်းဖြစ်၍လည်း နွေနေ၏အပူချိန်မှာ မြင့်မားစွာဖြင့်ရှိနေသည် ။ တောင်တက်လမ်းတစ်လျှောက်တွင် ဝတ်စုံဖြူဖြင့်လူတစ်ယောက်မှ ဖြေးညင်းစွာတက်လာနေသည်။
ထိုလူမှာ ခါးတွင်ဓားတစ်ချောင်းကိုချိတ်ဆွဲထား၍ ဓားသမားတစ်ဦးဖြစ်ကြောင်းသိသာလှသည်။ သို့သော် ထိုလူမှာ ခမောက်ကြီးတစ်လုံးအား မျက်နှာဖုံးအုပ်လုမတတ်ဆောင်းထားသောကြောင့် သူ၏မျက်နှာသွင်ပြင်ကိုမမြင်ရပေ ။
သို့သော် တောင့်တင်းသောခန္တာကိုယ်နှင့်ထိုလူပုံစံအရ အသက်များစွာကြီးသေးပုံမရပေ။
ဓားချကျောက်ဆောင်
ဓားချကျောက်ဆောင်မှ ဝူတန်းမှနာမည်ကြီးနေရာတစ်ခုဖြစ်သည်။ ထိုနေရာမှာ ဝူတန်းဂိုဏ်းသို့ရောက်ခါနီးနေရာတွင်ရှိကာ ပြင်ပမှဧည့်သည်များ၏လက်နက်များကိုချန်ထားခဲ့ရသည့်နေရာဖြစ်သည်။
ဓားချကျောက်ဆောင်အနီးတွင် ဝူတန်းဂိုဏ်းသားလေးဦးစောင့်ကြပ်နေကြသည် ။
ထိုလူများမှာ ဓားချကျောက်ဆောင်အနီးတွင် အစောင့်ချထားသူများဖြစ်၍ တောင်ပေါ်သို့တစ်စုံတစ်ယောက်မှ လက်နက်များယူမလာနိုင်ရန်တားဆီးရသည် ။
သို့သော် အချို့လူများမှာတော့ ချွင်းချက်ရှိကြသည်။ ဥပမာ - ဂိုဏ်းချူပ်များ ၊ နန်းမြို့တော်အတွင်းမှ အုပ်ချုပ်ရေးပိုင်းနှင့်ပတ်သတ်သူများ စသည့်လူများဖြစ်ကြသည်။
သာမန်သိုင်းသမားအတော်များများမှာတော့ ထိုနေရာတွင် သူတို့၏လက်နက်များကို ချန်ထားရစ်ခဲ့ကြသည် ။
ထင်းရှီလည်း ဓားချကျောက်ဆောင်အနီးသို့ရောက်လာကာ ကျော်မြင့်မားသည့်ကျောက်တုံးကြီးအားမော့ကြည့်လိုက်သည် ။
ထို့နောက် တစ်စုံတစ်ခုအား ခံစားမိလိုက်ဟန်ဖြင့်ဘေးဘက်သို့ကြည့်လိုက်သည့်အခါ သူ၏ဘေးတွင်ရောက်နေသည့်ဝူတန်းဂိုဏ်းသားအချို့ကိုတွေ့လိုက်ရသည် ။
“ မိတ်ဆွေ ကျေးဇူးပြုပြီးတော့ မိတ်ဆွေရဲ့လက်နက်ကို ဒီနေရာမှ ချန်ထားရစ်ခဲ့ပါ ကျုပ်တို့ထိမ်းသိမ်းထားလိုက်ပါ့မယ် “
ဝူတန်းဂိုဏ်းသားတစ်ယောက်မှ ပြောလိုက်သည်။ ထိုစကားကြောင့်ထင်းရှီမှာ ပြုံးလျက်ခေါင်းယမ်းလိုက်သည်။