ဝူတန်းဂိုဏ်းမှကျူးကျော်သူ
Vol. 2 Ch. 139
“ ဝူတန်းမှာ တောင်ပေါ်ကိုသွားရင် လက်နက်ယူသွားလို့မရတဲ့စည်းမျဉ်းရှိတာလား “
ထင်းရှီမှ နားမလည်သည့်ဟန်ဖြင့်မေးလိုက်သည် ။ ထိုစည်းမျဉ်းကို သူကြားဖူးသော်လည်း သူ၏ဓားကို မထားခဲ့နိုင်ပေ။
ဝူတန်းဂိုဏ်းသားမှ ထင်းရှီ၏မေးခွန်းကို ခေါင်းညိမ့်ပြကာ စိတ်ရှည်လက်ရှည်ဖြင့် ပြန်ဖြေလိုက်သည်။
“ ဟုတ်ပါတယ် ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကတည်ရှိလာတဲ့ ကျုပ်တို့ဂိုဏ်းရဲ့စည်းမျဉ်းတစ်ခုပါ ။
သိုင်းလောကထဲကလူတွေက ဝူတန်းဂိုဏ်းကိုသွားလိုရင် ဒီနေရာမှာ သူတို့ရဲ့လက်နက်တွေကိုထားခဲ့ရပါတယ် “.
ဝူတန်းဂိုဏ်းသား၏ရှင်းပြစကားကြောင့် ထင်းရှီမှသဘောပေါက်သွားသည့်ဟန်ဖြင့်ခေါင်း တဆက်ဆက်ငြိမ့်လိုက်သည်။ ထို့နောက်တွင် နောက်ထပ်မေးခွန်းတစ်ခုအားမေးလိုက်ပြန်သည် ။
“ မိတ်ဆွေဆိုလိုချင်တာက ဝူတန်းဂိုဏ်းကိုလာတဲ့ဧည့်သည်ဘယ်သူမဆို သူတို့ရဲ့လက်နက်တွေကိုထားခဲ့ရမှာပေါ့ “
ထိုမေးခွန်းကြောင့် ဝူတန်းဂိုဏ်းသားမှာ အနည်းငယ်တွေးတောလိုက်သည်။ ထို့နောက် ခပ်ဖြေးဖြေးပြောလိုက်သည် ။
“ ဒါပေါ့ ဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေလိုမျိုးလူတွေကလွဲပြီး ကျန်တဲ့လူတွေကစည်းမျဉ်းအတိုင်းပဲ “
ထင်းရှီမှာ ထိုအဖြေကြောင့် သဘောကျစွာပြုံးလိုက်သည်။ ထို့နောက် စက်သေနက်ပစ်သလို ဆက်ဆက်တိုက်ထပ်၍မေးလိုက်ပြန်သည်။
“ ဒါဆိုရင် ခင်ဗျားတို့ဂိုဏ်းကိုလာတဲ့လူတွေမှာ ကောင်းကင်ကျောက်စိမ်းဓား၊ ကောင်းကင်နီလာဓား ၊ မိုးမြေယပ်တောင် ၊ပါးရှားဘက်က သံကွင်းဆက်လက်နက် ၊ သွေးနီဓား ၊ တိဗက်က ရတနာသုံးသွယ်ပုလွေ နဲ့ စိတ်ညို့ဗျက်စောင်း ၊ တေလေဂိုဏ်းရဲ့ခွေးရိုက်တုတ် ၊ မရဏကိုးသွယ်အဆိပ်အပ် ၊ ဝူတန်းဂိုဏ်းကမြင့်မြက်ဓား ၊ အရှေ့ပိုင်းက မိုးကြိုးအလင်းတောင်ဝှေး စတဲ့ ရတနာစာရင်းဝင်လက်နက်တွေပါနေတယ်ဆိုရင် သူတို့ကရော ဒီမှာထားခဲ့ရမှာလား “
ထင်းရှီ၏ တရဆက်မေးခွန်းကြောင့်ထိုလူမှာ ပါးစပ်အဟောင်းသားဖြစ်ကာ ကြောင်အသွားသည် ။
“ ဒါက ... “
“ ဒါဆိုရင် ဒီနေရာမှာထားခဲ့တဲ့လက်နက်တွေတစ် စုံတစ်ခုမတော်တဆဖြစ်သွားခဲ့ရင် ခင်ဗျားတို့ဂိုဏ်းက တာဝန်ယူမှုရှိမှုလား “
ထင်းရှီမှ ထိုဂိုဏ်းသားကို စဉ်းစားချိန်မပေးဘဲ ဆက်၍ မေးလိုက်ပြန်သည်။
သူရွတ်ပြခဲ့သည့်ခက်နက်များမှာ သိုင်းလောကတွင်လူသိများသည့်ရတနာစာရင်းဝင်လက်နက်များဖြစ်ကြသည် ။
ထိုလက်နက်များမှာ ရတနာစာရင်းဝင်လက်နက်များဟုတင်စားရသည်အထိအစွမ်းထက်လွန်းလှသည်။
ထင်းရှီရွတ်ပြခဲ့သည့်လက်နက်များထဲမှတစ်ခုခုသာသိုင်းလေ ကထဲတွင်ပေါ်ထွက်လာပါက ထိုပစ္စည်းအတွက် သေချာပေါက်သွေးစွန်းသည့်လူသတ်ပွဲများဖြစ်ဦးမည်ဖြစ်ကာ ထိုတိုက်ပွဲများက နေလသိုင်းကျမ်းလုပွဲထက် လျော့ကျမည်မဟုတ်ပေ။
ထင်းရှီ၏အနည်းငယ်ကပ်ဖဲ့သည့်မေးခွန်းက ထိုဂိုဏ်းသားကို အနည်းငယ်စဉ်းစားရကြပ်စေသည်။
သူတစ်ဦးတည်းမဟုတ်ပေ။ ထင်းရှီ၏ရှေ့ရှိဝူတန်းဂိုဏ်းသားလေးယောက်လုံးမှာ စဉ်းစားနေကြရသည်။
အတန်ကြာမှ နောက်မှဂိုဏ်းသားတစ်ယောက်မှဝင်ရောက်ပြောဆိုလိုက်သည်။
“ ဘာပဲဖြစ်ဖြစ်ဒါက ကျုပ်တို့ဂိုဏ်းကချမှတ်ထားတဲ့စည်းမျဉ်းတစ်ခုပဲ။ ခင်ဗျားပြောသလိုမတော်တဆမှုတစ်ခုမှမရှိခဲ့ဖူးဘူး “
ထိုလူ၏အဖြေမှာလည်းမှန်ကန်ပေသည်။ ဝူတန်းဂိုဏ်းမှာ သိုင်းကျော်ကြားလှသည့်ထိပ်တန်းအဆင့်ဂိုဏ်းကြီးဖြစ်သည့်အတွက် သူတို့၏စည်းမျဉ်းအားဖောက်ဖျက်၍ လက်နက်များအားခိုးယူသူမှာ ဝူတန်း၏ရန်သူဖြစ်သွားပေမည်။
ဝူတန်းနှင့်ရန်သူဖြစ်ရမည့်အဖြစ်ကို သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ပင် အလိုမရှိပေ။
“ အဲဒါထက် ခင်ဗျားက ကျုပ်တို့ဝူတန်းဂိုဏ်းကိုဘာကိစ္စအတွက်ရောက်လာခဲ့တာလဲ “
ဂိုဏ်းသားတစ်ယောက်မှ ထင်းရှီအား အလိုမကျစွာကြည့်၍မေးလိုက်သည်။ သူတို့၏အမြင်တွင် ထင်းရှီမှာ တမင်ပြဿနာလာရှာသူနှင့်တူနေသည်။
ထင်းရှီလည်း ထိုလူများ၏စိတ်အားရိပ်စားမိသောကြောင့် ခပ်ဖွဖွပြုံးလိုက်သည်။ လောကတွင်ချို့ယွင်းချက်မရှိသည့်စည်းမျဉ်းဟူ၍မရှိပေ။
ထို့အတူ မည်သည့်စည်းမျဉ်းကိုမှ တသမက်တည်းသက်မှတ်ထား၍မရနိုင်ပေ။ သို့သော် ဤသည်ကဝူတန်း၏ကိစ္စသာဖြစ်သည် ။သူနှင့်မည်သို့မှပတ်သတ်ခြင်းမရှိပေ။
သူ ဝူတန်းဂိုဏ်းသို့လာခဲ့သည့်တခြားအကြံအစည်ရှိ၍ဖြစ်သည်။
“ ကျုပ်က ဝူတန်းရဲ့ပညာကို စိတ်ဝင်စားလို့ စိန်ခေါ်ဖို့ရောက်လာတာပါ ။ ကျေးဇူးပြုပြီး ကျုပ်နဲ့တိုက်ခိုက်ပေးနိုင်မလား “
ထင်းရှီမှ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။ သူ၏လေသံမှာ မောက်မာခြင်းမရှိသလို နှိမ့်ချခြင်းလည်းမရှိပေ။
သူ၏စကားကြောင့် ဝူတန်းဂိုဏ်းသားများမှု မျက်နှာအနည်းငယ်ပြောင်းလဲသွားကြသော်လည်း ခေါင်းယမ်းလိုက်ကြသည်။
“ မိတ်ဆွေ ကျုပ်တို့ဝူတန်းဂိုဏ်းက သိုင်းလောကရဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲကဆိုပေမယ့် အကြောင်းမဲ့ယှဉ်ပြိုင်တာတွေကို ပြုလုပ်လေ့မရှိပါဘူး ။။
ဒါကြောင့်မိတ်ဆွေလာရာလမ်းအတိုင်းပြန်တာပဲကောင်းပါတယ် “
ဝူတန်းဂိုဏ်းသားတစ်ယောက်မှ ထင်းရှီအားစူးစိုက်ကြည့်ကာပြောလိုက်သည်။ သူတို့၏အမြင်မှာပို၍သေချာသွားသည်။ ထင်းရှီမှာ ဝူတန်းဂိုဏ်းအားတမင်ပြဿနာလာရှာနေပုံရသည်။
သို့သော်သူတို့ထင်းရှီအားရိုင်းပြ၍မရပေ။ တစ်ဖက်လူမှလည်း သူတို့အားအနည်းငယ်စိတ်ရှုပ်စေသော်လည်း ရိုင်းပြသည့်အမူအယာတစ်ခုမှမရှိ၍ဖြစ်သည်။
ထိုဂိုဏ်းသား၏စကားကိုထင်းရှီမှာ မျှော်လင့်ထားပြီးဖြစ်သည့်ပုံစံဖြင့် ခေါင်းညိမ့်လိုက်သည်။
“ ဒါဆိုရင် ကျုပ်အပြစ်ပြုမိပါပြီ “
ထင်းရှီ၏စကားဆုံးသည်နှင့် သူ၏ခန္တာကိုယ်မှာ ဝူတန်းဂိုဏ်းသားများ၏ရှေ့မှပျောက်ကွယ်သွားသည် ။
သူတို့၏ခန္တာကိုယ်အားလေပြင်းတစ်ချက်တိုက်ခတ်သလိုခံစားရကာ ထင်းရှီ၏ခန္တာကိုယ်မှာ ပျောက်ကွယ်သွားသောကြောင့် ထိုလူများမှာပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
ဝူတန်းဂိုဏ်းသားများမှာ ပထမတွင်လွန်စွာအံ့အားသင့်သွားကြသော်လည်းအလျှင်အမြန်ပင်သတိဝင်လာကြသည် ။
“ ဂိုဏ်းကိုကျူးကျော်တဲ့လူရှိတယ် သတိပေးလိုက်ကြ “
ထိုဂိုဏ်းသားများထဲမှ တစ်ယောက်မှ အော်ဟစ်လိုက်သည်။
“ ဒေါင် ဒေါင် “
ဝူတန်းဂိုဏ်းနှင့်အနီးအနားတစ်ဝိုက်တွင်ခေါင်းလောင်းသံများဆူညံနေသည်။
သိုင်းပညာလေ့ကျင့်နေကြသည့် ဝူတန်းဂိုဏ်းသားများသည်လည်း ထိုခေါင်းလောင်းသံကြောင့် သူတို့၏လေ့ကျင့်မှုများကိုဖျက်ကာထွက်လာကြသည် ။
ထိုခေါင်းလောင်းသံမှာ အကြောင်းထူးတစ်စုံတစ်ခုရှိ၍တီးခတ်ကြောင်းကို သူတို့သိသည်။
“ ကျူးကျော်သူ ကျူးကျော်သူတစ်ယောက်ရှိတယ် “
မည်သည့်လူမှစတင်၍ပြောလိုက်သည်မသိသော်လည်း ထိုစကားက တပည့်များ၏ကြားတွင်ပျံ့နှံ့သွားသည် ။
ဝူတန်းဂိုဏ်းသားများမှာ ယခင်က အနည်းငယ်ထိတ်လန့်ကြသော်လည်း ကျူးကျော်တစ်ယောက်သာဆိုသည့်အတွက်သူတို့၏စိတ်ဝင်စားမှုများပြန်လည်လျော့ကျကုန်ကြသည် ။
သို့သော် ထိုလူမှာ ကျားအသည်းနှင့်ဝက်ဝံနှလုံးကိုစားသုံးထား၍ ယခုလိုဝူတန်းဂိုဏ်းအားကျူးကျော်ရဲသည့်သတ္တိရှိနေသည်လားဆိုသည်ကို သူတို့သိလိုလှသည် ။
ထင်းရှီမှာမူ သူ၏လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုယ်ဖော့ပညာကိုသုံး၍တောင်ပေါ်သို့ တဟုန်ထိုးပြေးတတ်လာခဲ့သည်။
ဓားချကျောက်ဆောင်မှဂိုဏ်းသားများမှာမည်သည့်နည်းလမ်းကိုသုံးလိုက်သည်မသိသော်လည်း သူတောင်ပေါ်သို့ရောက်သည်နှင့်ချက်ခြင်းလိုလိုပင် ခေါင်းလောင်းသံများဆူညံလာခြင်းဖြစ်သည်။
ထို့အတူထင်းရှီမှာ ဝူတန်းဂိုဏ်းအားခိုးချောင်ခိုးဝှက်လာရောက်လိုခြင်းမဟုတ်ပေ။ သိုင်းလောကတွင်နာမည်ကြီးလှသည့်ဝူတန်း၏ဓားပညာကိုစမ်းသပ်လို၍ဖြစ်သည် ။
ထို့ကြောင့် သူလူလုံးထွက်ပြရန်ဆုံးဖြတ်ကာ ခန်းမဆောင်၏ရှေ့တွင်ရှိသည့် ရှစ်ပေခန့်မြင့်မားသည့်ကျောက်ရုပ်ထုကြီးနှစ်ခုအနက် ရုပ်ထုတစ်ခုပေါ်တွင်ရပ်နေလိုက်သည်။
“ ကျူးကျော်သူက ခန်းမဆောင်ရဲ့ရှေ့မှာ “
“ မြန် မြန် သူ့ကိုသွားကြည့်ရအောင် “
ဂိုဏ်းသားများမှာ ခန်းမဆောင်၏ရှေ့တွင်စုရုံးလာကြသည်။
ထင်းရှီရပ်နေသည့်နေရာမှာ အတော်ကျယ်ဝန်းကာ ကျောက်ဖြူသားများခင်းကျင်းထားသည့်ရင်ပြင်တစ်ခုဖြစ်သည်။
သို့သော်ယခုထိုရင်ပြင်၏တစ်ဝက်နီးနီးတွင်ဂိုဏ်းသားများပြည့်နေကာ ကျောက်ရုပ်ပေါ်တွင်ဝင့်ကြွားစွာရပ်နေသည့်ထင်းရှီအားဝန်းရံထားလိုက်က့သည် ။
ခန်းမရှေ့သို့ရောက်လာသည့်ဂိုဏ်းသားများမှာ တစ်ရာကျော်ခန့်ရှိသည် ။ သို့သော် ထင်းရှီမှာ ဝူတန်းဂိုဏ်း၏အင်အားမှာ ထို့ထက်ပိုကြောင်းကိုကောင်းစွာသိသည် ။
သိုင်းလောကထဲသို့ရောင်နေကြသည့်ဂိုဏ်းသားများနှင့် တံခါးပိတ်လေ့ကျင့်နေကြသည့်လူများလည်းရှိနေကြသေးသည် ။
ထို့အပြင် အကြီးအကဲများကိုသူတစ်ယောက်မှမမြင်တွေ့ရသေးပေ။
ဝူတန်းမှာ သိုင်းလောကရှိဓားပညာနှင့်ပတ်သတ်သည့်အင်အားစုကြီးဟု နာမည်ကျော်သည့်အပြင် ကျော်ကြားမှုနှင့်လည်း ညီမျှသည် ။
လက်ရှိထိုနေရာသို့ရောက်နေကြသည့်တပည့်အားလုံးမှာ အတော်လေးအားကောင်းကြကာ သူတို့အားလုံးဓားသမားများသာဖြစ်ကြသည်။
ထိုလူများမှာ ထင်းရှီအားဝန်းရံထားကြသော်လည်း တစ်ယောက်မှစတင်တိုက်ခိုက်ခြင်းမရှိပေ။
ထင်းရှီအားဂိုဏ်းသို့ကျူးကျော်လာသူဟုသိရှိထားသော်လည်း ထင်းရှီမှတစ်စုံတစ်ရာမပြုလုပ်သေး၍ သူတို့မတိုက်ခိုက်ခြင်းဖြစ်သည်။
ထို့အပြင် အများနှင့်တစ်ယောက်တိုက်ခိုက်ခြင်းမှာ ရှက်စရာဖြစ်ကာ သူတို့အနေဖြင့်ထင်းရှီကဲ့သို့လူငယ်လေးတစ်ယောက်အား ဝိုင်းဝန်းတိုက်ခိုက်ကြမည်မဟုတ်ပေ။
“ ဝူတန်းကိုကျူးကျော်လာတယ်ဆိုတော့ သိပ်ပြီးသတ္တိကောင်းနေပါလား “
ကျယ်လောင်သည့်အော်သံနှင့်အတူခန်းမဆောင်အတွင်းမှလူရိပ်များထွက်ပေါ်လာသည် ။
“ ကောင်းလိုက်တဲ့အတွင်းအား “
ထင်းရှီမှ ထိုလူ၏အတွင်းအားကိုကြိတ်၍အသိအမှတ်ပြုလိုက်သည် ။