အရည်အချင်းပြည့်မှီသည်
Vol. 2 Ch. 141
ဝူတန်းဂိုဏ်းမှလူများ၏မျက်နှာထက်တွင် အံ့အားသင့်သည့်အရိပ်အယောက်များပေါ်ထွက်လာလေသည် ။
အကြီးအကဲချန်းရှောက်မှ သူ၏အစွမ်းအထက်ဆုံးဓားသိုင်းဖြစ်သည့် ဓာတ်ကြီးလေးပါးဓားသိုင်းနှင့်တိုက်ခိုက်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။
ဓာတ်ကြီးလေးပါးဓားသိုင်းမှာ ဝူတန်းမှလေ့ကျင့်ရခက်သည့်ဓားပညာရပ်များထဲတွင်ပါဝင်သည်။
လွန်ခဲ့သည့်နှစ်တစ်ရာကျော်က ဝူတန်းတွင် သိုင်းပညာပါရမီနည်းသည့် ဂိုဏ်းသားငယ်တစ်ဦးရှိခဲ့သည်။
ထိုဂိုဏ်းသားမှာ ငယ်ရွယ်သည့်အချိန်မှစ၍ သိုင်းပညာလေ့ကျင့်သော်လည်း အသက်သုံးဆယ်ပြည့်ငည်အထိ အလယ်အလက်အဆင့်သိုင်းသမားသာဖြစ်သေးကာ သူ၏သိုင်းပညာမှာ မျိုးဆက်တူများထက်နိမ့်ကျလှသည် ။
သို့သော် တစ်ရက်တွင် ထိုဂိုဏ်းသားမှာ ရှားပါးလှသည့် ဉာဏ်အလင်းပွင့်သည့်အခြေအနေနှင့်ကြုံတွေ့ခဲ့သည်။
ထို့နောက်တွင် ထိုဂိုဏ်းသားမှာ လျှင်မြန်မှု ၊ အားကောင်းမှ ၊ ခုခံမှုနှင့် ပျော့ပြောင်းမှုတို့ပါဝင်သည့်ဓားသိုင်းတစ်ခုကို တီထွင်ခဲ့ကာ ထိုဓားသိုင်းအားအောင်မြင်အောင်လေ့ကျင့်ပြီးနောက်ပိုင်းတွင် ထိုဂိုဏ်းသားမှာ ဓာတ်ကြီးလေးပါးဓားသခင်ဟုသည့်နာမည်ဖြင့်အထွတ်အထိပ်သို့ရောက်ရှိကာ သိုင်းလောကတစ်ခုလုံးတွင်ကျော်ကြားခဲ့သည်။
ထိုဂိုဏ်းသားတီထွင်ခဲ့သည့်ဓားသိုင်းမှာ ဓာတ်ကြီးလေးပါးဓားပညာဖြစ်သည်။ ဓာတ်ကြီးလေးပါးဓားသခင်မှာ သူမသေဆုံးမီသူ၏ဓားသိုင်းအား မိခင်ဂိုဏ်းဖြစ်သည့်ဝူတန်းဂိုဏ်းသို့ အပ်နှံခဲ့သည် ။
သို့သော် ဓာတ်ကြီးလေးပါးဓားသခင်သေဆုံးပြီးနောက်ပိုင်းတွင်ဓာတ်ကြီးလေးပါးဓားပညာကို မည်သူမှအောင်မြင်အောင်မလေ့ကျင့်နိုင်ခဲ့ကြပေ။
ဓာတ်ကြီးလေးပါးဓားသိုင်းမှာ လေဓာတ်၊မီးဓာတ်၊မြေဓာတ်နှင့် ရေဓာတ်တို့ကိုအခြေခံထားကာမတူညီသည့်အပိုင်းလေးခုပါဝင်သောကြောင့် လူအတော်များများမှာ လေ့ကျင့်ပြီးနောက်မအောင်မြင်မီလက်လျော့ကုန်ကြသည်။
ဓာတ်ကြီးလေးပါးဓားသခင်သည်လည်း တပည့်လက်မခံခဲ့သောကြောင့်ဓာတ်ကြီးလေးပါးဓားပညာမှာ သိုင်းလောကမှတိမ်မြုပ်သွားခဲ့ရသည်။
ယခု အကြီးအကဲချန်းရှောက်လေ့ကျင့်ထားသည်မှာလည်း ဓာတ်ကြီးလေးပါးဓားပညာဖြစ်သည် ။
အကြီးအကဲချန်းရှောက်မှာ သူ၏ဓာတ်ကြီးလေးပါးဓားသိုင်းဖြင့် သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်နံပါတ်နှစ်နေရာ၌ရှိနေသည် ။
ဤသည်အားကြည့်ခြင်းဖြင့် အကြီးအကဲချန်းရှောက်မည်မျှအားကောင်းသည်ကိုတွေ့မြင်နိုင်သည် ။
“ ဓာတ်ကြီးလေးပါးဓားသိုင်းက မီးဓာတ်တိုက်ခိုက်မှုလား “
ထင်းရှီ၏မျက်ခုံးများစုကြုံ့သွားသည် ။ သူ၏အမူအယာသည်လည်းပို၍အလေးအနက်ထားလာပုံရသည်။
ဓာတ်ကြီးလေးပါးဓားသိုင်း၏ရာဇဝင်ကိုသူလည်းသိရှိကာ ဓာတ်ကြီးလေးပါးဓားသခင်မှာ တစ်ချိန်ကသိုင်းလောကအားတုန်လှုပ်စေခဲ့ဖူးသူဖြစ်သည်။
ယခုအပြီးအကဲချန်းရှောက်မှ ထိုဓားသိုင်းအားမည်သည့်အဆင့်ထိအောင်မြင်အောင်လေ့ကျင့်ထားနိုင်သည်မသိသော်လည်း သူသတိဖြင့်တိုက်ခိုက်ရမည်ဖြစ်သည်။
အကြီးအကဲချန်းရှောက်၏ဓားမှာ ထင်းရှီ၏ရှေ့သို့ရောက်ရှိလာသည်။ သူ၏ဓားကွက်မှာလျှင်မြန်ခြင်းမရှိသော်လည်းလွန်စွာအားကောင်းသည်။
“ တည်ငြိမ်သည့်ဓားအလင်း “
ထင်းရှီလည်း သူ၏အတွင်းအားများကိုလှည့်ပတ်၍ ထိုတိုက်ခိုက်မှုကိုထိတ်တိုက်ရင်ဆိုင်လိုက်သည် ။
ထိုဓားကွက်မှာ အထီးကျန်ဓားသိုင်းထဲမှ အကောင်းဆုံးခံစစ်ဖြစ်၍ခုခံမှုသက်သက်ကိုသာဦးစားပေးလေသည်။
“ ချွမ်းး... “
ကျယ်လောင်သည့်ထိခတ်သံကြီးပေါ်လာပြီး ထင်းရှီရော အကြီးအကဲချန်းရှောက်ပါနောက်သို့ဆုတ်ခွာသွားရသည် ။
ထိုထိတ်တိုက်တွေ့ဆုံမှုမှ သူတို့၏လက်ရည်တူညီနေသည်ဟုထင်ရသည်။
အကြီးအကဲချန်းရှောက်မှာ ထင်းရှီအားကြည့်နေသည့်မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုသည့်စိတ်များလောင်ကျွမ်းလာသည်။
ခမောက်နှင့်ဝတ်စုံဖြူမှာ သူ၏အားကောင်းသည့်ဓားကွက်ကို ခုခံနိုင်လိမ့်မည်ဟုသူမထင်ခဲ့မိပေ။ သို့သော် သူရပ်တန့်မနေဘဲဆက်၍တိုက်ခိုက်လိုက်သည်။
ထင်းရှီသည်လည်း ထိတ်တိုက်တွေ့ဆုံမှုတွင် သူ၏ရင်ဘက်အနည်းငယ်အောင့်တတ်သွားသည် အကြီးအကဲချန်းရှောက်၏အတွင်းအားမှာ သူ့ထက်အနည်းငယ်သာလွန်သည်။
သို့သော် သူ၏စိတ်ထဲတွင်လည်းတိုက်ခိုက်လိုသည့်အသိများပြည့်လာကာ ဆက်၍တိုက်ခိုက်လိုက်သည်။
“ ထန်းး ထန်းးး .. “
သူတို့၏ဓားများမှာ မကြာခဏထိတွေ့ကြလေသည်။ ထို့အတူ သူတို့၏တိုက်ပွဲမှဓားလှိုင်းများသည်လည်း ဘေးဘက်သို့လွင့်ပျံ့လာသည်။
သာမန်မြေပြင်ပေါ်တွင်တိုက်ခိုက်ပါက သူတို့၏တိုက်ပွဲကြောင့် မြေပြင်တွင်ဓားရာများ နက်ရှိုင်းစွာကျန်ခဲ့မည်ဖြစ်သော်လည်း ကျောက်ဖြူရင်ပြင်ပေါ်တွက်တိုက်ခိုက်နေခြင်းကြောင့် သူတို့၏တိုက်ခိုက်မှုများမှာာအောင်မှအခင်းကို ခြစ်ရာသာထင်ခဲ့သည်။
တိုက်ပွဲတွင် ထင်းရှီမှာ အနည်းငယ်အရေးနိမ့်နေသည်ဟုထင်ရသော်လည် အောက်စည်းသို့ရောက်အောင်ဖိအားပေးခံရခြင်းမရှိပေ။
အကြီးအကဲချန်းရှောက်၏ဓားသိုင်းမှာ အားကောင်းကာ ထင်းရှီထံသို့လှိုင်းလုံးကြီးများလို အရှန်အဟုန်ပြင်းပြင်းဖြင့်တိုက်ခိုက်နေသည် ။
ထင်းရှီမှာမူ မုန်တိုင်းကြားမှလှေငယ်တစ်စင်းလို အကြီးအကဲချန်းရှောက်၏တိုက်ခိုက်မှုများကို ခုခံနေရကာ တစ်ချက်တစ်ချက်မှ ပြန်လည်တိုက်ခိုက်နိုင်သည်။
ထင်းရှီမှာ တိုက်ခိုက်ရာတွင် သူ၏ဓားဆန္ဒကိုသာမက လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုယ်ဖော့ပညာကိုပါအသုံးမပြုပေ။
ထို့အပြင် သူ၏အထီးကျန်ဓားသိုင်းတစ်ခုထဲကိုသာသီးသန့်အသုံးပြု၍တိုက်ခိုက်နေခြင်းဖြစ်သည် ။ထို့ကြောင့် သူအနည်းသယ်အရေးနိမ့်နေသလိုထင်ရသော်လည်း သူ၏ဓားသိုင်းမှာ ပို၍တိုးတက်လာသည်။
ဝူတန်းဂိုဏ်းသားများမှာ သူတို့၏မျက်လုံးများပြူးကျယ်သွားကြကာ တိုက်ပွဲအားအံ့ဩစွာကြည့်ရှုနေကြသည်။
ဝတ်စုံဖြူနှင့်လူမှာ သူတို့အကြီးအကဲချန်းရှောက်၏တိုက်ခိုက်မှုများအား ခုခံနိုင်မည်ဟုသူတို့တွေးထင်မထားခဲ့ကြပေ။
ယခုရောက်ရှိနေသည့်တပည့်များထဲတွင် အကြီးအကဲချန်းရှောက်၏သိုင်းကွက်ဆယ်ကွက်ပြည့်အောင်ခုခံနိုင်သူနည်းပါးသည် ။
ယခုတိုက်ပွဲမှာမူ ဝတ်စုံဖြူမှအနည်းငယ်အရေးနိမ့်သော်လည်း ကောင်းစွာတိုက်ခိုက်နေသေးသည် ။ သူတို့၏တိုက်ပွဲမှာ သိုင်းဆယ်ကွက်ဟုသာသတ်မှတ်ထားသော်လည်းတိုက်ခိုက်နေရင်းဖြင့်သိုင်းကွက်သုံးဆယ်ကျော်သွားပြီဖြစ်သည်။
ယခုအချိန်အထိ ပထမအကြီးအကဲမှာ တစ်စုံတစ်ခုပြောဆိုခြင်းမရှိသေးသလို ထင်းရှီနှင့် အကြီးအကဲချန်းရှောက်တို့မှာလည်း ရပ်တန့်ရန်စိတ်ကူးမရှိကြသေးပေ။
သူတို့နှစ်ဦးမှာ အချင်းချင်းတိုက်ခိုက်ရသည်အားကျေနပ်အားရနေကြကာ ဆက်၍တိုက်ခိုက်နေကြသည် ။
ဝူတန်းဂိုဏ်းသားများမှာ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသည့်လူနှစ်ယောက်အားကြည့်ကာ သူတို့၏တိုက်ခိုက်လိုစိတ်များပင်တတ်ကြွလာကြသည် ။
အကြီးအကဲချန်းရှောက်မှာ သူ၏ရှေ့မှလူအား သူအနိုင်မရနိုင်ကြောင်းကိုသိလိုက်သည်။ ထို့အပြင် ဝတ်စုံဖြူ၏ဓားပညာမှာ သူ့ကိုအံ့ဩချီးမွမ်းစေသည် ။
“ သတိထားပါ ငါတိုက်ကွက်ပြောင်းပြီ “
အကြီးအကဲချန်းရှောက်မှ အော်ဟစ်သတိပေးလိုက်သည်။ ထို့နောက် သူ၏ဓားကွက်များမှာ ပြောင်းလဲသွားလေသည် ။
“ ရေလှိုင်းဓားဆယ့်သုံးချက် “
အကြီးအကဲချန်းရှောက်၏ဓားမှာ ရေလှိုင်းများကဲ့သို့ အဆင့်ဆင့်ဖြင့်ထင်းရှီထံသို့တိုးဝင်သွားသည် ။
“ တောင်နှင့်မြစ်အားပိုင်းဖြတ်ခြင်း “
“ ဝုန်းး... “
ထင်းရှီမှာ သူ၏အင်အားအပြင်းဆုံးဓားကွက်ဖြင့်ပြန်လှန်ခုခံသော်လည်း သူ၏ဓားမှာ အားအင်လျော့နည်းသွားသလိုခံစားရလိုက်ကာ နောက်သို့ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရသည်။
ထင်းရှီ၏မျက်နှာအနည်းငယ်ပြောင်းလဲသွားကာ ချန်းရှောက်အားတည်ကြည်သည့်မျက်နှာဖြင့်ကြည့်လိုက်သည် ။
အကြီးအကဲချန်းရှောက်မှာ ယခုအခါတွင်ဓာတ်ကြီးငါးပါးဓားသိုင်းမှ ရေဓာတ်ပုံစံကိုအသုံးပြုနေသည်ကိုသူသိလိုက်ရသည် ။
ရေဓာတ်ပုံစံဓားသိုင်းမှာ ပျော့ပြောင်းကာ ရင်ဆိုင်ရခက်သည် ။ထို့အပြင် ထိုဓားကွက်များမှာ ဝူတန်း၏ထိုက်ကျိဓားသိုင်းနှင့်သဘောတရားချင်းအနည်းငယ်ဆင်တာသည်။
ထို့ကြောင့် သူ့အနေဖြင့်ရသေ့လက်ဝါးနှင့်တိုက်ခိုက်စဉ်ကကဲ့သို့ပြန်ဖြစ်သွားလေသည်။
သူတတ်မြောက်ထားသည့်အခြားဓားကွက်များကိုအသုံးမပြုဘဲ အကြီးအကဲချန်းရှောက်ကို ခုခံနိုင်မည်မဟုတ်တော့ပေ။
“ ချန်းရှောက် တော်သင့်ပြီ “
အကြီးအကဲချန်းရှောက်မှာ ထင်းရှီအားလိုက်ခံတိုက်ခိုက်မည်ပြုလိုက်သော်လည်း ပထမအကြီးအကဲ၏တားဆီးမှုကိုခံလိုက်ရသည်။
သူတို့နှစ်ဦးမှာ ယခင်မျိုးဆက်မှဝါရင့်ဂိုဏ်းသားများဖြစ်၍ သူတို့၏အဆင့်အတန်းများတူညီသော်လည်း အကြီးအကဲချန်းရှောင်မှ ပထမအကြီးအကဲကိုလေးစားရသည်။
ထို့ကြောင့် အကြီးအကဲချန်းရှောက်လည်း တိုက်ခိုက်မည်ပြင်နေခြင်းအားရပ်တန့်လိုက်ကာ ထင်းရှီအား တိုက်ခိုက်လိုသေးသည့်အမူအယာဖြင့်ကြည့်လိုက်သည် ။
သူတို့တိုက်ခိုက်နေကြသည်မှာ သိုင်းကွက်အတော်များများရှိနေပြီဖြစ်သည်ကို သူသတိပြုမိသော်လည်း သူ၏ရှေ့မှဝတ်စုံဖြူအား သူအသာစီးမယူနိုင်ပေ
ထို့အပြင် ထိုလူ၏ဓားပညာမှာ သူမမြင်တွေ့ဖူးသဖြင့် သိုင်းလောကထဲမှဓားသိုင်းတစ်မျိုးမျိူးဟုတ်ပုံမရပေ။
ထင်းရှီလည်းပထမအကြီးအကဲ၏စကားကြောင့်ရပ်တန့်လိုက်လေသည်။ ထို့နောက် ပထမအကြီးအကဲကို စူးရှသည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။
“ မိတ်ဆွေလေး မင်းငါတို့ဝူတန်းကိုစိန်ခေါ်လို့ရပါပြီ “
ပထမအကြီးအကဲမှ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
သူအကြီးအကဲချန်းရှောက်နှင့်ထိုဝတ်စုံဖြူကိုယှဉ်ပြိုင်ခိုင်းခြင်းမှာ သူတို့ပြောခဲ့သည့်အချက်များအပြင်ဝတ်စုံဖြူ၏သိုင်းပညာကိုသိလို၍ဖြစ်သည် ။
တော်ရုံတန်ရုံအဆင့်လွန်သိုင်းသမားဆိုလျှင် အကြီးအကဲချန်းရှောက်၏သိုင်းဆယ်ကွက်ကိုခုခံနိုင်မည်မဟုတ်ပေ။
သူတို့၏ရှေ့မှ ဝတ်စုံဖြူနှင့်လူမှာ အကြီးအကဲချန်းရှောက်၏သိုင်းဆယ်ကွက်ကိုခုခံနိုင်သည့်အပြင် သိုင်းကွက်အတော်များများအထိ ဖလှယ်နိုင်သည် ။