← Chapters

ခုနစ်စင်ကြယ်ဓားဝင်္ကပါ

Vol. 2 Ch. 142

ခုနစ်စင်ကြယ်ဓားဝင်္ကပါ

Vol. 2 Ch. 142

ထင်းရှီလည်း ပထမအကြီးအကဲကိုတည်ငြိမ်စွာဖြင့်ကြည့်လိုက်သည်။ ထိုအကြီးအကဲ၏ရည်ရွယ်ချက်ကိုသူရိပ်မိသည် ။

သို့သော် သူစိတ်ထဲမထားပေ။ ဤသို့မဟုတ်ပါက မည်သည့်သိုင်းအဆင့်ရှိသည်ဖြစ်စေ ဝူတန်းအားအလွယ်တကူလာရောက်စိန်ခေါ်နေကြပေမည်။

“ အကြီးအကဲ ကျုပ်ဝူတန်းကထိုက်ကျိဓားကို စိန်ခေါ်လို့ရမလား “

ထင်းရှီမှ ပထမအကြီးအကဲကိုမေးလိုက်သည် ။သိုင်းလောကထဲတွင်နာမည်ကျော်ကြားနေသည့် ထိုက်ကျိဓားစန်းဟုန်းလျန်ကို သူလက်ရည်စမ်းလိုသည် ။

စန်းဟုန်းလျန်မှာ ဝူတန်းမှနာမည်ကျော်ထိုက်ကျိဓားသိုင်းကိုအသုံးပြုကာ လူငယ်မျိုးဆက်တွင် ထိပ်တန်းနေရာ၌ရှိသည် ။

ထင်းရှီနှင့်တိုက်ခိုက်ဖူးသည့် အရှေ့ပိုင်းသိမ်းငှက်ညီနောင်နှင့် လက်ရည်တူသည်ဟုလည်းပြောကြသည်။။သို့သော် ထင်းရှီမှလက်ရည်စမ်းရုံသာအလိုရှိလေသည် ။

ယခင်ကပင်သူအရှေ့ပိုင်းသိမ်းကှက်ညီနောင်မှ အဖြူရောင်သိမ်းငှက်ချွင်းထုံကိုအနိုင်ရခဲ့ပြီးဖြစ်သည်။

ထို့အပြင် သူ၏ဓားဆန္ဒကိုအသုံးမပြုဘဲနှင့် သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှနံပါတ်ငါးရဩေလက်ဝါးကိုလည်းအနိုင်ယူနိုင်ခဲ့သည် ။

ထို့ကြောင့် ထိုက်ကျိဓားစန်းဟုန်းလျန်ကို သူစိန်ခေါ်ခြင်းမှာ ဝူတန်း၏ထိုက်ကျိဓားပညာကို သိလို၍ဖြစ်သည် ။

သို့သော် ပထမအကြီးအကဲမှခေါင်းယမ်း၍ပြောလိုက်သည် ။

“ နှမြောစရာပဲ စန်းဟုန်းလျန်ကသိုင်းလောကထဲကိုဆင်းနေတာပြန်မရောက်လာသေးဘူး ။

မဟုတ်ရင် မင်းလိုထူးချွန်တဲ့ဓားသမားတစ်ယောက်နဲ့လက်ရည်စမ်းခွင့်ရမှာပဲ “

ပထမအကြီးအကဲမှ အနည်းငယ်နှမြောသည့်ဟန်ဖြင့်ဆိုလိုက်သည်။ ထင်းရှီလည်းထိုစကားကြောင့်တိတ်ဆိတ်သွားကာ နေရာတွင်ငြိမ်သက်စွာရပ်နေသည် ။

အခြားဝူတန်းဂိုဏ်းမှလူငယ်များမှာ သူနှင့်တိုက်ခိုက်ရန်ပြိုင်ဘက်အဆင့်တွင်ရှိမနေပေ။ အကြီးအကဲချန်းရှောက်တို့ကဲ့သို့ အကြီးအကဲများနှင့်တိုက်ခိုက်လျှင်လည်း သူအနိုင်ရပါက ဝူတန်းဂိုဏ်းမှာ မျက်နှာပျက်ရစေမည်။

လက်ရှိခန်းမရှေ့ကျောက်ဖြူရင်ပြင်သို့ရောက်နေကြသည့်လူများထဲတွင် ပထမအကြီးအကဲတစ်ယောက်သာသူအစွမ်းကုန်တိုက်ခိုက်ရန်အဆင့်မီသည်။

အတန်ကြာသောအခါ ထင်းရှီ၏ဦးခေါင်းမော့လာကာ သူ၏မျက်လုံးများစူးရှလာသည် ။

“ အကြီးအကဲ ဝူတန်းရဲ့နာမည်ကျော်ခုနစ်စင်ကြယ်ဓားဝင်္ကပါကို စမ်းသပ်ကြည့်ပါရစေလို့ အတင့်ရဲ့ပြီးတောင်းဆိုပါတယ် “

ထင်းရှီ၏စကားက ဝူတန်းမှတပည့်များ၏ အခြေအနေအားရုတ်ရုတ်သဲသဲဖြစ်စေသည်။

“ မဖြစ်နိုင်တာ ငါနားကြားမှားတာလား “

“ ဟမ့် မောက်မာလိုက်တာ သူကအစွမ်းထက်တဲ့ဓားသမားတစ်ယောက်ဆိုပေမယ့် ခုနစ်စင်ကြယ်ဝင်္ကပါနဲ့ဆိုရင် သူ့ကိုသတ်ပစ်နိုင်တယ် “

တပည့်များကြားမှ တီးတိုးဝေဖန်သံများထွက်ပေါ်လာသည် ။ထင်းရှီအားကြည့်နေကြသည့်သူတို့၏အကြည့်များသည်လည်း ပြောင်းလဲသွားကြသည်။

ခုနစ်စင်ကြယ်ဝင်္ကပါမှာ ဝူတန်းမှ နာမည်ကျော်ပညာရပ်တစ်ခုဖြစ်ကာ ရှောင်လင်မှလောဟန်တစ်ရာ့ရှစ်ကွက်ဝင်္ကပါ ၊ တေလေဂိုဏ်းမှ ခွေးရိုက်တုတ်ဝင်္ကပါတို့လိုကျော်ကြားသည့်အစွမ်းထက်ဝင်္ပါဖြစ်သည် ။

ကွာခြားသည်ကား ရှောင်လင်နှင့်တေလေဂိုဏ်းမှဝင်္ကပါများမှာ တုတ်ရှည်အားသုံးရပြီး ဝူတန်းဂိုဏ်းမှတပည့်များအား ဓားရှည်များအားအသုံးပြုသည်။

ထို့ကြောင့် ဝင်္ကပါသုံးခုမှာ ညီတူမျှတူကျော်ကြားသော်လည်း ဝူတန်းမှခုနစ်စင်ကြယ်ဝင်္ကပါမှာ ပို၍ထိခိုက်နိုင်ချေများသည် ။

သိုင်းလောကဲမှသတင်းများ၏အဆိုအရ ထိုဝင်္ကပါများမှာ သိုင်းဝိဇ္ဇာအဆင့်များကိုပင်ပိတ်လှောင်ကာအနိုင်ယူနိုင်စွမ်းရှိသည်ဟုဆိုကြသည်။

ထို့ကြောင့်ထင်းရှီ၏စကားမှာ ကိုယ့်နေရာကိုယ်မသိဘဲ အနည်းငယ်ဂုဏ်မောက်သည့်ဟန်ပေါ်နေသည် ။

ပုံမှန်ဆိုလျှင်အကြီးအကဲချန်းရှောက်မှာဒေါသတကြီးဖြင့်တစ်စုံတစ်ရာပြောဆိုနိုင်သော်လည်း ယခုအခါတွင် တစ်ခွန်းမှမပြောပေ။

သူနှင့်ထင်းရှီတိုက်ခိုက်ဖူးသဖြင့်ထင်းရှီမှာ အားမနည်းလှသည့်ကိုသူခန့်မှန်းမိသည်။ ထို့အပြင် သူနှင့်တိုက်ခိုက်စဉ်က ထင်းရှီမှာ အစွမ်းကုန်အသုံးပြုခြင်းမရှိသည်ကိုသူခံစားမိသည် ။

လက်ယာဘက်မှအကြီးအကဲမှာမူ ပင်ကိုကပင်ခပ်အေးအေးနေသည့်အကြီးအကဲဖြစ်သည် ။ထို့ကြောင့် သူ၏သဘောမှာအခြားလူများ၏ဆံုးဖြတ်ချက်အတိုင်းဖြစ်သည်။

ထို့ကြောင့် အဓိကဆုံးဖြတ်ချက်ချရမည့်လူမှာ အလယ်မှပထမအကြီးအကဲသာဖြစ်သည်။

ပထမအကြီးအကဲမှာ ထင်းရှီအားစူးရှတောက်ပသည့်မျက်လုံးများဖြင့်စူးစိုက်ကြည့်နေသည်။ ယခုတစ်ကြိမ်တွင်လည်းသူ၏ရှေ့မှလူကိုထွင်းဖောက်မမြင်နိုင်ပေ။

“ ကောင်းပြီလေ ငါသဘောတူတယ် ဝူတန်းကတပည့်တွေဝင်္ကပါဆင်ကြမယ် “

ပထမအကြီးအကဲမှကျယ်လောင်သည့်အသံဖြင့်အမိန့်ပေးလိုက်သည်။

ဝူတန်းဂိုဏ်းသားများမှာ အနည်းငယ်အံ့အားသင့်သွားကြသော်လည်း သူတို့၏မျက်နှာထက်တွင် မကျေမနပ်ဖြစ်သည့်အရိပ်အယောင်မရှိပေ။

တပည့်အတော်များများမှာ ထင်းရှီအားဝန်းရံလိုက်ကာ ဝင်္ကပါပုံစံဖော်လိုက်သည်။ ဝင်္ကပါထဲတွင်မပါဝင်သည့်တပည့်များကမူ လွတ်ရာနေရာသို့ဆုတ်ခွာသွားကြသည် ။

ထင်းရှီမှာ သိုင်းလောက၏နာမည်ကျော်ဝင်္ကပါကြီးသုံးခုထဲမှ တစ်ခုနှင့်ရင်ဆိုင်ရမည်ဖြစ်သဖြင့်အနည်းငယ်စိတ်လှုပ်ရှားနေမိသည် ။

ဝူတန်းမှခုနစ်စင်ကြယ်ဓားဝင်္ကပါမှာ ကောင်းကင်မှကြယ်ခုနစ်လုံး၏သဘောကို အတုယူကာတီထွင်ထားကြခြင်းဖြစ်ကာ လူလေးဆယ့်ကိုးယောက်ပါဝင်သည် ။

ထို့အပြင် ပါဝင်သည့်လူလေးဆယ့်ကိုးယောက်မှ ခုနစ်ယောက်တစ်စုခွဲ၍ ထင်းရှီအား အုပ်စုခုနစ်စုဖြင့်တိုက်ခိုက်ကြမည်ဖြစ်သည်။

ဝူတန်းဂိုဏ်းမှ ထိုက်ကျိဓားပညာ၊ တိမ်လှေကားကိုယ်ဖော့ပညာတို့အပြင်ကျော်ကြားသည့်အခြားပညာရပ်တစ်ခုမှာခုနစ်စင်ကြယ်ခြေလှမ်းဖြစ်သည်။

ခုနစ်စင်ကြယ်ခြေလှမ်းပညာရပ်မှာ တိုက်ပွဲထဲတွင်လှုပ်ရှားမှုများကိုလျှင်မြန်စေပြီး မည်သည့်သိုင်းပညာဖြင့်ဖြစ်စေတွဲဖက်အသုံးပြု၍ရသည်။

ထိုအကြောင်းများကြောင့် ခုနစ်စင်ကြယ်ခြေလှမ်းမှာ သိုင်းလောကထဲ၌ပင်ကျော်ကြားသည့်ပညာရပ်တစ်ခုဖြစ်သည်။

သို့သော် ထင်းရှီနှင့်တိုက်ခိုက်စဉ်ကမူအကြီးအကဲချန်းရှောက်မှထိုပညာကိုအသုံးပြုခြင်းမရှိခဲ့ပေ။

ထို့ကြောင့်ထင်းရှီနှင့်တိုက်ခိုက်စဉ်ကအကြီးအကဲချန်းရှောက်သည်လည်း အစွမ်းကုန်အသုံးမပြုကြောင်းသိသာလေသည်။

ခုနစ်စင်ကြယ်ဓားဝင်္ကပါတွင်ပါဝင်ကြသည့်တပည့်များမှာ ခုနစ်စင်ကြယ်ခြေလှမ်းပညာအား အောင်မြင်ကြပြီးဖြစ်သည်။

ထို့ကြောင့် ခုနစ်စင်ကြယ်ဓားဝင်္ကပါမှာ နေရာအလျှင်အမြန်ရွှေ့ပြောင်းနိုင်သည့်အားသာချက်ရှိကာ သိုင်းကျော်ကြားသည့်ဝင်္ကပါပညာရပ်သုံးခုထဲမှတစ်ခုဖြစ်နေခြင်းဖြစ်၏။

ထင်းရှီထံသို့ဓားခုနစ်လက်မှာ အရပ်မျက်နှာပေါင်းစုံမှတိုးဝင်လာကြသည် ။ ထင်းရှီလည်း ခန္တာကိုယ်အားတစ်ချက်လှုပ်ရှား၍ လေထဲသို့ခုန်တတ်ကာထိုတိုက်ခိုက်မှုများကိုရှောင်တိမ်းလိုက်သည်။

သို့သော် သူမြေပြင်သို့ခြေထောက်ချမိသည်နှင့် ‌နောက်ထပ် များပြားလှသည့်ဓားရိပ်များမှာ ထင်းရှီ၏ခန္တာကိုယ်အားဖုံးလွှမ်းသွားပြန်သည်။

“ လေပွေနဂါးး... “

ထင်းရှီ၏ခန္တာကိုယ်မှာ ဂျင်တစ်လုံးကဲ့သို့မွတ်မွတ်လည်သွားကာ သူ၏ကိုယ်ပေါ်သို့ကျရောက်လာသည့်ဓားရိပ်များမှာ ပျက်ပြယ်ကုန်သည် ။

ထို့အတူ ထင်းရှီအားတိုက်ခိုက်လိုက်ကြသည့်ဂိုဏ်းသားများသည်လည်းနောက်သို့လွင့်စင်ကုန်ကြသည်။

ထိုလူများများမှာ အဆင့်မြင့်သိုင်းသမားနှင့်ထိပ်တန်းအဆင့်သိုင်းသမားများဖြစ်ကြသည်။ ထို့ကြောင့် အဆင့်လွန်သိုင်းသမားတစ်ယောင်ဖြစ်သည့်ထင်းရှီ၏ဖိနှိပ်မှုကိုခံလိုက်ရသည် ။

သို့သော် ထင်းရှီလည်းထိုလူမျာစ၏နောက်သို့လိုက်လံတိုက်ခိုက်ရခြင်းမပြုရသေးဘဲ နောက်ထပ်တိုးဝင်လာသည့်ဓားများအားကာကွယ်လိုက်ရပြန်သည်။

“ ထန် ထန် “

ဓားရိပ်များမှာ ဘေးပတ်ဝန်းကျင်တွင် လွင့်ပျံ့နေသလို သံကိုသံချင်းထိခတ်သံများမှာ လည်းဆူညံနေသည်။

ထင်းရှီမှာ ဝူတန်းဂိုဏ်းသားများ၏အလယ်တွင်ရောက်နေကာ သူ၏ကိုယ်ပေါ်သို့ဓားများမကြာခဏကျရောက်လာတတ်သည်။

ထို့အတူ ဘေးဘက်ဆီမှ တိုးဝင်လာသည့်ဓားများကိုလည်းသတိထားရသေးသည်။ ထို့ကြောင့်ပင ထင်းရှီမှာ သူထင်သလောက်တိုက်ခိုက်နိုင်ခြင်းမရှိသေးပေ။

ထင်းရှီလည်း သူ၏အထီးကျန်ဓားသိုင်းသာမက ခုခံမှုအားကောင်းသည့် သစ်ရွက်ကြွေဓားသိုင်းနှင့် ရှောင်ကျန်းမင်၏မိုးကြိုးမုန်တိုင်းဓားသိုင်းကိုပါတွဲဖတ်အသုံးပြုနေရသည်။

သို့တိုင်အောင်ယခုအချိန်အထိ များပြားလှသည့်ဂိုဏ်းသားများ၏ဓားများကို အလျှင်အမြန်ခုခံကာကွယ်နေရသေးသည်။

ခန်းမဆောင်၏ရှေ့ ကျောက်ဖြူရင်ပြင်နှင့်အဝေးရှိသစ်ပင်တစ်ပင်၏အောက်တွင် ဝူတန်းဂိုဏ်း၏ဝတ်စုံနှင့်လူကြီးတစ်ယောက်ရှိသည်။

ထိုလူမှာ ဓားတစ်လက်အားနောက်ကျောတွင်သိုင်းလွယ်ထားကာ အဝေးမှတိုက်ပွဲအားကြည့်ရှုနေသည်။

သူ၏ဘေးတွင် အဖြူရောင်ဝတ်စုံနှင့်အဖိုးအိုတစ်ယောက်ရှိကာ ထိုအဖိုးအိုသည်လည်းတိုက်ပွဲအားကြည့်ရှုနေသည်။

ထိုလူနှစ်ယောက်ရှိနေသည့်နေရာမှာ ကျောက်ဖြူရင်ပြင်နှင့်ကွာဝေးသော်လည်း ထိုလူနှစ်ယောက်၏ဟန်မှာ ထိုတိုက်ပွဲအားကောင်းစွာမြင်ရပုံပေါ်သည်။

ဝူတန်းဂိုဏ်း၏ဝတ်စုံနှင့်လူကြီးမှာ ရုပ်ရည်ခန့်ညားကာစူးရှသည့်မျက်လုံးများရှိသည်။ သူနှင့်ယှဉ်လျှင်အဖိုးအို၏သွင်ပြင်မှာသာမန်ဆန်ကာ သိုင်းပညာမတတ်သည့်အဖိုးအိုတစ်ယောက်နှင့်တူလှသည် ။

သို့သော် ထိုလူကြီးမှာ အဖိုးအိုအား အ‌လွန်လေးစားပုံရသည် ။

“ ဆရာ သူကမြစိမ်းရောင်ဓားသမားရဲ့မျိူးဆက်လားမသိဘူး သူ့ရဲ့တစ်ချို့ဓားကွက်တွေက မြစိမ်းရောင်ဓားသမားရဲ့သိုင်းကွက်တွေနဲ့ဆင်တူနေတယ် “

ဝူတန်းဂိုဏ်းသားဝတ်စုံနှင့်လူကြီးမှပြောလိုက်သည်။ သူ၏စကားကြောင့်အဖိုးအိုမှပြုံးကာခေါင်းယမ်းလိုက်သည် ။

“ သစ်ရွက်ကြွေဓားသိုင်း ၊ မိုးကြိုးမုန်တိုင်းဓားသိုင်းနဲ့ အမည်မသိတဲ့အစွမ်းထက်ဓားသိုင်းတစ်ခု ၊ ကောင်လေးက အတော်လေးပညာစုံလင်တာပဲ “

အဖိုးအို၏ ရေရွတ်သံကြောင့်လူကြီးလည်း ခေါင်းညိမ့်လိုက်သည် ။

All Chapters