← Chapters

အရှေ့မြောက်ပိုင်းမှ မိုးကြိုးနတ်ဘုရားကျောင်း

Vol. 2 Ch. 149

အရှေ့မြောက်ပိုင်းမှ မိုးကြိုးနတ်ဘုရားကျောင်း

Vol. 2 Ch. 149

စီးတုမိသားစု၏ ထွင်းဖောက်လက်သီးသိုင်းမှာ အရာဝတ္တုများကိုကျော်ဖြတ်၍ အတွင်းအားပို့လွှတ်ရသည့် သိမ်မွေ့သည့်အတွင်းအားပညာရပ်ဖြင့် လက်သီးသိုင်းတစ်ရပ်ဖြစ်သည်။

သို့သော် သိုင်းကွက်များမှာမူ ပြင်းထန်လှသည်။ ထို့ကြောင့်ပင် ထွင်းဖောက်လက်သီးသိုင်းမှာ ပြင်းထန်ခြင်းနှင့်သိမ်မွေ့ခြင်းရောယှက်နေကာ သိုင်းလောက၏ထိပ်တန်းအဆင့်သိုင်းပညာတစ်ရပ်ဖြစ်နေခြင်းဖြစ်သည် ။

“ ကောင်လေး ငါ့ရဲ့ခုနစ်ဆင့်လက်သီးသိုင်းပညာကရော ဘယ်အဆင့်ကိုရောက်နေပြီလဲ ။ မင်းသိုင်းလောကထဲကိုဆင်းတဲ့အချိန်နှစ်နှစ်အတွင်းမှာ ဘယ်အထိတိုးတက်လာလဲ။

ကောင်းကောင်းမတိုးတတ်ရင်တော့ နာဖို့သာပြင်ထားလိုက် “

အဖိုးအိုမှ သူ၏မုတ်ဆိတ်ဖြူများလှုပ်ယမ်းသွားအောင်ပင် ဒေါသတကြီးပြောလိုက်သည် ။ သူ၏ပုံစံမှာ ထိုလူငယ်သိုင်းလောကထဲသို့ဆင်းသွားသည်အား ကြိုက်နှစ်သက်ပုံမရပေ။

လူငယ်လည်း သူ့ဆရာ၏ပုံစံကြောင့်ပြုံးလိုက်သည်။ ထို့နေ က် အစောပိုင်းမှသစ်ပင်ကြီးကိုပင်လက်သီးဖြင့် လျှပ်တပြက်ထိုးလိုက်သည်။

“ ဟူးးးဟူးးဟူးးးဟူးးဟူးး “

လေတိုးသံငါးခုထွက်ပေါ်လာကာ ပေါင်လုံးခန့်တုတ်သည့်သစ်ပင်ကြီးမှာ အနည်းငယ်ယိမ်းထိုးသွားသည်။

အဖိုးအို၏မျက်လုံးများမှာ ပြူးကျယ်သွားကာ ခပ်ပြုံးပြုံးမျက်နှာဖြင့်ရပ်နေသည့်လူငယ်အားမယုံကြည်နိုင်သည့်မျက်နှာဖြင့်ကြည့်လိုက်သည် ။

“ မင်းက အားလှိုင်းငါးခုအထိထုတ်နိုင်ပြီလား “

အဖိုးအိုမှ အနည်းငယ်တုန်ယင်နေသည့်လေသံဖြင့်မေးလိုက်သည်။ သူ၏မေးခွန်းအား လူငယ်မှ ဂုဏ်ယူနေပုံရသည့်မျက်နှာဖြင့်ပြန်ဖြေလိုက်သည်။

“ ဆရာ့ရဲ့တပည့်ဒီလောက်ညံ့ပါ့မလား ။ ကျနော်သိုင်းလောကထဲကိုအလည်သွားတုန်းကလည်း နေ့စဉ်မပျက်သိုင်းပညာကိုလေ့ကျင့်နေတာပါ။

နောက်ပြီး ကျနော်တို့မိသားစုရဲ့ ထွင်းဖောက်လက်သီးသိုင်းက ခုနစ်ဆင့်လက်သီးသိုင်းနဲ့ တစ်မျိုးတစ်ဖုံပတ်သတ်နေနိုင်တယ်။

ကျနော့်ရဲ့စိတ်ထဲမှာ ခုနစ်ဆင့်လက်သီးကို အမျကြီးအားစိုက်စရာမလိုပဲတိုးတက်လာတာကိုတွေ့ရတယ် ။

ဟီးးဟီးး တစ်ခုရှိကာက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မတိုက်ခိုက်ခဲ့ရတော့ ဘယ်အဆင့်ကိုရောက်နေတာလဲဆိုတာပြောရခက်တယ် “

လူငယ်မှ ပြုံးလျက်ပြန်ဖြေလိုက်သည် ။အဖိုးအိုမှာ ကျေနပ်အားရသည့်မျက်နှာဖြင့်ရေရွတ်လိုက်သည် ။

“ ကောင်းတယ် ကောင်းတယ် ငါတို့ခုံတုံဂိုဏ်းက သိုင်းလောကထဲမှာ နောက်ထပ်တစ်ကြိမ်ပြန်ပြီးထွန်းတောက်လာဦးမှာပေါ့ “

အဖိုးအိုမှာ လွန်စွာပီတိဖြစ်နေပုံရသည် ။သူယခုလိုများစွာပျော်ရွှင်နေသည်မှာလည်း မမှားလှပေ ။

ခုနစ်ဆင့်လက်သီးသိုင်းအား ယခုမျိူးဆက်လူငယ်များမှ အများဆုံးအားလှိုင်းသုံးခုအထိသာလေ့ကျင့်နိုင်ကြကာ ယခုဂိုဏ်းချုပ်နှင့် ဝါရင့်ဂိုဏ်းသားများပင် အများဆုံးအားလှိုင်း‌ငါးခုအထိသာလေ့ကျင့်နိုင်သည် ။

လေ့ကျင့်ရခက်ခဲသည့်ခုနစ်ဆင့်လက်သီးသိုင်းအား ခုံတုံဂိုဏ်းသားများမှာ မလေ့ကျင့်ကြတော့ပေ ထိုအစား အခြားသိုင်းပညာများကိုသာလိုက်စားကြလေသည် ။

ထိုအဖြစ်ကိုအဖိုးအိုမှာလည်းဘဝင်မကျပေ။ ထို့ကြောင့် လွန်ခဲ့သည့်ဆယ်နှစ်က သူသိုင်းလောကထဲသို့ဆင်းစဉ် စီးတုမိသားစု၏တတိယသားစီးတုမင်နှင့်တွေ့ကာ ခုံတုံဂိုဏ်းသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည် ။

စီးတုမင်မှာလည်း သူ့ကိုစိတ်မပျက်စေရပေ။ ဆယ်နှစ်အတွင်း သူတို့ဘမိသားစုပိုင် ဖောက်ထွင်းလက်သီးသိုင်းကိုအောင်မြင်ရုံသာမက ခုံတုံ၏ခုနစ်ဆင့်လက်သီးသိုင်းမှ အားလှိုင်းမားခုကိုလေ့ကျင့်နိုင်ခဲ့သည်။

ထို့ကြောင့်ပင် နောက်ထပ်နှစ်အနည်းငယ်ကြပ်ကြပ်မက်မက်လေ့ကျင့်ပေးလိုက်လျှင် ခုနစ်ဆင့်လက်သီးသိုင်းအားအောင်မြင်နိုင်မည်ဖြစ်ကာ အဖိုးအိုကဲ့သို့ လက်သီးဘုရင်ဟုခေါ်ဆိုရမည့်လူတစ်ယောက်ဖြစ်လာနိုင်သည်။

အဖိုးအိုမှာ သု၏စိတ်ထဲတွင် အတွေးများစွာပေါ်လာပြီး ဆုံးဖြတ်ချက်တစ်ခုကိုလျှင်မြန်စွာချလိုက်သည် ။

“ ကဲ ငါဆုံးဖြတ်ချက်ချပြီးပြီ နောက်ထပ်နှစ်တွေအတွင်းမှာ မင်းတောင်ပေါ်မှာပဲနေပြီး ခုနစ်ဆင့်လက်သီးသိုင်းကိုအဆင့်ကုန်အောင်မြင်သွားတဲ့အထိလေ့ကျင့်ရမယ် ။

နောက်ပြီးငါကိုယ်တိုင်မင်းကိုဘေးကကြပ်မက်ပေးရမယ် ။မင်းရဲ့ဖခင်ကိုတော့ ငါလူလွှတ်ပြီးအကြောင်းကြားလိုက်မယ် ။

ဟားးဟားး ခုံတုံဂိုဏ်းမှာ ငါ့ရဲ့ခြေရာကိုနင်းပြီး ခုနစ်ဆင့်လက်သီးသိုင်းနဲ့သိုင်းလောကကိုကိုင်လှုပ်မယ့်လူတစ်ယောက်ပေါ်ထွက်လာဦးမှာပါလား “

အဖိုးအိုမှ သဘောကျစွာရယ်မောလိုက်သည်။ သူ၏စကားများထဲမှ ဖြစ်လိုသည့်ဆန္ဒများကိုလူငယ်မှာ ခံစားလိုက်မိလိုက်ပြီး ခေါင်းညိမ့်လိုက်မိသည်။

သို့သော် တစ်စုံတစ်ခုကိုတွေးလိုက်မိကာ လူငယ်မှာ မျက်နှာအနည်းငယ်ပျက်ယွင်းသွားသည် ။

“ ဆရာ ဒါဆိုရင်ကျနော်ကသိုင်းလောကထဲကိုဆင်းလို့မရတော့ဘူးလား ။ သိုင်းလောကထဲကိုဆင်းတုန်းက ကျနော်သွေးသောက်အစ်ကိုနှစ်ယောက်ရှိခဲ့တယ် “

လူငယ်၏မဝံ့မရဲစကားကြောင့် အဖိုးအိုမှမျက်မှောင်ကြုတ်လိုက်သည် ။ထို့နောက် တည်ကြည်သည့်လေသံဖြင့်မေးလိုက်သည် ။

“ သူတို့ကဘယ်သူတွေလဲ “

အဖိုးအို၏စစ်ဆေးလိုဟန်ရသည့်စကားကြောင့် လူငယ်လည်း သူ၏သွေးသောက်အစ်ကိုနှစ်ယောက်အကြောင်းကိုပြောပြလိုက်သည်။

“ ပထမအစ်ကိုက အရှေ့မြောက်ပိုင်းက တင်းဖန်း သူက သိုင်းပညာအတော်လေးကောင်းပေမယ့် သိုင်းလောကမှာမကျော်ကြားဘူး။။

ဒုတိယအစ်ကိုကထင်းရှီ သူကဆရာလဲကြားဖူးမှာပါ မြစ်ဝါနဂါးဂိုဏ်းရဲ့ဌာနချုပ်ကိုဖျက်ဆီးခဲ့တဲ့ အဖြူရောင်သွေးမိစ္ဆာဆိုတာကို “

လူငယ်၏စကားကြောင့် အဖိုးအိုမှ အနည်းငယ်စဉ်းစားလိုက်သည် ။ထို့နောက် ခေါင်းတစ်ချက်ငြိမ့်ကာပြောလိုက်သည် ။

“ တင်းဖန်းဆိုတာက အရှေ့မြောက်ပိုင်းကတင်းမျိုးနွယ်ကကောင်လေးဖြစ်နိုင်တယ် ။။

ထင်းရှီဆိုတဲ့နာမည်ကိုတော့ငါမကြားဖူးဘူး ။ ဒါပေမယ့် အခုတလောမှာ ကျော်ဖြစ်နေတဲ့အဖြူရောင်သွေးမိစ္ဆာဆို‌တော့ သူကလဲခေမဲ့ပုံမပေါ်ဘူး။

သူတို့နှစ်ယောက်ကဘယ်လိုပဲဖြစ်ဖြစ် မင်းအပေါ်မှာ စိတ်ရင်းအမှန်နဲ့ဆက်ဆံပြီး မိတ်ဆွေကောင်းပီသရင်ပြီးတာပါပဲ။ လူငယ်တွေရဲ့ကိစ္စကိုငါဝင်မပါချင်ဘူး “

အဖိုးအိုမှ တွေးတွေးဆဆဖြင့်ပြောလိုက်သည်။ ထို့နောက် သူ၏လေသံ‌မှာ ပြောင်းလဲသွားကာ အနည်းငယ်ဒေါသထွက်သွားပုံရသည် ။

“ အဲဒီကိစ္စကို အသာထားဦး မင်းကသိုင်းပညာကိုကြိုးစားပြီးလေ့ကျင့်ချင်စိတ်မရှိဘူးလား ။ ဒီလိုဆိုရင် နန်ကုန်းမိသားစုကနတ်ဆိုးမလေးက မင်းကိုအမြဲရိုက်နှက်နေတော့မှာ။

ပြီးခဲ့တဲ့နှစ်တွေမှာ မင်းသူ့ကိုမတွေ့အောင်ရှောင်နေရတာမဟုတ်လား “

အဖိုးအို၏စကားမှာ အတော်လေးတာသွားပုံရသည် ။ထိုစကားကိုကြားသည်နှင့် လူငယ်၏မျက်နှာမှာ ဆိုးရွားသည့်ပုံဖြစ်သွားသည် ။

အဖိုးအိုမှ လူငယ်၏မျက်နှာကိုအကဲခပ်ကာ သူ၏စကားထိရောက်ကြောင်းသိသည်နှင့် ဆက်ပြောလိုက်သည် ။

“ ဘယ်လိုပဲဖြစ်ဖြစ်မင်းနောက်ထပ်သုံးနှစ်ကနေငါးနှစ်အတွင်းမှာ တောင်ပေါ်မှာပဲလေ့ကျင့်နေရမယ် ။

တစ်ခုရှိတာက ခုနစ်ဆင့်လက်သီးသိုင်းက အားလှိုင်းခုနစ်ခုအထိအောင်မြင်ပြီးရင်တော့ မင်းတောင်အောက်ကိုဆင်းလို့ရမယ် ။ အဲဒီမတိုင်ခင်တော့ အရင်ကထက်သုံးဆလောက်မင်းကိုလေ့ကျင့်ပေးရမယ် “

အဖိုးအိုမှ ပြက်သားသည့်လေသံဖြင့်ပြောလိုက်သည် ။သူ၏မျက်လုံးများအရောင်တောက်နေကာ လူငယ်အား စူးစိုက်ကြည့်နေသည် ။

“ ဆရာ ကျွန်တော် သုံးနှစ်အတွင်းမှာ ခုနစ်ဆင့်လက်သီးသိုင်းကိုအောင်မြင်‌စေရမယ် ။ ခုနစ်ဆင့်လက်သီးသိုင်းကိုအောင်မြင်ပြီးရင် နန်ကုန်းမိသားစုကအဲဒီနတ်ဆိုးမကို တောင်းပန်ရတဲ့အထိကိုရိုက်နှက်ပစ်မယ် “

လူငယ်မှ လက်သီးကိုဆုတ်၍ ကြုံးဝါးလိုက်သည် ။သူ၏လေသံမှာ ဆုံးဖြတ်ချက်ချပြီးသည့်ပုံရသည် ။

အဖိုးအိုမှာ လူငယ်၏စကားကြောင့်သဘောကျသွားကာ တဟားဟားအော်ဟစ်ရယ်မောလိုက်သည် ။

အရှေ့မြောက်ပိုင်း နဂါးမြို့တော်

နဂါးမြို့တော်မှာ အရှေ့မြောက်ပိုင်းဒေသတွင်အချက်အချာမြို့ဖြစ်သည် ။

ယခင်ကအရှေ့မြောက်ပိုင်းမှာ အေးချမ်းသည့်သာမန်ဒေသတစ်ခုသာဖြစ်သော်လည်း နဂါးစစ်သူကြီးလောင်ရှင်းလွန်မှ ထိုနယ်ကိုအပိုင်စားရပြီးသည့်နောက်တွင် ဖွံ့ဖြိုးတိုးတက်စေရန်အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့်ပင် ဆယ့်ရှစ်နှစ်တာကာလအတွင်း အရှေ့မြောက်ပိုင်းဒေသမှာ အလယ်ပိုင်းမှအချက်အချာဒေသများနှင့်ယှဉ်နိုင်သည်အထိ တိုးတက်လာခဲ့သည် ။

နဂါးစစ်သူကြီးလောင်ရှင်းလွန်မှာ အရှေ့ဘက်ဒေသသို့ရောက်ရှိပြီးသည့်နောက်တွင်နဂါးမြို့တော်ကိုတည်ထောင်ခဲ့သည်။

နဂါးမြို့တော်မှာ စစ်သူကြီးလောင်ရှင်းလွန်နှင့်သူ၏စစ်သူကြီးများ၏မျိုးနွယ်များနေထိုင်သည့်နေရာဖြစ်ကာ အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် အအေးချမ်းဆုံးမြို့ဟုပင်ပြောစမှတ်ပြုကြသည် ။

နဂါးမြို့တော်သည်လည်း နန်းမြို့တော်ကဲ့သို့ပင် မြို့တွင်း၌တိုက်ခိုက်ခြင်းအားတားမြစ်ထားကာ ပြစ်မှုမှန်သမျှအား ပြင်းပြင်းထန်ထန်စီရင်သောကြောင့် ရာဇဝတ်မှုများမရှိသလောက်နည်းပါးကာ အေးချမ်းနေခြင်းဖြစ်သည်။

ထို့အပြင် မြို့တော်ထဲ၌ သိုင်းလောကသားများနှင့် သာမန်လူများလည်းရှိကြသည် ။ နဂါးမြို့တော်မှာ အရှေ့ပိုင်းသိုင်းလောကတွင်လည်း ထင်ရှားသည် ။

အကြောင်းမှာ နဂါးမြို့တော်၏အရှေ့ဘက်တွင်ရှိသည့် မိုးကြိုးနတ်ဘုရားကျောင်းကြောင့်ဖြစ်သည်။

မိုးကြိုးနတ်ဘုရားကျောင်း

မိုးကြိုးနတ်ဘုရားကျောင်းမှာ အရှေ့ပိုင်းသိုင်းလောကတွင်နေလိုလလိုထင်ရှားသည့်နေရာဖြစ်သည် ။

အရှေ့ပိုင်းသိုင်းလောကတွင် သူ၏တည်ရှိမှုမှာ အလယ်ပိုင်းဒေသတွင်ရှောင်လင်ကျောင်း၏အရေးပါပုံအောက်မကျပေ ။

မိုးကြိုးနတ်ဘုရားကျောင်း၏ မိုးကြိုးဟိန်းသံဓားကွက်ရှစ်ဆယ့်တစ်ကွက်မှာ သိုင်းလောကအတွင်း၌ပါကျော်ကြားလေသည်။

သို့သော် မိုးကြိုးနတ်ဘုရားကျောင်းမှာ သိုင်းလောကအရေးများတွင်ပါဝင်ခြင်းမရှိဘဲ အရှေ့ပိုင်းဒေသ၏ အရေးကိစ္စများကိုသာအာရုံစိုက်လေသည် ။

All Chapters