← Chapters

ခရမ်းရောင်သွေးလဂိုဏ်း

Vol. 2 Ch. 152

ခရမ်းရောင်သွေးလဂိုဏ်း

Vol. 2 Ch. 152

အချိန်ကာလများမှာ လျှင်မြန်စွာရွေ့လျားသွားလေသည်။ မျက်စိတစ်မှိတ်ဆိုသည့်အချိန်အတွင်း နှစ်နှစ်ခန့်ကုန်ဆုံးသွားလေပြီ ။

သိုင်းလောကကြီးမှာလည်း နေ့စဉ်နေ့စဉ်တိုက်ပွဲများ ၊ သတင်းအသစ်များ ၊ အစွမ်းထက်သိုင်းသမားများစသည်ဖြင့် မရိုးနိုင်အောင်ပေါ်ထွက်နေကြသည် ။

လွန်ခဲ့သည့်နှစ်နှစ်ခန့်ကဖြစ်ပွားခဲ့သည့် မြစ်ဝါနဂါးဂိုဏ်းဖြိုခွဲခံရသည့်ဖြစ်ရပ်နောက်တွင် ကိစ္စကြီးကြီးမားမားဟူ၍မဖြစ်ပွားခဲ့ပေ ။

သို့သော် ခရမ်းရောင်သွေးလဂိုဏ်းဟူသည့်ဂိုဏ်းအသစ်တစ်ခုပေါ်ထွက်လာခြင်းနှင့်အတူ သိုင်းလောကကြီးမှာ တဖန်ပြန်၍လှုပ်လှုပ်ရွရွဖြစ်လာပြန်သည်။

ခရမ်းရောင်သွေးလဂိုဏ်းမှာ လျှို့ဝှက်ဆန်းကြယ်သည်။ ထို့အတူ အနည်းငယ်ပဟေဠိဆန်လေသည် ။

ခရမ်းရောင်သွေးလဂိုဏ်းတွင် ဂိုဏ်းချုပ်မှာ နာမည်ကြီးသော်လည်းမည်သူမှမမြင်ဖူးကြသည့် နှင်းငွေ့မိစ္ဆာသခင်ကြီးဖြစ်ကာ သူ၏တပည့်များဖြစ်ကြသည့် အမှောက်လက်ဝါးဝမ်းတနှင့်ငရဲဓားဝမ်းတုမှာ ခရမ်းရောင်သွေးလဂိုဏ်း၏အာဏာရှင်များဖြစ်လာကြသည်။

သူတို့နှစ်ယောက်အပြင် အဆင့်လွန်အဆင့်အကြီးအကဲများစွာနှင့် ဘုရင်ငါးပါးဟူသည့်လူများလည်းရှိကြသေးသည် ။

ခရမ်းရောင်သွေးလဂိုဏ်း၏ဌာနချုပ်မှာ အလယ်ပိုင်းဒေသမှ တောအုပ်ထဲတွင်အခြေစိုက်ထားကာ နေရာအတိအကျကိုမူ မည်သူမှမသိကြပေ ။

သို့သော် ခရမ်းရောင်သွေးလဂိုဏ်းမှာ လျှင်လျှင်မြန်မြန်ဖြင့်ကြီးထွားလာပြီး များပြားလှသည့်အနက်ရောင်ဂိုဏ်းများနှင့် အလယ်အလက်ဂိုဏ်းများမှာ ခရမ်းရောင်သွေးလဂိုဏ်းထဲသို့ပူးပေါင်းခဲ့ကြသည် ။

ထို့ကြောင့်ပင် ခရမ်းရောင်သွေးလဂိုဏ်းမှာ ခြောက်လဆိုသည့်အချိန်အတွင်း သိုင်းလောကမှ ထိပ်တန်းအဆင့်အင်အားစုကြီးများနှင့်ယှဥ်နိုင်သည်အထိ ကြီးထွားလာခဲ့သည်။

အနောက်ပိုင်းဒေသ

ကျီးနတ်မြို့

ကျီးနတ်မြို့မှာ အနောက်ပိုင်းဒေသမှ အကြီးဆုံးမြို့တော်သုံးခုထဲမှတစ်ခုဖြစ်သည် ။

ထို့အပြင် အနောက်ပိုင်းဒေသမှာ မဟာမျိုးနွယ်စုနှစ်ခုဖြစ်သည့် ယင်မျိုးနွယ်စု၏အနီးတွင်လည်းတည်ရှိပေသည် ။

ယင်မျိုးနွယ်စုမှာ အနောက်ပိုင်းသိုင်းလောကတွက်သာမက အလယ်ပိုင်းသိုင်းလောကထိပါကျော်ကြသည့်မျိုးနွယ်စုကြီးဖြစ်ကာ သူတို့၏အင်အားမှာ သိုင်းလောကမှမည်သည့်ထိပ်တန်းအင်အားစုနှင့်မဆိုနှိုင်းယှဉ်နိုင်သည် ။

ယင်မျိုးနွယ်စုမှလူများမှာ ကျီးကန်းနတ်ဘုရားမှဆင်းသက်လာသူများဟုယုံကြည်ကြကာ သူတို့၏ပညာရပ်များမှာလည်း အလယ်ပိုင်းသိုင်းလောကနှင့်မတူဘဲကွဲပြားပေသည်။

“ ဒုန်းးး ခွမ်းး... “

ဆူဆူညံညံအသံများထွက်ပေါ်လာကာ စားသောက်ဆိုင်အတွင်းမှလူများမှာ ထိုနေရာသို့အာရုံရောက်သွားကြသည် ။

စားသောက်ဆိုင်၏အလယ်တွင် ခရမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက်နှင့် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူတစ်ယောက်ရှိနေသည် ။

အနက်ရောင်ဝတ်စုံနှင့်လူမှာ ယခုအခါတွက် ကြမ်းပြင်ပေါ်တွင် ပတ်လတ်လန်နေကာ သူ၏အောက်မှစားပွဲသည်လည်းကျိုးပဲ့နေ၏ ။

ထို့အပြင် ထိုလူ၏ပါးတစ်ခြမ်းမှာယောင်ကိုင်းနေကာ သူ၏လက်မောင်းတစ်ဖက်လည်း သွေးများစီးကျနေသည် ။

ဆိုင်အတွင်းရှိသိုင်းလောကသားများမှာ ထိုနေရာအားအကြည့်ရောက်သွားကြကာ သူတို့၏မျက်နှာထက်၌ အံ့အားသင့်သည့်အရိပ်အယောင်များပေါ်ထွက်နေသည် ။

စားသောက်ဆိုင်ကြမ်းပြင်ပေါ်တွင်လဲကျနေသူမှာ အနောက်ပိုင်းဒေသမှနာမည်ကြီးသိုင်းသမားတစ်ဦးဖြစ်သည့် ဓားနက်ဖြစ်သည် ။

ထိုလူမှာ အနည်းငယ်ဒေါသကြီးသော်လည်း သိုင်းပညာထက်မြက်ကာ အဆင့်လွန်သိုင်းအဆင့်သို့ရောက်နေသူဖြစ်သည်။

သို့သော် ဓားနက်၏ရှေ့မှလူများမှာ ပို၍ကြောက်မက်ဖွယ်ကောင်းပုံပေါ်ကာ ဓားနက်ကဲ့သို့ အဆင့်လွန်သိုင်းသမားကိုပင်အသာအယာဖြင့်အနိုင်ယူနိုင်စွမ်းရှိလေသည်။

“ ဟမ့် ရှင်တို့အနောက်ပိုင်းသိုင်းလောကကလူတွေက ဒီလိုပဲလား ဒီအတိုင်းဆိုရင် အနောက်ပိုင်းသိုင်းလောကက ထင်သလောက်လဲမဟုတ်ပါလား “

ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးမှ အထင်အမြင်သေးသည့်လေသံဖြင့်ဆိုလိုက်သည် ။

သူမ၏စကားမှာ ချိုသာသော်လည်း အကြောင်းအရာမှာ ဆိုင်အတွင်းမှသိုင်းသမားများအားဒေါသတကြီးဖြစ်သွားစေသည်။

ထိုမိန်းကလေးမှာ ထိုအဖွဲ့ထဲမှတစ်ဦးတည်းသောမိန်းကလေးဖြစ်သည်။ သူမ၏မျက်နှာအားအနက်ရောင်ပဝါဖြင့်ဖုံးအုပ်ထားသော်လည်း ရွှန်းလဲ့နေသည့်မျက်ဝန်းလေးများနှင့် သူမ၏အချိုးအစားကျသည့် ခန္တာကိုယ်အားကြည့်ကာ မိန်းမချောလေးတစ်ဦးဖြစ်ကြောင်းပြောနိုင်သည်။

“ ဟမ့် သူတို့ကဘယ်သူတွေလဲ ငါတို့အနောက်ပိုင်းသိုင်းလောကတစ်ခုလုံးကိုအထင်သေးရအောင်သူတို့ကိုယ်သူတို့ ကျောက်စိမ်းဧကရာဇ်ရဲ့သားတော်တွေလို့အောင့်မေ့နေတာလား “

“ သူတို့ကိုမှတ်လောက်အောင်ပညာပေးမှရမယ် တစ်တောင်ထက်တစ်ထောင်ပိုပြီးမြင့်တယ်ဆိုတာ သူတို့ကနားမလည်သေးဘဲကိုး “

များပြားလှသည့်သိုင်းသမားများမှ မကျေမနပ်ဖြင့်ရေရွတ်လိုက်ကြသည် ။သူတို့၏မျက်လုံးများမှာ ထိုလူစုအပေါ်သို့ကျရောက်နေကာ မီးဝင်ဝင်တောက်နေကြသည် ။

အနောက်ပိုင်းသိုင်းလောကမှာ အခြားနေရာများနှင့်ယှဉ်လျှင် သိုင်းပညာဖွံ့ဖြိုးမှူအနည်းငယ်အားနည်းသော်လည်း အဆင့်လွန်သိုင်းသမားများစွာရှိကြသည်။

သောက်ဆိုင်ထဲတွင်လည်းအဆင့်လွန်သိုင်းသမားလေးငါးခြောက်ယောက်နှင့် ထိပ်တန်းအဆင့်သိုင်းသမားများ ရှိကြသည်။

သူတို့အားလုံးမားသိမ်းကြုံး၍အထင်သေးစကားပြောသည့်အတွက် ထိုလူများမှာ ဒေါသပေါက်ကွဲသွားကြသည်။

“ ရှေ့မှာတော့တစ်ယောက်ကနမူနာပြပြသွားပြီ နာမှာမကြောက်တဲ့လူရှေ့ကိုကြွခဲ့ကြပါ “

မိန်းကလေးမှ ရယ်သံစွက်၍‌ဆိုလိုက်ကာ သူမ၏ခါးမှဓားအားထုတ်ကာ ကြမ်းပြင်ပေါ်သို့စိုက်ချလိုက်သည်။

“ အားးး “

ကျယ်‌လောင်သည့်အော်သံကြီးထွက်ပေါ်လာကာ လူအများ၏အကြည့်မှာ အောက်တွင်လဲကျနေသည့်ဓားနက်ဆီသို့ရောက်သွားကြသည်။

မိန်းကလေး၏ဓားမှာ ဓားနက်၏ခြေထောက်တစ်ဖက်တွင်ဖောက်ဝင်လျက် ဆိုင်ကြမ်းပြင်တွင်စိုက်ဝင်နေသည်ကိုတွေ့လိုက်ရသည်။

ဓားနက်မှာ အကြောပိတ်ထားခြင်းကိုခံရသည့်ပုံပေါ်ကာနာကျင်စွာအော်ဟစ်နေသော်လည်းလှုပ်ရှားနိုင်ခြင်းမရှိပေ။

ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးမှာ လှပသည့်ကိုယ်ဟန်ဖြင့် ခပ်နွဲ့နွဲ့ရပ်နေကာ ဆိုင်ထဲမှသိုင်းသမားများကို အရည်လဲ့နေသည့်မျက်လုံးများဖြင့်ကြည့်နေသည်။

သို့သော် မည်သူမှသူမ၏အလှကို ဂရုမစိုက်ကြဘဲသူမ၏ရက်စက်မှုကိုသာတွေးတောနေကြသည်။

“ မင်းတို့ကိုဒီနေရာကနေအလွတ်ပေးလိုက်ရင် ငါတို့အနောက်ပိုင်းသိုင်းလောကသားတွေက ဘယ်လိုမျက်နှာနဲ့ရှေ့ဆက်နေလို့ရတော့မှာလဲ “

အသက်လေးဆယ်အရွယ်သိုင်းသမားတစ်ဦးမှ အေးစက်သည့်လေသံဖြင့်ပြောလိုက်သည်။

ထိုလူမှာ အနောက်ပိုင်းသိုင်းလောကမှ နာမည်ကျော်သိုင်းသမားတစ်ယောက်ဖြစ်ကာ သူ၏ချန်မျိူးနွယ်သိုင်းဖြင့်နာမည်ကျော်ကြားသည်။

သူ၏စကားကြောင့် နောက်ထပ်လူသုံးယောက်လည်းထရပ်လိုက်ကြသည်။ ထိုလူများမှာလည်း အဆင့်လွန်သိုင်းသမားများဖြစ်ကာ ဆိုင်ထဲရှိအဖြစ်အပျက်အားရပ်ကြည့်မနေလိုပုံရသည်။

နောက်ထပ်သိုင်းပညာအဆင့်နိမ့်သည့်သိုင်းသမားများမှာ အခြေအနေအားစောင့်ကြည့်ရန်သာဆုံးဖြတ်လိုက်ကြသည် ။

တစ်ဖက်မှခရမ်းရောင်ဝတ်စုံနှင့်လူများမှာလည်းအနည်းစုသာဖြစ်‌သော်လည်းသာမန်မဟုတ်ကြဘဲ ကြောက်မက်ဖွယ်အငွေ့အသက်မတားထွက်ပေါ်နေကြသည်။

ထို့ကြောင့် သူတို့၏လက်ရှိသိုင်းပညာဖြင့်ထိုလူများအားအနိုင်ရနိုင်သည်မှာ မသေချာလှသဖြင့် ‌မီးစဉ်ကြည့်ကရန်သာဆုံးဖြတ်လိုက်ကြသည်။

တစ်ခုသေချာသည်က သူတို့အားအထင်သေးစော်ကားသည့်လူများကို လွယ်လွယ်ဖြင့် အလွတ်ပေးလိမ့်မည်မဟုတ်ပေ။

မိန်းကလေးမှထိုလူများ၏တုံ့ပြန်မှုအားကြည့်ကာ ခပ်ဟဟရယ်မောလိုက်သည် ။သူမ၏ရယ်သံမှာ ချိုသာသော်လည်း မည်သူမှသူမအားနှစ်မြို့ခြင်းမရှိကြပေ။

“ အနောက်ပိုင်းဒေသမှာ သတ္တိရှိတဲ့လူအချို့ရှိနေသေးတာပဲ ကောင်းပြီ အကြီးအကဲတွေကိုအလုပ်ပေးတာပေါ့ “

မိန်းကလေးမှ အနောက်ပိုင်းဒေသမှသိုင်းသမားများအားတစ်ချက်ဝေ့ကြည့်ကာ သူမ၏လူနှစ်ယောက်အားလှည့်၍ပြောလိုက်သည်။

သူမ၏နောက်မှခရမ်းရောင်ဝတ်စုံနှင့်လူနှစ်ယောက်မှ ချက်ခြင်းထရပ်လိုက်ကြကာ ထိုလူများနှင့်ရင်ဆိုင်လိုက်ကြသည် ။

ဆိုင်အတွင်းရှိလူများမှာ မိန်းကလေး၏ဩဇာညောင်းပုံကိုကြည့်ကာ ကြိတ်၍အံ့အားသင့်နေကြသည် ။

ထိုမိန်းကလေးမှာ သိုင်းပညာမည်သည့်အဆင့်ရှိမှန်းသူတို့မသိကြသော်လည်း ခရမ်းရောင်ဝတ်စုံနှင့် အဆင့်လွန်သိုင်းသမားများမှာ သူမ၏အမိန့်အားနာခံနေရပုံပေါ်သည် ။

ချန်မျိုးနွယ်ဓားသမားနှင့်ကျန်တစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရှေ့သို့ထွက်လိုက်ကြသည်။

သူတို့အနေဖြင့်ခရမ်းရောင်ဝတ်စုံနှင့်လူများအားသတ်ဖြတ်လိုသော်လည်း လူအများနှင့်ဝိုင်းဝန်းအနိုင်ကျင့်လိုခြင်းမရှိကြပေ ။

ထို့ကြောင့် တစ်ဖက်လျှင် နှစ်ဦးချင်းရင်ဆိုင်မည်ဖြစ်သည်။

“ ရပ်လိုက်ကြစမ်း.... “

ကျယ်လောင်ကာ အတွင်းအားပြည့်ဝသည့်‌အသံကြီးမှာ ဆိုင်တစ်ခုလုံးအားဖုံးလွှမ်းသွားသည်။

လူအများမှာ ထိုအသံကြောင့် အထိတ်တလန့်ဖြစ်သွားကာ စားသောက်ဆိုင်၏ထောင့်သို့ကြည့်လိုက်ကြသည်။

ခရမ်းရောင်ဝတ်စုံဖြင့် မိန်းကလေး၏မျက်နှာတွင် လေးနက်သည့်အမူအယာပေါ်လာသည်။

“ ဟူးး... ဒီနေရာမှာ သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ကိုတွေ့ရလိမ့်မယ်လို့ ထင်မထားဘူး “

သူမ၏စိတ်ထဲတွင်ကြိတ်၍ညည်းညူလိုက်ကာ ထိုနေရာသို့ သတိထား၍ကြည့်လိုက်သည် ။

ဆိုင်ထောင့်တွင် အသက်ခြောက်ဆယ်ကျော်အဖိုးအိုတစ်ယောက် ၊ အသက်လေးဆယ်အရွယ်လူကြီးနှစ်ယောက်တို့မှာ အေးအေးဆေးဆေးစားသောက်နေကြသည်။

ထိုလူများ၏ပုံစံမှာ

အစောပိုင်းကအော်ဟစ်လိုက်သူမှာ အသက်ခြောက်ဆယ်ကျော်အဖိုးအိုဖြစ်ကာ ထိုအဖိုးအိုမှ သူမ၏လက်ထဲမှတူအားအသာချလိုက်သည် ။

သူနှင့်စားပွဲဝိုင်းတစ်ခုထဲတွင်ထိုင်နေကြသည့်လူနှစ်ယောက်မှာ စားသောက်နေကြဆဲဖြစ်သည်။

“ ခရမ်းရောင်သွေးလဂိုဏ်းကလူတွေက ကျုပ်တို့အနောက်ပိုင်းဒေသကို ဘယ်ကိစ္စအတွက်ရောက်လာတာလဲသိပါရစေ “

အဖိုးအိုမှ ခရမ်းရောင်ဝတ်စုံနှင့်လူများဘက်သို့လှည့်၍မေးလိုက်သည်။

All Chapters