ဘက်ပေါင်းစုံမှစဉ်းစားခြင်း
Vol. 2 Ch. 158
ဘုန်းကြီးငယ်မှ ဘုန်းကြီးအိုကြီး၏ပြင်းထန်လှသည့်လက်ဝါးချက်ကိုတွေ့မြင်သော်လည်း တည်ငြိမ်နေသည်။
ထို့နောက် မြေပြင်တွင်တောင်တစ်လုံးကဲ့သို့မလှုပ်မယှက်ရပ်နေကာ သူ၏လက်ဝါးနှစ်ဖက်အားလျှင်မြန်စွာလှုပ်ရှားလိုက်သည်။
“ လက်တစ်ထောင်ဗုဒ္ဓ “
ရာနှင့်ချီသောလက်ဝါးရိပ်မျာပေါ်ထွက်လာကာ ဘုန်းကြီးအိုကြီး၏လက်ချက်ကိုပိတ်ဆို့လိုက်သည်။
“ ဝုန်းးးး.... “
ကျယ်လောင်လှသည့်မည်သံကြီးပေါ်ထွက်လာကာ ဘုန်းကြီးငယ်၏လက်ဝါးရိပ်များမှာ ဖျက်စီးခံလိုက်ရသည် ။
ထို့အတူ ဘုန်းကြီးအိုကြီး၏လက်ဝါးရိပ်ကြီးမှာလည်း အတော်လေးအားပျော့သွားသည် ။ သို့သော် လက်ကျန်လက်ဝါးရိပ်ကြီးမှာ ဘုန်းကြီးငယ်၏ရင်ဝသို့ရိုက်မိသွားလေသည်။
“ ဘုန်းးး... “
ဘုန်းကြီးငယ်မှာ အံကိုတင်းတင်းကြိတ်ကာ သူ၏ခန္တာကိုယ်ဖြင့်ခံဆောင်လိုက်ခြင်းဖြစ်သည်။
အကယ်၍ သိုင်းလောကသားများသာ ဘုန်းကြီးငယ်၏လုပ်ဆောင်မှုကိုတွေ့မြင်ပါက ထိတ်လန့်တကြားအော်ဟစ်မိပေမည်။
ဝရဇိန်နတ်လက်ဝါးသိုင်းကွက်မှာ လွန်စွာပြင်းထန်လှသည့် အမာစားသိုင်းပညာတစ်ရပ်ဖြစ်ကာ ခန္တာကိုယ်တွင်းမှ ကိုယ်တွင်းအင်္ဂါများကို အဓိကထားတိုက်ခိုက်လေသည်။
ဝရဇိန်နတ်လက်ဝါး မိမိရရအရိုက်ခံရသူမှာ ကိုယ်တွင်းအင်္ဂါများပျက်စီး၍သေပွဲဝင်ရမည်ဖြစ်သလို အတွင်းအားအတော်လေးကောင်းမွန်နေလျှင်ပင် အတွင်းဒဏ်ရာအပြင်းအထန်ရကာ သိုင်းပညာပျက်စီးနိုင်သည်။
သို့သော်ဘုန်းကြီးငယ်လေးမှာ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရသည်မှအပ ထူးထူးခြားခြားမဖြစ်ပေ။
“ တပည့်တော်ရဲ့လိုအပ်ချက်တွေကိုထောက်ပြတဲ့အတွက် ဆရာ့ဦးလေးကို ကျေးဇူးတင်ပါတယ် “
ဘုန်းကြီးငယ်မှ ရှေ့သို့တစ်လှမ်းတက်၍ ဘုန်းကြီးအိုကြီးအားလက်အုပ်ချီ၍ပြောလိုက်သည်။
ဘုန်းကြီးအိုကြီးမှ ဘုန်းကြီးငယ်၏အမူအယာကိုကြည့်ကာ သဘောကျစွာပြုံးလိုက်သည်။
“ ကောင်းတယ် ကောင်းတယ် သံမဏိခန္တာကိုယ်ကျင့်စဉ်ကိုအဆင့်ကုန်အောင်မြင်ထားပြီး ဗုဒ္ဓလက်ဝါးသိုင်းကျမ်းက ရွှေရောင်ဗုဒ္ဓအဆင့်ထိရောက်ရှိနေတယ် ။
တကယ်လို့ မင်းရဲ့ပြိုင်ဘက်က သာမန်သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ဆိုရင် မင်းရဲ့ခန္တာကိုယ်ကို တစ်စုံတစ်ရာထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူး “
ဘုန်းကြီးအိုကြီးမှ ခေါင်းတညိမ့်ညိမ့်ဖြင့်ပြောလိုက်သည်။ ဘုန်းကြီးငယ်မှာ တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ လက်အုပ်ချီ၍ ရပ်နေသည်။
ဘုန်းကြီးအိုကြီးမှ တစ်စုံတစ်ရာအား သတိရသွားသလို မျက်နှာအနည်းငယ်ပြောင်းလဲသွားကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
“ သိုင်းလောကကြီးကတော့ မုန်တိုင်းထန်တော့မယ် ငါတို့ရှောင်လင်ကျောင်းကလည်း အဲဒီမုန်တိုင်းထဲမှာ ပါဝင်ရတော့မယ်နဲ့တူတယ် “
ဘုန်းကြီးအိုကြီးမှ ခေါင်းယမ်း၍ခပ်တိုးတိုးပြောလိုက်သည် ။ ဘုန်းကြီးငယ်မှာ ထိုစကားကြောင့်လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ပြန်၍မေးမြန်းလိုက်သည်။
“ ရှောင်လင်မှာ ဆရာဦးလေးရယ် ဆရာရယ် ၊ ဒုတိယကျောင်းထိုင်ရယ် ၊ ကျောင်းထိုင်ဆရာတော်ကြီးရယ်ရှိနေတဲ့နောက်မှာ ဘယ်သူကအတင့်ရဲပြီးစိန်ခေါ်ရဲမှာလဲ “
ဘုန်းကြီးငယ်၏စကားကြောင့် ဘုန်းကြီးအိုကြီးမှ အသက်မပါသလိုပြုံးလိုက်သည်။
“ တကယ်လို့ သူတို့ကငါတို့ကျောင်းကိုလာပြီးစိန်ခေါ်ရဲရင်တော့ ကောင်းတာပေါ့ ဒီလိုမှမဟုတ်ဘဲ လျှို့ဝှက်ကြံစည်မှုတွေနဲ့ သိုင်းလောကကိုအရင်သိမ်းပိုက်လိုက်နိုင်ရင် ခုခံဖို့နောက်ကျသွားနိုင်တယ် ။။
နောက်ပြီး ငါတို့ကျောင်းထိုင်က သိုင်းလောကရဲ့အရေးတွေကိုဝင်မပါတော့တာ နှစ်ပေါင်းသုံးဆယ်ကျော်ပြီ မဟုတ်ရင် ဘယ်သူမှအတင့်ရဲပြီးမကောင်းတဲ့အကြံအစည်တွေကြံစည်ဝံ့မှာမဟုတ်ဘူး “
ဘုန်းကြီးအိုကြီး၏စကားထဲမှ အစစ်အမှန်စိုးရိမ်ပူပန်မှုကိုခံစားလိုက်ရ၍ ဘုန်းကြီးငယ်မှာတိတ်ဆိတ်သွားသည် ။
ဘုန်းကြီးအိုကြီးမှ သူ၏ရှေ့မှ ဘုန်းကြီးငယ်အား တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည် ။
“ ဘာပဲဖြစ်ဖြစ် ငါတို့ဂိုဏ်းကြီးတွေတိုင်ပင်ပြီးအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ရမှာပဲ ။
ရွှမ်းမင်ကိုယ်တော် မင်းလည်း သိုင်းလောကကိုနောက်တစ်ကြိမ်ခြေချဖို့အချိန်ကျပြီ ။ အခုတစ်ကြိမ်မှာလည်း ကြေးရုပ်ကိုယ်တော်ဆယ့်ရှစ်ပါးကိုပါခေါ်သွားလိုက် “
ရွှမ်းမင်ဆိုသည့်ဘုန်းကြီးငယ်မှ ဘုန်းကြီးအိုကြီးအား လက်အုပ်ချီအရိုအသေပေးကာ ထွက်လာလိုက်သည် ။
လောကဓံကို ကောင်းစွာကြုံတွေ့ခဲ့ရဟန်ဖြင့် မျက်နှာထက်တွင် အရေးအကြောင်းများဖြင့်ပြည့်နှက်နေသည့်ဘုန်းကြီးအိုကြီးမှာ တစ်ဦးတည်းငေးမော၍နေခဲ့သည်။
မြေအောက်နန်းဆောင်မှ ခန်းမထဲတွင်
ထိုင်ခုံကြီးပေါ်၌ မျက်နှာဖုံးစွပ်ထားသည့်လူတစ်ယောက်ရှိသည်။
ထိုလူမှာ ခန့်ညားသည့်ဟန်ပန်ဖြင့်ထိုင်နေကာ အောက်တွင်ဒူးထောက်လျက်ရှိသည့်မိန်းကလေးပြောသမျှအား နားထောင်နေပုံရသည် ။
သူ၏အောက်တွင် ခရမ်းရောင်ဝတ်စုံနှင့်မိနကလေးတစ်ယောက်ဒူးထောက်လျက်ရှိကာ အနောက်ပိုင်းဒေသမှအကြောင်းအရာများကို ပြန်၍ပြောပြနေသည်။
ထိုမိန်းကလေးမှာ သိုင်းလောကတွင်မီးလျှံနတ်သမီးဟုကျော်ကြားသူဖြစ်သော်လည်း။ယခုအချိန်တွင် အလွန်ရိုသေလေးစားသည့်ဟန်ဖြင့်ရှိနေသည်။
သူမ၏မျက်နှာတွင်ဖုံးကွယ်ထားသည့်ပဝါလည်းမရှိတော့ဘဲ သူမ၏မျက်နှာလေးကို လုံးဝလှစ်ဟပြနေသည် ။
မီးလျှံနတ်သမီးစန်းလျှံမှာ အသက်နှစ်ဆယ်အရွယ်ခန့်မိန်းမငယ်လေးတစ်ယောက်သာဖြစ်သည် ။
သူမ၏မျက်နှာမှာ ချောမောလှပသည့်အပြင် မြင်မိသူတိုင်းအာ ငေးမောစေမည့်ကျက်သရေရှိသည့် ထူးခြားသည့်အလှလေးဖြစ်သည် ။
စန်းလျှံ၏အလှမှာ မှာ သိုင်းလောကအတွင်းမှ ထိပ်တန်းမိန်းကလေးများနှင့်ပင် နှိုင်းယှဉ်နိုင်လေသည် ။
“ အင်းးး အနောက်ပိုင်းသိုင်းလောကက အတော်လေးစည်းလုံးကြတာကိုးး “
မျက်နှာဖုံးနှင့်လူမှ ထိုင်ခုံလက်ရန်းအားတတောက်တောက်ခေါက်ရင်းပြောလိုက်သည် ။
အားနည်းသည့်အလင်းရောင်အောက်တွင် သူ၏မျက်လုံးများမှာ တလက်လက်တောက်ပနေကာ မည်သည့်အရာများတွေးနေသည်ကို မသိနိုင်ပေ ။
အတန်ကြာမှ မျက်နှာဖုံးစွပ်မှာ အောက်ရှိစန်းလျှံအားငုံ့ကြည့်ကာ ပြောလိုက်သည် ။
“ တော်တယ် စန်းလျှံ မင်းကောင်းကောင်းလုပ်ခဲ့တာပဲ “
မျက်နှာဖုံးစွပ်၏ချီးကျူးစကားကြောင့် စန်းလျှံ၏မျက်နှာမှာအနည်းငယ်ပြုံးယောင်သမ်းသွားသည်။
“ ဆရာ ကျမအတင့်ရဲပြီးတော့ တစ်ခုမေးချင်ပါတယ် ။ ဘာဖြစ်လို့ အားနည်းတဲ့အနောက်ပိုင်းသိုင်းလောကကို အရင်မသိမ်းပိုက်ဘဲနဲ့ အားစမ်းနေရတာလဲ ။
ကျမတို့ရဲ့လက်ရှိအင်အားနဲ့ဆိုရင် အနောက်ပိုင်းသိုင်းလောကတစ်ခုလုံးကိုသိမ်းပိုက်နိုင်ဖို့ တစ်ရက်နဲ့တစ်ညလောက်ပဲ အချိန်ယူရမှာ “
စန်းလျှံမှ အနည်းငယ်နားမလည်နိုင်သည့်လေသံဖြင့်မေးလိုက်သည်။
သူမ၏စကားကိုသာသိုင်းလောကသားများကြားသိပါက မျက်လုံးများပြူးကျယ်သွားပေမည်။
အနောက်ပိုင်းသိုင်းလောကကိုသိမ်းပိုက်ခြင်း၊ ဤသည်မှာ ကြီးမားသည့်ကိစ္စကြီးဖြစ်သည်။
အနောက်ပိုင်းသိုင်းလောကမှာ အင်အားအနည်းဆူံးဟုပြော၍ရသော်လည်း အနောက်ပိုင်းဒေသတွင် သိုင်းလောကထဲမှ ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့်ပင် နှိုင်းယှဉ်နိုင်သည့် မျိုးနွယ်စုကြီးနှစ်ခုရှိနေသည်။
ထို့အပြင် ရာဂဏန်းအထိရှိသည့် မျိူးနွယ်စုငယ်လေးများနှင့် သိုင်းသမားများလည်းရှိကြသေးသည်။
သို့သော် စန်းလျှံလေသံမှာ ယုံကြည်မှုများဖြင့်ပြည့်နှက်နေကာ အကယ်၍ခရမ်းရောင်သွေးလဂိုဏ်းသာသူမပြောသလို အနောက်ပိုင်းဒေသကိုသိမ်းပိုက်နိုင်သည့်အင်အားရှိလျှင် အမှန်ပင်ကြောက်မက်ဖွယ်ရာဖြစ်သည်။
မျက်နှာဖုံးနှင့်လူမှာ စန်းလျှံ၏စကားကြောင့် ခေါင်းယမ်းလိုက်သည်။
“ မဟုတ်သေးဘူး ။ အနောက်ပိုင်းဒေသကိုသိမ်းပိုက်ဖို့က အတော်လေးလွယ်ကူတယ် ။
ဒါပေမယ့် ငါတို့က အဲလိုသိမ်းပိုက်ပြီးရင်ဖြစ်လာမယ့်အခြေအနေတွေကိုဘက်ပေါင်းပုံကနေစဉ်းစားရဦးမယ်။
အနောက်ပိုင်းဒေသကိုသိမ်းပိုက်ပြီးရင် ငါတို့ဂိုဏ်းကို သိုင်းလောကတစ်ခုလုံးကသတိထားလာကြမယ်။
နောက်ထပ်တစ်ချက်က မင်းမြင်ခဲ့ရသလိုပဲ အနောက်ပိုင်းသိုင်းလောကက မျိုးနွယ်စုကြီးနှစ်ခုရဲ့ဩဇာအောက်မှာရှိပြီး သူတို့က တစ်စိတ်တစ်ဝမ်းထဲရှိကြတယ်။
ဒါကြောင့် သူတို့ကိုသိမ်းပိုက်ရင်အချိန်အတော်လေးကြာမြင့်နိုင်တယ်။ ငါတို့အနောက်ပိုင်းကိုတိုက်ခိုက်နေတုန်းမှာ အခြားသိုင်းလောကတွေကလည်း ကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်လာနိုင်တယ် ။
အဲဒီအခါကျရင် အလယ်ပိုင်းဒေသကိုသိမ်းပိုက်ဖို့က အရင်ကထက်အများကြီးခက်ခဲသွားလိမ့်မယ် ။
အလယ်ပိုင်းသိုင်းလောကက အခြားဒေသတွေနဲ့မတူဘူး ။ အင်အားအကြီးဆုံးဖြစ်သလို စည်းလုံးမှုမရှိဆုံးလည်းဖြစ်တယ်။
အရှေ့ပိုင်းမှာဆိုရင်မိုးကြိုးနတ်ဘုရားကျောင်းနဲ့ စစစ်သူကြီးလောင်ရှင်းလွန်ရှိတယ် ။ အနောက်ပိုင်းဒေသမှာဆိုရင် ငါပြောခဲ့တဲ့ မျိုးနွယ်စုကြီးနှစ်ခုရှိတယ် ။
တောင်ပင်လယ်မှာ တောင်ပင်လယ်ဂိုဏ်းနဲ့ မြောင်ဒေသမှာ အဆိပ်စံအိမ်ရှိတယ် ။ သူတို့က သူတို့ရဲ့ဒေသတွေမှာ အတော်လေးဩဇာလွှမ်းမိုးနိုင်ပြီးတော့ သူတို့ရဲ့ဒေသတွေကိုတိုက်ခိုက်ရင် အချိန်ကြာမြင့်နိုင်တယ်။
အလယ်ပိုင်းသိုင်းလောကကတော့မဟုတ်ဘူး။ သူတို့က အစွမ်းထက်အင်အားစုတွေပေါများသလို သူတစ်လူငါတစ်မင်းဖြစ်နေကြတယ်။
ဂိုဏ်းကြီးခြောက်ဂိုဏ်းဆိုတာကလည်း သိုင်းလောကအရေးတွေကိုအမြဲတမ်းအာရုံစိုက်နေတာမဟုတ်ဘူး ။ ဒါကြောင့် ငါ့ရဲ့အစီအစဉ်ကို အလယ်ပိုင်းသိုင်းလောကကနေအရင်စမယ်လို့ စိတ်ကူးထားတာ “
မျက်နှာဖုံးစွပ်မှ သူ၏အစီအစဉ်ကိုပြောပြလိုက်သည်။ စန်းလျှံ၏မျက်နှာပေါ်တွင် အရိပ်အမျိုးမျိုးဖြတ်ပြေးသွားသည် ။
ထို့နောက် ထပ်၍မေးလိုက်ပြန်သည်။
“ ဆရာအလယ်ပိုင်းသိုင်းလောကမှာ နဂါးစိမ်းဂိုဏ်းကလည်း အဓိကအန္တရာယ်ကြီးပဲ ။ သူတို့ကိုရော ဘယ်လိုဖြေရှင်းမှာလဲ “