စွန်းညီနောင်၏လက်ချက်
Vol. 2 Ch. 162
ထင်းရှီလည်း ကျန်းချန်းဟောင်၏အမူအယာကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားသည် ။။
ကျန်းချန်းဟောင်ပြောသလိုပင် သူ့အနေဖြင့်ဓားလိုဏ်ဂူဆီသို့နောက်တစ်ခေါက်ပြန်ရောက်နိုင်ရန်မလွယ်ကူလှပေ ။
သူကိုယ်တိုင်လည်း ဤနေရာတွင် နှစ်ချီ၍နေထိုင်ခဲ့ရသဖြင့် သံယောဇဉ်ဖြစ်နေသည်။
မုချန်းသည်လည်းအခါတိုင်းနှင့်မတူဘဲတည်ငြိမ်သည့်မျက်မှာဖြင့် တိတ်ဆိတ်စွာရပ်နေသည်။
ထင်းရှီလည်း အတန်ကြာအောင်ငြိမ်သက်နေပြီး ဒူးထောက်ထိုင်ချကာ ကျန်းချန်းဟောင်အား အရိုအသေပေးလိုက်သည် ။
“ အဖိုးကျန်း အဖိုးကျန်းက ကျနော့်ရဲ့ဆရာမဟုတ်ပေမယ့် ကျနော့်ရဲ့အပေါ်မှာ ဆရာတစ်ယောက်လိုပါပဲ။
ဒီနှစ်တွေအတွင်းမှာ အဖိုးကျန်းရဲ့သင်ပြမှုတွေအတွက် ကျေးဇူးတင်ပါတယ် ထင်းရှီ ဒီကျေးဇူးတွေကို သေတဲ့အထိအမှတ်ရနေမှာပါ ။ “
ထင်းရှီလည်း ကျန်းချန်းဟောင်အားအရိုအသေပြုလိုက်သည်။ ထို့နောက်ထရပ်လိုက်ကာ လိုဏ်ဂူအပြင်ဘက်သို့ထွက်သွားလိုက်သည်။
မုချန်းလည်း ခေါင်းတစ်ချက်ခါယမ်းကာ ထင်းရှီ၏နောက်သို့လိုက်သွားသည် ။
သူတို့ထွက်သွားပြီးနောက် ကျန်းချန်းဟောင်၏မျက်လုံးများပွင့်လာသည် ။ထို့နောက် တီးတိုးရေရွတ်လိုက်သည်။
“ သွားပေဦးတော့ကောင်လေး မင်းရဲ့ ဒွိဟဖြစ်နေတဲ့စိတ်ကိုမိစ္ဆာလမ်းဘက်မရောက်အောင်ငါပြုပြင်ပေးလိုက်နိုင်တယ်။
ငါလဲအချိန်ကြာကြာနေရတော့မှမဟုတ်ဘူး ။။ကံမကုန်ရင်ပြန်ဆုံကြသေးတာပေါ့ “
ကျန်းချန်းဟောင်မှ ခပ်တိုးတိုးရေရွတ်လိုက်ကာ သိမ်မွေ့စွာပြုံးလိုက်သည် ။
ထင်းရှီမှာ လိုဏ်ဂူပြင်ပသို့ရောက်သည့်အခါ တစ်မျိုးတစ်ဖုံထူးဆန်းနေသည်ဟုထင်လိုက်ရသည် ။
ယခင်ရက်များကလည်း သူဓားလိုဏ်ဂူ၏အပြင်ဘက်သို့အကြိမ်ပေါင်းများစွာထွက်ခဲ့ဖူးသည်။ သို့သော် ယခုတစ်ခေါက်သည်ကား ကွဲပြားနေသည်။
သူသုံးနှစ်မပြည့်မီ ဓားစံအိမ်သို့ရောက်အောင်ပြန်ရပေဦးမည်။ ဓားစံအိမ်တွင် သူ့အတွက် မိဘသဖွယ်ဖြစ်သည် သူ၏ဆရာရှိသည် ။သိုးထိန်းကြီးရှိသည် ။ အစ်ကိုကြီး ရှောင်ကျန်းမင်နှင့် ပြဿနာအိုးမလေး ထင်းချီယင်တို့လည်းရှိနေကြသေးသည်။
ထိုလူများ သုံးနှစ်အတွင်းမည်သည့်အရာများကိုပြူလုပ်နေသည်မသိပေ ။ ထင်းချီယင်မှာ သိုင်းလောကအတွင်းမဆင်းရသေးသည်ကိုသူအမှတ်ရလိုက်သည် ။
ထိုကောင်မလေးသိုင်းလောကထဲသို့ဆင်းနေပြီလာဟုလည်းတွေးလိုက်မိသည်။
အချိန်အားဖြင့်တွက်ကြည့်လျှင် သူသိုင်းလောကထဲသို့ရောက်ရှိသည့်အချိန်မှစ၍ နှစ်နှစ်နှင့်နှစ်လတိတိကုန်ဆုံးသွားပြီဖြစ်သည် ။
ယခင်ကသူသိုင်းလောကနေရာအနှံ့လေလွင့်သွားလာမည်ဟုတွေးထားသော်လည်း ပြီးခဲ့သည့်နှစ်နှစ်လုံးလုံး ဓားလိုဏ်ဂူတွင်သာနေကာ ဓားပညာကိုကြိုးစား၍လေ့ကျင့်ခဲ့သည်။
သို့သော် သူသိုင်းလောကအတွင်းလည်ပတ်ရန်အချိန်အတော်လေးကျန်ရှိသေးသည် ။သူမသွားရသေးသည့်နာမည်ကြီးနေရာများပင် များစွာကျန်သေးသည် ။
ထိုအကြောင်းကိုတွေးလိုက်မိမှ သူ့အား လက်ရှိသိုင်းလောကအကြောင်းကိုရှင်းပြကာ အကူအညီများစွာပေးခဲ့သည့် ရှောင်ရှောင့်ကိုသတိရသွားပြန်သည် ။
သူတို့နှစ်ဦးခွဲခွာစဉ်က ထင်းရှီမှာ ခံစားချက်သိပ်မကောင်းပေ။ ရှောင်ရှောင်အား သွမ့်ကျန်းမင်၏သမီးဖြစ်သည်ဟုသိလိုက်ရပြီး သူ၏စိတ်ထဲတွင်ရှုပ်ထွေးသွားခြင်းဖြစ်သည်။
ထို့ကြောင့်ပင် သူတို့စွန်းအိမ်တော်တွင်နှုတ်ဆက်စဉ်က ရှောင်ရှောင့်အားကောင်းစွာမဆက်ဆံလိုက်ရပေ ။
ထိုစဉ်ကလည်း နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်အားအထင်လွဲမှုများရှိနေသေးသည့်အတွက် ရှောင်ရှောင့်နှင့်ဆက်ဆံရသည်ကို စိတ်ရှုပ်ထွေးနေခြင်းဖြစ်သည်။
ရှောင်ရှောင်မှမူ သူ့အားအကူအညီများစွာပေးခဲ့သည့်အပြင် နောက်ဆုံးသူမ၏ဖခင်နှင့်တွေ့ဆုံနိုင်ရန် သူမ၏နဂါးစိမ်းအမိန့်ပြားကိုပါပေးအပ်ခဲ့သည်။
ထင်းရှီလည်း သူ၏အင်္ကျီရင်ဘက်ထဲတွင်ထည့်ထားသည့် ကျောက်စိမ်းပြားလေးအားစမ်းသပ်မိလိုက်ကာ သူ၏မျက်နှာပြုံးယောက်သမ်းသွားသညါ။
“ ဟေ့ကောင်လေး သိုင်းလောကထဲမှမဆင်းသေးဘူး တစ်ယောက်ထဲပြုံးနေပါလား မဟုတ်မှလွဲရော အမြန်ဆုံးတွေ့ချင်တဲ့လူရှိနေသေးတာနဲ့တူတယ် ဟားးဟားး “
ကျယ်လောင်သည့်ရယ်မောသံကြီးနှင့်အတူ မုချန်းမှာ ထင်းရီ၏အနီးသို့ရိပ်ခနဲရောက်လာသည် ။
ထင်းရှီလည်း မုချန်းမှ သူ့အား နှစ်နှစ်အတွင်းသိုင်းလောက၏ ပြောင်းလဲမှုများနှင့်ပတ်သတ်၍ ပြောမည်ဖြစ်ကြောင်းကိုသိလိုက်သည်။
ထို့ကြောင့် သူတို့တိုက်ခိုက်နေကျဖြစ်သည့်သစ်ပင်အောက်တွင်ရပ်တန့်လိုက်သည် ။
ထိုနေရာမှာ ဝူတန်းဂိုဏ်းနှင့်ဓားလိုဏ်ဂူ၏ကြားတွင်ရှိကာ သူနှင့်မုချန်းအမြဲလိုလိုတိုက်ခိုက်ကြသည့်နေရာဖြစ်သည်။
ယခင်က ထိုနေရာနားတွင် သစ်ပင်ငယ်များရှိသော်လည်း သူနှင့်မုချန်းတို့၏လက်ချက်ကြောင့် သစ်ပင်ကြီးတစ်ပင်သာကျန်တော့သည်။
ထိုသစ်ပင်ကြီးသည်ပင် အရိပ်ကောင်းလှသည့်အတွက် အနားယူနိုင်ရန် သတိထား၍ချန်ထားခြင်းဖြစ်သည် ။။
သို့မဟုတ်ပါက သူတို့၏တိုက်ပွဲများကြားတွင် ထိုသစ်ပင်မျိုးဆယ်ပင်ရှိလျှင်ပင် အမြစ်မှကျွတ်ထွက်ကုန်ပေမည် ။
“ ကောင်လေး မင်းကတော့ သိုင်းလောငမှာအတော်လေးကျော်ကြားနေတာနော် “
မုချန်းမှ ထိုင်ထိုင်ချင်းထင်းရှီအားကြည့်ကာ သဘောကျသလိုရယ်မော၍ပြောလိုက်သည် ။
ထင်းရှီလည်း မုချန်း၏စကားကြောင့်အနည်းငယ်ရှုပ်ထွေးသွားကာ ပြန်၍မေးလိုက်မိသည် ။
“ ခင်ဗျားဆိုလိုတာကိုကျုပ်နားမလည်ဘူး “
ထင်းရှီ၏မေးခွန်းကြောင့်မုချန်းမှ ထင်းရှီအားသူသိနေပါသည်ဆိုသည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“ ကောင်လေး မင်းကအဖြူရောင်သွေးမိစ္ဆာဆိုပြီး မြစ်ဝါနဂါးဂိုဏ်းသားတွေကိုသုတ်သင်ခဲ့တာရော နောက်ပြီးမင်းနဲ့ဟိုရသေ့မကြီးရဲ့တပည့်နဲ့မရှင်းမရှင်းဖြစ်နေတာရော သိုင်းလောကမှာ အားလုံးပျံ့နှံ့ကုန်ကြပြီ “
မုချန်း၏စကားကြောင့်ထင်းရှီမှာ မျက်မှောင်ကြုတ်လိုက်မိသည် ။ သူ၏ပုံစံမှာ စိတ်ရှုပ်ထွေးနေပုံရသည် ။
မုချန်းပြောခဲ့သည့်အကြောင်းရင်းများမှာ အမှန်ဖြစ်သော်လည်း သူ၏အကြောင်းကိုမည်သူမှ လိုက်လံစုံစမ်းထားသနည်း။
ထို့နောက် မုချန်းမှာ ပြီးခဲ့သည့်နှစ်နှစ်အတွင်း သိုင်းလောက၏ပြောင်းလဲမှူများအား ပြောပြလိုက်သည် ။
ထင်းရှီလည်း မုချန်း၏စကားအဆုံးသတ်သွားမှ နားလည်သဘောပေါက်သွားသည် ။
“ ကျုပ်ရဲ့အကြောင်းတွေပျံ့နှံ့သွားတာ အံ့ဩစရာတော့မရှိပါဘူး ။ ကျုပ်ထင်တာပြောရရင် စွန်းမျိူးနွယ်က စွန်းချန့်အိုနဲ့ သူ့အစ်ကိုစွန်းတာအိုတို့ရဲ့လက်ချက်ဖြစ်နိုင်တယ်။
ကျုပ်ရဲ့အကြောင်းကိုစိတ်ဝင်စားပြီး စွန်းအိမ်တော်မှာလာရောက်စုံစမ်းရင် သူတို့အတွက် အကျိုးအမြက်အတော်လေးရမှာကိုး ။
ဘာပဲဖြစ်ဖြစ် သိုင်းလောကထိပ်သီးစာရင်းကို အသစ်သတ်မှတ်ပြီး ကျုပ်ကိုနံပါတ်တစ်နေရာမှာထားလိုက်တော့ ကျုပ်အတွက် နည်းနည်းမလှုပ်ရှုပ်စေမှာပေါ့ “
ထင်းရှီမှာ အနည်းငယ်စိတ်ညစ်သည့်လေသံဖြင့်ညည်းညူလိုက်သည်။
မုချန်းမှာမူ ထင်းရှီ၏စိတ်ညစ်နေသည့်ပုံစံကြောင့် အနည်းငယ်ပျော်ရွှင်နေပုံရသည်။ ထို့နောက် ခေါင်းယမ်း၍ပြောလိုက်သည်။
“ ကောင်လေး မင်းသိုင်းလောကထဲကိုရောက်ရင်စိန်ခေါ်တဲ့လူတွေအတော်များများကိုတွေ့ရမှာ သေချာသလောက်ပဲ ။
အများစုကတော့ ထိပ်သီးစာရင်းရဲ့နံပါတ်တစ်နေရာကြောင့်ပေါ့ ။ လူတွေတကယ်ခက်သကိုးဘာမဟုတ်တဲ့ဂုဏ်ပုဒ်လေးကိုမက်မောနေကြတာ ။
ငါ့တုန်းက စိန်ခေါ်တဲ့လူတွေအတော်လေးများပေမယ့် ငါကလက်ခံတာနည်းပါးတယ် ။။ ငါ့ကိုစိတ်ညစ်အောင်လာလုပ်ရင်တော့ မှတ်လောက်အောင်ဆုံးမပေးလိုက်တယ်။
ဒါကြောင့်လဲ ငါ့ကို သိုင်းလောကထဲမှာ ဒေါသကြီးပြီးပေါင်းသင်းရခက်တဲ့လူ့ဂွစာကြီးလို့ခေါ်ကြတာပဲ “
သူ၏လေသံမှာ ထိုကိစ္စများကို မနှစ်မြို့ပုံရသည် ။ထင်းရှီလည်း ထိုအခါမှ မုချန်းမှာ လူ့ဂွစာဟူသည့်နာမည်ရရှိလာခြင်းကို ကောင်းစွာနားလည်သွားတော့သည်။
“ ဒါနဲ့ ရသေ့လက်ဝါးဆိုတဲ့ကောင်ကရောမင်းကိုတိုက်ခိုက်ဖို့လိုက်ရှာနေတာဆို “
မုချန်းမှ တစ်စုံတစ်ရာအားသတိရသွားသည့်လေံဖြင့်မေးလိုက်သည်။ ထင်းရှီလည်း ခေါင်းညိမ့်၍ပြန်ဖြေလိုက်သည် ။
“ ဟုတ်တယ် ခင်ဗျားတို့သိထားသလိုပဲ ကျုပ်နဲ့သူနဲ့ မြစ်ဝါမြစ်နားကတောအုပ်တစ်ခုမှာတိုက်ခိုက်ခဲ့ကြပြီးတော့ သူ့ရဲ့လက်ချောင်းတစ်ချောင်းပြက်သွားခဲ့တာ ။
ဒါပေမယ့် ကျုပ်တို့ကြားမှာ ရန်ငြိုးကြီးကြီးမားမားတော့မရှိပါဘူး ။။ဘာပဲဖြစ်ဖြစ် သူကလက်ကိုးချောင်းရသေ့ဆိုပြီးနာမည်ကျော်လာတာ သူ့ရဲ့ဆန်းကြယ်တဲ့လက်ဝါးသိုင်းကအစွမ်းထက်ပုံရတယ် ။
ကျုပ်တို့နောက်ထပ်တစ်ကြိမ်တွေ့ရင်လက်ရည်စမ်းကြဦးမှာပါ “
မုချန်းမှလည်း ရယ်မော၍ပြောလိုက်သည် ။
“ အဲ့ကောင်ကသိပ်ပြီးမလွယ်ဘူး တိုက်ခိုက်လိုစိတ်ပြင်းပြပြီးတော့ အရူးလိုပဲ အရင်တုန်းကငါနဲ့တစ်ခါဆုံဖူးတယ် ။
ငါ့ကိုစိန်ခေါ်ပေမယ်ပ ငါကဘက်မလုပ်တဲ့အတွက်ငါ့ရဲ့နောက်ကို သုံးလကြာတဲ့အထိ အရိပ်လိုတကောက်ကောက်လိုက်နေတာ ။
နောက်ဆုံးမှာငါလည်းသည်းမခံနိုင်တော့ အဲ့ကောင်ကို အညိုအမဲစွဲအောင်ရိုက်နှက်လိုက်မှ လက်လျော့သွားတာ ။
ဒါပေမယ့်သူ့ရဲ့စိတ်သဘောထားကတော့ မဆိုးပါဘူး “
ရုတ်တရက် မုချန်း၏စကားရပ်တန့်သွားကာ သူ၏မျက်နှာမှာလေးနက်သွားသည်။ ထို့နောက်ထင်းရှီအားကြည့်လိုက်သည်။
“ မင်းကြားလိုက်လား ဝူတန်းဂိုဏ်းထဲကတိုက်ခိုက်သံတွေကို “
သူတို့ရှိနေသည့်နေရာမှာ ဝူတန်းဂိုဏ်းနှင့်နီးကပ်သည့်အတွက် ဂိုဏ်းဆီမှအော်ဟစ်မာန်သွင်းသံနှင့်တိုက်ခိုက်သံများကို ကြားလိုက်ကြသည် ။
ထင်းရှီမှလည်း ခေါင်းညိမ့်လိုက်သည်။ ထို့နောက် အေးအေးဆေးဆေးထိုင်နေရာမှထရပ်လိုက်ကာပြောလိုက်သည်။
“ ဘယ်သူတွေကဝူတန်းကိုအတင့်ရဲပြီးပြဿနာလာရှာလဲဆိုတာကြည့်ချင်သေးတယ်။ လူ့ဂွစာကြီး ခင်ဗျားမီအောင်လိုက်ခဲ့တော့ “
ထင်းရှီမှစကားဆုံးသည်နှင့် သူ၏ခန္တာကိုယ်အားလှုပ်ရှားလိုက်ရာ ထိုနေရာမှပျောက်ကွယ်သွားသည် ။
သစ်ပင်အောက်တွင်ကျန်ရစ်ခဲ့သည့် မုချန်းလည်း ထင်းရှီအားခပ်တိုးတိုးဆဲလိုက်ကာ ဝူတန်းဂိုဏ်းဆီသို့ အရိပ်တစ်ခုလိုလျှင်မြန်စွာပြေးလွှားသွားတော့သည် ။