အရိပ်ခြေလှမ်းပညာရပ်
Vol. 2 Ch. 164
ထင်းရှီ၏ခန့်မှန်းမှုကြောင့် ဝူတန်းဂိုဏ်းချုပ်ကြီးမှာ အသာပြုံးလိုက်သည်။ သူ၏ရှေ့မှလူငယ်မှာအမြင်စူးရှသည်ဟုလည်းတွေးလိုက်မိသည်။
သိုင်းပညာတွင် သက်တူရွယ်တူများထက်များစွာထူးချွန်သလို ဓားပညာတွင်လည်းသူ၏ဆရာမှသဘောကျရသည့်အထိ ထူးချွန်သည် ။
သူ၏ရှေ့မှလူငယ်မှာ လူငယ်မျိုးဆက်မှဖြစ်သော်လည်း သူကိုယ်တိုင်ပင် ထင်းရှီဆီမှကြောက်စရာကောင်းသည့်အသိကိုဟု ခံစားမိလိုက်သည်။
ထင်းရှီမှ ဝူတန်းဂိုဏ်းချုပ်ကြီး၏ မျက်နှာထက်မှ ပြောင်းလဲမှုကိုသတိမထားမိဘဲ ဆက်ပြောလိုက်သည်။
“ အစိမ်းရောင်ဝတ်စုံနဲ့လူငယ်အသုံးပြုနေတဲ့ဓားသိုင်းကအတော်လေးကောင်းမွန်တယ်။ သိုင်းလောကထဲက ထိပ်တန်းအဆင့်သိုင်းပညာတွေအောက်ကျမှာမဟုတ်ဘူး ။
ဒါပေမယ့် သူအသုံးပြုနေတဲ့ပုံစံက စုတ်ချာလွန်းတယ်။ သူ့ရဲ့ဓားသိုင်းက အင်အားအပြည့်နဲ့ မုန်တိုင်းတိုက်သလိုတိုက်ရမှာဖြစ်ပေမယ့် သူကအားမာန်မပါတဲ့အတွက် သူ့ရဲ့လက်ထဲမှ ဓားသိုင်းရဲ့အစွမ်းကတစ်ဝက်လောက်ဘဲထုတ်ဖော်နိုင်တယ် ။ “
ထင်းရှီ၏စကားကြောင့် ဝူတန်းဂိုဏ်းချုပ်ကြီးမှ ခေါင်းတစ်ချက်ညိမ့်၍ပြောလိုက်သည် ။
“ ဟုတ်တယ် ငါထင်တာမမှားရင် သူကအရှေ့ပိုင်းသိုင်းလောကက မိုးကြိုးနတ်ဘုရားကျောင်းနဲ့ဆက်စပ်နေရမယ်။
သူအသုံးပြုတဲ့ဓားသိုင်းက မိုးကြိုးနတ်ဘုရားကျောင်းရဲ့ နာမည်ကျော်မိုးကြိုးဟိန်းသံဓားသိုင်းပဲ ။
အရင်ကတော့ မိုးကြိုးနတ်ဘုရားကျောင်းကလူတွေက အလယ်ပိုင်းသိုင်းလောကကို လာလေ့လာထမရှိပါဘူး ။
အခုလိုသိုင်းလောကကြီးလှုပ်ခက်နေတဲ့အချိန်မှာ သူတို့ပါပေါ်ထွက်လာတာ နည်းနည်းတော့ စိုးရိမ်ရတယ် “
ဝူတန်းဂိုဏ်းချုပ်ကြီး၏စကားဆုံးသည်နှင့် ထင်းရှီလည်း ခေါင်းတညိမ့်ညိမ့်ဖြစ်သွားသည် ။
မိုးကြိုးနတ်ဘုရားကျောင်း၏အကြောင်းကို သိုးထိန်းကြီးမှသူ့အားပြောဖူးသည်။
သိုးထိန်းကြီး၏စကားအရဆိုလျှင် မိုးကြိုးနတ်ဘုရားကျောင်းမှာ သိုင်းလောကထဲမှ ထိပ်တန်းဂိုဏ်းကြီးများထက်ပင် ပို၍အစွမ်းထက်သည်ဟုဆိုသည်။
ကျောက်ဖြူရင်ပြင်ပေါ်တွင် အစိမ်းရောင်ဝတ်စုံဝတ်လူငယ်နှင့် စန်းဟုန်းလျန်တို့မှ အပြင်းအထန်တိုက်ခိုက်နေကြသည်။
သူတို့နှစ်ဦး၏တိုက်ပွဲမှာ သိုင်းကွက်ငါးဆယ်ကျော်သွားပြီဖြစ်ကာ ယခုအချိန်အထိ လက်ရည်ညီနေသော်လည်းအမြင်စူးရှသူများဆိုလျှင် အသာစီရသူကို သိနိုင်ပေမည်။
တိုက်ပွဲစသည့်အချိန်က လူငယ်မှာ ပြင်းထန်စွာတိုက်ခိုက်၍ စန်းဟုန်းလျန်အား ဖိအားပေးနိုင်ခဲ့သော်လည်း စန်းဟုန်းလျန်မှ ခံစစ်ကိုလုံအောင်ထား၍ အေးအေးဆေးဆေးသာတိုက်ခိုက်ပေသည်။
ယခုအချိန်တွင်မူ လူငယ်မှာ လက်ရည်အနည်းငယ်ကျနေကာ စန်းဟုန်းလျန်မှာမူ ပုံမှန်အတိုင်းသာဖြစ်သည်။
ဝူတန်းမှ ထိုက်ကျိဓားသိုင်းမှာ ပျော့ပြောင်းမှုနှင့်ပြင်းထန်မှူကို အလိုက်သင့်ရောယှက်ထားကာ သဘာဝ၏သဘောတရားတစ်ခုဖြစ်သည့် ယင်နှင့်ယန် ကိုအခြေခံ၍တီထွင်ထားခြင်းဖြစ်သည်။
ထိုက်ကျိဓားသိုင်းတွင်လည်း ပျော့ပြောင်းမှုပုံစံနှင့် မာကျောမှုပုံစံဟူ၍ နှစ်မျိုးရှိကာ စန်းဟုန်းလျန်မှာ ပျော့ပြောင်းမှုပုံစံဓားသိုင်းအား အတော်လေးကျွမ်းကျင်နေပြီဖြစ်သည်။
သီအိုရီအရဆိုလျှင် ပျော့ပြောင်းမှုပုံစံဓားသိုင်းမှာ မာကျောမှုပုံစံဓားသိုင်းထက်ပို၍အစွမ်းထက်သော်လည်း ထိုနှစ်ခုမှာ တစ်ခုနှင့်တစ်ခုအမှီသဟဲပြုနေရသည် ။
အဆုံးစွန်မာကျောမှုမှာ ပျော့ပြောင်းမှုကိုအနိုင်ရသလို အဆုံးစွန်ပျော့ပြောင်းမှုမှာလည်း မာကျောမှုအားအောင်နိုင်ပေသည် ။
ထို့ကြောင့် မည်သည့်ပုံစံက ပို၍အစွမ်းထက်သည်ဟုပြော၍မရဘဲ အသုံးပြုသည့်လူအပေါ်မူတည်၍ကွဲပြားသွားခြင်းဖြစ်သည်။
စန်းဟုန်းလျန်မှာ ပျော့ပြောင်းမှုပုံစံကိုအတော်လေးကျွမ်းကျင်ကာ ထိုဓားသိုင်းဖြင့်သိုင်းလောကတွင်ကျော်ကြားသော်လည်း ထင်းရှီမှာမူ ထိုက်ကျိဓားသိုင်း၏ပျော့ပြောင်းမှုပုံစံအား မုချန်းမှုပို၍ကျွမ်းကျင်သည်ကို သိရှိပေသည် ။
မုချန်းမှာ ထိုက်ကျိဓားသိုင်း၏ပျော့ပြောင်းမှုပုံစံအား နားလည်ကာ သူ၏ရေလှိုင်းကိုးချက်ဓားသိုင်းထဲတွင်ထည့်သွင်းထားလေသည် ။
ထို့ကြောင့်ပင် မုချန်း၏ရေလှိုင်းကိုးချက်ဓားသိုင်းမှာ ထိုက်ကျိဓားသိုင်း၏ပျော့ပြောင်းမှုသဘောတရားများပါဝင်နေကာ ဆင့်ကဲ့ဆင့်ကဲ့တိုက်ခိုက်မှုများဖြင့် လွန်စွာအစွမ်းထက်နေရခြင်းဖြစ်သည်။
ကျန်းချန်းဟောင်တိုက်ခိုက်သည်ကို ထင်းရှီမြင်ဖူးသော်လည်း ကျန်းချန်းဟောင်၏ဓားပညာမှာ အလွန်နက်နဲသည့်အဆင့်သို့ရောက်နေသည်ဟုသာသိကာ မည်သည့်အဆင့်ကိုရောက်နေသည်ဟု တိတိကျကျမသိပေ ။
ကျန်းချန်းဟောင်မှ တစ်ခါတစ်ရံသူနှင့် တိုက်ခိုက်သည့်အချိန်များတွင်ပင် သိုင်းသမားတိုင်းသိရှိသည့် သာမန်သိုင်းကွက်လေးများကိုသာအသုံးပြုသည်။
သို့တိုင်အောင်ထင်းရှီမှာ နှစ်နှစ်အတွင်း သူ၏သိုင်းပညာများစွာတိုးတက်လာသော်လည်း ကျန်းချန်းဟောင်အားအနိုင်မရသေးပေ။
လူငယ်မှာ ပေါ့ပါးသွက်လပ်စွာဖြင့်ဟိုမှသည့်သို့ရွေ့လျားကာတိုက်ခိုက်နေသည်။
လူငယ်၏ကိုယ်ဖော့ပညာမှာ အဆင့်မြင့်လှသည်။ ထို့ကြောင့်လည်း လက်ရည်ကျနေသည့်တိုင် ယခုအချိန်ထိမရှုံးနိမ့်သေးခြင်းဖြစ်သည် ။
စန်းဟုန်းလျန်းမှမူ တည်တည်ငြိမ်ငြိမ်ဖြင့်တက်၍တိုက်ခိုက်နေသည်။ စန်းဟုန်းလျန်မှာ လူငယ်ထက်အတွင်းအားသာလွန်သည့်အပြင် တိုင်ပွဲအတွေ့အကြုံများစွာရှိသည့်အတွက် တဖြေးဖြေးနှင့် အသာစီးရလာသည် ။
သို့သော် ယခုအချိန်အထိလူငယ်အားအနိုင်မယူနိုင်သေးပေ ။လူငယ်၏ရှုပ်ထွေးသည့်ခြေလှမ်းကွက်များက သူ့ကိုအတော်လေးဒုက္ခပေးနိုင်သည်။
“ ထင်းရှီ မင်းအစိမ်းရောင်ဝတ်စုံနဲ့လူငယ်ရဲ့ခြေလှမ်းကွက်တွေကိုသိလား “
ဝူတန်းဂိုဏ်းချုပ် ကျန်းဟုန်းချင်မှ မေးလိုက်သည် ။သူတိုက်ပွဲကို အချိန်အတော်ကြာကြည့်ရှုပြီးဖြစ်သော်လည်း လူငယ်၏မိုးကြိုးဟိန်းသံဓားသိုင်းစတ်ခုကိုသာသိရှိသည် ။
လူငယ်မှ စောစောက ဝူတန်းဂိုဏ်းသားများနှင့်တိုက်ခိုက်စဉ် လက်ဝါးသိုင်းတစ်မျိုးကိုအသုံးပြုခဲ့သော်လည်း သူမမြင်လိုက်ရပေ။
ရှေ့သို့လှည့်၍ တိုက်ပွဲအားအာရုံစူးစိုက်နေသည့်မုချန်းလည်း နောက်သိုလှည့်လာသည် ။
အစောပိုင်းကထင်းရှီပြောခဲ့သလိုပင် လူငယ်၏ကိုယ်ဖော့ပညာမှာ သူ့ထက်များစွာအစွမ်းထက်နေသည်။
“ သူသုံးနေတဲ့ခြေလှမ်းကွက်က အရိပ်ခြေလှမ်းလို့နာမည်ရတဲ့ခြေလှမ်းကွက်ပဲ။
ဒီခြေလှမ်းကွက်အကြောင်းကို ကျုပ်ကိုလူတစ်ယောက်ပြောခဲ့ဖူးတယ်။ အရိပ်ခြေလှမ်းကအတော်လေးအဆင့်မြင်ပြီး ရှားပါးတဲ့ကိုယ်ဖော့သိုင်းပညာတစ်ရပ်ပဲ။
အသုံးပြုသူက တိုက်ပွဲထဲမှာ အရိပ်တစ်ခုလိုလျှင်လျှင်မြန်မြန်ရွေ့လျားနိုင်ပြီး ရှုပ်ထွေးတဲ့ခြေလှမ်းကွက်တွေလည်းပါဝင်သေးတယ်။
သိုင်းလောကထဲကခြေလှမ်းသိုင်းအများစုက ကိုယ်ဖော့ပညာနဲ့သက်သက်စီပဲ ။
ဥပမာ ဝူတန်းကတိမ်လှေကားကိုယ်ဖော့ပညာနဲ့ ခုနစ်စင်ကြယ်ခြေလှမ်းကွက်ကသိုင်းလောကထဲကနာမည်ကျော်ထိပ်တန်းသိုင်းပညာတွေဖြစ်ပေမယ့် သူတို့နှစ်ခုကို တစ်ပြိုင်နက်ထဲသုံးလို့မရဘူး။
အရိပ်ခြေလှမ်းက ကိုယ်ဖော့ပညာနဲ့ခြေလှမ်းကွက်တွဲရက်ပါတဲ့ ရှားပါးတဲ့ကိုယ်ဖော့ပညာတစ်ခုပဲ ။နောက်ပြီး သိုင်းလောကထဲကထိပ်တန်းအဆင့်ကိုယ်ဖော့ပညာတွေနဲ့နှိုင်းယှဉ်လို့ရတယ် “
ထင်းရှီမှ သူသိရှိထားသည့် အရိပ်ခြေလှမ်းကိုယ်ဖော့ပညာအကြောင်းကို ရှင်းပြလိုက်သည်။
ထိုအကြောင်းအား သူသိုးထိန်းကြီးဆီမှ သိရှိထားခြင်းဖြစ်ကာ သိုးထိန်းကြီးအရှေ့ပိုင်းသိုင်းလောကထဲသို့ရောက်ရှိခဲ့စဉ်က အရိပ်မဲ့ချိယိဟူသည့်လူတစ်ယောက်နှင့်တွေ့ဆုံခဲ့ဖူးသည်။
ချိယိမှာ နာမည်မကျော်ကြားသည့်သိုင်းသမားတစ်ယောက်ဖြစ်သော်လည်း သူ၏ကိုယ်ဖော့ပညာနှင့်လက်နက်ပုန်းပညာမှာ အဆင့်အတန်းမြင့်မားလှသည်။
သိုးထိန်းကြီးပင် ချိယိ၏အရိပ်ခြေလှမ်းနှင့် မိုးရေစက်လက်နက်ပုန်းပညာ၏အကြောင်းကိုပြောစဉ်က ချီးကျူးခဲ့သေးသည် ။
ယခုလူငယ်မှာ ချိယိ၏အရိပ်ခြေလှမ်းကိုတတ်မြောက်ထားလျှင် မိုးရေစက်လက်နက်ပုန်းပညာကိုလည်း ကျိန်းသေတတ်မြောက်ရပေမည် ။
မည်သည့်အတွက် ယခုတိုက်ပွဲတွင်ထုတ်ဖော်တိုက်ခိုက်ခြင်းမရှိသည်ကို သူကိုယ်တိုင်မှာသာသိပေမည်။
ထင်းရှီတတ်မြောက်ထားသည့် လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုယ်ဖော့ပညာသည်လည်း ခြေလှမ်းကွက်နှင့်ကိုယ်ဖော့ပညာတွဲလျက်ပါသည့် ထိပ်တန်းအဆင့်ပညာရပ်တစ်ခုဖြစ်သည်။
ထင်းရှီမှာ ထိုအကြောင်းများကိုတော့ ဆက်၍ရှင်းပြခြင်းမရှိတော့ပေ။ မုချန်းနှင့် ကျန်းဟုန်းချင်တို့သည်လည်းတိတ်ဆိတ်သွားသည် ။
ကျောက်ဖြူရင်ပြင်ပေါ်တွင် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်နှင့် စန်းဟုန်းလျန်တို့မှာ ပြင်းထန်စွာတိုက်ခိုက်နေဆဲပင်ဖြစ်သည် ။
စန်းဟုန်းလျန်မှာ တည်ငြိမ်စွာဖြင့်အသာစီးရနေသည့်အခြေအနေအား ဆက်လက်ထိမ်းသိမ်းထားသည် ။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏တိုက်ကွက်များမှ တဖြေးဖြေးအားလျော့လာကာ အတွင်းအားများစွာမကျန်တော့ပြီဖြစ်မှန်းသိနိုင်သည်။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်လည်း အခြေအနေအားကြည့်ကာ အံကိုတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် အော်ဟစ်မာန်သွင်းလိုက်သည်။
“ ကောင်းကင်အပြစ်ပေးမိုးကြိုးခုနစ်ချက် “
လူငယ်၏ခန္တာကိုယ်မှာ လေပေါ်သို့မြောက်တက်သွား၍ သူ၏ဓားမှာစန်းဟုန်းလျန်၏ခန္တာကိုယ်ခုနစ်နေရာသို့လျှင်မြန်စွာထိုးစိုက်လိုက်သည်။
ထိုတိုက်ကွက်မှာ လျှင်မြန်လှပြီး အတော်လေးပြင်းထန်ပေသည်။ လူငယ်၏အစွမ်းအထက်ဆုံးတိုက်ကွက်လည်းဖြစ်ပုံရသည်။
စန်းဟုန်းလျန်လည်း တည်ငြိမ်စွာဖြင့် သူ၏ဓားအားလျှင်မြန်စွာလှူပ်ရှားလိုက်သည်။
စန်းဟုန်းလျန်၏ဓားမှာ သူ၏ခန္တာကိုယ်အား စက်ဝိုင်းတစ်ခုလိုကာကွယ်ထားကာ အဖြူရောင်အလင်းတန်းကြီးဖြစ်နေသည်။
လူငယ်၏ဓားခုနစ်ချက်မှာ သိမ်မွေ့သည့်အားလှိုင်းများနှင့်တွေ့ကာပျောက်ကွယ်သွားသည်။
စန်းဟုန်းလျန်မှ ဓားခုနစ်ချက်ကိုကာကွယ်ပြီးသည်နှင့် ခြေတစ်ချက်ဆောင့်၍ လေပေါ်သို့ခုန်တတ်ကာ လူငယ်၏ဦးခေါင်းဆီသို့ခုတ်ချလိုက်သည်။
“ ချွမ်းး... “
ကျယ်လောက်သည့်မည်သံကြီးထွက်ပေါ်လာကာ လူငယ်မှာ ထိုဓားချက်အားကာကွယ်နိုင်လိုက်သော်လည်း သူ၏ခန္တာကိုယ်မှာ လေထဲမှ ပြုတ်ကျသွားသည် ။
သူ၏လက်ထဲမှဓားသည်ပင် အဝေးသို့လွင့်စင်သွားသည်။