← Chapters

လေလွင့်တေလေစုတ်ချုံး

Vol. 2 Ch. 170

လေလွင့်တေလေစုတ်ချုံး

Vol. 2 Ch. 170

အနက်ရောင်ဝတ်ရုံနှင့်လူငယ်မှာ ထင်းရှီ၏စကားများကြောင့် မျက်လုံးအစုံမှာ စူးရှတင်းမာသွားကာာ အခိုးအငွေ့များပင် ထွက်လာသည်ဟုထင်ရသည်။

“ ခင်ဗျား ယောင်္ကျားမဟုတ်ဘူးလား ယောင်္ကျားပီပီသသ သူသေကိုယ်သေတိုက်ရအောင် “

လူငယ်မှ မည်းမှောင်နေသည့်မျက်နှာဖြင့်ထင်းရှီအားဒေါသတကြီးပြောလိုက်သည်။

ထင်းရှီလည်း ထိုလူငယ်၏ဒေါသစကားကြောင့်အသာပြုံးလိုက်သည်။ ထို့နောက် ခပ်အေးအေးပြောလိုက်သည်။

“ မင်းကိုဖမ်းမိနေတဲ့နောက်မှတော့ငါကဘာလို့အားကုန်ခံနေရဦးမှာလဲ ငါပြောတဲ့အတိုင်းလုပ်တာပဲကောင်းတယ် “

ထင်းရှီမှ စပ်ဖြဲဖြဲပြော၍ လူငယ်၏အနက်ရောင်ဝတ်ရုံကြီးအားချွတ်လိုက်သည်။

အတွင်းမှ ခပ်ပွပွအစိမ်းရောင်သိုင်းဝတ်စုံပေါ်လာကာ လူငယ်၏မျက်နှာသည်လည်းပြောင်းလဲသွားသည် ။

“ ခင်ဗျား ခင်ဗျား ကျုပ်ကျိန်ဆိုတယ် ခင်ဗျားပြောတဲ့အတိုင်းသာလုပ်ရင် ခင်ဗျားနဲ့ကျုပ် ကမ္ဘာမကျေရန်သူတွေဖြစ်သွားနိုင်တယ် “

လူငယ်၏လေသံမှာ အေးစက်နေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များပြည့်နှက်နေသည် ။

သူ၏မျက်လုံးများမှာလည်း ရဲရဲနီနေကာ ထင်းရှီအား စူးစိုက်ကြည့်နေသည် ။

လေထဲသို့ရောက်နေသည့်ထင်းရှီ၏လက်များမှာ တုံ့ဆိုင်းသွားကာ လူငယ်၏မျက်နှာအားကြည့်ကာ သူ၏လက်များအား ပြန်ချထားလိုက်သည် ။

သူလူငယ်အား စနောက်ရုံသာဖြစ်သော်လည်း ထိုသို့ပြုလုပ်လိုက်ပါ မကောင်းသည့်အရာများဖြစ်လာမည်ဟုခံစားမိနေသည် ။

“ ဟူးး... ကောင်းပြီလေ ငါမင်းကိုလွှတ်ပေးနိုင်တယ် ဒါပေမယ့် မင်းရဲ့ငွေထုပ်ကို ငါ့ဆီကိုပေးရမယ် “

ထင်းရှီလည်း သက်ပြင်းတစ်ချက်ချကာပြောလိုက်သည်။

ယခင်ကသူ့ထံတွင်ငွေအလုံအလောက်ပါသော်လည်း သိုင်းလောကထဲတွင်သုံးစွဲခဲ့သည်နှင့် ဝူတန်းတွင်နေစဉ်က အနည်းငယ်သုံးစွဲခဲ့မှုတို့ကြောင့် ငွေများအားလုံးကုန်နေပြီဖြစ်သည်။

အဖိုးအိုကျန်းချန်းဟောင်မှာ ဓားလိုဏ်ဂူထဲတွင်သာ အမြဲလိုလိုနေတော့သဖြင့် ငွေကြေးသုံးစွဲ‌တော့မည့်သူမဟုတ်ပေ။

မုချန်းမှာလည်း သိုင်းပညာကြောက်မက်ဖွယ်ကောင်းလှသော်လည်း သူ၏လက်ဖွာမှုကြောင့်သနားစရာကောင်းလောက်အောင် ဆင်းရဲမွဲတေနေသည်။

ထို့ကြောင့်ပင် လက်ရှိထင်းရှီထံ၌ ငွေကြေးတစ်ပြားတစ်ချပ်မှာမရှိဘဲ အနည်းငယ်စိတ်ညစ်နေခြင်းဖြစ်သည်။

သို့သော် သူ့ဆီသို့ချမ်းသာဟန်ရသည့်သခင်လေးတစ်ယောက်မှ အလိုလိုဆိုက်ရောက်လာရာ ထင်းရှီအဖို့ ရေကန်အသင့်ကြာအသင့်ဖြစ်သွားချေသည်။

“ ကောင်းပြီ ကျုပ်ကိုလွှတ်ပေးရင် ကျုပ်ရဲ့ငွေထုပ်ကိုပေးမယ်လို့ ကတိပေးတယ် “

လူငယ်မှ အလျှင်အမြန်ပြောလိုက်သည့်အတွက် ထင်းရှီလည်း သဘောကျသွားသည် ။ ထို့နောက် လူငယ်အား သူအကြောဖွင့်ပေးလိုက်သည် ။

လူငယ်၏စကားတည်မည်ကိုတော့သူသိရှိသည် ။ သူ့စကားသူမတည်ပါကလည်း များစွာကိစ္စမရှိပေ။ လူငယ်ထံတွင် ‌မကောင်းသည့်ရည်ရွယ်ချက်တစ်စုံတစ်ရာရှိလျှင် အချိန်မရွေးသူပြန်လည်ဖမ်းဆီးနိုင်သည်။

လူငယ်မှ ထုံကျင်နေသည့်လက်ဝါးနှစ်ဖက်အားပွတ်ကာ ထင်းရှီကိုမကျေမနပ်ကြည့်လိုက်သည်။ ထို့နောက် ထင်းရှီချွတ်ထားသည့်သူ၏ဝတ်ရုံနက်ကြီးကိုပြန်ခြုံလိုက်သည် ။

ထင်းရှီလည်း ထိုလူငယ်မည်သည့်အတွက် ယခုလိုအလောတကြီးပုံစံဖြစ်နေသည်ကိုမသိပေ။ သို့သော်သူအကြွေးရစရာရှိသည့်လူတစ်ယောက်၏ဟန်ဖြင့် လူငယ်အား ကြည့်နေလိုက်သည်။

“ ရော့ ကျုပ်ကတိပေးထားတဲ့ငွေထုပ် “

လူငယ်မှ သူ၏အင်္ကျီအတွင်းနှိုက်ကာ ထင်းရှီအားငွေထုပ်တစ်ထုပ်ပစ်ပေးလိုက်သည်။

ထင်းရှီလည်း သူ၏လက်ထဲသို့ရောက်လာသည့်ငွေထုပ်အားအနည်းငယ်ဆကြည့်လိုက်သည် ။ ငွေထုပ်မှာ အနည်းငယ်ကြီးမားကာ ငွေတုံးအတော်များများပါပုံရသည်။

ထင်းရှီလည်း လူငယ်အားတစ်ချက်ကြည့်၍ပြုံးလိုက်ကာ ငွေထုပ်အားဖွင့်ကြည့်လိုက်သည်။

ငွေထုပ်ထဲတွင် ငွေ‌တုံးအတော်များများနှင့် ငွေလွှဲလက်မှတ်တစ်ထပ်ပြီးပါရှိသည်။ ငွေလွှဲလက်မှတ်များမှာ နန်ကုန်းမိသားစု၏တံဆိပ်ဖြင့်ဖြစ်ကာ မြို့အတော်များများတွင်ထုတ်ယူနိုင်သည်။

ထင်းရှီ၏မျက်နှာမှာ ပြုံးရွှင်သွားကာ လူငယ်ကိုကြည့်နေသည့်သူ၏အကြည့်များလည်းပြောင်းလဲသွားသည် ။

ထိုလူငယ်မှာ သူ့အတွက် ကံကောင်းခြင်းနတ်ဘုရားလေးတစ်ပါးဖြစ်ပေသည်။ လူငယ်၏မိသားစုသည်လည်း အင်အားကြီးလှသည့်နောက်ခံရှိရမည်။

ငွေတုံးတစ်တုံးကပင်သာမန်မိသားစုတစ်ခု ဆယ်ရက်ခန့်ထိုင်စားနိုင်ရာ သူ၏လက်ထဲမှပမာဏဖြင့်ဆိုလျှင်သူ့အတွက် ဆယ်နှစ်ခန့်ပင်သုံးစွဲရန်လုံလောက်သည်။

တစ်ဖက်လူငယ်မှာမူ ထင်းရှီ၏အမူအယာကိုမျက်တောင်မခတ်တန်းကြည့်နေကာ သူ၏မျက်နှာမှာမဲ့နေသည် ။

သူသိုင်းလောကထဲသို့စရောက်သည့်အချန်မှစ၍ ကြောက်မက်ဖွယ် သိုင်းသမားအတော်များများကိုတွေ့မြင်ဖူးသော်လည်း သူ၏ရှေ့ရှိလူမှာကား တစ်မျိုးတစ်ဖုံထူးဆန်းနေသည်။

ထိုလူမှာ အသက်သုံးဆယ်ကျော်ဖြင့် သိုင်းပညာကြောက်မက်ဖွယ်အဆင့်သို့ရောက်နေသည်။ ထို့အပြင် ထိုလူ၏အပြုအမူများမှာ သူ၏အဆင့်အတန်းနှင့်ကိုက်ညီမှုမရှိပေ။

ထိုလူမှ သူ့အားဝူတန်းဂိုဏ်းတွင်ဦးစွာအနိုင်ယူခဲ့သည်။ ထို့နောက် မျက်နှာပြောင်ပြောင်ဖြင့် အရှုံးကိုသုံးကြိမ်ခန့်ဝန်ခံခိုင်းခဲ့သေးသည်။

ထို့အပြင် ယခုလည်း သူ့အားအရှက်ရအောင်ပြုလုပ်မည်ဟုချိန်းခြောက်နေပြန်သည်။

ဤသည်မှာ ထိပ်သီးသိုင်းသမားကြီးများပြုလုပ်လေ့ရှိသည့်အလေ့အကျင့်မဟုတ်ပေ။ ထို့အပြင်ထိုလူအား သူ ဝူတန်းဂိုဏ်းသားတစ်ယောက်ဟုလည်းမထင်မိပေ။

မည်သို့ပင်ဖြစ်စေ သူ၏ရှေ့ရှိလူမှာ ထူးခြားကာစိတ်ဝင်စားစရာကောင်းသည်ကိုတော့ ဝန်ခံရပေမည်။

ထင်းရှီမှာ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်အား မေ့လျော့ကာ သူ၏လက်ထဲမှငွေထုပ်အားကြည့်ကာ သဘောကျနေသည် ။

ထို့နောက် သူ့ကိုယ်သူပြန်၍စဉ်းစားလိုက်မိကာ အနိုင်ကျင့်နေသည့် ဓားပြတစ်ဦးနှင့်တူနေကြောင်းတွေးမိလိုက်ကာ မနေနိုင်ဘဲပြုံးလိုက်မိသည်။

သို့သော် လူငယ့်ဆီမှ ငွေထုပ်အားသူယူလိုက်သဖြင့် လူငယ့်ထံတွင်သုံးစွဲစရာရှိမည်မဟုတ်တော့ပေ ။ ထိုအကြောင်းအားတွေးလိုက်မိကာ ထင်းရှီအနည်းငယ်ကရုဏာသက်သွားသည်။

“ ဟေ့ မင်းဆီမှာသုံးစရာရှိသေးရဲ့လား ငါတစ်ဝက်ကိုပဲယူမယ် “

ထင်းရှီလည်း ထိုလူငယ်အား ကြည့်ကာပြောလိုက်သည် ။သူ၏စကားကြောင့် လူငယ်၏ချောမောသည့်မျက်နှာထက်တွင် အံ့အားသင့်ဟန်များပေါ်လညသည်။

သူ၏ရှေ့ရှိလူမှာ သူ့အားငွေတစ်ဝက်ပြန်၍ခွဲပေးမည်ဟုဆိုလာသည်။ ကြည့်ရသည်မှာ ထိုလူ့မှာ များစွာဆိုးရွားပုံမရပေ ။

သို့သော် ထိုလူမှာ သူ၏ငွေထုပ်ကိုမတရားယူထားသည့်အပြင် သူ့ကိုပါအနည်းငယ်သနားသည့်ဟန်ဖြင့်ပြန်ခွဲပေးခြင်းက သူ့ကိုဒေါသထွက်စေသည်။

“ မလိုပါဘူး ကျုပ်နဲ့နောက်တစ်ခါထပ်ဆုံရင် ခင်ဗျားမလွယ်ဘူး “

လူငယ်မှ ဒေါသတကြီးပြော၍ ထင်းရှီ၏အနားမှ

လျှင်မြန်စွာထွက်ခွာသွားသည်။ သူ၏ခန္တာကိုယ်မှာ ပုံရိပ်တစ်ခုလိုဝေဝါးကာ လျှင်မြန်စွာပျောက်ကွယ်သွားသည် ။

ထင်းရှီမှာ သူ၏လက်ထဲမှငွေထုပ်အားကိုင်ကာ အနည်းငယ်ကြောင်အန်းအန်းဖြစ်နေမိသည် ။ ထို့နောက် ခေါင်းကိုခါယမ်းကာအနီးရှိမြို့သို့ဦးတည်လိုက်သည်။

ကျင်းဟိုင်မြို့

ကျင်းဟိုင်မြို့မှာ အလယ်ပိုင်းဒေသရှိမြို့ငယ်လေးတစ်မြို့ဖြစ်ကာ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်၍ သာယာသောမြို့လေးဖြစ်သည် ။

မြို့ထဲတွင် သိုင်းလောကထဲမှ ထိပ်တန်းအင်အားစုကြီးများ၏ ဂိုဏ်းခွဲအချို့ရှိကာ သိုင်းလောကသားများကျင်လည်ကြသည့်မြို့လေးဖြစ်သည်။

ကျင်းဟိုင်မြို့၏ညသန်းခေါင်းယံတွင် အခန်းငယ်လေးတစ်ခုမှာ မီးများထိန်လင်းနေသည် ။

ထိုအခန်းလေးမှာ မြို့စွန်ရှိ စုတ်ပြက်သည့်ခြံဝန်းလေးထဲတွင်တည်ရှိခြင်းဖြစ်ကာ ထိုခြံဝန်းမှာ တေလေဂိုဏ်း၏ဌာနခွဲတစ်ခုဖြစ်သည်။

တေလေဂိုဏ်းမှာ သိုင်းလောကတွင်နှစ်ရာပေါင်းများစွာတည်ရှိခဲ့သည့် ထိပ်တန်းဂိုဏ်းကြီးတစ်ခုဖြစ်ကာာ သိုင်းလောကထိပ်သီးဂိုဏ်းကြီးခြောက်ဂိုဏ်းထဲတွင်ပါဝင်သည်။

သူဖုန်းစားများမှာ မည်သည့်တိုင်းပြည်တွင်ပင်ဖြစ်စေပေါများကာ ပြည်မမှသူဖုန်းစားအတော်များများမှာမူ တေလေဂိုဏ်းဝင်များဖြစ်ကြသည်။

တေလေဂိုဏ်းဝင်သူဖုန်းစားများမှာ သိုင်းပညာတတ်မြောက်ကြကာ ဂိုဏ်းချုပ်များဆက်ခံရသည့် နဂါးနိုင်လက်ဝါးသိုင်းနှင့် ခွေးရိုက်တုတ်သိုင်းမှာ သိုင်းလောကထဲရှိကျော်ကြားသည့်ထိပ်တန်းအဆင့်သိုင်းပညာရပ်များဖြစ်ကြသည်။

ထို့အပြင် ဂိုဏ်းဝင်အင်အားများမှာလည်း လွန်စွာပေါများကာ နဂါးစိမ်းဂိုဏ်းထွက်ပေါ်မလာမီအထိ သိုင်းလောက၏အင်အားအများဆုံးဂိုဏ်းကြီးဖြစ်သည်။

ထို့အပြင် တေလေဂိုဏ်းသားများ၏ခွေးရိုက်တုတ်ဝင်္ကပါမှာလည်း သိုင်းလောကထဲတွင်ကျော်ကြားသည့် ဝင်္ကပါသုံးခုထဲမှ တစ်ခုဖြစ်သည်။

ထိုဝင်္ကပါမှာ လူအင်အားများလျှင်များသလောက်အစွမ်းထက်ကာ သိုင်းဝိဇ္ဇာအဆင့်များကိုပင် အနိုင်ယူနိုင်စွမ်းရှိသည်ဟုကျော်ကြားသည် ။

တေလေဂိုဏ်း၏ အခန်းငယ်လေးထဲတွင် မုတ်ဆိတ်ဖြူများနှင့်အဖိုးအိုတစ်ယောက်ထိုင်လျက်ရှိသည်။

ထိုအဖိုးအိုမှာ ပိန်ပိန်ပါးပါးကိုယ်ဟန်ဖြင့် စူးရှတောက်ပသည့်မျက်လုံးများရှိသည်။ သူ၏မျက်လုံးအစုံမှာ မီးရောင်အောက်တွင်တဖိတ်ဖိတ်တောက်ပနေသည် ။

ထိုအဖိုးအိုအားမြင်ရပါက သိုင်းလောကသားများမှာ အံ့သြတကြီးဖြစ်သွားပေပြမည် ။

လေလွင့်တေလေ စုတိချုံး

စုတိချုံးမှာ တေလေဂိုဏ်းချုပ် သူဖုန်းစားခေါင်းဆောင်ဖြစ်ကာ လေလွင့်တေလေဟု ဘွဲ့နာမည်ရသူဖြစ်သည်။

သူ၏နာမည်နှင့်လိုက်အောင်ပင်စုတိချုံးမှာ နေရာအနှံ့လေလွင့်နေကာ သူ၏ခြေရာကိုပင်ဖမ်းမိရန်ခက်ခဲလှသည်ဟုဆိုကြသည်။

သို့သော် စုတိချုံး၏သိုင်းပညာကို ယှဉ်နိုင်သူဟူ၍ သိုင်းလောကတွင်လက်ချိုးရေနိုင်ကာ နဂါးနိုင်လက်ဝါးသိုင်းအား ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ကာ သိုင်းလောကမှ အတွင်းအားအကောင်းဆုံးသိုင်းသမားဟုကျော်ကြားပေသည် ။

စုတိချုံးနှင့်မျက်နှာချင်းဆိုင်တွင်မူ အနက်ရောင်ဝတ်ရုံရှည်နှင့်လူရိပ်တစ်ရိပ်ထိုင်နေသည် ။

All Chapters