← Chapters

ကျောက်စိမ်းရောင် မိန်းမလှလေး

Vol. 2 Ch. 171

ကျောက်စိမ်းရောင် မိန်းမလှလေး

Vol. 2 Ch. 171

ထိုလူရိပ်မှာ ခေါင်းစွပ်ပါသည့် အနက်ရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားကာ သူ၏မျက်နှာသွင်ပြင်ကို မြင်ရရန်ခက်ခဲလှသည်။

“ မိတ်ဆွေကြီး ဒီတစ်ခါဘယ်လိုသတင်းပါလာခဲ့လဲ “

စုတိချုံးမှ ထိုလူအားမေးလိုက်သည်။ စုတိချုံး၏မေးခွန်းကြောင့် အနက်ရောင်ဝတ်ရုံဖြင့်လူမှာ အနည်းငယ်ခေါင်းမော့လာသည်။

သို့သော် သူ၏မျက်နှာသွင်ပြင်ကိုမမြင်ရဘဲ ယောင်္ကျားမိန်းမခွဲရန်ပင်ခက်ခဲလှသည် ။

“ ခရမ်းရောင်သွေးလဂိုဏ်းက မကြာခင် လှုပ်ရှားလာတော့မယ် ။ သိုင်းလောကထဲကထိပ်တန်းအင်အားစုကြီးတွေမစည်းလုံးရင် သူတို့ကိုအနိုင်ရဖို့ အလွန်ခက်ခဲလိမ့်မယ် ။

ခရမ်းရောင်သွေးလဂိုဏ်းရဲ့ဘုရင်ငါးပါးက သိုင်းဝိဇ္ဇာအဆင့်ကိုရောက်နေကြပြီ နောက်ပြီး နှင်းငွေ့မိစ္ဆာသခင်ကြီးက သိုင်းပညာအထွတ်အထိပ်ကိုရောက်နေပြီ “

အက်ကွဲနေသည့်အသံထွက်ပေါ်လာကာ အနက်ရောင်ဝတ်စုံအောက်မှ စူးရှသည့်မျက်လုံးများထွက်ပေါ်လာသည် ။

စုတိချုံးလည်း လေပူတစ်ချက်ကိုမှုတ်ထုတ်ကာ မသိမသာသက်ပြင်းချလိုက်မိသည် ။

သိုင်းဝိဇ္ဇာအဆင့်ငါးယောက်နှင့် သူတို့ထက်ပင်သိုင်းပညာမြင့်မားသည့်ကြောက်မက်ဖွယ်ရန်သူတစ်ယောက် ။

ထိုပမာဏမှာ သိုင်းလောကတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံလုပ်နိုင်ရန်လုံလောက်ပေသည် ။ ထိုအထဲတွင် အကြီးအကဲများဖြစ်ကြသည့် အဆင့်လွန်သိုင်းသမားများမပါဝင်သေးပေ။

ထို့အပြင် ခရမ်းရောင်သွေးလဂိုဏ်းတွင် မြောက်မြားလှစွာသည့် ထိပ်တန်းအဆင့်သိုင်းသမားများနှင့် အဆင့်မြင့်သိုင်းသမားများရှိနေသေးသည်။

“ ကောင်းပါပြီ ကျုပ် ဂိုဏ်းချုပ်ကြီးတွေနဲ့တိုင်ပင်ပြီး ပြင်ဆင်ထားလိုက်ပါ့မယ် “

စုတိချုံးမှ ခိုင်မာသည့်လေသံဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့် အနက်ရောင်ဝတ်ရုံရှင်မှ ခေါင်းတစ်ချက်ညိမ့်ကာ ထရပ်လိုက်သည်။

“ ဒါဖြင့်ရင် ကျုပ်သွားတော့မယ် ဂိုဏ်းချုပ်ကြီးကိုနှုတ်ဆက်ခဲ့ပါတယ် “

အနက်ရောင်ဝတ်ရုံနှင့်လူမှ အခန်းတွင်းမှထွက်ခွာကာ အမှောင်ထဲသို့တိုးဝင်ပျောက်ကွယ်သွားသည်။

တေလေဂိုဏ်းချုပ်ကြီးမှာ စားပွဲပေါ်တွင်ကျန်နေခဲ့သည့်မြေပုံတစ်ချက်အားကြည့်ကာ သက်ပြင်းနောက်တစ်ကြိမ်ချလိုက်ပြန်သည်။

သူ၏ဖြူဖွေးစပြုနေသည့်မျက်ခုံးများက စုကြုံ့လျက် .....

--------------------------------------------------

ရှန်ကျောင်းမြို့

ရှန်ကျောင်းမြို့မှာ အလယ်ပိုင်းတွင် အချက်အချာကျသည့်မြို့တစ်မြို့ဖြစ်ကာ သိုင်းလောကသားများလည်း အဝင်အထွက်များလေသည် ။

ထို့ကြောင့် ရှန်ကျောင်းမြို့၏လမ်းမထက်တွင် ဟိုမှသည်သို့သွားလာနေကြသည့်သိုင်းသမားများကို တွေ့မြင်ရလျှင် အံ့ဩစရာမလိုပေ ။

ငွေလက်ရာစားသောက်ဆိုင်

ရှန်ကျောင်းမြို့ထဲရှိ အကြီးဆုံးစားသောက်ဆိုင်သုံးခုအနက်မှ တစ်ခုဖြစ်ကာ တည်းခိုခန်းနှင့်တွဲလျက်ဖွင့်ထားသဖြင့် လူဝင်လူထွက်များလှသည်။

ထို့အပြင် ငွေလက်ရာမှ အစားအသောက်များ၏ သတင်းမှာ ပတ်ဝန်းကျင်မြိုအနည်းငယ်သို့ပါပျံ့နှံ့နေသဖြင့် အစားအသောက်ကောင်းစားလိုသည့်လူများအနေဖြင့် ငွေလက်ရာသို့တန်းတန်းမက်မက်လညရောက်ကြပေသည်။

“ ဟူး..... နောက်ဆုံးတော့ မြို့တစ်မြို့ကိုရောက်လာပြီပဲ “

ငွေလက်ရာစားသောက်ဆိုင်ပေါက်ဝတွင် လူရွယ်တစ်ယောက်ရောက်လာသည်။

ထိုလူရွယ်၏ဝတ်စုံကိုကြည့်ကာ ဝူတန်းဂိုဏ်းမှလူတစ်ဦးဖြစ်ကြောင်းကိုသိနိုင်သည်။ ထို့ကြောင့် ဆိုင်တွင်းမှလူအချို့မှာ လူရွယ်အား ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။

ယခင်က ထိပ်သီးဂိုဏ်းကြီးခြောက်ဂိုဏ်းမှာ သိုင်းလောကထဲတွင်လှုပ်ရှားသွားလာမှုနည်းပါးသော်လည်း ယခုတလောတွင် ခပ်စိပ်စိပ်တွေ့လာရသည်။

ထို့အပြင် သိုင်းလောကမှ နာမည်ကျော်လူငယ်များ၏တိုက်ပွဲများသည်လည်း နေရာအနှံ့တွေ့ရတတ်သောကြောင့် ထိုလူများမှာ စိတ်ဝင်စားနေကြခြင်းဖြစ်သည်။

ဝူတန်းတွင် သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှ နံပါတ်နှစ်အကြီးအကဲချန်းရှောက် ၊ နံပါတ်ခြောက်နေရာ၌ရှိသည့် ထိုက်ကျိဓားစန်းဟုန်းလျန်တို့ရှိနေသည် ။

ဆိုင်အတွင်းတွင်လည်း လူငယ်မျိုးဆက်မှကျော်ကြားသူတစ်ဦးဖြစ်သည့် ချောက်နက်ကမ်းပါးဒေသ တိမ်လွှာရဲတိုက်မှ သခင်လေးယွဲ့ရှ ရှိနေသည် ။

သို့သော် ထိုဝူတန်းဂိုဏ်းသားမှ ကျော်ကြားသူတစ်ယောက်မဟုတ်ဘဲ အနည်းငယ်စုတ်ပြဲနေသည့်ဝတ်ရုံနှင့် ဓားကိုဖြစ်တတ်ကဆန်း ခါးကြားထိုးထားသောကြောင့် သူတို့၏အာရုံများပြန်၍လွှဲဖယ်သွားကြသည် ။

ထိုလူရွယ်သာ ကျော်ကြားသူတစ်ဦးဦးဆိုပါက သူတို့၏အာရုံစိုက်မှုနှင့်ထိုက်တန်သော်လည်း ယခုထိုလူငယ်မှာ နာမည်မရှိသည့်လူတစ်ဦးဖြစ်သောကြောင့် ဆက်လက်အာရုံမစိုက်လိုကြပေ။

ထိုဝူတန်းဂိုဏ်းသားမှာ ဝူတန်းတောင်ပေါ်မှဆင်းလာသည့် ထင်းရှီဖြစ်ကာ စွန်းမျိုးနွယ်ရှိရာ စီးမင်မြို့စွန်းအိမ်တော်သို့ဦးတည်လာခြင်းဖြစ်သည်။

ဝူတန်းတောင်ခြေမှ ယခုမြို့သို့ရောက်သည်အထိ နေ့တစ်ဝက်ကျော်ခန့် ခရီးပြင်းနှင်လာကာ ယခုမြို့တွင် ခေတ္တဝင်ရောက်နားခိုခြင်းဖြစ်သည် ။

သို့သော် ဆိုင်ထဲရှိ ခရမ်းရောင်ဝတ်စုံနှင့်လူသုံးယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းညိမ့်လိုက်ကြသည် ။

ထို့နောက် မည်သူမှသတိမထားမိခင် ငွေရှင်းကာ တိတ်ဆိတ်စွာဖြင့် ဆိုင်ထဲမှ ထွက်ခွာသွားကြသည်။

ထို့အပြင် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်လည်း ထင်းရှီအား စူးစိုက်ကြည့်နေသည်။

ထိုလူငယ်မှာ သိုင်းလောကအတွင်းနာမည်ကျော်ကြားသည့်လူငယ်တစ်ယောင်ဖြစ်ကာ ချောက်နက်ကမ်းပါးဒေသမှလာသည့် တိမ်လွှာရဲတိုက်သခင်လေးယွဲ့ရှဖြစ်သည်။

တိမ်လွှာရဲတိုက်မှာ ချောက်နက်ကမ်းပါးဒေသရှိအင်အားကြီးအဖွဲ့အစည်းသုံးခြတွင်ပါဝင်ပြီး ပထမတန်းစားအဖွဲ့အစည်းတစ်ခုဖြစ်သည် ။

သခင်လေးယွဲ့ရှသည်လည်း တိမ်လွှာရဲတိုက်၏နာမည်ကျော်သိုင်းပညာဖြစ်သည့် တိမ်တိုက်ဖြိုခွင်းလက်ဝါးသိုင်းဖြင့် သိုင်းလောက၏လူငယ်မျိုးဆက်တွင်ကျော်ကြားသူတစ်ဦးဖြစ်သည်။

ယွဲ့ရှမှာ ထိုဝူတန်းဂိုဏ်းသား‌ဆီမှ အန္တရာယ်အငွေ့အသက်ကိုမခံစားမိသော်လည်း ထိုလူရွယ်ဆီမှ ခန့်မှန်းမရသည့်အရိပ်အယောင်များကိုတွေ့နေရသည်။

ထို့ကြောင့် ထိုလူရွယ်မှာ ထူးခြားဆန်းကြယ်ကာ ရန်စသင့်သူတစ်ယောက်မဟုတ်ဟု သတ်မှတ်လိုက်သည်။

ဆိုင်ဝရှိ ထင်းရှီမှာ လူအများ၏အတွေးများကို ဂရြစိုက်ခြင်းမရှိပေ ။ မနက်စောစောထဲက အစားအစာစားသောက်ရခြင်းမရှိသေးသဖြင့် ဆာလောင်နေသည့်ဝမ်းဗိုက်အားအသာပွတ်ကာ ဆိုင်ထဲသို့ဝင်လာလိုက်သည် ။

ထို့နောက် လူသူကင်းမဲ့သည့်စားပွဲတစ်လုံးတွင်ဝင်ထိုင်ကာ စားသောက်ဖွယ်ရာများကို မှာကြားလိုက်သည်။

“ ဝိုးး... လှလိုက်တဲ့မိန်းကလေး “

“ သူကဘယ်သူလဲ သူ့ကိုငါသိုင်းလောကထဲမှာတစ်ခါမှမမြင်ဖူးဘူး “

စားသောက်ဆိုင်ထဲတွင်အသံများဆူညံသွားကာ တီးတိုးပြောသံများ ဆူညံစွာထွက်ပေါ်လာသည်။

သူတို့၏မျက်လုံးများကလည်း ဆိုင်ပေါက်ဝတွင်ရောက်ရှိနေသည့် ကျောက်စိမ်းရောင်ပုံရိပ်လေးဆီသို့ တစိုက်မက်မက်ကြည့်ရှာနေကြသည်။

ထင်းရှီလည်း ထိုအသံများကြောင့် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း စားသောက်ဖွယ်ရာများရောက်ရှိလာသည့်အတွက် ခေါင်းမဖော်တမ်းစားသောက်နေတော့သည်။

“ ဟေ့ ကျမဒီစားပွဲမှာထိုင်လို့ရမလား “

ချိုသာယစ်မူးဖွယ်ကောင်းသည့် အသံလေးတစ်ခုထွက်ပေါ်လာကာ ထင်းရှီ၏နှာခေါင်းထဲသို့ မွှေးကြိုင်သည့် သင်းရနံ့များဝင်ရောက်လာသည်။

ထင်းရှီလည်း ဦးခေါင်းကိုမော့ကာ သူ၏ရှေ့တွင်ရောက်ရှိနေသည့် ပုံရိပ်လေးအားကြည့်ရှုလိုက်သည်။

ထင်းရှီ၏စားပွဲရှေ့တွင် ကျောက်စိမ်းရောင်ဝတ်စုံနှင့် မိန်းမလှလေးတစ်ယောက်ရောက်ရှိနေကာ သူမ၏ ညို့ငင်နိုင်သည့် မျက်ဝန်းများကထင်းရှီအား စူးစိုက်ကြည့်နေသည်။

ထိုမိန်းကလေးမှာ အသက်ဆယ့်ရှစ်နှစ်ခန့်သာရှိမည်ဖြစ်‌သော်လည်း ပြီးပြည့်စုံသည့်မျက်နှာသွင်ပြင်နှင့် အချိုးအဆစ်ကျနသည့်ကိုယ်လုံးလေးက လူအများကို မျက်စေ့မလွှဲနိုင်ဘဲ ဆွဲဆောင်ထားနိုင်သည်။

သို့သော် သူမ၏နောက်ကျောတွင် ရှည်မျောမျောသဏ္ဍာန်ရှိမည့်တစ်စုံတစ်ခုအား အဝတ်ဖြူဖြင့်ပတ်ကာ သိုင်းလွယ်ထားသောကြောင့် ဓားတစ်လတ်ဖြစ်မည်ဟုခန့်မှန်းရကာ သိုင်းလောကသမီးပျိုတစ်ဦးဖြစ်မည်ဟု သိရှိနိုင်သည်။

ထင်းရှီလည်း သူမ၏အလှကြောင့် တခဏခန့် ငေးမောသွားမိသည်။ ထိုမိန်းကလေးမှာ သူတွေ့မြင်ဖူးသည့်မိန်းကလေးများထဲတွင် ထိပ်တန်းစာရင်းဝင်ကာ ထိုမိန်းကလေးနှင့်ယှဉ်ပြိုင်နိုက်သူဟူ၍ သူ၏မိတ်ဆွေ သိုင်းလောက၏အလှနတ်သမီးရှောင်ရှောင်တစ်ဦးသာရှိနိုင်သည်။

သို့သော် ထင်းရှီမှာ တစ်စုံတစ်ခုအား သတိရသွားသည့်ဟန်ဖြင့် မျက်မှောင်ကုတ်သွားကာ သူ၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာ၍ ထိုမိန်းကလေးအား ခေါင်းညိမ့်ပြလိုက်သည်။

မိန်းမလှလေးမှာ ထင်းရှီ၏အမူအယာကြောင့် အနည်းငယ်မကျေမနပ်ဖြစ်သွားပုံရသည် ။

သူမလိုမိန်းမလှလေးတစ်ယောက်တောင်းဆိုသည်ကိုပင် ထိုလူမှ တုံ့ဆိုင်းနေပြီးမှ လက်ခံခဲ့သည်။ သို့သော် သူမ၏မျက်နှာကိုလျှင်မြန်စွာပြုပြင်လိုက်ပြီး ထင်းရှီ၏ရှေ့တွင်ဝင်ထိုင်လိုက်သည်။

ထို့နောက် သူမ၏နောက်ကျောမှအထုပ်အားဖြုတ်ကာ ဘေးတွင်ချလိုက်ရင်းစားသောက်ဖွယ်ရာအချို့ကို မှာကြားလိုက်သည်။

ထင်းရှီ၏ခန့်မှန်းချက်မှုမှန်ကန်ပေသည်။ ထိုမိန်းကလေး၏နောက်ကျောမှအဝတ်ဖြင့်ပတ်ထားသည့်အထုပ်မှာ ဓားတစ်ချောင်းဖြစ်ကာ ခုံပေါ်တွင်ချလိုက်စဉ် အနည်းငယ်အသံမည်သွားသည်။

ထို့နောက် မိန်းမလှလေးနှင့်ထင်းရှီတို့မှာ တစ်ဦးနှင့်တစ်ဦးတစ်စုံတစ်ရာပြောဆိုခြင်းမပြုဘဲ တိတ်ဆိတ်စွာစားသောက်နေကြသည် ။

ဆိုင်ထဲရှိလူအများမှာ မိန်းမလှလေးနှင့်တစ်ဝိုင်းထဲစားသောက်နေသည့်ထင်းရှီအား ကြိတ်၍မနာလိုဖြစ်‌နေကြသော်လည်း ပြဿနာတစ်စုံတစ်ရာမရှာဝံ့ပါချေ။

ထင်းရှီ၏ဝတ်စုံကိုကြည့်ခြင်းအားဖြင့် ဝူတန်းဂိုဏ်းသားတစ်ဦးဟုသတ်မှတ်လိုက်ကြကာ ရန်ငြိုးတစ်စုံတစ်ရာမရှိဘဲ ထိပ်သီးဂိုဏ်းကြီးမှ ဂိုဏ်းသားတစ်ယောက်ကို အပြစ်ပြုရန် သူတို့မဝံ့ရဲသေးပေ ။

သို့သော် လူတိုင်းကား ထိုလူများလိုတွေးထားခြင်းမဟုတ်ပေ။ မကြာခင်ထင်းရှီ၏စားပွဲဝိုင်းသို့ လူငယ်တစ်‌ယောက်ရောက်လာသည် ။

All Chapters