← Chapters

ထင်းရှီ၏အကြောင်း

Vol. 2 Ch. 174

ထင်းရှီ၏အကြောင်း

Vol. 2 Ch. 174

တောအုပ်အတွင်းဘက်တွင် ကျယ်ပြန့်သည့်လမ်းမတစ်ခုရှိနေကာ တောအုပ်အား ထုတ်ချင်း‌ပေါက် ဖောက်ထားသည်။

ထိုတောလမ်းမှာ ပုံမှန်ပင်ဖြစ်သော်လည်း ထင်းရှီ၏စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်အချို့ကိုခံစားမိလိုက်သည်။

သို့သော် သူတို့နှစ်ဦးတောအုပ်အတွင်းဝင်လာသည်အထိ လူသူတစ်စုံတစ်ယောက်ကိုမှ မတွေ့ရသေးပေ။

များမကြာမီ ထင်းရှီစိတ်ထင့်နေသည်မှာ မှန်ကန်သည်ကိုတွေ့လိုက်ရသည်။

တောလမ်းမထက်တွင်ခရမ်းရောင်ဝတ်စုံနှင့်လူတစ်စုကိုတွေ့ရသည်။ ထိုလူများမှာ စုစုပေါင်းငါးယောက်ခန့်ရှိကာ မိန်းမပျိုတစ်ဦးနှင့် မျက်နှာဖုံးစွပ်ပုဂ္ဂိုလ်တစ်ဦးပါဝင်သည် ။

ထိုလူများအားမြင်လိုက်ရသည်နှင့် ထင်းရှီ၏မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။

ထိုလူစုမှာ ယခုခြောက်လအတွင်းသိုင်းလောကတွင်နာမည်ကျော်ကြားနေသည့်ခရမ်းရောင်သွေးလဂိုဏ်းမှလူများဖြစ်ကြောင်းကိုလည်း သိရှိလိုက်သည်။

သို့သော် ထင်းရှီအားသတိအနေအထားဖြစ်စေသည်မှာ လူစုအလယ်မှမျက်နှာဖုံးစွပ်ပုဂ္ဂိုလ်ဖြစ်ကာ ထိုလူ့ထံမှ အန္တရာယ်အငွေ့အသက်များကိုခံစားမိလေသည်။

ထိုလူ၏မျက်နှာဖုံးစွပ်အောက်မှ မျက်လုံးအစုံမှာ တဖိတ်ဖိတ်တောက်ပနေကာ အတွင်းအားလွန်စွာကောင်းမွန်သည့်လူတစ်ဦးဖြစ်ကြောင်းကို သိနိုင်သည်။

ထိုလူမှတစ်ပါး အခြားလူလေးယောက်မှာ သာမန်အဆင့်လွန်သိုင်းသမားများသာဖြစ်သည် ။

သို့သော် ဤသည်ထင်းရှီ၏အမြင်တွင်သာဖြစ်သည်။ အဆင့်လွန်သိုင်းသမားဟူသည် သိုင်းလောကတွင်လက်မထောင်နိုင်သည့်အဆင့်ဖြစ်သည်။

“ ဟမ့် ငါတို့လမ်းကိုပိတ်နေတာ ဘယ်သူတွေလဲ “

ရှန်းယွင်မှ မျက်မှောင်ကြုတ်၍ အလိုမကျသည့်လေသံဖြင့်ပြောလိုက်သည်။

သူမ၏စကားကြောင့် မျက်နှာဖုံးစွပ်နှင့်လူမှ အေးစက်စက်အသံပြု၍ သူ၏လက်ကိုဝေ့ယမ်းလိုက်သည်။

“ ဝှီးး..... “

အတွင်းအားလှိုင်းကြီးတစ်ခုမှာ ရှန်းယွင်ထံသို့ပြေးဝင်လာကာ မျက်နှာဖုံးစွပ်လူ၏မပြောမဆိုတိုက်ခိုက်မှုကြောင့် ထင်းရှီနှင့်ရှန်းယွင်လည်း အံ့အားသင့်သွားမိသည် ။

ထိုလက်ဝါးချက်မှာ သာမန်ကာလျှံကာတိုက်ခိုက်မှုလေးဖြစ်သော်လည်း သာမန်အဆင့်လွန်သိုင်းသမားတစ်ဦးအားကုန်တိုက်ခိုက်သည်နှင့်ညီမျှပေသည်။

သို့သော် ရှန်းယွင်မှ ရှောင်တိမ်းမည့်စိတ်ကူးမရှိဘဲ မြင်းပေါ်မှ ပေါ့ပါးစွာခုန်တတ်၍ သူမ၏ ဖြူဖွေးနုနယ်သည့်လက်ဝါးလေးတစ်ဖက်ကိုဝေ့ယမ်းကာ ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

“ ဝုန်းးးဝုန်းးးဝုန်းးး “

ကျယ်လောက်သည့်ပေါက်ကွဲသံကြီး သုံးဆင့်ထွက်ပေါ်လာကာ ရှန်းယွင်၏ခန္တာကိုယ်မှာ နောက်ဘက်သို့ ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရသည်။

သူမ၏မျက်နှာအနည်းငယ်ဖြူဖျော့နေသော်လည်း အတွင်းဒဏ်ရာတစ်စုံတစ်ရာရဟန်မတူပေ။

ထင်းရှီလည်း သူ၏မြင်းပေါ်မှပျောက်ကွယ်သွား၍

ရှန်းယွင်၏ဘေးသို့ရိပ်ခနဲရောက်ရှိသွားသည်။

“ ဘာဖြစ်သွားသေးလဲ “

ထင်းရှီမှ သူမ၏နောက်ကျောအား ထိမ်းကိုင်ကာမေးလိုက်သည်။

“ ဘာမှမဖြစ်ပါဘူး “

ရှန်းယွင်လည်း ထင်းရှီနှင့်နီးကပ်နေသည့် သူမ၏ကိုယ်ဟန်ကိုသတိပြုမိသွား၍ မျက်နှာနီနီဖြင့်ရုန်းထွက်လိုက်သည်။

ထင်းရှီမှာမူ သူမ၏အမူအယာကို ဂရုမပြုနိုင်သေးဘဲ တစ်ဖက်မှ မျက်နှာဖုံးစွပ်လူကိုသာ အကဲခပ်နေသည်။

“ လေပြင်နတ်မင်းလက်ဝါးသိုင်းလား “

ရှန်းယွင်အားတိုက်ခိုက်လိုက်သည့် မျက်နှာဖုံးစွပ်နှင့်ပုဂ္ဂိုလ်ထံမှ အံ့ဩသံစွက်‌နေသည့် အသံတစ်ခုထွက်ပေါ်လာသည်။

ထိုလူ၏လေသံအရ အသက်လေးဆယ်ကျော်ငါးဆယ်လူလက်ပိုင်းအရွယ်ဖြစ်ရမည်ဟု ခန့်မှန်းနိုင်သည်။

ထိုမျက်နှာ ဖုံးစွပ်လူမှ ထပ်မံတိုက်ခိုက်ခြင်းမရှိတော့ပေ။ သူ၏လေသံအရ ရှန်းယွင်အသုံးပြုသည့်လက်ဝါးသိုင်းကို သိရှိနေပုံရသည်။

“ ဟမ့် ရှင်ကကျမရဲ့လက်ဝါးသိုင်းကိုသိတယ်ဆိုတော့ ကျမဆရာကိုခန့်မှန်းမိမှာပေါ့ ။ ကျမရဲ့ဆရာသာဒီကို‌ရောက်လာရင်မလွယ်ဘူး မြန်မြန်ထွက်မသွားသေးဘူးလား “

ရှန်းယွင်မှ ထိတ်တိုက်ရင်ဆိုင်မှုတွင်အရေးနိမ့်သွားသော်လည်းသူမ၏ဆရာနာမည်ကိုအသုံးပြုကာ ခြောက်လှန့်လိုက်သည်။

ထိုမျက်နှာဖုံးစွပ်မှ သူမ၏လက်ဝါးသိုင်းကိုသိရှိနေသည့်နောက် သူမဆရာကိုလည်း သိရှိသူဖြစ်ရပေမည်။

သူမ၏ရှေ့ရှိမျက်နှာဖုံးစွပ်မှာ သိုင်းပညာနက်ရှိုင်းလှကာ ရင်ဆိုင်ရမလွယ်ကူသည့်လူဖြစ်သည်ကိုသိရှိပြီးနောက် ထိုလူအားခြောက်လှန့်ရန် သူမဆရာ၏နာမည်ကိုအသုံးပြုလိုက်ခြင်းပင် ။

သူမ၏ဆရာ လေဟုန်သခင်တာ့စုန်းယွင်မှာ လွန်ခဲ့သည့်နှစ်များထဲက သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိနေကာ အရှေ့ပိုင်းသိုင်းလောကတွင် မသိသူမရှိပေ သို့သော် ........

“ ဟားးဟားး လူအိုကြီးတာ့စုန်းယွင်ကိုယ်တိုင်ရှိရင်သာငါမင်းကို မျက်နှာသာပေးရင်ပေးမိမှာ ။

ဒါပေမယ့် သူကအရှေ့ပိုင်းသိုင်းလောကကထွက်မလာတာ အချိန်အတော်ကြာပြီလေ။ ကောင်မလေးမင်းမြန်မြန်ထွက်သွားရင်ကောင်းလိမ့်မယ် ။

ငါမင်းဆရာရဲ့မျက်နှာကိုထောက်ပြီး မင်းကိုဘာမှမလုပ်တော့ဘူး “

ရှန်းယွင်တွေးထားသလိုဖြစ်မလာဘဲ မျက်နှာဖုံးစွပ်မှ ရယ်မော၍ပြောလိုက်သည်။

ရှန်းယွင်လည်းသူမ၏ခြောက်လှန့်မှုမအောင်မြင်သောကြောင့်နှုတ်ခမ်းကိုကိုက်ကာ မကျေမနပ်ဖြစ်သည့်မျက်နှာဖြင့်ရပ်နေသည်။

သို့သော် သူမ၏စိတ်ထဲတွင်တော့ လျှင်မြန်စွာတွေးတောနေကာ ထိုလူများမှာ သူမကိုဦးတည်သည်မဟုတ်သည့်နောက် ထင်းရှီဆီသို့လာခြင်းဖြစ်ရမည်ကိုလည်း တွေးလိုက်မိသည်။

ထိုအဖြစ်က သူမကိုအနည်းငယ်အံ့အားသင့်မိသော်လည်း ထိုနေရာမှ ထွက်ခွာမသွားဘဲ မည်သည့်အရာများဖြစ်ပျက်မည်ကို စောင့်ကြည့်လိုသည်။

“ မင်းကိုငါ နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ် မင်းငါတို့ဂိုဏ်းကို ဝင်မှာလားမဝင်ဘူးလား “

မျက်နှာဖုံးစွပ်လူမှ အနည်းငယ်စိတ်မရှည်သည့်လေသံဖြင့်မေးလိုက်သည်။

“ တကယ်ပါပဲ မင်းလိုလူငယ်လေးတစ်ယောက်ကို ဂိုဏ်းချုပ်ကဘာလို့တန်ဖိုးထားပြီး သိမ်းသွင်းချင်တာပါလိမ့် “

မျက်နှာဖုံးစွပ်မှ တစ်ဦးတည်းရေရွတ်လိုက်သည်။ ထင်းရှီမှာ သူ၏စကားအသွားအလာကိုကြည့်၍ တည်ကြည်စွာပြုံးကာမေးလိုက်သည် ။

“ ‌ပထမဦးဆုံးအနေနဲ့ ခင်ဗျားတို့ခရမ်းရောင်သွေးလဂိုဏ်းက ကျုပ်ကိုဘာလို့ဒီလိုသိမ်းသွင်းချင်နေတာလဲဆိုတာကို ပြောပြရမယ် ။

နောက်ထပ်တစ်ခုက ခင်ဗျားရဲ့အကြောင်းကို ကျုပ်စိတ်ဝင်စားတယ် ။သိုင်းလောကမှာ ထင်ရှားတဲ့သိုင်းဝိဇ္ဇာအဆင့်တွေရဲ့ပညာတွေထဲမှာ ခင်ဗျားတိုက်ခိုက်လိုက်တဲ့လက်ဝါးချက်ကို မမြင်ဖူးဘူး ။

ကျုပ်ထင်တာမမှားရင် ခင်ဗျားကဇာတ်မြုပ်နေတဲ့ သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ဖြစ်ရမယ် “

ထင်းရှီ၏စကားကို မျက်နှာဖုံးစွပ်လူမှတုံ့ပြန်ခြင်းမပြုပေ။ သူ၏မျက်နှာဖုံးစွက်အောက်မှထွက်ပေါ်နေသည့်မျက်လုံးများမှာ အရောင်တလက်လက်တောက်ပနေကာ တိုက်ခိုက်လိုပုံရသည်။

“ ခစ် ခစ် သခင်လေးရဲ့မေးခွန်းကို ကျမဖြေပေးပါ့မယ် “

ချိုသာသည့်ရယ်မောသံနှင့် ခရမ်းရောင်သွေးလဂိုဏ်းမှ မျက်နှာကို ဖုံးကွယ်ထားသည့် မိန်းကလေးမှပြောလိုက်သည်။

ထိုမိန်းကလေးမှာ သူတို့လူစုထဲမှ တစ်ဦးတည်းသောမိန်းကလေးဖြစ်ကာ သိုင်းပညာများစွာအဆင့်မြင့်ပုံမရပေ။

သို့သော် သူမ၏ မျက်နှာကိုမမြင်ရသော်လည်း ချိုသည်သည့်လေသံလေးမှာ ကြားရသည့်လူတိုင်းအား ပျော့ခွေသွားစေနိုင်သည့် ဆွဲဆောင်နိုင်စွမ်းများရှိနေလေသည် ။

“ ပုံရိပ်ယောင် ညို့ငင်ခြင်းပညာရပ်ကို လေ့ကျင့်ထားတာလား “

ထင်းရှီလည်း အံ့ဩနေသည့်မျက်နှာဖြင့် တီးတိုးရေရွတ်လိုက်သည်။ သူ၏ဘေးမှရှန်းယွင်မှာမူ မျက်မှောင်ကြုတ်၍ထားသည် ။

မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ သူမထိုမိန်းကလေးကို အနည်းငယ်ကြည့်မရဖြစ်နေသည်။

“ မင်းက ခရမ်းရောင်သွေးလဂိုဏ်းက မီးလျှံနတ်သမီး ထင်ပ ။ ကျုပ်ကိုနည်းနည်းလောက်ရှင်းပြပါဦး “

ထင်းရှီလည်း ထိုမိန်းကလေးအား အပြုံးဖြင့်ကြည့်၍ ဆိုလိုက်သည်။ မိန်းကလေးမှ ငြင်းပယ်ခြင်းမပြုဘဲ ရှန်းယွင်အားတိုက်ခိုက်လိုက်သည့်မျက်နှာဖုံးနှင့်လူကို တစ်ချက်ကြည့်ကာ ထင်းရှီအား ရှင်းပြလိုက်သည်။

“ ရှင်က ဘာမှမဟုတ်တဲ့အညတရတစ်ယောက်လိုဟန်ဆောင်မနေစမ်းပါနဲ့ ။ သာမန်လူတစ်ယောက်က သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်လူတစ်ယောက် ၊ အဆင့်လွန်သိုင်းသမားငါးယောက်နဲ့ သိုင်းသမားနှစ်ရာကျော်ကို တစ်ဦးတည်းသုတ်သင်နိုင်ပါ့မလား။

ကျမပြောတာမှန်ရဲ့လား အဖြူရောင်သွေးမိစ္ဆာ “

မိန်းကလေးမှ ထင်းရှီ၏မျက်နှာအား စေ့စေ့ကြည့်ကာပြောလိုက်သည်။ သူမ၏စကားကြောင့် ထင်းရှီမှာ တုန်လှုပ်ခြင်းမရှိသော်လည်း ရှန်းယွင်မှာမူ အနည်းငယ်ထိတ်လန့်သွားပုံရသည် ။

သူမ၏ မျက်ဝန်းလှလှလေးများမှာ အရောင်တဖျက်ဖျက်လက်နေကာ ထင်းရှီအား စိုက်ကြည့်နေသည် ။ သူမ၏ စိတ်ထဲတွင်လည်း မေးခွန်းများစွာရှိနေပုံရသည် ။

သို့သော် အချိန်ကောင်းမဟုတ်သေး၍ သူမ၏မေးခွန်းများကိုပြန်၍ မျိုသိပ်ထားလိုက်ရသည်။

“ မင်းတို့ကငါ့ရဲ့အကြောင်းတွေကိုလိုက်လံစုံစမ်းပြီးပြီ‌လား “

ထင်းရှီမှ မိန်းကလေးအား စူးစိုက်ကြည့်ကာမေးလိုက်သည်။ သူ၏မျက်လုံးများမှ ဓားတစ်စင်း၏အရောင်အဝါများတောက်ပနေကာ မိန်းကလေးအား အနည်းငယ်ယိမ်းယိုင်သွားစေသည် ။

“ ဟမ့် “

မျက်နှာဖုံးစွပ်လူမှ နှာခေါင်းတစ်ဖက်ရှုံ့၍ မိန်းကလေး၏ရှေ့၌ ပိတ်ရပ်ကာ ထင်းရှီအားပြန်၍ စူးစိုက်ကြည့်လိုက်သည်။

ထင်းရှီလည်း ရယ်မော၍ သူ၏အကြည့်ကိုပြန်သိမ်းလိုက်သည်။

“ အဟက် သခင်လေးက တိုက်ခိုက်ချင်နေတာလား ။ ရှင့်ရဲ့နာမည်က ထင်းရှီဆိုတာရယ် အရှေ့မြောက်ပိုင်းက သိုင်းသမားတစ်ယောက်ရယ် စီးတုမိသားစုက တတိယသားရယ်နဲ့ ကျန်းပိုမြို့မှာ သွေးသောက်ညီအစ်ကိုဖွဲ့ထားတာကိုလည်း ကျမတို့သိထားတယ်။

အဲဒီနောက်မှာ စီးမင်မြိုကသိုင်းလောကဆွေးနွေးပွဲကိုလာရင်းနဲ့ နဂါးစိမ်းဂိုဏ်းချူပ်ရဲ့သမီးနဲ့ပတ်သတ်ခဲ့တယ် ။

စီးမင်မြို့ကအပြန်မှာ မြစ်ဝါနဂါးဂိုဏ်းကလူနှစ်ရာကျော်ကိုသတ်ဖြတ်ပြီး ရှင်ဝူတန်းတောင်ပေါ်ကိုတတ်သွားခဲ့တယ် ။ အခု နှစ်နှစ်ကြာပြီးမှ ပြန်ဆင်းလာခဲ့တယ် ။

နောက်ပြီး ရှင်ဘယ်နေရာကလာတယ်ဆိုတာ ကျမတို့နည်းနည်းရိပ်မိထားတယ် “

မိန်းကလေးမှ ဘာမှမဖြစ်သည့်ဟန်ဖြင့် ပေါ့ပေါ့ပါးပါးရယ်မောကာပြောလိုက်သည်။ သို့သော် သူမ၏နောက်ဆုံးစကားမှာ လေးနက်နေသည် ။

ထင်းရှီလည်း အမူအယာပြောင်းလဲခြင်းမရှိသော်လည်း သူ၏စိတ်ထဲတွင်မူအနည်းငယ်တုန်လှုပ်နေသည်။ ထိုလူများမှအားကောင်းလှသည့်သတင်းကွန်ရက်တစ်ခုရှိကာ သူ၏လှုပ်ရှားမှုမှန်သမျှကို ထောက်လှမ်းမိနေသည်။

All Chapters