မတိုက်ခိုက်ဘဲ အနိုင်ရခြင်း
Vol. 2 Ch. 175
မိန်းကလေးမှ ထင်းရှီ၏အနည်းငယ်သတိထားသွားပုံရသည့်အခြေအနေကို ကောင်းစွာအကဲခပ်မိလိုက်သည်။
သူမ ခပ်ပြုံးပြုံးအမူအယာဖြင့် ချိုလွင့်စွာရယ်မောလိုက်သည်။
“ ဒါက ကျမတို့အင်အားရဲ့တစ်စိတ်တပိုင်းပဲရှိသေးတာပါ တကယ်လို့ ရှင်သာကျမတို့ဂိုဏ်းကို ဝင်မယ်လို့ကတိပေးရင် ရှင့်ကို ဘုရင်ငါးပါးအောက်မနိမ့်တဲ့ အဆင့်အတန်းမှာ ထားပေးမယ် “
သူမ၏လေသံမှာ ချိုသာသလို အကြည့်များက စူးရှတောက်ပလှသည်။ လှပဝိုင်းစက်နေသည့်မျက်ဝန်းများက ထင်းရှီ၏ဆုံးဖြတ်ချက်ကို စောင့်စားနေဟန်ဖြင့် စူးစိုက်ကြည့်နေသည်။
သူမ၏စကားကြောင့် ထင်းရှီကိုယ်တိုင်သာမက သူမ၏နောက်မှ ခရမ်းရောင်သွေးလဂိုဏ်းသားအချို့ပင် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
သူမ၏ကမ်းလှမ်းမှုမှာ မနည်းလှပေ။ ဆန့်ကျင်ဘက်အားဖြင့် လွန်စွာတန်ဖိုးကြီး၍နေသည် ။
ထိုလူများမှာ သူတို့ကိုယ်တိုင်က အဆင့်လွန်သိုင်းသမားများဖြစ်ကြ၍ ခရမ်းရောင်သွေးလဂိုဏ်း၏အကြီးအကဲအဆင့်အတန်းကို ရရှိထားသောကြောင့် မိန်းကလေး၏ကမ်းလှမ်းမှုတန်ဖိုးကို အခြားလူများထက်ကောင်းစွာသိသည်။
ခရမ်းရောင်သွေးလဂိုဏ်းတွင် ဘုရင်ငါးပါးမှာ ဂိုဏ်းချုပ်နှင့် သူ၏တပည့်ပြီးနောက် အုပ်ချုပ်သူများဖြစ်ကာ သူတို့ငါးဦးစလုံး၏သိုင်းပညာမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။
အလားတူ ဂိုဏ်းတွင်းမှသူတို့၏အဆင့်အတန်းများကြောင့် လက်ညှိုးညွန်ရာရေဖြစ်သည်ဟု ပြော၍ရနိုင်သည်။
မျက်နှာဖုံးစွပ်နှင့်လူမှာမူ မိန်းကလေး၏စကားများကြောင့် မည်သည့်အမူအယာမှဖြစ်ပေါ်ခြင်းမရှိဘဲ ထင်းရှီ၏ဆုံးဖြတ်မှုအား စိတ်မရှည်သလိုကြည့်ရှုနေသည် ။
ထင်းရှီလည်း အနည်းငယ်ကြောင်အမ်းသွားသော်လည်း သူ၏ဆုံးဖြတ်ချက်ကို လျှင်မြန်စွာချမှတ်လိုက်သည် ။
“ မင်းတို့ရဲ့စေတနာကို ကျုပ်ကျေးဇူးတင်ပါတယ် ။။ဒါပေမယ့် ကျုပ်လက်မခံပါရစေနဲ့ “
ဟုတ်ပေသည်။ ထင်းရှီနှစ်ခါပြန်စဉ်းစားစရာပင်မလိုပေ ။
ထိုခရမ်းရောင်သွေးလဂိုဏ်းမှာ သိုင်းလောကအတွင်း၌ အချိန်တိုအတွင်းထိုးတတ်လာသလို သူတို့၏အင်အားမှာလည်း သူပင်တိတိကျကျမခန့်မှန်းနိုင်ဘဲ လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည် ။
ထင်းရှီ၏ခန့်မှန်းချက်အရ သူ၏ရှေ့မှ မျက်နှာဖုံးစွပ်နှင့်လူမှာ ခရမ်းရောင်သွေးလဂိုဏိး၏ဘုရင်တစ်ပါး အနက် တစ်ယောက်ဖြစ်နိုင်ကာ သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် မိန်းကလေးမှအပ ကျန်လူများသည်လည်း အဆင့်လွန်သိုင်းအဆင့်သို့ရောက်နှင့်ပြီးကြပြီဖြစ်သည်။
ထိုအင်အားစုသည်ပင် သိုင်းလောကမှ ထိပ်တန်းအင်အားစုအချို့နှင့် နှိုင်းယှဉ်နေနိုင်ပြီဖြစ်သည်။ ဤသည်က သူတို့ခရမ်းရောင်သွေးလဂိုဏ်း၏အစိတ်အပိုင်းတစ်ခုသာဖြစ်ကာ ရေခဲတောင်၏ထိပ်ဖျားလေးဖြစ်နိုင်သည်။
သို့သော် သူတို့ဂိုဏ်းမှာ လွန်စွာအင်အားကြီးလှသလို လွန်စွာမှလည်း လျှို့ဝှက်ကာ သူတို့၏ရည်ရွယ်ချက်မှာ တိတိကျကျမသိရသေးဘဲ ယခုအချိန်အထိ မေးခွန်းထုတ်စရာဖြစ်နေသေးသည် ။
ထင်းရှီ၏ အလိုလိုသိစိတ်အရ များမကြာမီအချိန်တွင် ခရမ်းရောင်သွေးလဂိုဏ်းနှင့်စပ်လျင်း၍ သိုင်းလောကတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားေ့လိမ့်မည်။
အရေးအကြီးဆုံးအချက်က ထင်းရှီကိုယ်တိုင်မှာ မည်သည့်အင်အားစုမျိူးကိုမှမဝင်လိုဘဲ လွတ်လွတ်လပ်လပ်နေလိုသူဖြစ်သည်။
ထိုအချက်များကြောင့် ခရမ်းရောင်သွေးလဂိုဏ်း၏ကမ်းလှမ်းမှုကို သူနှစ်ခါပြန်စဉ်းစားခြင်းမပြုဘဲ ငြင်းပယ်လိုက်ရခြင်းဖြစ်သည် ။
“ ဟ ဟ မင်းကအခွင့်အရေးပေးတာကို အရမယူချင်ဘူးကိုး ကောင်းပြီလေ ငါ့ရဲ့လက်ဝါးဆယ်ချက်ကိုခုခံနိုင်ရင် မင်းကို ထွက်သွားခွင့်ပြုမယ် “
မျက်နှာဖုံးစွပ်နှင့်လူမှ လှောင်ပြောင်လိုသည်လေသံဖြင့်ပြောလိုက်သည်။ သူ၏စကားမှာ ဝံ့ကြွားပုံရသော်လည်း သူ၏အစွမ်းအစသည်လည်း မသေးလှပေ။
ထိုလူ၏သာမန်လက်ဝါးချက်ကလေးကပင် သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင်နိုင်သည့် ရှန်းယွင်ကို အရေးနိမ့်စေနိုင်သည် ။
ယခု ထင်းရှီနှင့်တိုက်ခိုက်မှုတွင်လည်း အစွမ်းကုန်အသုံးပြုမည်မှာ သေချာသလောက်ရှိသည်။
ခရမ်းရောင်သွေးလဂိုဏ်းမှ မိန်းကလေးမှာ တစ်စုံတစ်ရာပြောလိုပုံရသော်လည်း ပြောဆိုခြင်းမပြုတော့ဘဲ နောက်သို့ အသာဆုတ်နေလိုက်သည်။
မျက်နှာဖုံးစွပ်မှာ ဂိုဏ်းတွင်းအဆင့်အတန်းမြင့်မားလှကာ သူမကိုမျက်နှာသာပေးသော်လည်း သူမအမိန့်ပေးနိုင်သူမဟုတ်ပေ။
ရှန်းယွင်မှာမူ အနည်းငယ်ပူပင်နေဟန်ရသည့်မျက်လုံးလေးများဖြင့် ထင်းရှီအားကြည့်နေသည်။
သူမ၏စိတ်ကိုအနည်းငယ်ရိပ်စားမိသဖြင့် ထင်းရှီလည်း တစ်ချက်ပြုံးလိုက်ကာ ညသူမ၏အနီးသို့ကပ်၍ တီးတိုးပြောလိုက်သည်။
ထို့နောက် ရှန်းယွင်၏မျက်လုံးများမှာပြူးကျယ်ဝိုင်းစက်သွားကာ ထင်းရှီအား မယုံကြည်သလိုကြည့်လိုက်သည်။
နောက်ဆုံးတွင် ထင်းရှီနှင့်ဆယ်လှမ်းအကွာသို့ဆုတ်ကာ ရပ်နေလိုက်သည်။
“ ဆရာကြီး စပါ “
ထင်းရှီမှ မျက်နှာဖုံးစွပ်ကို လေးစားသည့်အမူအယာပြသလိုက်သည်။ မျက်နှာဖုံးစွပ်လည်း အေးစက်စက်နှာခေါင်းရှုံ့၍ အနိမ့်အမြင့်မရှိသည့်လေသံဖြင့်ပြောလိုက်သည်။
“ ကောင်လေး မင်းသာငါ့ရဲ့လက်ဝါးဆယ်ချက်ကို ခုခံနိုင်ရင် ... ဟမ် ဘာလဲ “
မျက်နှာဖုံးစွပ်၏စကားများမှာ တစ်ဝက်တပြတ်နှင့်ရပ်တန့်သွားကာ ထင်းရှီအား စိုက်ကြည့်နေသည်။
မျက်နှာဖုံးအောက်မှ သူ၏မျက်ဝန်းများသည်လည်း စူးရှနေသည် ။ ထို့နောက် အနည်းငယ်မတည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
“ မင်းက မင်းက ဓားဆန္ဒကိုနားလည်ထားတာလား “
ထင်းရှီမှာမူ သူ၏ခါးကြားမှဓားအားညာလက်တွင် ဆုပ်ကိုင်ထားကာ ခပ်ပြုံးပြုံးမျက်နှာဖြင့်ရပ်နေသည်။
သို့သော် သူ၏ခန္တာကိုယ်မှ ပြင်းထန်လှသည့်ဖိအားများထွက်ပေါ်နေကာ ဓားတစ်ချောင်းလို ထက်ရှသည့်အငွေ့အသက်များက ခရမ်းရောင်သွေးလဂိုဏ်းသားများကို ဖိအားပေးနေသည်။
ရှန်းယွင်မှာမူ အတော်လှမ်းလှမ်းတွင်ရပ်နေသောကြောင့်ဖိအားဒဏ်ကို များစွာမခံစားလိုက်ရပေ ။
သူမ၏ လှပသည့်မျက်လုံးလေးများက တဖျက်ဖျက်လက်နေကာ ထင်းရှီအား အံ့ဩစွာကြည့်ရှာနေသည်။
သူမနှင့်စာလျှင် ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ အခြေအနေဆိုးရွားနေသည်။
ထိုလူများမှာ ထင်းရှီနှင့်နီးကပ်စွာတည်ရှိသည့်အပြင် ထင်းရှီမှ သူတို့ကိုပစ်မှတ်ဖားခြင်းကြောင့်လည်း အသက်ပင်မရှူနိုင်အောင်ဖြစ်နေကြသည်။
ထိုလူများမှာ အဆင့်လွန်သိုင်းသမားများဖြစ်ကြသော်လည်း သူတို့၏လဲကျလုဆဲဆဲခန္တာကိုယ်များအား အတွင်းအားသုံး၍ ကြိုးစားထိမ်းချုပ်ထားကြကာ ထင်းရှီအားကြောက်လန့်စွာ ကြည့်ရှုနေကြသည်။
ထို့အပြင် သူတို့၏စိတ်ထဲတွင် ထင်းရှီမှာ အရာရာအား ပိုင်းဖြတ်နိုင်သည့် အလွန်ထက်ရှသည့်ဓားတစ်လက်နှင့်ဆင်တူနေကာ သူတို့၏ဦးခေါင်းများပင် ရွေးမြေပုင်ပေါ်ပြုတ်ကျသွားနိုင်သည့်ခံစားချက်ကို ရရှိနေကြသည်။
သူတို့ထဲတွင် မျက်နှာဖုံးစွပ်လူတစ်ယောက်သာ မည်သည့်အရာမှမဖြစ်သလို အမူအယာပြောင်းလဲခြင်းမရှိဘဲ ရပ်နေနိုင်သည်။
သို့သော် ထိုလူသည်လည်း စိတ်အတွင်းမှကြိတ်၍ ထိတ်လန့်နေသည်။
ထိုလူမှာ သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ဖြစ်သောကြောင့် ဓားဆန္ဒကိုပိုင်ဆိုင်ထားခြင်းအပေါ် အခြားလူများထက် ကောင်းစွာနားလည်သည်။
အကယ်၍ ထင်းရှီ၏နေရာတွင် ဓားဆန္ဒကိုပိုင်ဆိုင်ထားသည့် သူနှင့်သိုင်းအဆင့်တူလူတစ်ယောက်သာဆိုလျှင် နှစ်ခါပြန်စဉ်းစားခြင်းမပြုဘဲ ထွက်ပြေးရပေမည်။
သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ရှိပြီးသည့်အပြင် ဓားဆန္ဒကိုပါနားလည်ထားသူများ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူကောင်းစွာသိရှိသည် ။
သို့သော် ယခုလည်း ...
“ ဟူးးး.. မင်းကဒီအသက်အရွယ်နဲ့ဓားဆန္ဒကိုနားလည်ထားတာ မယုံကြည်နိုင်စရာဘဲ။ ကောင်းပြီလေ မင်းငါ့ရဲ့လက်ဝါးဆယ်ချက်ကို ခုခံနိုင်တယ် ။
တစ်ခုတော့ရှိတယ် မင်းကငါတို့ခရမ်းရောင်သွေးလဂိုဏ်းကို အတိုက်အခံသဘောမျိုးပြုထားတာဆိုတော့ ဂိုဏ်းချုပ်က ဒီအတိုင်းငြိမ်မနေလောက်ဘူး ။ နှမြောစရာတကယ်ကောင်းတာပဲ ကံကောင်းပါစေကောင်လေး “
ထိုလူမှ သက်ပြင်းတစ်ချက်ချကာ လှည့်ထွက်သွားလိုက်သည်။ သူ၏ဆုံးဖြတ်ချက်မှာ ပြက်သားလှသည်။
ကျန်ရှိနေသည့် ခရမ်းရောင်သွေးလဂိုဏ်းသားများအား တစ်ချက်ကလေးမှပင်လှည့်ကြည့်ခြင်းမရှိပေ။
ထင်းရှီမှ ဓားဆန္ဒကို ထုတ်ဖော်ပြသပြီးသည့်နောက် သူထင်းရှီအား အနိုင်ယူနိုင်စွမ်းမရှိမှန်းကို နားလည်သဘောပေါက်သည်။
ထို့ကြောင့် ထင်းရှီနှင့်အတိုက်အခံမပြုတော့ဘဲ ချက်ခြင်းလှည့်ထွက်သွားခြင်းဖြစ်သည်။
ကျန်ရှိနေသည့် ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ အမူအယာဆိုးဆိုးရွားရွားပျက်ယွင်းနေသည် ။
သို့သော် မျက်နှာတွင်ဇာပဝါနှင့်မိန်းကလေးမှာ အံ့ဩဖွယ်ကောင်းလောက်အောင်တည်ငြိမ်နေသည်။
“ ကောင်းပြီ မင်းတို့လည်းသွားလို့ရပြီ “
ထင်းရှီမှ သူ၏ဓားဆန္ဒအား ပြန်၍သိမ်းဆည်းကာလက်ကိုဝေ့ယမ်းလိုက်သောကြောင့် ထိုလူများမှာ လျှင်မြန်စွာပြေးလွှားသွားကြသည် ။
ထိုနေရာတွင် ထင်းရှီ ၊ ရှန်းယွင်နှင့် ခရမ်းရောင်သွေးလဂိုဏ်းမှ မိန်းကလေးတို့သာကျန်ခဲ့သည်။
“ ကျမနာမည်က စန်းလျှံပါ နောက်ထပ်ဆုံချင်ပါသေးတယ် “
မိန်းကလေးမှ ထင်းရှီအားဂါရဝပြုလိုက်သည်။ ထို့နောက် ထင်းရှီ၏အဖြေကိုစောင့်ဆိုင်းခြင်းမရှိဘဲ တောအုပ်အတွင်းဘက်သို့ ပြေးလွှားပျောက်ကွယ်သွားသည်။
“ စိတ်ဝင်စားစရာပဲ “
ထင်းရှီမှ သူမ၏နောက်ကျောအားကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်လိုက်ရာ သူ့ကို ထွင်းဖောက်မတတ်စူးစိုက်ကြည့်နေသည့် ရှန်းယွင်ကိုတွေ့လိုက်ရသည်။
ထင်းရှီမှာ ခရမ်းရောင်သွေးလဂိုဏ်းမှလူများကို ချွေးတစ်စက်မထွက်ဘဲရင်ဆိုင်နိုင်လိုက်သော်လည်း ရှန်းယွင်၏အကြည့်ကြောင့် နောက်ကျောပင်တွန့်သွားသည်။