ခေါင်းတုံးနှင့်ထိုလူငယ်
Vol. 2 Ch. 176
“ ရှင်ကျမကို ရှင်းပြဖို့အစီအစဉ်ကောရှိသေးရဲ့လား “
ရှန်းယွင်မှ မကျေမနပ်ဖြစ်နေသည့်လေသံဖြင့် နှာခေါင်းရှုံ့၍ မေးလိုက်သည်။
သူမ၏အသံမှာ တမင်လုပ်ယူထားခြင်းဖြစ်သည်ကို သိသာသော်လည်း ထင်းရှီမှာမချိပြုံးပြုံးလိုက်ကာ ခေါင်းကိုကုတ်လိုက်သည်။
ထို့နောက် မြစ်ဝါနဂါးဂိုဏ်းအား သူစတင်တိုက်ခိုက်သည့်အချိန်မှစ၍ ရှင်းပြလိုက်သည်။
သို့သော် အလယ်ပိုင်းဓားဘုရင်ကျန်းချန်းဟောင် လူ့ဂွစာမုချန်းတို့၏အကြောင်းကိုမူအသေးစိတ်ရှင်းမပြပေ။
ဤသည်မှာ သူရှန်းယွင်အား မယုံကြည်နိုင်၍မဟုတ်ဘဲ ပြောပြ၍လည်း အကျိုးထူးမည်မဟုတ်သောကြောင့် ချပ်လှန်ခဲ့ခြင်းဖြစ်သည် ။
ရှန်းယွင်မှာ ထင်းရှီ၏စကားများကို တေုက်ပနေသည့်မျက်ဝန်းများဖြင့် အာရုံစိုက်၍နားထောင်နေပြီး စူ၏စကားအဆုံးတွင် ထင်းရှီအား စေ့စေ့စပ်စပ်ကြည့်လိုက်ပြန်သည်။
“ ရှင်ကဘာလို့ဒီပုံစံနဲ့နေတာလဲ ။ ကျမကြားဖူးတာက အဖြူရောင်ဓားမိစ္ဆာထင်းရှီက အဖြူရောင်ဝတ်စုံကိုအမြဲတမ်းဝတ်ထားပြီး အနက်ရောင်မျက်လုံးတွေရှိတယ်တဲ့ ။ နောက်ပြီး သူ့ဆီမှာ ဆန်းကြယ်တဲ့ခရမ်းရောင်ဓားတစ်လက်လည်းရှိသေးတယ်တဲ့ “
ရှန်းယွင်မှ အနည်းငယ်ပဟေဠိဖြစ်နေသည့်လေသံဖြင့်မေးလိုက်သည်။ သူမ၏မေးခွန်းကြောင့် ထင်းရှီမှာ မျက်လုံးများပိတ်သွားသည်အထိ ရယ်မောလိုက်မိသည်။
“ ဟားးဟားး ငါကဝူတန်းတောင်ပေါ်မှာ နှစ်နှစ်နီးနီးနေခဲ့တာဆိုတော့ ဝူတန်းဂိုဏ်းသားဝတ်စုံကိုဝတ်ထားတာဆန်းသလား။
နောက်ပြီး ငါကဝူတန်းရဲ့တရားဝင်တပည့်တစ်ယောက်မဟုတ်ပေမယ့် ဝူတန်းနဲ့ နည်းနည်း ဆက်နွယ်မှုရှိတယ်။
အခုငါ့မျက်လုံးတွေကိုကြည့်လေ အဖြူရောင်ဖြစ်နေလို့လား “
ထင်းရှီ၏စကားကြောင့် ရှန်းယွင်မှာ သူ၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
သာမန်ထက်ပို၍နက်မှောင်နေသည့်မျက်လုံးအစုံမှာ ခံစားချက်တစ်စုံတစ်ရာကင်းမဲ့နေဟန်ရပြီး တည်ငြိမ်နက်ရှိုင်းသည့်ကန်ရေပြင်တစ်ခုနှင့်တူလှသည်။
ရှန်းယွင်လည်း ထင်းရှီအား အကဲခပ်၍မရသဖြင့် သက်ပြင်းတစ်ချက်အား မသိမသာချလိုက်ကာ အကြည့်လွှဲလိုက်သည်။
ထို့နောက် သူမတစ်ဦးတည်းငြိမ်သက်နေပြီး အတန်ကြာသည့်နောက် လှုပ်လှုပ်ရှားရှားဖြစ်လာပြန်သည်။
“ ရှင်က ဓားဆန္ဒကိုနားလည်ထားတဲ့ဓားသမားဆိုတော့ ဓားပညာတော်မှာပဲ ကျမကို ဓားသိုင်းသင်ပေးပါလား “
ရှန်းယွင်၏လေသံမှာ ပျော့ပြောင်းနေသလို သူမ၏အရည်လဲ့နေသည့်မျက်ဝန်းများက ထင်းရှီအား ငြင်းဆန်နိုင်စွမ်းကင်းမဲ့စေသည်။
သူမထင်းရှီ၏လက်မောင်းကိုကိုင်ကာ လှုပ်ခါ၍ ပြောလိုက်ပြန်သည်။
“ ကျမ ငယ်ငယ်လေးထဲက ဓားကိုဝံ့ဝံ့ကြွားကြွားကိုင်ပြီး သူရဲကောင်းဆန်ဆန်တိုက်ခိုက်တတ်တဲ့ဓားသမားတွေကို သိပ်ပြီးသဘောကျတာ ။
ကျမလည်း ဓားသိုင်းသင်ဖူးတာပဲ။ ဒါပေမယ့် ကျမကဓားသိုင်းထက် ဓားနှစ်လက်သိုင်းကို ပိုပြီးပါရမီပါတယ်။ ဒါပေမယ့် ကျမဓားသိုင်းကိုကျွမ်းကျွမ်းကျင်ကျင်တတ်ချင်နေတုန်းပဲ ရှင်သင်ပေးပါလား “
ရှန်းယွင်မှ ထပ်ခါထပ်ခါ တောင်းဆိုနေသည်။ ထင်းရှီလည်း အနည်းငယ်အခက်ကြုံကာ ဘေးဘီသို့ မသက်မသာကြည့်လိုက်မိသည်။
သူတို့ရောက်ရှိနေသည့်နေရာမှာ မြို့ငယ်လေးတစ်မြို့မှ မခမ်းနားသည့်တည်းခိုခန်းတစ်ခုတွင်ဖြစ်ကာ ဆိုင်ထဲတွင်စားသောက်နေသူအချိူ့ရှိသည်။
ထိုလူများမှာ လွန်စွာလှပသည့်ရှန်းယွင်ကို မျက်လုံးကျွတ်ကျမတတ်ကြည့်နေကြသည် ။ထို့အတူ သူတို့နှစ်ဦး၏ ဟန်အမူအယာကိုကြည့်၍ သူတို့၏မလိုလားသည့်အကြည့်များက ထင်းရှီပေါ်သို့ ဒိုင်ခံကျရောက်နေသည်။
ထိုလူများ၏အကြည့်စူးစူးများသာ ချွန်ထက်သည့်ဓားများဆိုပါက ထင်းရှီမှာ အစိတ်စိတ်အမွာမွာဖြစ်နေချေလောက်ပြီ။
သို့သော် ထင်းရှီနှင့်ရှန်းယွင်တို့မှာ သိုင်းသမားများဖြစ်ပုံရသဖြင့် ထိုလူများမှာ ပေါ်ပေါ်ထင်ထင်နှောင့်ယှက်ဝံ့ခြင်းမရှိကြဘဲ သူတို့၏မကျေနပ်မှုကို အကြည့်များဖြင့်သာ ဖော်ပြလျက်ရှိသည်။
ဆိုင်ထဲရှိသိုင်းလောကသားဖြစ်ဟန်တူသည့် မိန်းကလေးများသည်လည်း ကိုယ့်အာရုံနှင့်ကိုယ်ဖြစ်နေကြသည်။
များသောအားဖြင့် မိန်းမများမှာ မိမိထက်ပို၍လှသည့်လူအား မနာလိုစိတ်အနည်းငယ်ရှိတတ်ကြသည်။
သို့သော် ထိုမိန်းကလေးသုံးယောက်မှာ ရှန်းယွင်အားတစ်ချက်သာကြည့်၍ သူတို့အချင်းချင်း ပြောဆိုနေကြသညါ။
ထင်းရှီလည်း ရှန်းယွင်နှင့် နီးကပ်နေသည့် အနေအထားကြောင့် အနည်းငယ်စိတ်အိုက်လာကာ သူမ၏လက်ကို အသာဆွဲဖြုတ်လိုက်သည်။
“ ကောင်းပြီ ငါခန့်မှန်းထားသလောက်ဆိုရင် နောက်နှစ်ရက်လောက်နေမှ စီးမင်မြို့ကိုရောက်မှာ ။ လမ်းမှာ မင်းကိုငါ ဓားသိုင်းသင်ပေးမယ် ။
ဒါပေမယ့် ငါ့တတ်မြောက်ထားတဲ့ဓားသိုင်းတွေက အပြင်ကို သင်ပေးလို့မရတာများတယ် ။
ဒါကြောင့် မင်းရဲ့မိုးကြိုးဟိန်းသံဓားသိုင်းကို မင်းနဲ့လိုက်ဖက်မှုရှိအောင် ပြင်ဆင်သွားပေးမယ် “
ရှန်းယွင်မှာ ထင်းရှီမှ အနည်းငယ်နောက်တွန့်သွား၍ မကျေမနပ်ဖြစ်သွားသည် ။
သူမလိုသိုင်းပညာထူးချွန်ကာ လွန်စွာလှပသည့်မိန်းမလှလေးကို ကြိုက်နှစ်သက်သူများ သိုင်းလောကတွင်မြောက်များစွာရှိပေမည်။
သူမ၏ရှေ့ရှိလူကား သစ်သားရုပ်တစ်ရုပ်ကဲ့သို့ မထုံတတ်တေးပြုနေသောကြောင့် ရှန်းယွင်မှာ အနည်းငယ်မချင့်မရဲဖြစ်မိသည်။
သို့သော်လည်း ထင်းရှီ၏ သဘောတူသည့်စကားကြောင့် ရှန်းယွင်၏မျက်နှာလှလှလေးမှာ ပြုံးရွှင်သွားကာ ညမီးရောင်အောက်တွင် နတ်သမီးလေးတစ်ပါးကဲ့သို့ လှပလျက်ရှိသည်။
ဆိုင်ထဲသို့ လူတစ်ယောက်ဝင်၍လာသည်။ ထိုလူဝင်ရောက်လာသည်နှင့် ဆိုင်အတွင်းရှိလူအများမှု အာရုံစိုက်မိလိုက်ကြသည်။
ဆိုင်ထဲသို့ဝင်လာသူ၏အသွင်မှာလည်း လူအများကြားတွင်ထင်ရှားနေမည့်အသွင်ဖြစ်သည်။
ထိုလူမှာ အသက်အားဖြင့် များစွာကြီးမြင့်သေးခြင်းမရှိဘဲ အသက်နှစ်ဆယ်အရွယ်ရှိ ခန္တာကိုယ်ကြံ့ခိုင်တောင့်တင်းသည့်လူငယ်ဖြစ်သည်။
အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ အင်္ကျီလက်စနှစ်ဖက်တွင် သေးငယ်သည့်နဂါးတစ်ကောင်စီကို အဖြူရောင်ချည်ဖြင့်ထိုးထားသည် ။
လူငယ်၏မျက်နှာမှာ မဆိုးလှဘဲ တည်ကြည်သည့်ရုပ်သွင်ရှိသော်လည်း သူ၏ဦးခေါင်းထက်တွင် ဆံပင်မွှေးတစ်မျှင်မှမရှိဘဲ ခေါင်းတုံးဖြစ်နေသည် ။
ထိုအချက်များကြောင့် လူငယ်၏ပုံစံမှာ လးအများနှင့်ကွဲထွက်နေကာ တစ်ခါကြည့်ရုံမျှနှင့် သတိပြုမိပေလိမ့်မည်။
လူငယ်မှာ ဆိုင်ထဲသို့ရောက်သည်နှင့် လူများကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး သူ၏အကြည့်များက ထင်းရှီတို့နှင့်စားပွဲနှစ်လုံးအကျော်မှ မိန်းမပျိုများထံတွင်ရပ်တန့်သွားသည်။
ထို့နောက် သူ၏မျက်နှာမှာ ပြုံးရွှင်လာကာ စပ်ဖြဲဖြဲအမူအယာဖြစ်လာသည်။
လူငယ်၏အမူအယာမှာ မိန်းမပျိုလေးများအား အနှောင့်အယှက်ပေးနေသည့် ချမ်းသာသည့်သခင်လေးတစ်ယောက်နှင့်တူလှသည်။
ဆိုင်ထဲရှိလူများသည်လည်း ထိုလူငယ်အားမနှစ်မြို့သည့်မျက်လုံးများဖြင့်ကြည့်ကာ နှာခေါင်းရှုံ့လိုက်ကြသည်။
လူငယ်ကြည့်နေသည့်စားပွဲမှာ မာနကြီးဟန်ရသည့် အဖြူရောင်ဝတ်စုံနှင့်မိန်းမချောလေးသည်လည်း သူမ၏ဦးခေါင်းအားမော့ကာ တစ်ဖက်သို့လှည့်သွားသည်။
လူငယ်မှာ မိန်းမပျို၏မောက်မာသည့်ဟန်ကြောင့် သဘောကျစွာရယ်မော၍ ဆိုင်ထဲသို့ဆက်ဝင်လာသည်။ သို့သော် သူ၏ခြေလှမ်းများရပ်တန့်သွားကာ သူ၏မျက်လုံးများက ရှန်းယွင်အားကြည့်လိုက်မိကာ ငေးမော၍သွားသည်။
ရှန်းယွင်မှာမူ ထင်းရှီနှင့်စကားပြောနေ၍ ထိုလူငယ်အား သတိမပြုမိလိုက်သော်လည်း လူငယ်နှင့်မျက်နှာချင်းဆိုင်ဖြစ်နေသည့်ထင်းရှီကား ကောင်းစွာသတိပြုလိုက်မိသည်။
“ ဟဲ .. ဟဲ မိန်းကလေးကျုပ်ဒီမှာထိုင်မယ်နော် “
လူငယ်မှာ ထင်းရှီတို့စားပွဲသို့လျှင်မြန်စွာရောက်လာကာ ရှန်းယွင်အား ခွင့်တောင်းသည့်ပုံစံဖြင့်ပြောလိုက်သည်။
ရှန်းယွင်လည်း ထိုအခါမှလူငယ်အားသတိပြုမိသွားကာ တစ်စုံတစ်ရာပြောမည်ပြုသော်လည်း လူငယ်မှ မျက်နှာပြောင်ပြောင်ဖြင့် ဝင်ထိုင်နှင့်ပြီးဖြစ်သဖြင့် သူမ၏စကားများကို ပြန်မျိုချလိုက်ရတော့၏။
“ မိန်းကလေးက သိပ်ပြီးသဘောကောင်းတာပဲ ကျုပ်မြင်ဖူးသမျှ မိန်းမလှလေးတွေထဲမှာ မင်းကအလှဆုံးပဲ ။ ကျုပ်ကလည်း မိန်းမလှလေးတွေကို သဘောကျတယ် ဟဲ ဟဲ “
လူငယ်မှ ရှန်းယွင်အားချီးမွမ်းလိုက်ကာ တဟဲဟဲရယ်မောလိုက်သည်။ ရှန်းယွင်မှာမူ ထိုလူငယ်၏စကားကြောင့် မျက်နှာလေးမသိမသာမဲ့၍သွားကာ ချက်ခြင်းလိုလိုပင် ပြန်၍ ပြုံးရွှင်လာသည်။
“ ရှင်က ကျမကိုရိသဲ့သဲ့လုပ်ချင်ရင် ကျမရဲ့ရှေ့မှာထိုင်နေတဲ့ ကျမချစ်သူက ရှင့်ကို ရိုက်နှက်ပစ်မှာ မကြောက်ဖူးလား “
ရှန်းယွင်မှ ထင်းရှီအား မသိမသာကြည့်၍ ပြုံးရွှင်စွာဆိုလိုက်သည်။
လူငယ်မှာမူ ထင်းရှီအား တစ်ချက်ဝေ့ကြည့်ကာ လက်သီးလက်မောင်းတန်း၍ပြောလိုက်သည်။
“ ဟမ့် ကျုပ်ကိုဘယ်သူကရိုက်နိုင်မှာလဲ ကြည့်ရသေးတာပေါ့ ကျုပ်ရဲ့လက်ဝါးနှစ်ဖက်နဲ့ အဲဒီလူရဲ့ခေါင်းကို ဖရဲသီးတစ်လုံးလိုရိုက်ခွဲပြမယ် “
လူငယ်၏စကားမှာ ချိန်းခြောက်စကားဖြစ်သော်လည်း ရှန်းယွင်နှင့် ထင်းရှီမှာမူ မနေနနုင်ဘဲ ပြုံးလိုက်မိကြသည်။
ဆိုင်ထဲရှိလူများမှာမူ သူတို့ဝိုင်းသို့ စိတ်ဝင်တစားအကဲခပ်နေကြသည်။ မိန်းမလှလေးတစ်ယောက်အတွက် ယောင်္ကျားနှစ်ဦးခေါင်းတည်နေကြသည်မှာ သူတို့၏စိတ်ဝင်စားမှုကို ဆွဲဆောင်လျက်ရှိကြသည်။
သို့သော် သူတို့ထင်သလို ထိုနှစ်ယောက်ကား တိုက်ခိုက်ခြင်းမပြုကြပေ။
“ မိတ်ဆွေ ကျုပ်ရဲ့နာမည်ကထင်းရှီပါ “
ထင်းရှီမှ လက်သီးဆုပ်၍ အရိုအသေပေးရင်းပြောလိုက်သည်။
ထင်းရှီ၏အပြုအမူကြောင့်လူငယ်မှ အနည်းငယ်ကြောင်အသွားကာ ယောင်နနဖြင့် ပြန်၍ အရိုအသေပေးလိုက်သည်။
“ ဒါက မြေပြန့်သိုင်းလောကက အရိုအသေပေးနည်းလား “
လူငယ်မှ တစ်ဦးတည်းရေရွတ်သည့်ဟန်ဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့် ထင်းရှီနှင့် ရှန်းယွင်တို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည် ။
ထိုလူငယ်သူတို့အနီးသို့ရောက်လာစဉ်ထဲက မကောင်းသည့်ရည်ရွယ်ချက်ကို သူတို့မခံစားမိပေ။
လူငယ်၏စကားများမှာ အနည်းငယ်အူကြောင်ကြောင်နိုင်သော်လည်း သူ၏မျက်လုံးများက ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိဘဲ ဖြူစင်လျက်ရှိသည်။
ထို့ကြောင့်ပင် ရှန်းယွင်သည်လည်း ထိုလူငယ်အား စနောက်နေခြင်းဖြစ်သည်။
ထို့အပြင် ......
“ မိတ်ဆွေက နဂါးကိုးကောင်ချည်ထိုးထားတဲ့ဝတ်စုံဝတ်ပုဂ္ဂိုလ်နဲ့ ဘယ်လိုပတ်သတ်နေတာလဲ “
ထင်းရှီမှ လေသံကိုနှိမ့်၍မေးလိုက်သည် ။