← Chapters

နွေဦးရွက်‌ကြွေသိုင်းကွက်

Vol. 2 Ch. 179

နွေဦးရွက်‌ကြွေသိုင်းကွက်

Vol. 2 Ch. 179

မြေပြင်ပေါ်တွင် သစ်ကိုင်းခြောက်ငယ်မျှ အရွယ်အစားရှိသော မြွေလေးနှစ်ကောင်မှာ ထက်ပိုင်းပြတ်လျက် လူးလွန့်နေကြသည် ။

ထိုမြွေလေးနှစ်ကောင်မှာ ထက်ပိုင်းပြတ်လျက်ရှိသော်လည်း အသက်ကောင်းစွာမထွက်သေးပေ။ ထို့အတူ လွန်စွာအဆိပ်ပြင်းမည်မှာလည်း မေးနေစရာပင်မလိုပေ။

အကယ်၍ ထင်းရှီသာ ထိုမြွေနှစ်ကောင်အနက် တစ်ကောင်ကောင်၏ အစွယ်ဖြင့် ခြစ်ရာလေးပင်ထင်မိသော် ချက်ခြင်း တုံးခနဲလဲကျသွားမည်ဖြစ်သည်။

ထင်းရှီ၏မျက်နှာမှာတည်ကြည်သွားကာ သူ၏ရှေ့မှအဖိုးကြီးအား ခနဲ့သလိုပြောလိုက်သည် ။

“ အဆိပ်စံအိမ်ကလူတွေက အဆိပ်အမျိုးမျိုးကိုကျွမ်းကျင်ပြီးတော့ ဂုဏ်သတင်းကြီးကြပေမယ့် ခင်ဗျားကတော့ အလစ်တိုက်ခိုက်တတ်တာလား “

ထင်းရှီ၏စကားကြောင့် အဖိုးကြီးမှာ ပြုံးလိုက်ကာ မြေပြင်ပေါ်မှမြွေများအား ထိတ်လန့်ဟန်ဖြင့်ကြည့်လိုက်သည် ။ ထို့နောက် ကြက်သီးထဟန်ဖြင့်ပြောလိုက်သည်။

“ မြောင်နယ်ခြားက အဆိပ်ပြင်းလှတဲ့မြွေတွေပဲ တစ်ချက်အကိုက်ခံရတာနဲ့ ကျားတစ်ကောင်‌တောင်တုန်းခနဲလဲသွားနိုင်တယ်ဆိုပဲ “

သူ၏စကားမဆုံးမီပင် ထင်းရှီမှာ လှုပ်ရှားလိုက်သည်။ သူ၏ရှေ့တွင် နောက်ထပ်မြွေတစ်ကောင်မှာ ထက်ပိုင်းပြတ်သွားပြန်လေသည် ။

အဆိပ်ဘုရင်ဟူသည့်အဖိုးကြီးမှာ ဟန်ဆောင်ကောင်းလှသလို သူ၏အဆိပ်ဘုရင်ဆိုသည့်နာမည်နှင့်လိုက်အောင် အဆိပ်ပြင်းကာကောက်ကျစ်လှသည်။

ထင်းရှီလည်း သူ၏ဓားဆန္ဒအားသုံးကာ ချက်ခြင်းလိုလို ပျောက်ကွယ်သွားကာ အဖိုးကြီး၏ရှေ့သို့ရောက်ရှိသွားသည်။

ကောက်ကျစ်ကာအစွမ်းထက်သည့်ရန်သူမျိုးနှင့်ရင်ဆိုင်ရာတွင် ထိုသူတို့ကိုအချိန်ကြာကြာပို၍ အခွင့်အရေးပေးလေ မိမိရှုံးနိမ့်ရန်ပို၍ ရာခိုင်နှုန်းများလေလေဖြစ်၏ ။

ထင်းရှီ၏ဓားဆန္ဒအောက်တွင် သာမန်ထိပ်တန်းအ‌ဆင့်သိုင်းသမားတစ်ယောက်ပင် အတော်လေးဖိအားများမည်ဖြစ်သော်လည်း အဖိုးကြီးမှာ သိုင်းဝိဇ္ဇာတစ်ယောက်ပီသစွာ အေးအေးဆေးဆေးဖြင့်ရပ်‌နေနိုင်သည်။

ထင်းရှီ၏ခန္တာကိုယ်ပျောက်ကွယ်သွားသည်နှင့်အဖိုးအိုသည်လည်း နောက်ဘက်သို့ရွေ့လျားသွားသည် ။

ထိုအချိန်တွင် သူရပ်နေသည့်နေရာသို့ လူရိပ်တစ်ခုပေါ်လာကာ ဝင်းလက်သည့်ဓားချက်တစ်ခုအသံတိတ်ကျရောက်လာသည်။

သို့သော်အဖိုးကြီးကား နေရာတွင်မရှိတော့သည့်အတွက် ထင်းရှီ၏ဓားချက်မှာ မြေပြင်ပေါ်တွင် နှစ်တောင်ခန့်နက်ရှိုင်းသည့် အက်ကွဲကြောင်းကြီးဖြစ်ပေါ်သွားလေ၏ ။

အဖိုးကြီးမှာ ထင်းရှီ၏ဓားချက်ကိုရှောင်တိမ်းလိုက်ပြီးနောက် သူ၏မျက်နှာထက်တွင် သတိထားသည့်

အရိပ်အယောင်အချို့ပေါ်ထွက်လာသည်။

တစ်ဆက်တည်း သူ၏လက်နှစ်ဖက်ကိုလည်း လျှင်မြန်စွာလှုပ်ရှားလိုက်ရာ အင်္ကျီလက်စများက အသက်ဝင်နေကြသည့် မြွေနဂါးကြီးများသဖွယ် တဝုန်းတုန်းမည်ဟည်းလျှက် ထင်းရှီထံသို့ ဒေါသတကြီးတိုးဝင်သွားကြသည်။

“ ဝှစ် “

“ ဝုန်းး.. ဝုန်း... “

လေတိုးသံများနှင့်အတူ အတွင်းအားပေါက်ကွဲသံကြီးများ တဝုန်းဝုန်းမည်ဟည်းနေသည် ။

ထင်းရှီမှာ အားအင်ပြင်းထန်သည့်ဓားချက်များကို အသုံးပြုကာတိုက်ခိုက်နေခြင်းဖြစ်သော်လည်း အဖိုးကြီး၏ အားပြင်းလှသည့် အင်္ကျီလက်စများအောက်‌တွင် ပျောက်ကွယ်သွားရသည်။

အဖိုးကြီးသည်လည်း ကြောက်မက်ဖွယ်ကောင်းလှည့် သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ဖြစ်သည့်အတွက် သူ၏အတွင်းအားမှာ ထင်းရှီထက်ပင် အနည်းငယ်သာလွန်နေသည်။

ထို့အတူ သူ၏သိုင်းပညာသည်လည်း အားအင်ပြင်းထန်၍ လွန်စွာထက်မြက်လှရာ အကယ်၍ လွန်ခဲ့သည့်နှစ်နှစ်ခန့်ကထင်းရှီဆိုပါက အဖိုးကြီးကို ရှုံးနိမ့်သွားပေမည်။

သို့သော် ယခုအချိန်တွင်မူ ထင်းရှီ၏ဓားပညာသာမက အတွင်းအားနှင့် ကိုယ်ဖော့ပညာပါ များစွာတိုးတက်လာသည့်အတွက် အနည်းငယ်သာအရေးနိမ့်၍ လုံးဝအောက်စည်းသို့ရောက်ရှိခြင်းမရှိပေ။

အထူးသဖြင့် သူ၏လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုယ်ဖော့ပညာမှာ လွန်ခဲ့သည့်နှစ်နှစ်ကပင် ဒုတိယအဆင့်ကိုလုံးဝအောင်မြင်ပြီးဖြစ်ရာ ယခုအချိန်တွင် သိုင်းဝိဇ္ဇာအဆင့်အဖိုးကြီးပင် သူ၏လှုပ်ရှားမှုများကို သဲကွဲစွာမမြင်ကဘဲ ဝေဝေဝါးဝါးသာမြင်ရ၏ ။

“ လက်ဝါးအဖိုးကြီးကိုနောက်ဆုတ်စေနိုင်ပုံထောက်ရင် မင်းရဲ့သိုင်းပညာက ဒီလောက်ပဲဆိုတာကို ငါမယုံနိုင်ဘူး “

အဖိုးကြီးမှ တိုက်ခိုက်နေရင်းဖြင့် ထင်းရှီအားပြုံး၍ ဆိုလိုက်ကာ သူ၏တိုက်ကွက်များကို အရှိန်မြင့်လိုက်သည်။

အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသော်လည်း အဖိုးကြီးမှာ ပုံမှန်လေသံပင်ဖြစ်နေကာ အေးဆေးသည့်ပုံသဏ္ဍာန်မှာ မသိလျှင် လက်ရည်စမ်းတိုက်ခိုက်နေသည့်နှင့်ပင်တူလှသည်။

သို့သော် သူနှင့်တိုက်ခိုက်နေသည့်ထင်းရှီမှာမူ အဖိုးကြီး၏သိုင်းကွက်များမည်မျှပြင်းထန်သည်ကို ရှင်းရှင်းလင်းလင်သိရှိနေသည်။

အကယ်၍ အဖိုးအို၏သိုင်းကွက်တစ်ခုသာထိမိပါက အဆင့်လွန်သိုင်းသမားတစ်ယောက်ပင် အပိုင်းပိုင်းအစစဖြစ်သွားပေမည်။

ထင်းရှီလည်း လေထဲသို့ခုန်တက်၍ သူ၏အထီးကျန်ဓားသိုင်းထဲမှ အပြင်းထန်ဆုံးဓားကွက်ဖြင့် အောက်ဆီသို့ ခုန်ပိုင်းချလိုက်သည်။

“ တောင်နှင့်မြစ်အား ပိုင်းဖြတ်ခြင်း “

ကောင်ကင်နှင့်ပြည့်လုနီးနီးထင်ရသည့် ဓားရိပ်ကြီးမှာ အဖိုးကြီးထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက်လာသည်။

ယခုအကြိမ်တွင်မူ အဖိုးကြီး၏မျက်နှာတည်ငြိမ်သွားကာ သူ၏လက်နှစ်ဖက်အား ဖြေးညင်းစွာ ဝေ့ယမ်းလိုက်သည် ။

“ နဂါးနက်ဒေါသရိုက်ချက် “

အနက်ရောင်အတွင်းအားလှိုင်းကြီးများမှာ နဂါးနက်ကြီးနှစ်ကောင်ပမာ ထင်းရှီ၏ဓားအရိပ်ကြီးကို ဝါးမြိုဖျက်ဆီးရန်ကြိုးပမ်းနေကြသည်။

အကယ်၍ ထင်းရှီသာ ဓားဆန္ဒကို နားလည်ထားခြင်းမရှိပါက သူ၏ဓားကွက်မှာ အဖိုးကြီး၏နဂါးနက်နှစ်ကောင်နှင့် မည်သို့မှနှိုင်းယှဉ်နိုင်စွမ်းရှိမည်မဟုတ်ပေ။

သို့သော် ယခုအခါ ဓားဆန္ဒကိုပါအသုံးပြုထားသည့်ဓားချက်ကို လုံးဝဖျက်ဆီးနိုင်ခြင်းမရှိဘဲ တိုက်ခိုက်မှုနှစ်ဖက်စလုံးမှာ ပျက်ပြယ်သွားကြလေသည်။

“ ဟားးဟားး... အခုမှ ထိပ်သီးစာရင်းနံပါတ်တစ်သိုင်းသမားဆိုတဲ့ဂုဏ်ပုဒ်နဲ့ညီတာ “

အဖိုးကြီးမှ ဆက်လက်တိုက်ခိုက်ခြင်းမပြုသေးဘဲ စကားစစ်ထိုးနေပြန်သည်။

ထင်းရှီမှာမူ သက်ပြင်းတစ်ချက်ချကာ သူ၏ဓားကို တစ်ချက်ဝေ့ယမ်း၍ အောက်ကိုခပ်စိုက်စိုက်အနေအထားသို့ပြောင်းလဲလိုက်သည်။

“ ဒီနှစ်ပိုင်း‌တွေမှာ ကျူပ်ဖန်တီးထားတဲ့ဓားသိုင်းအသစ်ကိုအသုံးပြုရမယ့်ပြိုင်ဘက်က ခင်ဗျားဖြစ်နေမယ်လို့ ထင်မထားဘူး “

ထင်းရှီ၏စကားကြောင့် အဖိုးကြီးမှာ မျက်ခုံးပင့်၍သွားသည် ။သို့သော် သူစကားပြောချိန်ပင်မရလိုက်ပေ။ ထင်းရှီမှ ခြေတစ်ချက်ဆောင့်၍ ‌သူ၏နေရာမှ ပျောကိကွယ်သွားပြန်သည်။

“ အရိုးဖြူလက်ချောင်းသိုင်း “

အဖိုးအို၏ ချောက်ကပ်ပိန်လှီသည့်လက်ချောင်းများမှာ ဝတ်ရုံလက်စအောက်မှ ထွက်ပေါ်လာကာ လေ၏အလျှင်ဖြင့် ဘေးတစ်နေရာသို့ ထိုးစိုက်ချလိုက်သည်။

သူ၏လက်ချောင်းများမှာ သာမန်ထက်များစွာ ပိန်လှီနေရုံသာမက သွေးမရှိသလို ဖြူလျော်နေသည်။ ထို့အပြင် ညှီစို့စို့အနံ့တစ်မျိူးပါ လေထုထဲတွင် ထောင်းခနဲထသွားသည်။

အဖိုးအိုတိုက်လိုက်ခိုက်လိုက်သည့်နေရာတွင် ထင်းရှီ၏ခန္တာကိုယ်ပေါ်ထွက်လာကာ စတင်တိုက်ခိုက်ခြင်းမပြုသေးဘဲ ခန္တာကိုယ်ကို ဝေ့ယမ်း၍ တိမ်းရှောင်နေပြန်သည်။

သို့သော် ထင်းရှီ၏နောက်သို့ လက်ချောင်းရိပ်များစွာလိုက်ပါလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်သွားသည်ဟုပင် ထင်ရသည်။

ယခုတစ်ကြိမ်အဖိုးအို၏တိုက်ခိုက်မှုများမှာ ယခင်အသုံးပြုသည့် အင်အားကြီးမားသည့်သိုင်းပညာထက် အဆပေါင်းများစွာ ပို၍အန္တရာယ်ရှိကာ သူ၏အသက်ကို အချိန်မရွေးနုတ်ယူတော့မည့်ပုံပေါ်သည်။

အရိုးဖြူလက်ချောင်းသိုင်းမှာ အဖိုးအို၏အားအထားရဆုံးသိုင်းပညာဖြစ်ပုံပေါ်ကာ လျှင်မြန်ခြင်းနှင့် အားအင်ပြင်းထန်ခြင်းကို အသားပေးထားသည် ။

အဖိုးအို၏လက်ချောင်းများမှာ လေထုကို တရွှီးရွှီးဖြင့်ပိုင်းဖြတ်နေကာ မရဏမင်း၏ ထက်မြက်သည့်ဓားသွားများအလားထင်ရစေသည်။

ထို့အပြင် ပိန်ကပ်ကပ်အဖြူရောင်လက်ချောင်းများမှ ညှီစို့စို့အနံ့ကြီးမှာ အလွန်ပြင်းထန်သည့်အဆိပ်တစ်မျိုးမျိုးဖြစ်ပုံရသည်။

ထင်းရှီလည်း အဖိုးအို၏လက်‌ချောင်းသိုင်းကို လေ့လာပြီးသည်နှင့် ပြန်၍ တိုက်စစ်ဆင်လိုက်သည်။

သို့သော် သူ၏ဓားကွက်များမှာမူ များစွာလျှင်မြန်ခြင်းမရှိဘဲ ‌အနည်းငယ်နှေးကွေးသည်ဟုပင်ထင်ရလေသည်။

ထို့အပြင် ဓားကွက်တိုင်းတွင် အားအင်များစွာစိုက်ထုတ်ထားခြင်းမရှိဘဲ ငြင်သာကာ ပေါ့ပါးလှည်။ ဤသည်ကား ထင်းရှီအသစ်ဖန်တီးထားသည့် သုံးရာသီဓားသိုင်းမှ နွေဦးရွက်‌ကြွေသိုင်းကွက်ဖြစ်သည်။

ထူးဆန်းသည်ကား ထိုနှေးကွေးငြင်သာသည့်ဓားကွက်များထွက်ပေါ်လာသည်နှင့် အဖိုးအို၏တိုက်ခိုက်မှုများမှာ သေမင်းရွှံ့ညွံထဲသို့ကျရောက်သွားသည်ကဲ့သို့ ထိမ်းချုပ်ခြင်းခံလိုက်ရသလိုအားအင်များစွာ စိုက်ထုတ်လာရပုံပေါ်သည် ။

အမှန်မှာ ထင်းရှီ၏ပေါ့ပါးငြင်သာသည့်ဓားကွက်များမှာ အဖိုးအို၏လျှင်မြန်ကြောက်မက်ဖွယ်ကောင်းလှသည့်လက်ချောင်းသိုင်းကိုလုံးဝထိမ်းချုပ်နိူင်စွမ်းရှိကာ ထင်းရှီမှအသာစီးဖြင့်ပင်တိုက်ခိုက်နိုင်သည်။

ထို့အပြင် အဖိုးအိုမှာ အချိန်ကြာလာသည်နှင့်အမျှ ပို၍အခြေအနေဆိုးရွားလာကာ သူ၏အားသာချက်ဖြစ်သည့် ကြီးမားသည့်အတွင်းအားများပင် အသုံးဝင်ပုံမရပေ။

သူ၏လက်ချောင်းသိုင်းထဲသို့ အတွင်းအားများစွာထည့်သော်လည်း ထည့်လိုက်သည့်အတွင်းအားများမှာ ပျောက်ပြယ်သွားပုံပေါ်ကာ ထင်းရှီအား ဒုက္ခပေးနိုင်ခြင်းမရှိပေ။

ထို့ကြောင့်ပင် အဆိပ်ဘုရင်အမည်ခံထားသည့်အဖိုးအိုမှာ အချိန်ကြာလေ ပို၍ ထိတ်လန့်လာလေလေဖြစ်ကာ ပို၍အရေးနိမ့်လာ‌၏။

“ ဝှစ် “

အဖိုးအိုမှာ တိုက်ခိုက်နေရင်း ဝါးတစ်ရိုက်အကွာသို့ခုန်ဆုတ်ကာ ဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ပေ။

ထို့အပြင် ထင်းရှီအားလက်သီးဆုပ်၍ပင်အရိုအသေပေးလိုက်သေးသည် ။

“ သူရဲကောင်းလေး မင်းကအသက်ငယ်သေးပေမယ့် ငါတို့လိုလူအိုကြီးတွေကိုတောင်အနိုင်နိုင်တဲ့အထိ သိုင်းပညာကောင်းလှပါပေတယ်။ ကျုပ်အဆိပ်ဘုရင် ကျေကျေနပ်နပ်ကြီးအရှုံးပေးပါတယ် “

ထင်းရှီမှာ အဖိုးအို၏လေသံနှင့် ရိုကျိုးသည့်ဟန်ပန်ကြောင့် ကြောင်အမ်းအမ်းဖြစ်သွားသည် ။

အဖိုးအိုကိုလည်း လိုက်လံတိုက်ခိုက်ခြင်းမပြုသေးဘဲ သတိထား၍ စောင့်ကြည့်နေလိုက်သည်။

သူတို့နှစ်ယောက်ကြားရှိအကွာအဝေးမှာ အဖိုးကြီးတစ်ခုခုကြံစည်လိုလျှင်ပင် မလွယ်ကူလှပေ။ ထို့အပြင် ထိုအဖိုးအိုမည်သည့်အရာများကြံစည်နေသည်ကို သူစောင့်ကြည့်လိုသေးသည် ။

All Chapters