← Chapters

အပြင်ပိုင်းခန္တာကိုယ်ကျင့်စဉ်

Vol. 2 Ch. 178

အပြင်ပိုင်းခန္တာကိုယ်ကျင့်စဉ်

Vol. 2 Ch. 178

“ ထန် ထန် “

အသံနှစ်ခုထွက်ပေါ်လာပြီးနောက် ပြောင်လက်သည့်အရာဝတ္ထုလေးနှစ်ခုမှာ သစ်ပင်ထက်မှ ဘေးဘက်ဆီသို့ လွင့်စင်သွားသည်။

ထို့နောက် ကျောက်စိမ်းရောင်ဝတ်စုံနှင့် အသက်ရှူမှားလောက်အောင် လှပသည့်ပုံရိပ်လေးတစ်ခုမှာ သစ်ပင်ထက်မှ ပေါ့ပါးစွာကျဆင်းလာသည်။

သစ်ပင်ထက်မှ မိန်းမပျိုလေးမှာ ပေါ့ပါးလှသဖြင့် ငှက်မွှေးလေးတစ်ခု လေနှင့်အတူလွင့်လာသလိုပင်ထင်ရလေသည်။

သို့သော် သူမ၏လှုပ်ရှားမှုမှယ အတော်လေးမြန်ဆန်ကာ ထင်းရှီ၏ဘေးသို့ မျက်စေ့တစ်မှိတ်အတွင်း ရောက်ရှိသွားသည်။

သူမ၏သေသပ်အဆင့်မြင့်လှသည့်လှုပ်ရှားမှုနှင့်နှိုင်းယှဉ်လိုက်ပါက ခပ်စောစောမှ အနက်ရောင်ဝတ်စုံနှင့်အရိပ်တပ်ဖွဲ့မှလူ၏လှုပ်ရှားပုံမှာ ဆီနှင့်ရေပမာကွာခြားလှသည်။

ထင်းရှီကား မျက်ခုံးအနည်းငယ်တွန့်ချိုးကာ သူမအား တစ်ချက်စိုက်ကြည့်လိုက်သည်။

သူမသူ၏နောက်သို့လိုက်လာသည်ကို ရိပ်စားမိလိုက်သော်လည်း ယခုအချိန်တွင်မူ တိုက်ပွဲအတွင်းသို့ဝင်ပါတော့မည့်ပုံရသည် ။

ထိုသို့ဝင်ပါရစေရန်လည်း တစ်ဖက်မှအဘိုးအိုမှ ဆွဲသွင်းလိုက်သည်မဟုတ်ပါလား ။

ရှန်းမိန်မှာမူ တစ်စုံတစ်ရာပြုလုပ်မထားသည့်အသွင်ဖြင့် အပြစ်ကင်းစင်သည့်ဟန်ရှိနေသည်။

သူမ၏မျက်လုံးလေးများကမူ တလက်လက်တောက်ပနေကာ အဖိုးအိုအားဒေါသတကြီးစိုက်ကြည့်နေသည်။

“ ဟဲ ဟဲ ငါမင်းရဲ့ဘေးနားကလူတွေကို စုံစမ်းထားပါတယ်ကွ ။ မိန်းကလေး မင်းကလေဟုန်သခင်ရဲ့တပည့်ဖြစ်ပေမယ့် ငါတို့လမ်းကြောင်းကို ခဏခဏလာပိတ်နေရင်တော့ မသက်ညှာနိုင်ဘူးနော် “

အဖိုးအိုမှ ရှန်းယွင်အားရည်ရွယ်၍ ပြောလိုက်ခြင်းဖြစ်ကာ စကားဆုံးသည်နှင့် သူ၏လေသံမှာ ပို၍ အေးစိမ့်သွားသည်။

ရှန်းယွင်မှလည်း စကားအရာတွင်ပင် တစ်စက်ကလေးမှအကျောမခံပေ။ လှပသည့်ချယ်ရီရောင်နှုတ်ခမ်းလေးများကိုစုကာ တရစက်ပြောလိုက်သည်။

“ ရှင်ကကျမကိုချိန်းခြောက်နေတာလား အဖိုးကြီး ကျမရဲ့ဆရာတွေသာသိရင် ရှင့်ကို သုံးပိုင်းဆွဲဖြဲပစ်မှာ ။

ဒါပေမယ့် အခုလည်း ကျမက ရှင့်ကိုအသာအယာပဲအနိုင်ယူနိုင်သေးတယ်။ ရှင့်ရဲ့ အိုမင်းနေတဲ့အသက်လေး ရှည်ရှည်နေချင်ရင် အခုလှည့်ပြန်သွားလိုက် “

ရှန်းယွင်၏စကားစစ်ထိုးမှုမှာ ထိရောက်သည်ဟုဆိုရပေမည်။

အဖိုးအိုမှာသူ၏သိုင်းပညာ သူ၏ဝါစဉ်အရ ယခုလိုစော်ကားပြောဆိုမှုကိုမခံဖူး၍ မျက်နှာကြီးမည်းမှောင်သွားသည်။

ထို့နောက် နောက်လှည့်မကြည့်ဘဲ အေးစိမ့်နေသည့်လေသံဖြင့် အံကိုကြိတ်၍ အမိန့်ပေးလိုက်သည်။

“ မင်းတို့နှစ်ယောက် သူ့ကိုသတ်လိုက် “

အဖိုးအို၏နောက်မှ ထွားကျိုင်းသည့်လူငယ်နှစ်‌ယောက်မှာ ရှန်းယွင်ဆီသို့ ပြေးသွားကြသည် ။

အဖိုးအိုကမူ ထင်းရှီကို အလွတ်မပေးဘဲ စွေစောင်းနေသည့်မျက်လုံးများဖြင့် မြွေဟောက်တစ်ကောင်လို အန္တရာယ်ရှိစွာစူးစိုက်ကြည့်နေသည်။

ထိုနှစ်ဦးမှာ သိုင်းပညာမဆိုးလှသော်လည်းထိပ်တန်းလွန်သိုင်းအဆင့်သာရှိနေသေးပေသည်။

ရှန်းယွင်မှာ အဆင့်လွန်သိုင်းသမားတစ်ယောက်ဖြစ်သည့်အတွက် သူမအားတိုက်ခိုက်ရန် မည်သည့်အတွက်ထိုနှစ်ယောင်ကို စေလွှတ်မှန်းမခန့်မှန်းနိုင်ပေ။

ထင်းရှီလည်း တစ်စုံတစ်ရာလှုပ်ရှားမှုမပြုဘဲ အသာရပ်၍စောင့်ကြည့်နေလိုက်သည်။

ရှန်းယွင်လည်း တစ်ဖက်မှလူနှစ်ယောက်၏သိုင်းအဆင့်ကိုသိသည်နှင့် သူမ၏မျက်နှာထက်တွင် အေးစက်လှပသည့်အပြုံးတစ်ခုထွက်ပေါ်လာသည်။

ထို့နောက် ထိုနှစ်ယောက်အားအလျှင်အမြန်အဆုံးသတ်ပေးရန် ရှေ့သို့‌လျှင်မြန်စွာရွေ့လျားလိုက်သည်။ ထို့အတူ သူမ၏လက်နှစ်ဖက်သည်လည်း ရိပ်ခနဲလှုပ်ရှားလိုက်သည်။

သူမ၏ခန္တာကိုယ်မှာ အရိပ်တစ်ခုလိုပျောက်ကွယ်သွားကာ လူငယ်နှစ်ယောက်၏ကျောဘက်သို့ရောက်ရှိသွားသည်။

တစ်ဆက်တည်းသူမ၏ဓားနှစ်လက်သည်လည်း လူငယ်နှစ်ယောက်၏နောက်ကျောကို ထိုးစိုက်ပြီးဖြစ်ချေသည်။ သို့သော် သူမမျှော်လင့်ထားသလို နာကျင်စွာအော်ဟစ်လိုက်သံများ ထွက်ပေါ်မလာပေ ။

“ ချွမ် ချွမ် “

သံကိုသံချင်းထိခတ်သံကဲ့သို့ထွက်ပေါ်လာကာ သူမ၏လက်နှစ်ဖက်ပင်အနည်းငယ်ထုံကျင်သွားသည်။

ရှန်းယွင်မှာ မျက်လုံးလေးဝိုင်းသွားကာ အံ့အားသင့်သွားသည်။ ဘေးမှရပ်ကြည့်နေသည့်ထင်းရှီပင် အံ့ဩရိပ်အနည်းငယ်ဖြတ်ပြေးသွားသည်။

ထိုနှစ်ယောက်မှာ အပေါ်ပိုင်းဗလာကျင်းထားသည့်အတွက် ဓားလှံကိုခုခံနိုင်သည့်ချပ်ဝတ်တစ်စုံတစ်ရာဝတ်ဆင်မထားကြောင်းထင်ရှားပေသည် ။

ထို့ကြောင့်ဖြစ်နိုင်ချေတစ်ခုမှာ ထိုလူငယ်နှစ်ယောက်မှာ ဓားလှံမတိုးနိုင်သည့် ရှောင်လင်မှသံမဏိခန္တာကျင့်စဉ်ကဲ့သို့ ပြင်းထန်သည့်အပြင်ပိုင်းသိုင်းပညာတစ်ခုခုကို လေ့ကျင့်ထားခြင်းဖြစ်ရပေမည်။

ကိုယ်တိုင်တိုက်ခိုက်နေရသည့်ရှန်းယွင်မှုမး များစွာအံ့သြချိန်မရလိုက်ပေ။ လူငယ်နှစ်‌ယောက်မှ ချက်ခြင်းလိုလိုနောက်လှည့်လာကာ အံ့အားသင့်နေသည့်ရှန်းယွင်ကို လက်ဝါးတစ်ချက်စီ ရိုက်ထုတ်လိုက်သည်။

“ ဟူးးဟူးးး “

လေခွင်းသံပြင်းထန်စွာထွက်ပေါ်လာသော်လည်း လက်ဝါးရိုက်ချက်နှစ်ခုမှာ လေထုကိုသာရိုက်မိသွားသည်။

ထိုအချိန်တွင် ရှန်းယွင်မှာ အနောက်ဘက်ခြေငါးလှမ်းအကွာသို့ ထူးဆန်းစွာရှောင်တိမ်းသွားပြီဖြစ်သည်။

သူမဒဏ်ရာတစ်စုံတစ်ရာမရရှိသော်လည်း ယခုလို သူမထက်သိုင်းပညာအဆင့်နိမ့်သည့်လူများထံမှ အသေအလဲရှောင်တိမ်းလိုက်ရသဖြင့် သူမ၏မျက်နှာလေးမှာ ဖြန်းခနဲ နီရဲသွားကာ ရှက်ဒေါသထွက်သွားသည် ။

သူမယခုလိုဖြစ်သွားရခြင်းမှာ သူမ၏သိုင်းပညာနိမ့်ကျ၍မဟုတ်ဘဲ တစ်ဖက်လူအား အထင်အမြင်သေးထားခြင်းနှင့် ရုတ်တရက်အံ့ဩသွားခြင်းကြောင့်သာဖြစ်သည်။

သို့သော် ရှန်းယွင်လိုဥာဏ်ကောင်းသည့်မြေခွေးမလေးမှာ တူညီသည့်အမှားကို နောက်ထပ်တစ်ကြိမ်ထပ်မံလုပ်မည်မဟုတ်တော့ပေ။

“ ဝှစ် “

ရှန်းယွင်၏ခန္တာကိုယ်မှာ နောက်ထပ်တစ်ကြိမ်မှုန်ဝါးသွားကာ ပျောက်ကွယ်သွားပြန်သည် ။

လေထုထဲတွင်မူ အလင်းရောင်များ လက်ခနဲ ဖြစ်သွားကာ ဓားနှစ်လက်မှာ လူငယ်နှစ်ယောက်၏ပျော့ကွက်နေရာများသို့တိုးဝင်သွားသည် ။

ပျော့ကွက်ဟုဆိုရာတွင် သာမန်သိုင်းသမားများအတွက် ဓားလက်နက်နှင့်ရင်ဆိုင်ရာတွင် အရေးကြီးသည့်သေကွင်းသေကွက်နေရာများသာမက သာမန်ခန္တာကိုယ်အစိတ်အပိုင်းများကိုပင် မထိခိုက်စေရန် အတတ်နိုင်ဆုံး ခုခံရှောင်တိမ်းကြ၏ ။

သို့ရာတွင် သံမဏိခန္တာကိုယ်ကျင့်စဉ်ကဲ့သို့ အပြင်ပန်းခန္တာကိုယ်ကျင့်စဉ်တစ်ခုခုကိုလေ့ကျင့်ထားသည့်သိုင်းသမားများကို ထိခိုက်ဒဏ်ရာရ‌စေရန်လွန်စွာခဲယဉ်းလှသည် ။

ထိုသူများကို တိုက်ခိုက်ရာတွင် အကောင်းဆုံးမှာ ရတနာစာရင်းဝင် လက်နက်တစ်မျိုးမျိုးဖြင့် တိုက်ခိုက်ရန်ပေတည်း ။

နောက်ထပ်တစ်နည်းမှာ ကိုယ်တွင်းအင်္ဂါများကို ကြေမွသွားစေရန် အားကောင်းလှသည့်ထိုးနှက်ချက်များဖြင့်တိုက်ခိုက်ရန်ဖြစ်သည်။

ထိုနည်းနှစ်ခုလုံးအသုံးမပြုပါက မျက်လုံး၊မျက်နှာအစိတ်အပိုင်းများ ၊ လည်ဇလုပ် ၊ နံကြား ၊ တံကောက်ခွက် စသည့် ခန္တာကိုယ်၏ပျော့ကွက်နေရာများကိုတိုက်ခိုက်ရန်ဖြစ်သည်။

ရှန်းယွင်၏တွက်ချက်မှုမှန်ကန်လှသည်။

ဉာဏ်များသည့် မြေခွေးမလေးမှာ ချက်ချင်းလိုလို သူမ၏တိုက်ခိုက်မှုကို ပြောင်းလဲလိုက်ရာ သူမနှင့်တိုက်ခိုက်နေသည့်လူငယ်များကို ထိုနေရာများကို မထိခိုက်စေရန် ရှောင်တိမ်းခြင်း ၊ ခုခံခြင်းဖြင့်အလုပ်များသွားသည်။

လူငယ်တစ်ယောက်မှ သူ၏မျက်လုံးဆီသို့ ရိပ်ခနဲပြေးဝင်လာသည့်ဓားချက်ကို နောက်သို့ ကမန်းကတန်းဆုတ်၍ ရှောင်တိမ်းလိုက်ကာ ကျန်တစ်ယောက်မှာ သူ၏နံကြားဆီသို့ ဝီးခနဲဝင်လာသည့်ဓားအား လက်မောင်းဖြင့်ကာကွယ်လိုက်သည်။

သံကိုသံချင်းခုတ်ထစ်မိသံထွက်ပေါ်လာကာ လူငယ်၏လက်မောင်းမှာ မည်သို့မှမဖြစ်သော်လည်း အတွင်းအားကွာခြားမှုကြောင့် နောက်သို့ ခြေသုံးလှမ်းဆုတ်ပေးလိုက်ရသည်။

ရှန်းယွင်၏လှပသည့်နှုတ်ခမ်းထောင့်စွန်းမှာ အနည်းငယ်ကွေးညွှတ်သွားကာ နတ်ဆိုးဆန်သည့်အပြုံးထွက်ပေါ်လာသည် ။

သူမ၏စိတ်ထဲမှအကြောင်းအရာကို အလွယ်တကူခန့်မှန်းနိုင်သော်လည်း သူမ၏အပြုံးမှာ လွန်စွာလှပသည်ကိုတော့ဝန်ခံရပေမည်။

ထို့နောက် သူမ၏ခန္တာကိုယ်ရွေ့လျားသွားပြန်ကာ လူငယ်နှစ်ယောက်ကို အလစ်မပေးဘဲ မုန်တိုင်းကျသလို ဆင့်ကဲဆင့်ကဲ ဆက်တိုက်တိုက်ခိုက်လိုက်သည်။

သို့သော် ရှန်းယွင်အနေဖြင့်လည်း ထိုလူငယ်နှစ်ယောက်ကို ပြတ်ပြတ်သားသားအနိုင်ယူနိုင်ရန်မလွယ်ကူသေးပေ။

နှစ်ယောက်တစ်ယောက်တိုက်ခိုက်နေရသည့်အပြင် သူမ၏ရန်သူများမှာ တိုက်ခိုက်မှုအတော်များများကို မကြောက်ရွံ့သည့်အတွက် ‌အနည်းငယ်အခက်ကြုံရသည် ။

သူမ၏သိုင်းအဆင့်ပို၍မြင့်မားနေခြင်းနှင့် အဆင့်မြင့်လှသည့်ဓားသိုင်း ၊ အံ့ဖွယ်ကိုယ်ဖော့ပညာတို့ကြောင့်သာ သူမအသာစီးယူနိုင်ခြင်းဖြစ်သည်။

ထင်းရှီကား မျက်ခုံးနှစ်ခုကိုတွန့်ချိုး၍ တိုက်ပွဲအားကြည့်နေသည်။ ထိုလူငယ်နှစ်ယောက် ခန္တာကိုယ်ကျင့်စဉ်တစ်မျိုးမျိုးကိုလေ့ကျင့်ထားသည်ကို သိရစဉ်က အနည်းငယ်အံ့အားသင့်သွားသေးသည် ။

အကြောင်းမှာ သိုင်းလောကထဲ၌ ယခုလိုခန္တာကိုယ်ကျင့်စဉ်များမှာ ရှားပါးလှကာ လေ့ကျင့်အောင်မြင်နိုင်ရန်လည်းလွန်စွာခဲယဉ်းလှသည်။

အောင်မြင်ထားသည့် သံမဏိလူတစ်ယောက်နှစ်ယောက်မှာ များစွာကြောက်မက်ဖွယ်မကောင်းသေးသော်လည်း ဆယ်ယောက် ၊ အယောက်နှစ်ဆယ်ဆိုပါက ကွာခြားသွားပေသည်။

ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်စရာမလိုသည့် ထိပ်တန်းသိုင်းအဆင့် သံမဏိလူဆယ်ယောက်နှင့်ရင်ဆိုင်ရပါပ သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ပင် အနိုင်ယူနိုင်မည်မဟုတ်ပေ။

ထင်းရှီမှာ ထိုလူများကိုမြင်လိုက်ရ၍ ကြောက်ရွံ့မှုတစိုးတစိမှ မခံစားရသော်လည်း သူ၏ရန်သူဟုဆိုရမည့်ခရမ်းရောင်သွေးလဂိုဏ်းမှာထိုကဲ့သို့အင်အားမျိုးကိုပါ ထုတ်သုံးနိုင်၍ အတော်လေးအထင်ကြီးသွားမိသည်။

ထို့အပြင် ခရမ်းရောင်သွေးလဂ်ိုဏ်း၏အင်အားအစစ်အမှန်မှာ သိုင်းလောကထဲတွင် ထွက်‌ပေါ်သတင်းများထက် ပို၍တောင့်တင်းလှသည်ကို သံသယဖြစ်ဖွယ်မရှိတော့ပေ။

ထင်းရှီမှာ အချိန်တခဏအတွင်းအတွေးပေါင်းမြောက်များစွာကိုတွေးနေရာမှ သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် သူ၏လက်ကို လျှပ်စီးကဲ့သို့ လှုပ်ရှားလိုက်ရာ သူ့ထံသို့ အသံတိတ်ပြေးဝင်လာသည့် ရှည်မျောမျောအရာနှစ်ခုမှာ ထက်ပိုင်းပြတ်၍ ပြုတ်ကျသွားသည် ။

All Chapters