← Chapters

အဆုံးသတ်

Vol. 2 Ch. 180

အဆုံးသတ်

Vol. 2 Ch. 180

အဖိုးကြီးမှာ အစောပိုင်းကပင် ထင်းရှီနှင့် အသေသတ်ပွဲဆင်နွှဲနေသော်လည်း ယခုအချိန်တွင်မူ ထင်းရှီအား ငယ်ပေါင်းကြီးဖော်များပမာ မိမိကိုယ်မိမိနှိမ့်ချ၍ပင် ပြောဆိုနေသေးသည်။

ထိုအဖိုးအို၏ မျက်နှာမှာ ဆင်သားရေထက်ပင်ပို၍ထူထဲပုံပေါ်ကာ အပြောင်းအလဲမြန်ဆန်လွန်းပုံမှာလည်း ရာသီဥတုထက်ပင်ပို၍မြန်လေသည်။

ထိုကဲ့သို့လူမျိုးမှာ ဂုဏ်သိက္ခာကြီးမားကာ သိုင်းလောကတွင် ထိပ်ဆုံးဟုဆိုနိုင်သည့် သိုင်းဝိဇ္ဇာအဆင့်သို့ မည်သို့ရောက်လာသည်ဟူ၍ မပြောတတ်ပေ။

“ သူရဲကောင်းလေး မင်းရဲ့ဓားသိုင်းထဲမှာ ထိုက်ကျိဓားသိုင်းရဲ့အငွေ့အသက်အချို့ကိုတွေ့နေရတယ်။

သိုင်းလောကမှာ ထိုက်ကျိဓားသိုင်းဆိုရင် ဝူတန်းဂိုဏ်းရဲ့ ပင်မဓားသိုင်းဖြစ်မှန်း လူတိုင်းလိုလိုသိကြတယ်။

ဒါပေမယ့် မင်းရဲ့ဓားသိုင်းဟန်တွေက ထိုက်ကျိဓားသိုင်းနဲ့ဆင်တူပေမယ့် လုံးဝကြီးကွဲပြားနေတယ်။

ဒါပေမယ့် လက်ရှိဝူတန်းဂိုဏ်းချုပ်ရသေ့ကြီးက ထိုက်ကျိဓားသိုင်းကို အဆုံးထိအောင်မြင်ထားတယ်လို့ သတင်းကြီးပေမယ့် မင်းရဲ့ဓားကွက်ဟန်တွေက သူ့ဆီကဆင်းသက်လာတာမဖြစ်နိုင်ဘူး “

အဖိုးကြီးမှ သူ၏စကားကိုခေတ္တရပ်တန့်ကာ ထင်းရှီအား စူးရှတောက်ပလှသည့်မျက်ဝန်းများဖြင်ြ အကဲခပ်သလိုကြည့်လိုက်သည်။

ထင်းရှီမှာမူ ပကတိတည်ငြိမ်နေသည့်မျက်နှာဖြင့်ရှိနေကာ သူ၏သာမန်ထက်ပို၍နက်မှောင်နေသည့်မျက်ဆံများက နက်ရှိုင်းသည့်ရေကန်တစ်ခုနှင့်ဆင်တူကာ မှန်းဆရခက်ခဲလှ၏ ။

သူ၏စိတ်ထဲတွင်မူ အဖိုးကြီးကို ကြိတ်၍ချီးကျူးလိုက်ကာ အဖိုးကြီး၏စကားများကိုလည်း အနည်းငယ်စိတ်ဝင်စားလေသည် ။ထို့ကြောင့်ပင် သူဆက်နားထောင်နေခြင်းဖြစ်သည် ။

အဖိုးအိုမှ ထင်းရှီအားအကဲခပ်မရသည့်အတွက် အနည်းငယ်မကျေမနပ်ဖြစ်သွားသော်လည်း စိတ်ခံစားချက်ကို သူ၏မျက်နှာထက်တွင်မပေါ်စေဘဲ သူ၏စကားကို ဆက်လိုက်သည်။

“ ငါထင်တာမလွဲရင် မင်းရဲ့ထိုက်ကျိဓားနဲ့ဆင်တူတဲ့ဓားကွက်တွေက သူ့ဆီကဆင်းသက်လာတာဖြစ်ရမယ် ။ မင်းကသူ့ရဲ့တပည့်မဖြစ်ရင်တောင် သူနဲ့တစ်စုံတစ်ခုပတ်သတ်နေရမယ်။ ငါပြောတာ ဟုတ်ရဲ့လား “

ထိုစကားများကိုပြောဆိုပြီးနောက် အဖိုးကြီး၏မျက်နှာမှာတစ်စုံတစ်ခုအား ထိတ်လန့်နေပုံရသည်။

ထို့အပြင် သူ၏စကားထဲတွင်ပါဝင်သည့်လူ၏နာမည်ကိုပင် ထုတ်ဖော်ပြောဆိုခြင်းမပြု‌ပေ။ သို့သော် ထင်းရှီကား အဖိုးအိုရည်ညွှန်းသည့်လူကို ကောင်းစွာသိလေသည်။

သူဝူတန်းတောင်ပေါ်တွင်နေခဲ့စဉ်က သူတတ်မြောက်ထားသည့်ဓားသိုင်းများမှ အဆီအနှစ်များကို ပေါင်းစပ်၍ ဓားကွက်သုံးခုပါသည့် သုံးရာသီဓားသိုင်းကိုဖန်တီးခဲ့သည်။

သုံးရာသီဓားသိုင်းထဲတွက် ဓားကွက်သုံးခုသာပါဝင်သော်လည် ဓားကွက်တစ်ခုဆီမှာ ဆင့်ပွားအကွက်များကို ဉာဏ်ရှိသလို ဖန်တီးအသုံးချနိုင်ကာ သိုင်းကွက်အရှင်များဖြစ်ကြသည်။

ယခု အဆိပ်ဘုရင်အဖိုးအိုနှင့်တိုက်ခိုက်ရာတွင် သုံးရာသီဓားသိုင်းထဲမှ နွေဦးရွက်ကြွေသိုင်းကွက်ဖြစ်သည်။

နွေဦးရွက်ကြွေသိုင်းကွက်မှာ ပေါ့ပါးမှုနှင့်ပျော့ပြောင်းမှုကို အသားပေးထားကာ သူ၏ဆရာထင်းချီယင်၏ သစ်ရွက်ကြွေဓားသိုင်းအပြင် ဝူတန်းမှထိုက်ကျိဓားသိုင်း၏ပျော့ပြောင်းသည့်ပုံစံအချို့ကိုထည့်သွင်းခဲ့သည်။

ထင်းရှီအနေဖြင့် ထိုက်ကျိဓားသိုင်းတစ်ခုလုံးကို မတတ်မြောက်သော်လည်း နှစ်နှစ်အတွင်း ထိုက်ကျိဓားသိုင်းကို အကြိမ်အတော်များများ မြင်ဖူးသည်။

ထိုသို့ဖြစ်စေရန်လည်း အဖိုးကျန်းမှ ထင်းရှီအား ထိုက်ကျိဓားသိုင်းကို သင်ကြားပေးခြင်းမပြုသော်လည်း ထင်းရှီနှင့်တိုက်ခိုက်ရာတွင် ထိုက်ကျိဓားသိုင်းတစ်မျိုးထဲကို တမင်အသုံးပြုခြင်းဖြစ်သည်။

ထင်းရှီကိုယ်တိုင်မှာလည်း အရိပ်ပြလျှင် အကောင်မြင်လေရာ နှစ်နှစ်မပြည့်မီထိုက်ကျိဓားသိုင်း၏ပျော့ပြောင်းမှုပုံစံကို အသုံးပြုနိုင်လာသည်။

ယခုလို အဆိပ်အဖိုးအိုမှ သူ၏ဓားသိုင်းကိုမြင်တွေ့ပြီးထိတ်လန့်သွားခြင်းမှာ အဓိကအချက်က အလယ်ပိုင်းဓားဘုရင်ကျန်းချန်းဟောင်ဟုနာမည်ကျော်သည့် အဖိုးကျန်းကြောင့်ဖြစ်လေသည်။

ထင်းရှီမှာ သုံးရာသီဓားသိုင်းကို ကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်သော်လည်း ဟာကွက်အချို့နှင့် ပို၍ထက်မြက်စေရန် ကျန်းချန်းဟောင်မှ ညွှန်ပြပေးခဲ့ရသည်။

ထို့ကြောင့်လည်း ထင်းရှီ၏နွေဦးရွက်ကြွေဓားကွက်တွင် ကျန်းချန်းဟောင်၏ ထိုက်ကျိဓားသိုင်းမှ အငွေ့အသက်အချို့ပါဝင်နေခြင်းဖြစ်သည်။

ထိုအချက်ကို ဝူတန်းဂိုဏ်းတွင်ပင် ဂိုဏ်းချုပ်ရသေ့ကြီးနှင့် မုချန်းတို့မှအပအခြားလူမသိနိုင်သော်လည်း အဆိပ်ဘုရင်အဖိုးအိုမှ တစ်ခါကြည့်ရုံနှင့် ကောင်းစွာသိလေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် အဆိပ်ဘုရင် အဖိုးအိုမှာ ယခင်ကကျန်းချန်းဟောင်နှင့် မိတ်ဆွေရင်းချာများ သို့်မဟုတ် မကြာခဏတိုက်ခိုက်ဖူးသည့် ရန်သူများဖြစ်ရပေမည်။

သို့သော် အဖိုးအိုကျန်းချန်းဟောင်နှင့် အဆိပ်ဘုရင်အဖိုးအိုမှာ စိတ်ဓာတ်ချင်းရော လုပ်ရပ်ချင်းပါ ဆီနှင့်ရေလိုကွာခြားရာ ထိုနှစ်ယောက်မှာ ယခင်ကရန်သူတော်ဟောင်းများဖြစ်နိုင်သည်။

ထို့အပြင်အဆိပ်ဘုရင်အဖိုးအိုမှာ အဖိုးအိုကျန်းချန်းဟောင်ကို များစွာကြောက်ရွံ့ထိတ်လန့်နေပုံရသည်။

ထင်းရှီလည်း သူ၏အတွေးများအားဖြတ်တောက်၍ အဖိုးကြီးကိုပြန်ဖြေလိုက်သည်။

“ ကျုပ်ကို ဓားပညာနဲ့ပတ်သတ်ပြီးနည်းနည်းပါးပါးလမ်းညွှန်ပေးတာက အဖိုးအိုကျန်းလို့ခေါ်တဲ့ အဖိုးပဲ ။ အဖိုးကျန်းနဲ့ခင်ဗျားတို့ရဲ့အကြားမှာ ပတ်သတ်မှုတစ်စုံတစ်ခုရှိလို့လား “

ထင်းရှီ၏တန်ပြန်မေးခွန်းကြောင့် အဖိုးကြီး၏မျက်နှာမှာ ရှုံ့မဲ့သွားကာ ပြန်၍ဖြေကြားနိုင်ခြင်းမရှိဘဲ တစ်ဦးတည်းရေရွတ်လိုက်သည်။

“ မသေနိုင်သေးတဲ့အဖိုးကြီး သူသာအသက်ရှင်နေမှန်းသိရင် ငွေ့မိစ္ဆာဆိုတဲ့ကောင်ဘယ်လောက်ပဲမက်လုံးပေးပေး ငါအလယ်ပိုင်းသိုင်းလောကကို ပြန်ဆင်းလာမှာမဟုတ်ဘူး “

အဖိုးကြီး၏လေသံမှာ အနည်းငယ်နောင်တရနေဟန်ရသည်။ ထို့နောက် မျက်နှာကိုတင်းကာပြောလိုက်ပြန်သည်။

“ ဘယ်လိုပဲဖြစ်ဖြစ် သူကဝူတန်းတောင်ပေါ်ကဆင်းမှာမဟုတ်လောက်ပါဘူး ။ သူကိုယ်တိုင်ဆင်းမလာသ၍ ငါလည်း ဘာမှမဖြစ်ပါဘူး ။ အဆိုးဆုံးအခြေအနေရောက်ရင် ငါလဲမြောင်နယ်ခြားကိုပြန်ရုံပဲပေါ့ “

အဖိုးကြီးမှာ တစ်ဦးတည်းတတွတ်တွတ်ရွတ်နေရာမှ ထင်းရှီကိုကြည့်လိုက်သည်။ ထို့နောက် လက်သီးဆုပ်၍ လျှင်မြန်စွာပြောလိုက်သည်။

“ ကောင်းပြီ မင်းကသူနဲ့ပတ်သတ်နေမှတော့ ငါမျက်နှာသာပေးလိုက်ပါ့မယ် နှုတ်ဆက်ပါတယ်သူရဲကောင်းလေး “

စကားသံဆုံးသည်နှင့်အဖိုးအိုမှာ ခြေတစ်ချက်ဆောင့်ကာ အရိပ်တစ်ခုလိုလျှင်မြန်စွာပျောက်ကွယ်သွားသည်။

ထင်းရှီလည်းယခုအချိန်မှတော့ မည်သို့အလွတ်ပေးနိုင်ပါမည်နည်း ။ သူ၏ခန္တာကိုယ်အားလှုပ်ရှားကာ အဖိုးကြီး၏နောက်သို့လိုက်ရန်ပြင်လိုက်သည်။ သို့သော် အဖိုးအိုထွက်သွားရာဆီမှ ပြေးထွက်လာသည့် ခရမ်းရောင်အခိုးအငွေ့တန်းနှစ်ခုကြောင့် သူ၏ခြေလှမ်းများရပ်တန့်သွားသည်။

ထိုအခိုးအငွေ့များမှာ အဆိပ်တစ်မျိုးမျိုးဖြစ်ပုံရသော်လည်း ထင်းရှီထံသို့ပြေးဝင်သွားခြင်းမဟုတ်ပေ။ ထိုအစားရှန်းယွင်တို့တိုက်ပွဲဖြစ်နေသည့်နေရာသို့ အလွန်လျှင်မြန်သည့်အရှိန်ဖြင့်ပြေးဝင်သွားခြင်းဖြစ်သည်။

“ ရှန်းယွင် သတိထား “

ထင်းရှီမှ အလျှင်အမြန်အော်ဟစ်သတိပေးလိုက်သည်။

ရှန်းယွင်မှာ လူငယ်နှစ်ယောက်ကိုအပေါ်စီးမှဖိအားပေးတိုက်လိုက်နေကာ သိုင်းကွက်ငါးဆယ်အတွင်းအနိုင်ယူနိုင်တော့မည့်ပုံရသည် ။

လူငယ်နှစ်ယောက်မှာ ဓားလှံမတိုးသည့်ခန္တာကိုယ်ကျင့်စဉ်ကိုလေ့ကျင့်ထားသော်လည်း သိုင်းအဆင့်မှာမူ ထိပ်တန်းအဆင့်သာရှိကာ ရှန်းယွင်နှင့် နိုင်းယှဉ်ပါက သိုင်းပညာနှင့်အတွင်းအား နိမ့်ပါးလှသည်။

ရှန်းယွင်လည်း ထင်းရှီ၏သတိပေးသံကြောင့် ထိတ်ခနဲဖြစ်သွားသော်လည်း အပြင်းအထန်တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် ချက်ခြင်းရပ်တန့်၍မရပေ။

အကျိုးဆက်အနေဖြင့် ခရမ်းရောင်အခိုးအငွေ့တန်းနှစ်ခုမှာ လူငယ်နှစ်ယောက်ထံသို့ရောက်ရှိသွားကာ ရှန်းယွင်မှာမူ အလျှင်အမြန်အသက်အောင့်ထားလိုက်သည်။

လူငယ်နှစ်ယောက်၏ပုံသဏ္ဍာန်မှာ အသက်ရှူကြိမ်နှစ်ကြိမ်အတွင်း အလျှင်အမြန်ပြောင်းလဲလာကာ မျက်လုံးများရဲရဲနီလျက် အလွန်ကြမ်းကြုတ်ပုံပေါ်လာသည်။

ယခင်က ရှန်းယွင်နှင့်တိုက်ခိုက်ရာတွင် ခန္တာကိုယ်၏ပျော့ကွက်များကို သတိထားကာကွယ်သော်လည်း ယခုအခါတွင်မူ သေရမည်ကိုမကြောက်ရွံ့သည့်အလား အသိစိတ်ပျောက်နေသူသဖွယ် တရကြမ်းတိုးဝင်လာသည်။

ရှန်းယွင်၏ဘယ်လက်မှဓားမှာ လူငယ်တစ်ယောက်၏ဖမ်းဆုပ်ခြင်းကိုခံလိုက်ရသော်လည်း ညာလက်မှဓားမှာမူ ကျန်တစ်ယောင်၏ဝဲဘင်မျက်စိကို ထိုးဖောက်သွားသည် ။

သို့သော် ထိုလူမှာ သူ၏မျက်စေ့ကိုထိုးဖောက်သည့်ဒဏ်ရာကို လုံးဝမသိသည့်အလား ဟိန်းဟောက်လျက် ရှန်းယွင်ကိုသူ၏လက်ကြီးဖြင့်ဖမ်းဆုပ်လိုက်သည်။

ရှန်းယွင်မှာ လူငယ်တစ်ယောက်၏ဖမ်းဆုပ်ခြင်းခံနေရသည့် သူမ၏ဘယ်လက်မှဓားကိုလွှတ်ကာနောက်သို့အလျှင်အမြန်ဆုတ်လိုက်သော်လည်း ညာဘက်မှလူမှမူ သူမကိုဖမ်းဆုပ်မိလိုက်သည်။

လူစိတ်ပျောက်နေကာ သားရဲများကဲ့သို့ကြမ်း‌တမ်းနေသည့်လူများ၏လက်တွင်အမိခံလိုက်ရပါက ရှန်းယွင်မှာ အရိုးများပင်အပိုင်းပိုင်းကျိူးပြန်ကုန်ပေမည်။

ထိုအခိုက် .......

“ ဝှစ် “

“ ဒုတ် “

“ အီးး... ဝုန်းး... “

လေတိုးသံနှင့်အတူ ‌ညည်းသံထွက်ပေါ်လာသည် ။

ရှန်းယွင်မှာ တစ်စုံ‌တစ်ယောက်၏ဆွဲခေါ်ခြင်းကိုခံလိုက်ရကာ ဖက်ရွက်ကလေးပမာပေါ့ပါးစွာဖြင့် နောက်ဘက်သို့လွင့်သွားသည် ။

လက်ရှိအချိန်တွင်ရှန်းယွင်မှာ နောက်ဘက်ဝါးသုံးရိုက်အကွာသို့ရောက်နေကာ သူမကိုထင်းရှီမှ ဆုပ်ကိုင်ထားသည်။

ထင်းရှီသာအချိန်မီမရောက်လာပါက ရှန်းယွင်မှာ သူမပြိုင်ဘက်၏လက်တွင်ဖမ်းမိသွားမည်ဖြစ်ကာသူမ၏ကံကြမ္မာမှာ မည်သို့မှကောင်းနိုင်ဖွယ်မရှိ။

ထင်းရှီသည်လည်း သူမအားဖမ်းဆုပ်၍နောက်ဘက်သို့ခုန်ဆုပ်လာရင်း ခြေတစ်ဖက်ကိုမြောက်ကာ လူငယ်တစ်ယောက်၏မျက်လုံးတွင်စိုက်ဝင်နေသည့်ဓားကို ကန်ခဲ့လိုက်သည်။

ပြင်းထန်လှသည့်ခြေကန်ချက်ကြောင့် ဓားမှာ ယခင်ကလူငယ်၏မျက်စေ့ထဲသို့ တစ်လက်မမျှစိုက်ဝင်နေရာမှ ယခုနောက်စေ့အထိပေါက်ထွက်သွားကာ ‌အသံနက်ကြီးဖြင့်အော်ညည်း၍ လဲကျသွားသည် ။

ကျန်ရှိနေသည့်လူငယ်တစ်ယောက်မှာမူ ထင်းရှီတို့ထံသို့ဆက်လက်ပြေးဝင်လာ‌သော်လည်း ခြေဆယ့်ငါးလှမ်းခန့်ပြေးဝင်ပြီးသည့်နှင့် သူ၏ရင်ဝတွင်ဆယ်လက်မခန့်ဟက်တက်ကွဲဓားရာကြီးပေါ်လာကာ ယခင်တစ်ယောက်ကဲ့သို့ထူးဆန်းစွာ အော်မည်လျှက်လဲကျသွားတော့၏ ။

All Chapters