အရိပ်မဲ့ ချိယိ
Vol. 2 Ch. 181
“ ကြောက်စရာကောင်းလိုက်တဲ့ဆေးမှုန့် “
ထင်းရှီမှာ လဲကျသေဆုံးနေကြသည့်လူငယ်နှစ်ယောက်အားကြည့်ကာ ရေရွတ်လိုက်မိသည်။
ထို့အတူ ကိုယ့်လူကိုယ်ရက်စက်နိုင်သည့်အဆိပ်ဘုရင်အဖိုးအိုကိုလည်း အံ့ဩသွားသည်။
အဆိပ်ဘုရင်ပစ်လွှတ်လိုက်သည့် ခရမ်းရောင်ဆေးမှုန့်များမှာ လွန်စွာအာနိသင်ပြင်းသည့်အဆိပ်တစ်မျိုးဖြစ်ကာ လူတစ်ယောက်အား ခံစားချက်ကင်းမဲ့စေကာ အသိဉာဏ်ပျောက်ဆုံးစေနိုင်သည့်ဂုဏ်သတ္တိရှိလေသည်။
နာကျင်မှုကိုမမှု သေရမည်ကိုပင်ဂရုမစိုက်ဘဲ ရွပ်ရွပ်ချွံချွံတိုက်ခိုက်သည့် သည့်သိုင်းသမားတစ်ယောက်မှာ လွန်စွာကြောက်မက်ဖွယ်ကောင်းကာ အထူးသဖြင့် ဓားလှံမတိုးသည့်ခန္တာကိုယ်ပိုင်ရှင်များဆိုလျှင် သာ၍ဆိုးသေးသည်။
ယခုလိုလူမျိုး ခရမ်းရောင်သွေးလဂိုဏ်းတွင်မည်မျှရှိနေမည်ကို တွေးတောမိလိုက်ကာ ထင်းရှီမှာ သက်ပြင်းတစ်ချက်ရှိုက်ထုတ်မိလိုက်သည်။
ရှန်းယွင်မှုမူ ထိတ်လန့်မှုမပြေသေးသည့်ခံစားချက်အား ဖိနှိပ်၍ အတွေးထဲနစ်မြောကာ ငေးငိုင်နေသည့်ထင်းရှီ၏ပခုံးအား ပုတ်လိုက်သည် ။
“ ဟေ့ ရှင်ကျမကိုကူညီတာကျေးဇူးတင်ပါတယ် ။ဒါပေမယ့် ကျမကရှင့်ကို တစ်နေ့ကျရင်အနိုင်ယူပြမယ် “
ရှန်းယွင်မှာ ရှက်ဝဲဝဲလေသံလေးဖြင့်ဆိုလိုက်ရင်း တည်းခိုခန်းဘက်ဆီသို့ အရိပ်ပမာ ပြေးထွက်သွားသည်။
သူမလိုမာနကြီးကာ ပြောရဆိုရလက်ပေါက်ကက်သည့်မိန်းကလေးဆီမှ ကျေးဇူးတင်စကားကိုကြားလိုက်ရသည့်အတွက် ထင်းရှီတစ်ယောက်အနည်းငယ်အံ့အားသင့်သွားမိကာ ပြုံး၍ခေါင်းယမ်းလိုက်သည်။ ထို့နောက်
“ ညီအစ်ကိုလုံ ရောက်နေမှတော့ ထွက်လာခဲ့ဖို့ကောင်းပြီ “
ထင်းရှီမှ ခပ်ကျယ်ကျယ်လေးအော်ဟစ်လိုက်ကာ သူ၏စကားဆုံးသည်နှင့် သစ်ကိုင်းအချို့လှုပ်ရှားသွားကာ သူ၏နောက်မှသစ်ပင်ထက်မှအရိပ်တစ်ခုကျဆင်းလာသည်။
ထိုလူရိပ်၏ကိုယ်ဖော့ပညာမှာလည်း လွန်စွာချီးကျူးဖို့ကောင်းကာ အရိပ်ခြေလှမ်းကိုတတ်မြောက်ထားသောရှန်းယွင်ထက်မသာလျှင်ပင် လျော့မည်မထင်ပေ။
ထိုလူမှာ အောက်သို့ရောက်ရောက်ချင်းသူ၏ဦးခေါင်းအားပွတ်ကာ တစ်ချက်ရယ်လိုက်ရင်း ထင်းရှီအားကြည့်၍မေးလိုက်သည်။
“ ညီအစ်ကိုထင်းရှီ မင်းကသိပ်ပြီးတော်တာပဲ ကျုပ်ကကိုယ်ကိုယ်ကို လုံလှပြီမှတ်နေတာ ကျုပ်လိုက်လာတာကို မင်းကဘယ်အချိန်ထဲကသိနေတာလဲ “
လူငယ်၏စကားကြောင့် ထင်းရှီမှာ စကားတစ်ခွန်းမှမဆိုဘဲ ပြုံး၍နေလိုက်သည်။
အမှန်မှာ လုံချန်ဟိုင်တစ်ယောက် သူတို့၏နောက်သို့မရှေးမနှောင်းအချိန်ကပင်လိုက်ပါလာသည်ကို သူကောင်းစွာသိသည်။
သို့သော် လုံချန်ဟိုင်ထံတွင်မကောင်းသည့်ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိသည်ကို သူသိသည့်အတွက် မသိမသာနေခြင်းဖြစ်သည်။
ထို့အပြင် ရှန်းယွင်အနီးသို့ ခရမ်းရောင်အငွေ့များရောက်လာခါနီးတွင် လုံချန်ဟိုင်မှ ကူညီလှုပ်ရှားရန်ပြင်ခဲ့သေးသည်။
ထင်းရှီအချိန်မီရောက်လာသည့်အတွက်ကြောင့်သာ ကိုယ်ရှိန်သက်၍ ဆက်လက်ပုန်းအောင်းနေခြင်းဖြစ်သည်။
ထိုအဖြစ်ကို သာမန်အချိန်များတွင် လုံချန်ဟိုင်နှင့် ပညာချင်းများစွာမကွာဟသည့် ရှန်းယွင်ပါရိပ်စားမိနိုင်သော်လည်း ယခုအခါအပြင်းအထန်တိုက်ခိုက်နေရသည့်အပြင် စိတ်အာရုံထွေပါးနေ၍ မရိပ်မိခြင်းဖြစ်သည်။
သို့သော် လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကို တတိယအဆင့်ရောက်နေပြီဖြစ်ကာ သိုင်းဝိဇ္ဇာအဆင့်အတော်များများထက်ပင် သာလွန်နေသည့်ထင်းရှီ၏အာရုံအောက်မှ မည်သည့်အရာမှ လွတ်ထွက်သွားခြင်းမရှိပေ။
လုံဟိုင်ချန်မှာ ထင်းရှီ၏အပြုံးအားကြည့်ကာ စိတ်ညစ်ဟန်ဖြင့်မဲ့ရွဲ့သွားသည်။ ထို့နောက် ခြေတစ်ချက်ဆောင့်ကာ ထိုနေရာမှ လျှင်မြန်စွာပြေးထွက်သွားသည်။
“ တော်ပြီဗျို့ စိတ်ဝင်စားစရာကောင်းမလားလို့လိုက်လာတာ ကျုပ်ဘာသာမိန်းမလှလေးရှန်းယွင်ကိုလိုက်တာပဲကောင်းတယ် “
သူ၏စကားသံမှာ နောက်တွင်ကျန်ရစ်ခဲ့သည်။
လုံချန်ဟိုင်ပျောက်ကွယ်သွားသည်နှင့် ထင်းရှီ၏မျက်နှာမှအပြုံးမှာ တဖြေးဖြေးချင်းပျောက်ကွယ်သွားကာ တည်ကြည်သည့်ဟန်အမူအယာသို့ ပြောင်းလဲသွားသည် ။ ထို့နောက် လုံချန်ဟိုင်ပုန်းအောင်းနေခဲ့သည့်သစ်ပင်ကြီးထက်သို့ကြည့်ကာ အော်ဟစ်လိုက်သည်။
“ အပေါ်ကဆရာကြီးက ထွက်လာဖို့အစီအစဉ်မရှိဘူးလား “
တောအုပ်ထဲတွင် ပကတိတိတ်ဆိတ်နေသည်။ တစ်ခါတစ်ရံလေနုအေးကတိုးဝေ့ကျီစယ်သွား၍ သစ်ကိုင်းအချို့ပင်လှုပ်ခတ်သွားသည်။ သို့သော် သက်ရှိလူသားတစ်ယောက်၏အရိပ်အယောင်ကို တွေ့ရန်ဝေးစွ ။
ထင်းရှီမှာ အချိန်အတော်ကြာရပ်စောင့်ကာ ထးးခြားမှုမရှိသည်နှင့် သစ်ပင်ဆီသို့လက်ကိုဝေ့ယမ်း၍ဂါရဝပြုလိုက်သည်။
“ ဒါဆိုရင် ကျုပ်အပြစ်ပြမိပါပြီ “
ထင်းရှီ၏စကားအဆုံးတွင်အေးစိမ့်သည့်ခံစားချက်နှင့်အတူ ဓားရောင်သဲ့သဲ့လက်သွားသည်ဟု ထင်ရလိုက်ရကာ ထိုသစ်ပင်ကြီးမှာ မြေပြင်ပေါ်သို့ ဝုန်းခနဲလဲကျသွားသည်။
လူတစ်ဖက်နီးနီးသစ်ပင်ကြီးမှာ ဓားတစ်ချက်နှင့်ပင်လဲကျသွားကာ ထင်းရှီ၏လှုပ်ရှားမှုကိုပင် ကွဲပြားစွာမမြင်လိုက်ရပေ။ သို့သော် ထူးခြားမှုတစ်စုံတစ်ရာဖြစ်ပျက်လာသည်။
အနက်ရောင်ဝတ်ရုံနှင့်လူတစ်ယောက်မှာ လေထဲတွင်လွင့်မြောနေသကဲ့သို့ ပေါ့ပါးစွာကျဆင်းလာသည်။
အနက်ရောင်ဝတ်စုံနှင့် လူမှာ အသက်ငါးဆယ်ကျော်အရွယ်ရှိနိုင်မည့်လူတစ်ယောက်ဖြစ်ကာ သူစမျက်နှာတွင်သပ်ရပ်စွာထားရှိသည့် မုတ်ဆိတ်မွေးနှင့် စာပေပညာရှင်တစ်ယောက်အလား ခန့်ညားလှသည်။
သူ၏လက်ထဲရှိခေါက်ယက်တောင်မှာ ထိုလူ၏ပုံစံကို သိုင်းပညာရှင်တစ်ဦးထက် စာပေသမားတစ်ယောက်ဟု ပို၍ထင်မြင်ဖွယ်ရာရှိသည်။
ထိုလူကြီးမှာ မြေပြင်ပေါ်သို့ကျခြင်းမရှိဘဲ ထင်းရှီ၏ဓားချက်ကြောင့်လဲကျနေသည့်သစ်ပင်ကြီးမှ သစ်ကိုင်းတစ်ကိုင်းပေါ်တွင်ရပ်လိုက်သည်။
လူကြီး၏ခြေထောက်အောက်မှသစ်ကိုင်းမှာ လုံးပတ်လက်တစ်ချောင်းစာခန့်သာရှိသော်လည်း လူတစ်ယောက်လုံး၏ကိုယ်အလေးချိန်ကို တင်ဆောင်ထားရသည်မှာ ဟုတ်မှဟုတ်ပါလေစွဟုထင်ရလေအောင် ကွေးညွတ်ခြင်းမရှိဘဲငြိမ်သက်နေလေသည်။
ထိုအချက်ကိုကြည့်၍ပင် ထိုလူကြီး၏ကိုယ်ဖော့ပညာအဆင့်အတန်းကိုခန့်မှန်းနိုင်ပေသည်။
ထို့အတွက်ကြောင့်လည်း လူငယ်လူရွယ်ထဲတွင် ထိပ်တန်းဟုဆိုရမည့် လုံချန်ဟိုင်၏အပေါ်ဘက်ရှိ သစ်ကိုင်းတွင်နေသော်လည်း လုံချန်ဟိုင်တစ်ယောက်မှာ ထွက်ခွာသွားသည်အထိ သူ၏အထက်တွင်လူတစ်ယောက်လုံးရပ်နေသည့်ကို သိရှိသွားခြင်းမရှိပါချေ။
ထိုလူကြီးမှာ ပြုံးရွှင်သည့်မျက်နှာဖြင့်ရှိနေကာ စကားတစ်ခွန်းမှမဆိုဘဲ ထင်းရှီအား စိတ်ဝင်စားစွာကြည့်ရှုနေသည်။ ထို့နောက် သူ၏ခန္တာကိုယ်မှာ ရိပ်ခနဲပျောက်ကွယ်သွားသည်။
ထိုလူအား မလွတ်တန်းကြည့်ရှုနေသည့်ထင်းရှီ၏မျက်လုံးများစုကြုံ့သွာကာ သူ၏ခန္တာကိုယ်အား လျှင်မြန်စွာလှည်လိုက်သည်။ သို့သော် သူ၏ပခုံးမှာ တစ်စုံတစ်ခု၏ရိုက်မိခြင်းကိုခံလိုက်ရသည်။
“ ဖတ် “
ခေါက်ယပ်တောင်တစ်ချောင်း ....
မှန်ပေသည်
ခေါက်ယပ်တောင်တစ်ချောင်းဖြစ်သည်။ ထိုယပ်တောင်မှာလည်း အစောပိုင်းကပင် ထင်းရှီ၏မျက်စေ့ရှေ့တွင်ရှိနေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုယပ်တောင်အားကိုင်ဆောင်ထားသူ၏ ကိုယ်ဖော့ပညာဖြစ်ကာအကယ်၍ထိုလူ၏လက်ထဲတွင် ဓားတစ်ချောင်းသာဆိုပါက ထင်းရှီ၏ပခုံးမှာ ဒဏ်ရာတစ်ခုခုရရှိသွားပေမည်။
ထို့ထက်ဆိုးသည်က ထိုလူ့ထံတွင် မကောင်းသည့်ရည်ရွယ်ချက်တစ်စုံတစ်ရာရှိပါက ထင်းရှီမှာအသက်နှင့်ခန္တာအိုးစားကွဲနေပေတော့မည်။
ထင်းရှီမှာ ပထမဦးဆုံးအကြိမ်အဖြစ် သူ၏ရင်ထဲတွင်အေးစိမ့်သွားမိကာ ချက်ခြင်းလိုလိုပင်ထိုနေရာမှပျောက်ကွယ်သွားသည်။
သို့သော် သူ၏နောက်မှအရိပ်နက်သည်လည်း သူနှင့်ထပ်တူရွေ့လျားနေကာ ထင်းရှီမှာ ထိုလူအား သူ၏နောက်မှဖယ်ခွာနိုင်ခြင်းမရှိပေ။
ထို့အတူ ထိုလူသည်လည်း ထင်းရှီ၏ပခုံးအားယခင်ကကဲ့သို့ လွယ်လွယ်ကူကူပုတ်နိုင်ခြင်းမရှိတော့ဘဲ နောက်ထပ်တစ်ကြိမ်ထပ်၍ထိနိုင်ရန် ကြိုးစားနေသည်။
အချိန်အနည်းငယ်အတွင်း ထင်းရှီ၏ခန္တာကိုယ်မှာ တောအုပ်ထဲတွင် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေကာ သိုင်းပညာမတတ်သည့်တစ်စုံတစ်ယောက်သာမြင်တွေ့မိပါက သရဲခြောက်နေသည်ဟု ဧကန်တွေးမိပေလိမ့်မည်။
သို့သော် ထင်းရှီမှာမူ နောက်ကျောတွင်ချွေးများစိမ့်ထွက်လာကာ အချိန်အတော်ကြာသည်အထိထိုလူအားသူ၏နောက်ကျောမှ ဖယ်နိုင်ခြင်းမရှိပေ။
ထို့နောက် ထင်းရှီမှာ မျက်လုံးများတောက်ပသွားပြီး ခြေတစ်ချက်ဆောင့်လိုက်သည်။ သူ၏ခန္တာကိုယ်မှာ မီးခိုးတန်းကဲ့သို့လျှင်မြန်စွာဖြင့် လေပေါ်မြောက်တက်သွားကာ ဝါးနှစ်ရိုက်အမြင့်သို့ရောက်ရှိသွားပြီး ချက်ခြင်းလိုလိုပင်တောအုပ်ထဲတွင်အမြင့်ဆုံးဖြစ်သွားသည်။
လေထဲတွင် နောက်ကျွမ်းနှစ်ပတ်ပစ်၍ပြန်ကျလာသည့်အခါ သူနှင့်မလှမ်းမကမ်းတွင်လက်နောက်ပစ်၍ရပ်နေသည့် အနက်ရောင်ဝတ်စုံနှင့် စာပေသမားကဲ့သို့လူကြီးအား တွေ့မြင်လိုက်ရသည်။
“ ဟူးး ဆရာကြီးရဲ့ကိုယ်ဖော့ပညာက အံ့မခန်းပါဘဲ “
ထင်းရှီမှ လက်သီးဆုပ်၍ အရိုအသေပေးရင်းပြောလိုက်သည် ။
ထိုလူမှ ချက်ခြင်းလိုလိုပင်လက်ကိုဝေ့ယမ်းပြကာ အလျှင်အမြန်ပြန်ပြောလိုက်သည် ။
“ ကျုပ် မခံယူဝံ့ပါဘူး မောင်ရင့်ရဲ့ကိုယ်ဖော့ပညာကလည်း အံ့မခန်းဖြစ်ပြီးတော့ တကယ်လို့မောင်ရင်သာကျုပ်ရဲ့အသက်အရွယ်ကိုရောက်လာရင် ကျုပ်ကမောင်ရင့်ရဲ့ခြေဖျားကိုတောင်မြင်လိုက်ရမှာမဟုတ်တော့ဘူး “
အနက်ရောင်ဝတ်စုံနှင့် လူကြီးမှ ထင်းရှီအား လှိုက်လှိုက်လှဲလှဲဖြင့် ချီးကျူးစကားပြောလိုက်သည်။
သူ၏စကားများမှာ သူ၏ရင်ထဲမှလာသည်ကို ကျေနပ်အားရဖြစ်နေသည့်မျက်ဝန်းများက ကောင်းစွာ သက်သေခံနေသည်။
ထို့နောက် ထိုလူကြီးမှာ တစ်စုံတစ်ခုကိုသတိရသွားသည့်ဟန်ဖြင့် မေးလိုက်သည်။
“ မောင်ရင့်ရဲ့ကိုယ်ဖော့ပညာကိုကြည့်ရတာ ကျုပ်သိခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့တူနေတယ် မဟုတ်မှလွဲရော..... “
“ ဟုတ်ပါတယ် ကျုပ်ကသူ့ရဲ့တပည့်လို့ပြောလို့ရပါတယ် “
ထိုလူ၏စကားမဆုံးမီ ထင်းရှီမှဖြတ်ပြောလိုက်သည်။ ထင်းရှီ၏စကားကြောင့် ထိုလူကြီးမှာ ဝမ်းသာအားရရယ်မောလိုက်သည်။
“ ဟားးဟားးး မထူးဆန်းတော့ပါဘူး ပတ္တမြားဆိုတာ သွေးတတ်တဲ့လူရဲ့လက်ထဲမှာပဲအရောင်ထွက်သလို သူ့လိုလူမျိုးကပဲ မောင်ရင့်လိုထူးချွန်တဲ့လူကိုမွေးထုတ်နိုင်တာ ကောင်းတယ်ကောင်းတယ် “
ထိုလူ၏ဝမ်းသာအားရပုံစံအားကြည့်ကာထင်းရှီလည်း ပြုံးလိုက်မိသည်။ ထို့နောက် ထိုလူကြီးအားမေးလိုက်သည်။
“ ဆရာကြီးကရော ရှန်းယွင်ရဲ့ဆရာ အရှေ့ပိုင်းသိုင်းလောကထဲက ကိုယ်ဖော့ပညာနံပါတ်တစ် အရိပ်မဲ့ချိယိမဟုတ်လား “