← Chapters

ကျန်းနန်

Vol. 2 Ch. 182

ကျန်းနန်

Vol. 2 Ch. 182

“ ဟားးဟားး မြောက်ပြောနေပြန်ပါပြီ ။ မင်းရဲ့ဆရာကြီးလိုလူမျိုးတွေရှိနေမှတော့ ငါကကိုယ်ဖော့ပညာနံပါတ်တစ်ဆိုတဲ့ဂုဏ်ပုဒ်ကို လက်ခံဝံ့ပါဦးမလား “

ချိယိမှ သူ၏မုတ်ဆိတ်အားလက်ဖြင့်သပ်၍ကျယ်လောင်စွာရယ်မောလိုက်သည်။

သူ၏ဟန်ပန်မှာ ကြောက်မက်ဖွယ်ကောင်းလှသည့်သိုင်းဝိဇ္ဇာတစ်ဦးနှင်ပ လားလားမှမတူဘဲ သဘောထားပွင့်လင်းကာ ရင်းနှီးချင်စရာကောင်းသည့် ဦးလေးတစ်ယောက်နှင့်တူလှသည် ။

ထင်းရှီလည်း တစ်စုံတစ်ရာဆက်၍ပြောဆိုခြင်းမပြုဘဲ ဆိတ်ဆိတ်သာနေလိုက်သည်။ အတန်ကြာမှ

“ မင်းနဲ့ ငါ့တပည့်လေးရဲ့ဆက်ဆံရေးကရော ဘယ်လိုလဲ “

ချိယိ၏မေးခွန်းကြောင့် ထင်းရှီမှာ မျက်လုံးပြူးသွားမိသည်။ သူနှင့်ရှန်းယွင်တို့၏ဆက်ဆံရေးမှာ တစ်ရာရာခိုင်နှုန်းသန့်စင်လှသည် ။

ထို့ပြင် ထိုမိန်းကလေးမှာ သူ့ကိုပင်တိုက်ခိုက်အနိုင်ယူနိုင်ရန် အကွက်ကောင်းကိုချောင်းနေသေးသည်။

ရုပ်ရည်လှပချောမောသလောက် ဉာဏ်များကာ ခေါင်းမာလှသည့် မိန်းကလေးပင်။

“ ကျုပ်နဲ့ မိန်းကလေးရှန်းယွင်တို့က ရိုးရိုးသားသားမိတ်ဆွေတွေပါ ။ မကြာခင်ကျုပ်တို့လည်း လမ်းခွဲသွားတော့မှာပါ “

ထင်းရှီ၏စကားမှာ အမှန်ပင်ဖြစ်သည်။ သူ၏ဦးတည်ရာမှာ စွန်းစံအိမ်တည်ရှိရာ စီးမင်မြို့ဖြစ်သည် ။

ရှန်းယွင်၏ပုံစံအရ အတွေ့အကြုံရရန် သိုင်းလောကသို့ ဆင်းလာသည့်ပုံပေါက်သည်။

ထို့ကြောင့် သူနှင့်ရှန်းယွင်တို့ သိပ်မကြာခင်အချိန်အတွင်း ကိုယ့်လမ်းကို ဆက်သွားကြရမည်မှာ သေချာသလောက်ပင်။

ထင်းရှီ၏အဖြေကြောင့် ချိယိမှာ မျက်မှောင်ကုတ်သွားကာ တစ်စုံတစ်ခုကို ရှုပ်ထွေးသွားပုံရသည်။။

အတန်ကြာမှသူ၏ဦးခေါင်းကိုပြန်မော့၍ ထင်းရှီအား စူးစိုက်ကြည့်လိုက်သည်။

“ ကောင်းပြီလေ ဘယ်လိုပဲဖြစ်ဖြစ် သူကဘယ်လို ယောင်္ကျားလေးနဲ့မှ ရင်းရင်းနှီးနှီးရှိဖူးတာမဟုတ်ခဲ့ဘူး ။

အခုမှသာ မင်းသွားတဲ့နောက်ကိုတကောက်ကောက်လိုက်နေတာ ။ မင်းသူ့ကိုကောင်းကောင်းဆက်ဆံပါ မဟုတ်ရင် မင်းဆရာကြီးရဲ့မျက်နှာရှိနေရင်တောင်မင်းမလွယ်ဘူး “

ချိယိမှတည်ကြည်သည့်လေသံဖြင့်ပြောကာ ထင်းရှီဆီသို့ သူ၏လက်ကိုဝေ့ယမ်းလိုက်သည်။

သေးငယ်သည့်အရာဝတ္ထုများမှာ လေကိုအသံတိတ်ထိုးခွင်း၍ ထင်းရှီ၏ခေါင်းပေါ်မှတစ်ဆင့် သူ၏ခန္တာကိုယ်ပေါ်သို့ အင်အားပြင်းထန်စွာကျရောက်လာသည် ။

ထင်းရှီလည်း တည်ငြိမ်သွားကာ နွေဦးရွက်ကြွေသိုင်းကွက်အတိုင်း သူ၏ဓားကိုဝေ့ယမ်းလိုက်သည်။ သို့သော် ထိုအရာများမှာ ရုတ်ချည်းလမ်းကြောင်းပြောင်းသွားကာ တစ်ခုနှင့်တစ်ခုတိုက်မိ၍ ထင်းရှီ၏သွေးကြောများထံသို့ပြောင်းလဲတိုက်ခိုက်လာပြန်သည်။

မသိလျှင် သည်ထန်သည့်မိုးစက်များမှ ထင်းရှီအား ဦးတည်တိုက်ခိုက်နေသလိုထင်မှတ်ရပေသည်။

“ မိုးရေစက်လက်နက်ပုန်းပညာလား “

ထင်းရှီလည်း မျက်‌မှောင်ကြုတ်၍ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ဓားကွက်ကိုပြောင်းလဲ၍တိုက်ခိုက်လိုက်သည်။

“ ဝှစ် “

အလင်းတန်းတစ်ခုလက်သွားသည်ဟုထင်ရကာ ထိုနောက်တွင်ပြင်းထန်လှသည့် အားအရှိန်အဟုန်လည်း ကပ်ပါလာသည်။

ချိယိပစ်လွတ်လိုက်သည့်လက်နက်ပုန်းများမှာ ထက်ပိုင်းဖြတ်ခြင်းခံလိုက်ရကာ ထင်းရှီ၏ခန္တာကိုယ်ပတ်လည်တွင် တဖွဲဖွဲကျလာသည်။

ထင်းရှီလည်း ထိုအခါမှ ကြောက်မက်ဖွယ်ကောင်းသည့်လက်နက်ပုန်းများမှာ သေးငယ်သည့်သစ်ရွက်လေးများဖြစ်မှန်းသိလိုက်ရသည်။

ထိုသစ်ရွက်လေးများကိုကာကွယ်ရန်ပင် သူအားစိုက်လိုက်ရသေးသည်။ အမှန်မှာ ဓားချက်တစ်ခုသာထုတ်ရသည်မဟုတ်ဘဲ သူ၏သုံးရာသီဓားသိုင်းမှ အင်အားပြင်းထန်သည် မိုးသက်မုန်တိုင်းဓားကွက်မှ ငါးချက်တိတိတိုက်ခိုက်လိုက်ရခြင်းဖြစ်သည်။

ချိယိပစ်လွှတ်လိုက်သည့် သစ်ရွက်များမှာ လာရာလမ်းကြောင်းကို ခန့်မှန်းရခက်ခဲလှကာ အဆင့်လွန်သိုင်းသမားတစ်ယောက်ကိုပင် သေလျှင်သေ မသေလျှင်ဒဏ်ရာအပြင်းအထန်ရရှိသွားစေနိုင်သည်။

ထိုကြောင့်လည်း ချိယိ၏ အရိပ်ခြေလှမ်းကိုသာမက မိုးရေစက်လက်နက်ပုန်းပညာကို သိုးထိန်းကြီးက ချီးကျူးစကားပြောခဲ့ခြင်းဖြစ်ရမည် ။

ထိုတိုက်ခိုက်မှုမှာ လက်ရည်စမ်းခြင်းမည်သော်ငြား ထင်းရှီအား တစ်စုံတစ်ရာ သတိပေးခြင်းလည်းမည်၏ ။

ယခုအခါမှ ထင်းရှီမှာ သူ၏အနီးတွင်ရှိသည့်ရှန်းယွင်အကြောင်းကို စေ့စေ့စပ်စပ်စဉ်းစားလိုက်မိသည်။

ရှန်းယွင်၏ရုပ်ရည်မှာ သိုင်းလောကအလှနတ်သမီးဟုခေါ်ဆို၍ရသည်အထိ လှပချောမွေ့လှသည်။

ထို့ထက်ပို၍ကြောက်မက်ဖွယ်ကောင်းသည်ကား။သူတတ်မြောက်ထားသည့်သိုင်းပညာများ၏ဇာတ်မြစ်ဖြစ်သည်။

အရိပ်ခြေလှမ်း၊လေပြင်းနတ်မင်းလက်ဝါးသိုင်း၊မိုးကြိုးဟိန်းသံဓားသိုင်း စသည်တို့၏ပိုင်ရှင်များမှာ အရှေ့ပိုင်းသိုင်းလောကတွင် အဓိပတိများဖြစ်ကြကာ တစ်ဦးချင်းစီကပင် အလယ်ပိုင်းဒေသမှ ဂိုဏ်းချူပ်များအောက်မနိမ့်ကျပေ။

ထိုကဲ့သို့လူများမှာ ရှန်းယွင်အား သိုင်းပညာသင်ကြားပေးသည့်အပြင် အလွန်ဂရုစိုက်မှန်း သူတို့ထဲမှ ချိယိ၏ပုံစံကိုကြည့်၍ သိနိုင်သည်။

ထို့ကြောင့်လည်း ရှန်းယွင်မှာ အလိုလိုက်ခံထားရသည့် သခင်မလေးတစ်ယောက်ပမာပြုမူနေခြင်းဖြစ်ရမည်။

သူမ၏နောက်ခံမှာ မည်သည့်အရာနည်း.....

ထင်းရှီမှာတည်းခိုဆောင်သို့အပြန်လမ်းတွင် အတွေးများနှင့်ရှုပ်ထွေးနေတော့သည် ။

&&&&&&&

တောလမ်းခရီးမှာ သာယာလှပေသည်။

လူအရောက်အပေါက်များ၍ လမ်းမထက်၍ ပြောင်ရှင်းနေကာ မြင်းခြေရာများ ၊ မြင်းလှည်းဘီးရာများကိုပင်တွေ့နိုင်သည်။ ကျန်းနန်မြို့၏ဟူသည် သိုင်းလောကသားများသာမက လူတန်းစားမျိုးစုံကြားတွင် ကျော်ကြားလှသည်မဟုတ်ပါလား ။

တောလမ်းအတိုင်း မိန်းမပျိုတစ်ယောက်နှင့် ယောင်္ကျားလေးနှစ်ယောက်တို့မှာ မြင်းကိုယ်စီဖြင့် ခရီးဆက်လာကြသည်။

အဝေးတွင် မှုန်ပြပြတွေ့မြင်နေရသည့် မြို့ရိုးကြီးနှင့် မြင့်မားသည့်အဆောက်အုံအချို့အားညွန်ပြလိုက်ကာ အနက်ရောင်ဝတ်စုံနှင့်လူရွယ်မှပြောလိုက်သည်။

“ ညီအစ်ကိုလုံ မင်းသွားချင်တဲ့ ကျန်းနန်မြို့ကိုရောက်တော့မယ် ။

ရှန်းယွင် ကျန်းနန်ကိုရောက်ပြီမင်းကရော ဘယ်ကိုသွားမှာလဲ “

လူရွယ်မှ သူ၏ဘေးမှလူငယ်နှင့် မိန်းကလေးအား တဆက်တည်းမေးလိုက်သည်။

အစိမ်းရောင်ဝတ်စုံနှင့် ခေါင်းတုံးလူငယ်မှ ကျန်းနန်မြို့ကိုကြည့်ကာ သူ၏မျက်လုံးများ အရောင်တဖျက်ဖျက်လက်လာသည်။

“ ဟားးဟားး အလယ်ပိုင်းသိုင်းလောကရဲ့နတ်ပြည် ၊ မိန်းမချောလေးတွေနဲ့ အစားအသောက်တွေပေါတဲ့ကျန်းနန် ငါလာပြီဟေ့ အစ်ကိုထင်းရှီ ကျုပ်တော့သွားနှင့်ပြီ “

လူငယ်မှ ထိုသို့ပြော၍ အဖြေစကားကိုပင်မစောင့်တော့ဘဲ မြင်းကိုဒုန်းစိုင်းသွားသည် ။

အနက်ရောင်ဝတ်စုံနှင့်လူရွယ်မှာ လူငယ်အားကြည့်၍ပြုံးလိုက်မိကာ သူ၏ဘေးတွင်တွေဝေနေပုံရသည့်မိန်းကလေးအား ကြည့်လိုက်သည်။

ထိုမိန်းကလေးမှာ ရှားပါးလှသည့်အလှလေးဟုဆိုရမည့်အပြင် သူမ၏မျက်ခုံး၊မျက်လုံးနှင့် နှုတ်ခမ်းလေးများမှာ နတ်မိမယ်တမျှလှပလွန်းပေသည်။

သို့သော် ယခုအချိန်တွင်လေးကိုင်းသဏ္ဍာန်မျက်ခုံးလေးကို တွန့်ချိုးထားကာ မျက်နှာအနည်းငယ်မှုန်ကုတ်နေသည်။

သို့တိုင်အောင် သူမ၏အလှမှာ ယုတ်လျော့သွားခြင်းမရှိဘဲ စိတ်မလိုမကျဖြစ်နေသည့်နတ်သမီးလေးတစ်ယောက်နှင့်တူလှသည်။

လူရွယ်မှာ မိန်းကလေး၏အလှတွင်တခဏခန့်နစ်မြောသွားပြီး သတိဝင်လာကာ နှာခေါင်းပွတ်၍ရှက်ရွံ့စွာဖြင့်မျက်နှာလွှဲလိုက်မိသည်။

မိန်းကလေးမှာမူ သူမ၏အတွေးကမ္ဘာထဲတွင်နစ်မြောနေဆဲဖြစ်သည်။ အတန်ကြာမှ

“ ရှင်က ကျန်းနန်ကိုဝင်ပြီးရင် စီးမင်မြို့ကိုသွားမှာ မဟုတ်လား ။ ကျမကလည်းသိုင်းလောကအတွေ့အကြုံရအောင်ဆင်းလာတာဆိုတော့ “

သူမ၏စကားကို အဆုံးမသတ်သေးဘဲ လူရွယ်အားအရည်လဲ့နေသည့်မျက်လုံးကြီးများဖြင့်ကြည့်လိုက်သည်။

တောက်ပရွန်းလဲ့နေကာ ငြင်းဆန်နိုင်စွမ်းကင်းမဲ့စေသည့်ထိုအကြည့်ကို မည်သည့် ယောင်္ကျားသားမှ ငြင်းဆန်နိုင်မည်မဟုတ်ပေ။

လူရွယ်လည်း သက်ပြင်းတစ်ချက်ရှိုက်ကာပြောလိုက်သည်။

“ ကောင်းပြီ မင်းကြိုက်တဲ့အချိန်ထိငါနဲ့လိုက်ခဲ့ပေါ့ “

လူရွယ်၏စကားကြောင့် မိန်းကလေး၏မျက်နှာမှာ တိမ်တိုက်ကြားမှထွက်ပြူလာသည့်လမင်းကဲ့သို့ဝင်းပသွားကာ ချိုမြိန်စွာပြုံးလိုက်သည်။

“ ကျမသိတယ် အစ်ကိုကြီးထင်းကအကောင်းဆုံးပဲ “

မိန်းမလှလေး၏စကားကြောင့် ထင်းရှီမှာ မနေနိုင်ဘဲပြုံးလိုက်မိသည်။ ထိုမိန်းကလေးမှာ အမှန်ပင်ချစ်စဖွယ်ကောင်းလှသည်။

သူမစိတ်လက်ကြည်သာနေလျှင် သူ့အား အစ်ကိုကြီးထင်းဟုခေါ်တတ်ကာ သူမအလိုမကျလျှင် မည်သည့်နာမ်စားမှမသုံးဘဲ ‘ ဟေ့ ‘ ‘ ရှင် ‘ စသည်ဖြင့်ခေါ်ဝေါ်တတ်သည်။

ထိုအပြင်သူမ၏ဉာဏ်ရည်ဉာဏ်သွေးမှာလည်း လွန်စွာကောင်းမွန်ကာ ထင်းရှီပင်အံ့ဩရသေးသည်။

ခရီးသွားခဲ့စဉ် သုံးရက်အတွင်းသူမ၏မိုးကြိုးဟိန်းသံဓားသိုင်းအား သူမနှင့်သင့်လျှော်ကာ ပို၍အစွမ်းထက်စေရန် ထင်းရှီအနည်းငယ်ပြုပြင်ပေးခဲ့သည်။

သိုင်းလောကတွင် မိမိ၏သိုင်းပညာကို တစ်ပါးသူအားပြသလေ့မရှိသော်လည်း ရှန်းယွင်မှာမူ ထင်းရှီအား သူမ၏ဓားသိုင်းကို အစအဆုံးကစားပြလေ့ရှိကာ သူမ၏စိတ်ထဲတွင်မည်သို့မှရှိပုံမပေါ်ပေ။

ထင်းရှီပင် မိုးကြိုးဟိန်းသံဓားသိုင်းအား အလွတ်ရလုဆဲဆဲဖြစ်ကာ ထိုဓားသိုင်းမှာ အမှန်ပင်ပြင်းထန်ကာအစွမ်းထက်လှသည်။

ထိုဓားသိုင်းမှာ အတွင်းအားအားအခြေခံကာ ဓားကွက်ပြင်းထန်မှုကိုလွန်စွာအသားပေးကာ ထင်းရှီတတ်မြောက်သည့် ဓားတစ်ထောင်သိုင်းနှင့်ဆင်တူကာ အမာအမျိုးအစားဓားသိုင်းအမျိုးအစားဖြစ်သည်။

ကွ ခြားချက်မှာ မိုးကြိုးဟိန်းသံဓားသိုင်းကို အဆင့်ကုန်အထိအောင်မြင်ပြီးပါက ဓားချက်တိုင်းတွင် မိုးကြိုးသံသဲ့သဲ့ကိုပင်ကြားရနိုင်သည်။ ထို့အပြင် ဓားချက်တိုင်းမှာ လျှပ်စီးတမျှမြန်ဆန်ပေလိမ့်မည် ။

ထိုအချက်များနှင့်ပင် သိုင်းလောအတွင်းရှိမည်သည့်ထိတ်တန်းဓားသိုင်းအောက်မှ နိမ့်ကျခြင်းမရှိပေ။

သို့သော် ပြဿနာတစ်ခုရှိသည်မှာ ရှန်းယွင်အတွက် ထိုဓားသိုင်းမှာ သင့်လျော်ခြင်းမရှိပေ။ သူမအတွက်သင့်လျော်သည်က ဓားကွက်ပေါ့ပါး၍ ကိုယ်ဖော့ပညာအသားပေးဓားသိုင်းများသာဖြစ်သည် ။

ထို့ကြောင့်ပင် သူမအရိပ်မဲ့ဓားနှစ်လက်နှင့်တိုက်ခိုက်ခဲ့စဉ်က ထင်းရှီပင်မျက်လုံးပြူးခဲ့ရသေးသည်မဟုတ်ပါလား ။

ယခုထင်းရှီမှာ သူမ၏မိုးကြိုးဟိန်းသံဓားသိုင်းအား အနည်းငယ်ပြုပြင်ပေးကာ သူမအသုံးပြုရာတွင် ပို၍အစွမ်းထက်လာသည်။

ထိုပြုပြင်ထားသည့်ဓားသိုင်းကိုလည်းထိုမိန်းကလေးမှာ နှစ်ရက်သုံးရက်အတွင်း လုံးဝတတ်ကျွမ်းသွားလေသည်။

ထင်းရှီ၏စိတ်ထဲတွင် ယခုအချိန်အထိသူမ၏ဇာတ်မြစ်နှင့်ရည်ရွယ်ချက်ကိုမှန်းဆမရနိုင်သေးပေ ။

သို့သော် ထူးဆန်းသည်က သူ့မထံတွင်မကောင်းသည့်ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိသည်ကို သူအလိုလိုယုံကြည်နေမိခြင်းဖြစ်သည်။

All Chapters