ကွင်းပြင်အတွင်းမှတိုက်ပွဲ
Vol. 2 Ch. 183
သူတို့နှစ်ဦးမှာ မြင်းကိုဖြေးညင်းစွာ ဘေးချင်းယှဉ်စီးလာပြီး ရှုခင်းများအား ကြည့်ရှုလာကြသည်။
မည်သို့ပင်ဖြစ်စေ ကျန်းနန်မြို့မှာ သူတို့နှင့်တစ်ခေါ်သာသာအကွာအဝေးတွင်သာ အရေးကြီးကိစ္စတစ်စုံတစ်ရာမရှိသဖြင့် အလျှင်မလိုကြပေ။
ထင်းရှီ၏မျက်လုံးအစုံမှာ လမ်းမ၏ဘေးဘက်ခပ်လှမ်းလှမ်းတွင်ရှိသည့် ကွင်းပြင်ကြီးအားအကြည့်ရောက်သွားကာ သူ၏မျက်လုံးများ အနည်းငယ်ရီဝေသွားသည် ။
ကံကြမ္မာရဟတ်မှာ တစ်ပတ်လည်သည်လားမပြောတတ်ပေ။
လွန်ခဲ့သည့်နှစ်နှစ်ကျော်က သူသိုင်းလောကထဲစဝင်စဉ် မည်သည့်အကြောင်းအရာမှ သိရှိထားခြင်းမရှိသည့်သူ့အား ရှောင်ရှောင်ဟုသူသိထားသည့်သွမ့်ရှင်းရှောင်မှသူ့အား ယခုလိုလိုက်လံရှင်းပြကာ ခရီးအတူသွားခဲ့ဖူးသည်။
ယခုလည်း သူနှင့်ရှန်းယွင်မှာ အတူခရီးဆက်နေကြကာ သိုင်းလောကအတွင်းစဝင်သည့် ထိုကလေးမလေးကို သူလိုက်လံရှင်းပြပေးနေရသည်။
ထင်းရှီမှာ ရုတ်တရက်ဆိုသလို ရှောင်ရှောင့်ကို လွန်စွာသတိရလာသည်။
ထိုမိန်းကလေးမှာ ရုပ်ရည်လွန်စွာလှပသလို သိုင်းပညာတွင်ပါထူးချွန်ကာ စိတ်သဘောထားလွန်စွာကောင်းမွန်သည် ။
နောက်ဆုံးထင်းရှီနှင့်လမ်းခွဲခါနီးတွင်ပင် သူမ၏ဖခင်ဆီသို့သွားရောက်နိုင်ရန် သူမ၏နဂါးစိမ်းတံဆိပ်ပြားကိုထင်းရှီအား ပေးခဲ့ဖူးသည် ။
ထိုအခါမှ သူ၏ရင်ဘက်ကြားထဲရှိကျောက်စိမ်းပြားလေးအား လက်ဖြင့်စမ်းလိုက်မိသည်။
ထိုကျောက်စိမ်းပြားလေးမှာ ရှောင်ရှောင်၏ကျောက်စိမ်းပြားလေးဖြစ်ကာ နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်သို့ရောက်ရှိပြီးနောက်တွင် သူနှင့်အတူမခွဲမခွာတည်ရှိနေသည့် တစ်ခုတည်းသောပစ္စည်းလေးဖြစ်သည်။
ထိုကျောက်စိမ်းပြားလေးကို ရှောင်ရှောင်နှင့်ပြန်တွေ့သည့်အခါမှ ပြန်ပေးရန် သူဆုံးဖြတ်ထားသည်။
ထင်းရှီလည်း သက်ပြင်းတစ်ချက်ချ၍သူ၏လက်ကိုဝေ့ယမ်းကာ သူရဲကောင်းကွင်းပြင်ကိုညွန်ပြလိုက်သည်။
“ ရှန်းယွင် ဟိုက ကျော်ကြားတဲ့သူရဲကောင်းကွင်းပြင်ဆိုတာပဲ ။ သိုင်းလောကထဲက ရန်ငြိုးရန်စရှိတဲ့သူအတော်များများက သူရဲကောင်းကွင်းပြင်ထဲမှာ သူတို့ရဲ့ရန်ငြိုးတွေကိုဖြေရှင်းကြတယ်။
လွန်ခဲ့တဲ့နှစ်တွေထဲက အခုအချိန်ထိ သူရဲကောင်းကွင်းပြင်ထဲမှာ မရေမတွက်နိုင်အောင် သွေးမြေကျခဲ့ပြီးပြီ။
အခုလဲတိုက်ခိုက်နေကြတဲ့လူရှိ ....... “
ထင်းရှီမှာ သူရဲကောင်းကွင်းပြင်အစပ်ရှိလူအနည်းငယ်နှင့် ကွင်းထဲတွင်သဲသဲမဲမဲတိုက်ခိုက်နေသူနှစ်ယောက်ကိုကြည့်ကာ သူ၏မျက်လုံးများပြူးကျယ်သွားသည် ။
ထို့နောက် စကားပြောဆိုနေခြင်းအားရပ်တန့်ကာ ရှန်းယွင်အား အော်ဟစ်၍သူရဲကောင်းကွင်းပြင်ရှိရာသို့မြင်းကိုအပြင်းနှင်လိုက်သည်။
“ ရှန်းယွင် ညီအစ်ကိုလုံကတော့ ကွင်းပြင်ထဲမှာ တိုက်ခိုက်နေပြီ ငါတို့မြန်မြန်သွားရအောင် “
ရှန်းယွင်လည်း ထင်းရှီ၏ဟန်အမူအယာကြောင့် စကားတစ်ခွန်းမှမဆိုတော့ဘဲ ထင်းရှီ၏နောက်သို့ အမှီလိုက်လေတော့သည် ။
“ ဝုန်းးး.... ဝုန်းး.... “
“ ရွှပ် “
ကွင်းပြင်ထဲတွင် တိုက်ခိုက်နေသည့်အသံများဆူညံနေသည်။
ရန်ငြိုးရန်စရှိသူများကဲ့သို့ အပြင်းအထန်တိုက်ခိုက်နေကြသူများမှာ အသက်အရွယ်များစွာမကြီးသေးသည့် လူငယ်နှစ်ယောက်ဖြစ်ကာ သူတို့အသုံးပြုနေသည့်သိုင်းပညာများမှာ သူတို့၏အသက်အရွယ်နှင့်စာလျှင် လွန်စွာအံ့ဩဖွယ်ကောင်းလှသည်။
လူငယ်တစ်ယောက်မှာ ဓားရှည်ကိုအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကာ ကျန်တစ်ယောက်မှာ ပြင်းထန်လှသည့်လက်သီးချက်များဖြင့် တိုက်ခိုက်နေသည် ။
ဓားနှင့်တိုက်ခိုက်နေသည့်လူငယ်၏ဓားသိုင်းမှာတိုက်စစ်ခံစစ်မျှတ၍ ဟာကွက်မရှိသလောကဖြစ်ကာ လွန်စွာကောင်းမွန်သည့်ဓားသိုင်းဖြစ်သည်။
ထို့အပြင် လူငယ်ကိုယ်တိုင်မှလည်း အဆင့်လွန်သိုင်းသမားတစ်ယောက်ဖြစ်ကာ သူ၏ဓားသိုင်းဖြင့်ဆိုလျှင် ထိပ်သီးဆယ်ယောက်စာရင်းဝင်များထက်ပင် အားနည်းခြင်းမရှိနိုင်ပေ။
သို့သော် ဓားရှည်ဖြင့်လူငယ်မှာ အံ့ဩဖွယ်ကောင်းလောက်အောင် သူ့ပြိုင်ဘက်၏ဖိအားပေးမှုကို ခံနေရသည် ။
သူ၏ပြိုင်ဘက် လက်ဗလာနှင့်လူငယ်မှာမူ ပြင်းထန်လှသည့်လက်သီးချက်များကို တစ်ချက်ပြီးတစ်ချက်တိုက်ခိုက်နေကာ သူ၏လက်သီးချက်များကြောင့်လေထဲတွင် တဝုန်းဝုန်းမည်နေသည်။
ဓားရှည်နှင့်လူငယ်မှာ ထိုလက်သီးချက်များကို သတိထားရှောင်တိမ်းနေရသည့်အတွက်ကြောင့် သူစိတ်ရှိသလိုတိုက်ခိုက်နိုင်ခြင်းမရှိဘဲ ဖိအားပေးခံနေရခြင်းဖြစ်သည်။
သို့သော် လက်သီးလူငယ်မှာ အားအင်ယုတ်လျော့သွားပုံမရဘဲ သူ၏လက်သီးများမှာ ပို၍ပင်အင်အားပြင်းထန်လာသည်။
လူငယ်မှာ အတွင်းအားများစွာ သုံးစွဲရမှုကြောင့် မောပန်းလာရမည့်အစား အသာစီးရလာမှုနှင့်အတူ လက်သီးလူငယ်၏မျက်နှာကြီးမှာ ပို၍ပင်ပြုံးဖြီးလာည်။
ကြည့်ရှုနေကြသူများမှာ လူငယ်၏ပြည့်ဝလှသည့်အတွင်းအားကို တအံ့အဩဖြင့်ကြိတ်၍ချီးကျူးလိုက်မိကြသည်။
တိုက်ခိုက်နေကြသူနှစ်ဦးမှာ အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကြကာ ခပ်ဆင်ဆင်တူသလိုရှိသည် ။
ကွာခြားချက်မှာ လက်သီးလူငယ်၏အင်္ကျီလက်စတွင် အဖြူရောင်နဂါးပုံရှိကာ ဦးခေါင်းတွင် ဆံပင်မွှေးမရှိဘဲခေါင်းတုံးဖြစ်နေခြင်းနှင့် ဓားရှည်လူငယ်၏အစိမ်းရောင်ဝတ်စုံ၏ရင်ဘက်တွင်ကျော်ကြားလှသည့် နဂါးစိမ်းဂိုဏ်းကြီး၏ တိမ်သဏ္ဍာန်နှစ်ခုနှင့်အဖြူရောင်နဂါးငယ်တစ် ကောင်ရှိနေခြင်းပင်ဖြစ်သည် ။
ထင်းရှီနှင့် ရှန်းယွင်တို့မှာ သူတို့၏မြင်းများကိုဆွဲ၍ လူရှင်းသည့်နေရာမှတဆင့် ကွင်းပြင်အစပ်သို့ရောက်လာကြသည်။
“ နဂါးစိမ်းဂိုဏ်းက ဂိုဏ်းခွဲမှူးလား “
ထင်းရှီမှ ဓားရှည်လူငယ်၏ဝတ်စုံအားကြည့်ကာ ရေရွတ်လိုက်သည်။
အစိမ်းရောင်ဝတ်စုံ၏ရင်ဘက်နေရာမှ တိမ်ပုံသဏ္ဍာန်နှင့် သေးငယ်သည့်နဂါးပုံလေးမှာ နဂါးစိမ်းဂိုဏ်း၏ ဂိုဏ်းခွဲမှူးများသာ ဝတ်ဆင်ရသည့်ဝတ်စုံဖြစ်သည်။
လူငယ်၏အသက်သည်လည်း သုံးဆယ်ပင်ပြည့်ပုံမရသေးသည့်အတွက် သူ၏အသက်အရွယ်ဖြင့် နဂါးစိမ်းဂိုဏ်းကြီး၏ ဂိုဏ်းခွဲမှူးရာထူးရထားသည်မှာ ချီးကျူးဖွယ်ကောင်းလှသည်။
ထို့အတူ လူငယ်၏ဓားသိုင်းသည်လည်း တော်ရုံတန်ရုံအဆင့်လွန်သိုင်းသမားများပင် ရှုံးနိမ့်သွားနိုင်လေသည်။
သို့သော် သူ၏ပြိုင်ဘက်မှာ ခေါင်းတုံးလူငယ်လုံချန်ဟိုင်ဖြစ်နေသည့်အတွက် ဂိုဏ်းခွဲမှူးလူငယ်ကံဆိုးသွားခြင်းဖြစ်သည် ။
“ ဟေ့ ညီအစ်ကိုလုံ ရပ်လိုက် “
အော်ဟစ်တားမြစ်သံတစ်ခုထွက်ပေါ်လာသည့်အတွက် လူအများ၏အာရုံမှာ ထိုနေရာသို့ရောက်သွားကြသလို တိုက်ခိုက်နေသည့်လူငယ်နှစ်ယောက်သည်လည်း အနည်းငယ်တုံ့နှေးသွားကြသည်။
အကြောင်းမှာ အော်ဟစ်လိုက်သူ၏အတွင်းအားမှာ ပြည့်ဝလှကာ လူတစ်ယောက်ချင်းစီ၏နားအနီးသို့ကပ်ပြောလိုက်သလို လူတိုင်းရှင်းလင်းစွာကြားလိုက်ရသည်။
“ ကောင်းလိုက်တဲ့အတွင်းအား “
လူအများမှာ အော်ဟစ်လိုက်သူကိုကြည့်ကာ ကြိတ်၍ချီးကျူးလိုက်ကြမိသည်။
သို့သော် လူငယ်နှစ်ယောက်သည်တော့ ဆက်လက်တိုက်ခိုက်နေကြဆဲပင်။
သူတို့လိုအဆင့်မျိုးတွင် အနည်းငယ်တုံ့ဆိုင်းသွားပါက ဒဏ်ရာအကြီးအကျယ်ရရှိနိုင်သည်။ ထို့ကြောင့်ပင် သူတို့၏တိုက်ခိုက်မှုများကို ရပ်တန့်ရန်စိတ်မကူးကြခြင်းဖြစ်သည်။
နောက်ထပ်ဖြစ်လာသည့်အဖြစ်အပျက်ကြောင့် ပွဲ့ကြည့်လူများသာမက လူငယ်နှစ်ယောက်ပင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ကွင်းအလယ်သို့လူရိပ်တစ်ရိပ်လျှင်မြန်စွာရောက်ရှိသွားကာ လူငယ်နှစ်ယောက်၏အလယ်သို့လက်ဝါးတစ်ချက်ဝေ့ယမ်းလိုက်သည်။
ထိုလူရိပ်၏လှုပ်ရှားမှုများမှာ လွန်စွာလျှင်မြန်လှသည့်အတွက် အများစုမှာ မည်သူမည်ဝါမှန်း မသဒကွဲကြပေ။
ကျယ်လောင်သည့်အသံကြီးနှင့်အတူ လူငယ်နှစ်ယောက်မှာ နောက်သို့ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရကာ တတိယလူ၏အစွမ်းကိုဖြုံသွားကြသည် ။
ထိုအချိန်တွင်ကွင်းအလယ်၌ အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက် လက်နောက်ပစ်၍ ရပ်နေသည်။
“ သူကဘယ်သူလဲ “
“ သူ့ကိုသိုင်းလောကထဲမှာ မမြင်ဖူးဘူး “
တီးတိုးပြောသံများ ဆူညံသွားသည်။
တိုက်ပွဲအားကြည့်ရှုနေကြသည့်သိုင်းသမားများသည်လည်း အစွမ်းထက်လှသည့်လူငယ်နှစ်ယောက်၏တိုက်ပွဲအားဝင်ရောက်တားဆီးသည့် လူတစ်ယောက်ပေါ်လာ၍ စိတ်ဝင်စားစွာ အကဲခက်လိုက်ကြသည်။
ထင်းရှီ၏ပုံစံမှာ အနက်ရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားကာ သူ၏ခါးတွင်လက်စွဲတော်ဓားရှည်ကို ချိတ်ဆွဲထားသည်။
သူ၏မျက်နှာမှ ပါးမြိုင်းမွှေးများ၊မုတ်ဆိတ်မွေးများကို မရိတ်သင်ရသေးသော်လည်း တစ်မျိုးတစ်ဖုံထူးခြားကာ ခန့်ငြားနေလေသည်။
ထင်းရှီမှာ သူ့ဆီသို့ စူးစူးနစ်နစ်ကျရောက်နေသည့် မျက်ဝန်းတစ်စုံကိုတော့ သတိမပြုခဲ့မိပါချေ။
ယခုအချိန်တွင် သူ၏စိတ်ထဲ၌ တိုက်ခိုက်နေကြသည့်လူနှစ်ယောက်ကိုရပ်တန့်ရန်သာအတွေးရှိသည်။
တစ်ဖက်မှလူမှာ သူနှင့်အတော်လေးပတ်သတ်ဆက်ဆံဖူးသည့်နဂါးစိမ်းဂိုဏ်းမှလူဖြစ်နေသလို ကျန်တစ်ယောက်သည်လည်း ထူးဆန်းကာအစွမ်းထက်သည့်အပြင် သူနှင့်ရင်းနှီးခင်မင်နေသည့် လုံချန်ဟိုင်ဖြစ်နေသည်။
နဂါးစိမ်းဂိုဏ်းအတွက်မူကား သူနှင့်ရှောင်ရှောင်တို့၏ခင်မင်မှုအပြင် နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်၏ သူ့ကိုမျက်နှာသာပေးထားသည့်အကြွေးတစ်ခုရှိထားသည် ။
ထို့ကြောင့်ပင် တိုက်ပွဲအား အားသုံး၍ဝင်ရောက်ရပ်တန့်ရခြင်းဖြစ်သည်။
“ တော်ပြီကွ အစ်ကိုထင်းရှီပြောလို့မဟုတ်ရင် မင်းကိုငါမှတ်လောက်သားလောက်အောင်ဆုံးမတယ်။
နောက်ပြီး မင်းရဲ့နဂါးဘာဆိုလား အဲဒီနာမည်ကိုမပြောင်းရင် နောက်တစ်ခါတွေ့တိုင်း ငါကရိုက်နှက်မှာပဲ “
လုံချန်ဟိုင်မှာ အခဲကျေသေးဟန်မတူဘဲ တစ်ဖက်လူငယ်အား မထိတထိကြည့်၍ ရန်စလိုက်သည်။
ဂိုဏ်းခွဲမှူးလူငယ်မှာမူ အေးစက်စက်နှာမှုတ်၍ စကားတစ်ခွန်းမှမဆိုပါချေ။ သို့သော် အေးစက်တင်းမာနေသည့်သူ၏မျက်နှာကိုကြည့်ချင်းအားဖြင့် သူ့စိတ်အခြေအနေအား သိရှိနိုင်သည်။