← Chapters

မိန်းမလှနှစ်ယောက်၏တင်းမာမှု

Vol. 2 Ch. 184

မိန်းမလှနှစ်ယောက်၏တင်းမာမှု

Vol. 2 Ch. 184

“ မိတ်ဆွေတို့ တိုက်ပွဲပြီးသွားပါပြီ “

ထင်းရှီမှ လူများဘက်သို့လှည့်၍ လက်သီးဆုပ်ဂါရဝပြုရင်းအော်ဟစ်လိုက်သည် ။

သူ၏စကားကြောင့် ပွဲကြီးပွဲကောင်းကြည့်ရပြီဟုအားခဲထားကြသည့်သိုင်းသမားများမှာ စိတ်ပျက်သွားကြသော်လည်း ထင်းရှီ၏အစွမ်းအစကို မျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက် စောဒကတက်ခြင်းမပြုဘဲ အလျှိုအလျှိုလူစုခွဲသွားကြတော့သည်။

ထိုအခါမှ ထင်းရှီလည်း ဂိုဏ်းခွဲမှူးလူငယ်ဘက်သို့လှည့်၍ အရိုအသေပြုရင်းပြောလိုက်သည်။

“ ဘယ်လိုကနေစပြီးဖြစ်တဲ့မသိပေမယ့် ကျုပ်မိတ်ဆွေကိုယ်စားကျုပ်ကပဲတောင်းပန်ပါတယ်။ ဒီကိစ္စကို ဒီမှာပဲ ကျေအေးကျရအောင် “

ထင်းရှီမှာ အဖြစ်အပျက်အလုံးစုံကိုမသိလိုက်သော်လည်း လုံချန်ဟိုင်မှပြဿနာရှာခြင်းဖြစ်သည်ကို‌ ကောင်းစွာရိပ်မိသည်။

လုံချန်ဟိုင်မှာ သူနှင့်မိတ်ဆွေများဖြစ်ကြသည့်အပြင် တစ်ဖက်မှလည်း နဂါးစိမ်းဂိုဏ်းသားဖြစ်သောကြောင့် ထိုကိစ္စကို အကျယ်အကျယ်မဖြစ်စေရန် မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည် ။

လုံချန်ဟိုင်မှာ တစ်စုံတစ်ရာပြောမည်ပြုသော်လည်း တင်းမာသည့်မျက်နှာဖြင့်ကြည့်နေသည့် ရှန်းယွင်ကြောင့် သွားဖြဲပြကာဇာတ်လေးပုသွားသည် ။

ဂိုဏ်းခွဲမှူးလူငယ်မှာ ထင်းရှီ၏ပြေပြစ်သည့်စကားကြောင့် မျက်နှာအမူအယာပြေလျော့သွားသော်လည်း သူ၏လက်ထဲမှဓားကို ဓားအိမ်အတွင်း

သို့ ပြန်၍သိမ်းဆည်းခြင်းမပြုပေ။

သူ၏အမူအယာမှာ အလေးအနက်စဉ်းစားနေသည့်ပုံဖြစ်ကာ အတန်ကြာမှ ခေါင်းညိမ့်ကာပြောလိုက်သည်။

“ ကောင်းပြီလေ ခင်ဗျားကဲ့မိတ်ဆွေကကျုပ်ကို အကြောင်းမရှိဘဲတိုက်ခိုက်တယ်ဆိုပေမယ့် ကျုပ်ကရန်ငြိုးမထားပဲ ကျေအေးပေးလိုက်ပါ့မယ် “

လူငယ်၏စကားကြောင့် ထင်းရှီ၏မျက်နှာတွင်အပြုံးတစ်ခုပေါ်လာသော်လည်း နောက်ဆက်တွဲစကားကြောင့် မျက်လုံးအနည်းငယ်ပြူးသွားသည်။

“ အစောက ခင်ဗျားကျုပ်တို့ကိုဝင်တားလိုက်တာကိုကြည့်ရရင် ခင်ဗျားကလည်း သိုင်းပညာညံ့တဲ့ပုံမပေါ်ဘူး။ ကျုပ်တို့ တစ်ပွဲတစ်လမ်းအကဲစမ်းကြည့်ရအောင် “

လူငယ်မှ ထင်းရှီအား သူ၏ဓားဖြင့်ညွန်ပြကာပြောလိုက်သည်။

သိုင်းလောက၏ထုံးစံတစ်ခုမှာ လက်နက်ဖြင့်ချိန်၍စိမ်ခေါ်ခံရပါက ငြင်းဆန်၍မရပေ ။ အကယ်၍စိမ်ခေါ်ခံရသူငြင်းဆန်ပါက ကြောက်ရွံ့သည့်သဘောသက်ရောက်ကာ အထင်သေးခံရပေမည်။

ယခုလည်း ထင်းရှီမှာ လူငယ်၏အပြုအမူကြောင့် အခက်ကြုံသွားသော်လည ဘေးတွင်ရပ်ကြည့်နေသည့်လူများမှာမူ ထူးဆန်းသည့်အမူအယာဖြစ်သွားကြသည် ။

လုံဟိုင်ချန်၏မျက်နှာထက်တွင်အပြုံးကြီးကြီးတစ်ခုပေါ်လာကာ သူ၏စိတ်ထဲတွင် ထိုလူငယ်ရိုက်နှက်ခံရမည်ကို ကြိုတင်တွေးကာ သဘောကျနေသည်။

ရှန်းယွင်သည်လည်း လူငယ်၏အပြုအမးကြောင့်ဒေါသထွက်လာကာ ထင်းရှီအားလက်သီးလက်မောင်းတန်း၍ ပြောလိုက်သည်။

“ အစ်ကိုကြီးထင်း သူ့ကိုကောင်းကောင်းကြီးဆုံးမပစ်လိုက်စမ်းပါ ဒီလောက်ခေါင်းမာတဲ့ကောင်ကို “

သူတို့အကြားတွင် ဆူညံနေစဉ် ချိုသာသည့်အသံလေးတစ်ခုထွက်ပေါ်လာသည်။

“ အစ်ကိုဝမ် အစ်ကိုတစ်နေကုန်တိုက်နေရင်တောင်မှ သူ့ရဲ့အင်္ကျီစကိုထိမှာမဟုတ်ဘူး “

သူတို့၏အာရုံများမှာ အသံလာရာဆီသို့ကျရောက်သွားကာ မြင်းတစ်ကောင်ကိုဆွဲလျက်သူတို့ဆီသို့ဖြေးညင်းစွာလာနေသည်မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

ထိုမိန်းကလေးမှာ ပန်းနုရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ရုပ်ရည်သာမန်မျှရှိသော်လည်း သူမ၏ခန္တာကိုယ်မှာ ကျောက်ဆစ်ရုပ်လေးအလားအချိုးကျလှသည်။

သူမ၏သေးကျဥ်းသေးခါးတွင်ချိတ်ဆွဲထားဓားကိုကြည့်၍ သိုင်းလောကသားတစိဦးဖြစ်ကြောင်းကို မမေးဘဲနှင့်သိနိုင်လေသည်။

“ ထင်းရှီ ကျမတို့ပြန်တွေ့ကြပြန်ပြီ “

မိန်းကလေးမှ ရင်းနှီကျွမ်းဝင်နေသည့်အလားနှုတ်ဆက်လိုက်ကာ အရည်လဲ့နေသည့်မျက်ဝန်းများဖြင့် ထင်းရှီအားကြည့်လိုက်သည်။ သူမ၏နှုတ်ခမ်းများမှာ ပြုံးယောင်သမ်းနေသည် ။

ထင်းရှီ၏အမူအယာသည်လည်း ထူးခြားနေလေသည်။ သူ၏မျက်လုံးများမှာ အံ့ဩသည့်ဟန်ဖြင့်ပြူးကျယ်နေကာ မျက်နှာတွင်တောက်ပသည့်အပြုံးတစ်ခုထွက်ပေါ်လာသည်။

“ ရှောင်ရှောင် ငါတို့ပြန်တွေ့ကြပြီ “

သူတို့၏ပုံစံမှာ ဘေးပတ်ဝန်းကျင်မှလူများကို မေ့လျော့သွားပုံရသည် ။

လူများဟုဆိုရာတွင် တိုက်ပွဲအားကြည့်ရှုနေသူများမှာ ထင်းရှီ၏စကားကြောင့်ပြန်သွားကြပြီဖြစ်ကာ ထိုနှစ်ယောက်ကို အံ့ဩဟန်ဖြင့်ရပ်ကြည့်နေကြသည့် ရှန်းယွင်တို့သုံးယောက်သာကျန်ခဲ့ခြင်းဖြစ်သည်။

“ အစ်ကိုကြီးထင်း သူကဘယ်သူလဲ “

ရှန်းယွင်မှ ထင်းရှီနှင့်ထိုမိန်းကလေးကြားတွင်ဝင်ရပ်ကာမေးလိုက်သည်။ သူမ၏မျက်လုံးများသည်းလည်း ထိုမိန်းကလေးကို စူးစိုက်ကြည့်နေသည်။

ထိုမိန်းကလေးမှာ သာမန်ရုပ်ရည်သာရှိသော်လည်း လွန်စွာဆွဲဆောင်နိုင်သည့်ခန္တာကိုယ်ရှိကာ အနည်းငယ်ထူးခြားနေသည် ။

ထို့အတူ ပန်းနုရောင်နှင့်မိန်းကလေးသည်လည်း ဖူးသစ်စပန်းလေးလိုနုရွနေသည့်ရှန်းယွင်ကို အကဲခပ်နေသည်။

“ ရှန်းယွင်သူက ငါ့ရဲ့သူငယ်ချင်းရှောင်ရှောင် မင်းတို့ကြားဖူးမှာပါ သိုင်းလောကရဲ့အလှနတ်သမီး ပန်းနတ်သမီးသွမ့်ရှင်းရှောင်ဆိုတာ “

“ ရှောင်ရှောင် သူတို့ကငါ့ရဲ့သူငယ်ချင်းတွေ

ဒီမိန်းကလေးက အရှေ့ပိုင်းက အလုပ်မရှိအကိုင်မရှိတဲ့ရှန်းယွင် ။ သူကညီအစ်ကိုလုံချန်ဟိုင် “

ထင်းရှီမှ လက်ဝါးနှစ်ဖက်အားပွတ်ကာ နှစ်ဖက်စလုံးအား မိတ်ဆက်ပေးလိုက်သည် ။ထို့နောက် နောက်ဆုတ်၍ရပ်နေလိုက်သည်။

သူ၏စိတ်ထဲတွင် နှစ်ဖက်စလုံးမှ အချင်းချင်းအသိအမှတ်ပြုကြလိမ့်မည်ထင်မှတ်ထားသော်လည်း ယခုအခြေအနေမှာ အနည်းငယ်ထူးဆန်းနေသည်။

လုံချန်ဟိုင်မှာ သွမ့်ရှင်းရှောင်ဟူသောနာမည်ကြောင့် မျက်လုံးများအရောင်တောက်သွားကာ ရှေ့သို့တိုးလာသည်။ ထို့အတူ ဂိုဏ်းခွဲမှူးလူငယ်သည်လည်း သွမ့်ရှင်းရှောင်၏နောက်ဘက်သို့ရောက်လာလေသည်။

မိန်းကလေးနှစ်ယောက်မှာမူ တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြကာ သူတို့အကြားတွင်‌ အေးစက်သည့်လေထုရှိနေကာ မီးပွင့်လေးများပင်လက်သွားသည်ဟုထင်ရ‌သည်။

အတန်ကြာမှ

“ ရှင်က ပန်းနတ်သမီးသာဆိုတယ် ကျမကြားဖူးတဲ့သတင်းတွေထဲကလိုလည်းမဟုတ်ပါလား။

သိုင်းလောကထဲမှာ ထွက်နေတဲ့သတင်းတွေက သိုင်းထိပ်သီးဆယ်ယောက် အဆင့်ခုနစ် အလှနတ်သမီးသွမ့်ရှင်းရှောင်က နတ်သမီးတစ်ယောက်လိုလှပပြီး သိုင်းပညာထူးချွန်တယ်ဆိုပဲ။ ဒါပေမယ့် အခု “

ရှန်းယွင်မှ သူမ၏နှုတ်ခမ်းအားစုကာ သွမ့်ရှင်းရှောင်ကို အစုန်အဆန်ကြည့်၍ဝေဖန်လိုက်သည်။

သူမ၏စကားကြောင့် သွမ့်ရှင်းရှောင်မှာ မျက်ခုံးနှစ်ခုတွန့်ချိုးသွားသော်လည်း တုံ့ပြန်ပြောဆိုခြင်းမပြုသေးဘဲ သူမ၏မျက်နှာကိုပဝါတစ်ထည်ဖြင့်ပွတ်သပ်လိုက်သည်။

ထိုအခါ ကျောက်စိမ်းလိုဖြူဖွေးသည့်မျက်နှာ ၊ ဖြောင့်စင်းနေသည့်နှာတံလှလှလေးနှင့် ချယ်ရီရောင်နှုတ်ခမ်းလေးများ တန်ဆာဆင်ထားသည့်ပြိုင်ဘက်ကင်းလှပသည့်မျက်နှာလေးပေါ်ထွက်လာသည်။

သွမ့်ရှင်းရှောင်မှ သူမ၏နှုတ်ခမ်းကိုတွန့်ရုံလေးပြုံးလိုက်ရာ အချိန်ပင်ခေတ္တရပ်တန့်သွားသည်ဟုထင်ရသည် ။

သူ၏မျက်နှာအား နီးကပ်စွာမြင်တွေ့ဖူးသည့်ထင်းရှီပင် မနေနိုင်ဘဲငေးကြည့်လိုက်မိကာ သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။

ထိုမျက်နှာလေးမှာ လူ့လောကနှင့်မသက်ဆိုင်သည့်အလား အစိတ်အပိုင်းတစ်ခုစီကပင် လွန်စွာလှပလွန်းသည်။

ဂိုဏ်းခွဲမှူးလူငယ်မှာ သွမ့်ရှင်းရှောင်၏ရုတ်တရက်အပြုအမူကြောင့်မင်တပ်မိသွားသည် ။ထိုမိန်းကလေးကို သူငယ်စဉ်ထဲကစတင်၍သိလာခဲ့ရာ လူအများကြားထဲတွင် အထူးသဖြင့် မရင်းနှီးသူများရှေ့တွင် အကြောင်းတစ်စုံတစ်ရာမရှိဘဲ မျက်နှာအစစ်ကို ပြလေ့မရှိဘဲရုပ်ဖျက်၍နေလေ့ရှိကြောင်းကို သူကောင်းစွာသိထားသည်

သို့သော် ယခု .......

လုံချန်ဟိုင်မှာ ပန်းနတ်သမီးဟုအသံကြားစဉ်ထဲက သွမ့်ရှင်းရှောင်ကိုမျက်တောင်မခပ်တမ်းကြည့်နေကာမှ ယခုအချိန်တွင် သူ၏မျက်နှာထက်၌ ပန်းများပွင့်လန်းနေသလို အပြုံးများဝေကာ သွမ့်ရှင်းရှောင်အား စူးစိုက် ကြည့်နေသည်။

ရှန်းယွင်၏စိတ်ထဲတွင်မူ ရုပ်ရည်ရောခန္တာကိုယ်ပါ အပြစ်ပြောစရာ တစ်ကွက်မှမရှိဘဲ ဆွဲဆောင်မှုပြင်းလှကာ အန္တရာယ်ပေးနိုင်သည့်ထိုမိန်းမကို မြေခွေးမတစ်ယောက်ဟုပင် ထင်မှတ်နေလေသည်။

အမှန်ဆိုလျှင် ရှန်းယွင်သည်လည်း ရှာမှရှားသော မိန်းမလှလေးတစ်ယောက်ဖြစ်သည် ။ သူမ၏အလှမှာ သွမ့်ရှင်းရှောင်နှင့်နှိုင်းယှဉ်နိုင်လောက်သည်အထိလှပသော်လည်း သူမ၏အသက်မှာ နှစ်ဆယ်ပင်မပြည့်တတ်သေးဘဲ ဖူးသစ်စအရွယ်သာရှိနေသေးသည်။။

သွမ့်ရှင်းရှောင်မှာမူ လွန်ခဲ့သည့်နှစ်များထဲက သိုင်းလောကအလှနတ်သမီးဘွဲ့ကိုရရှိထားကာ ယခုအချိန်တွင် သူမ၏အလှပဆုံးအချိန်ကိုရောက်ရှိနေပြီဖြစ်ကာ မြင်တွေ့မိသူတိုင်းအား ကျောက်ရုပ်သဖွယ်ဖြစ်သွားစေနိုင်သည်။

မည်သို့ပင်ဖြစ်စေ သူတို့၏အနီးတွင် မိန်းမလှလေးနှစ်ယောက်ကြောင့် လနှစ်စင်းအပြိုင်သာနေသလိုထင်မှတ်ရပေသည်။

အကယ်၍ ထိုအဖြစ်ကိုသာအစောပိုင်းမှလူများတွေ့မြင်ပါက ထင်းရှီမည်မျှကြောက်မက်ဖွယ်ကောင်းသည်ဖြစ်စေ သူရဲကောင်းကွင်းပြင်မှ တစ်ဖဝါးမှခွာကြလိမ့်မည်မဟုတ်ပေ။

လူတိုင်း၏စိတ်ထဲတွင် အတွေးအမျိူးမျိုးဖြတ်ပြေးနေကြစဉ်သွမ့်ရှင်းရှောင်၏ ချိုသာသည့်အသံလေးထွက်ပေါ်လာသည်။

“ အိုးးး ရှင်ကဒီနှစ်ထဲမှာ နာမည်ကြီးလာတဲ့အရှေ့ပိုင်းသိုင်းလောကက နောက်ခံကောင်းကောင်းရှိပြီး ပြဿနာရှာတက်လို့ ထိမ်းချုပ်ရခက်တဲ့ အရိုင်းပန်းလေးလို့နာမည်ကြီးတဲ့ မိုးနတ်သူဇာရှန်းယွင်လား ။ အလယ်ပိုင်းကို ဘယ်ကနေဘယ်လိုရောက်လာတာလဲ “

သွမ့်ရှင်းရှောင်၏လေသံအရ သူမတို့နှစ်ဦးမှာ လူချင်းမတွေ့ဖူးသော်လည်း တစ်ယောက်အကြောင်းတစ်ယောက်ကို ကောင်းစွာကြားဖူးနေပုံရသည်။

“ မိုးနတ်သူဇာ “

ထင်းရှီလည်း ရှန်းယွင်ကိုကြည့်ကာ ရေရွတ်လိုက်မိသည် ။

သူ့အနီးသို့ကပ်ကာ အမြဲလိုလိုပြဿနာရှာလေ့ရှိသည့်မိန်းကလေးမှာ ကျော်ကြသည့်နာမည်တစ်ခုရှိပုံရသည်။

ထို့အပြင် ထိုမည်မှာလည်း ကောင်းသည့်ကျော်ကြားခြင်းမဖြစ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ ‘ မိုးနတ်သူဇာ ‘ ဟူသည့်နာမည်မှာ ရှန်းယွင်နှင့်လိုက်ဖက်သည်ဟု သူထင်သည်။

All Chapters