← Chapters

ပြောင်းလဲသွားသောမိန်းကလေး

Vol. 2 Ch. 185

ပြောင်းလဲသွားသောမိန်းကလေး

Vol. 2 Ch. 185

ရှန်းယွင်လည်း ထင်းရှီ၏ရေရွတ်စကားကြောင့်နောက်သို့လှည့်ကာ လျှာထုတ်ပြလိုက်သည်။ ထို့နောက် ကျွတ်ဆက်သည့်အသံလေးဖြင့် သွမ့်ရှင်းရှောင်အား ချေပလိုက်ပြန်သည်။

“ ရှင်က ကျမနာမည်ကိုကြားဖူးလို့ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ကျမကြားထားတဲ့သတင်းတွေအရ ပန်းနတ်သမီးက ယောင်္ကျားတွေကို စိတ်မဝင်စားဘဲနဲ့ သူ့ဆရာကျောက်စိမ်းမျက်နှာရသေ့မရဲ့နေရာကိုဆက်ခံပြီး ရသေ့မဝတ်မယ်လို့ကြားထားတယ်။ အဲဒါကရော အမှန်ပဲလား “

ရှန်းယွင်၏စကားကြောင့် သွမ့်ရှင်းရှောင်၏မျက်လုံးမျကျဉ်းမြောင်းသွားကာ တစ်စုံတစ်ရာပြောမည်ပြုလိုက်သည် ။

ထိုအချိန်တွင် မိန်းကလေးနှစ်ယောက်ကြားမှအခြေအနေအား ရိပ်စားမိသည့်ထင်းရှီမှ ကြားဝင်ကာပြောလိုက်သည် ။

“ ကဲ တစ်ယောက်ကိုတစ်ယောက်ကြားဖူးထားရင်ကောင်းတယ်။ အရင်ဆုံး ကျန်းနန်ကဆိုင်တစ်ဆိုင်ဆိုင်မှာသွားပြီး ဗိုက်ဖြည့်ရအောင် ။ ငါတို့ဗိုက်ဆာနေပြီ ဟုတ်တယ်မလား ညီအစ်ကိုလုံ”

ထင်းရှီမှ လုံချန်ဟိုင်အားဆွဲထည့်ကာပြောလိုက်သည်။

စားသောက်ဆိုင်တစ်ခု

လူအများ ဆူဆူညံညံဖြင့်စကားပြောဆိုနေကြသည်။

ဆိုင်ရှေ့လမ်းမထက်မှ သွားလာနေကြသူများ ၊ လမ်းဘေးတစ်ဖက်တစ်ချက်မှ ဈေးသည်များထံမှလည်းဆူညံသံများ တစ်ခါတစ်ရံပျံ့လွင့်လာတတ်သည်။

မည်သို့ပင်ဖြစ်စေ ဆိုင်မှာ အစားအသောက်ကောင်းမွန်သည့်အတွက် အမြဲလိုလိုလူအများဖြင့်ပြည့်နှက်လျက်ရှိသည်။

ဆိုင်အတွင်းဘက်ကျကျ စားပွဲတစ်လုံးတွင် လူငယ်တစ်ယောက်မှာ လမ်းကိုမျက်နှာမူလျက်စားသောက်နေသည်။

ထိုလူငယ်မှာ အဖြူရောင်ဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားကာ သူ၏နောက်ကျောတွင်ဓားတစ်လက်ကိုချိတ်ဆွဲထားသည့်အတွက် သိုင်းလောကသားတစ်ဦးဖြစ်ကြောင်း မမေးဘဲနှင့်သိနိုင်သည်။

စားသောက်နေစဉ်ပင် ဓားကို ကိုယ်နှင့်မကွာထားသည့် လူငယ်၏ပုံစံမှာ သူ၏ဓားအား လွန်စွာစွဲလမ်းမည့်ပုံရ၏။

အကယ်၍ သူ၏ဝတ်စုံကိုသေချာကြည့်ပါက သိုင်းလာကမှ ထိပ်သီးဂိုဏ်းကြီးခြောက်ဂိုဏ်းမှ ဝူတန်းဂိုဏ်း၏ဝတ်စုံဖြစ်ကြောင်းတွေ့ရပေလိမ့်မည် ။

ထိုစဉ် .....

“ ခွပ် ခွပ် ..... “

“ ကျာ့.... “

မြင်းခွာသံများနှင့်အတူ မြင်းစီးသမားတစ်စုမှာ လမ်းမ‌အတိုင်းအရှိန်ပြင်းစွာစီးနင်းသွားကြသည်။

လမ်းပေါ်မှ မလွတ်သည့်အချို့ဈေးသည်များ၏ ပစ္စည်းများမှာ မြင်းအချို့နှင့်တိုက်မိကာ ပြန့်ကျဲသွားကြသည်။

မြင်းစီးသမားများမှာ ငါးယောက်ခန့်ရှိကာ အရှေ့ဆုံးတွင် မိန်းမပျိုတစ်ယောက်ဖြစ်သည်။

သို့သော် မိန်းမပျို၏မျက်နှာကို ပဝါပါးတစ်ထည်ဖြင့်ဖုံးအုပ်ထားသည့်အပြင် အလျှင်အမြန်မြင်းစီးသွား၍လည်း မိန်းကလေးကိုရှင်းလင်းစွာမမြင်တွေ့လိုက်ရပေ။

စားသောက်နေသည့် လူငယ်မှာ ရုတ်တရက်မော့ကြည့်လိုက်မိကည မိန်းမပျိုနှင့် ဖျတ်ခနဲအကြည့်ချင်းဆုံသွားမိသည်။

သို့သော် ချက်ခြင်းလိုလိုပင် မိန်းမပျိုတို့လူစုမှာ လူငယ်၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

စားသောက်နေသည့်လူငယ်မှာ တစ်စုံတစ်ရာအား ထိတ်လန့်အံ့ဩသွားပုံရကာ မျက်ခုံးများတွန့်ချိုးသွားသည်။

“ မမှားနိုင်ဘူး မမှားနိုင်ဘူး ညီမလျှံပဲ “

လူငယ်မှ တစ်ဦးတည်းတတွတ်တွတ်ရေရွတ်ကာ သတိမထားမိဘဲ မတ်တပ်ထရပ်လိုက်မိသည် ။

ဆိုင်အတွင်းရှိလူအများ၏အံ့ဩသည့်အကြည့်များစုပြုံကျရောက်လာသော်လည်း လူငယ်မှာ ဂရုမစိုက်တိုင်ပေ။

ထို့နောက် ငွေတုံးတစ်တုံးကိုထုတ်ကာ စားပွဲပေါ်တွင်ချခဲ့၍ ပြန်အမ်းငွေကို သတိရဟန်မတူဘဲ ဆိုင်အပြင်ဘက်သို့ သို့ စိတ်လှူပ်ရှားစွာ ပြေးထွက်သွားကာ ငေးမောလိုက်သည်။

မြင်းစီးသမားများမှာ ထိုအချိန်တွင်ပျောက်ကွယ်သွားကြပြီဖြစ်သည်။ သို့သော်လူငယ်မှာ လမ်းမအတိုင်းလျှင်မြန်စွာပြေးထွက်သွားသည်။

သူ၏ဦးတည်ရာမှာ မြင်းစီးသမားများ၏နောက်သို့ဖြစ်သည်။

ဖရိုဖရဲဖြစ်သွားကြသည့် ဈေးသည်များမှာ မျက်နှာပျက်ယွင်းသွားသည်မှအပ တစ်စုံတစ်ရာတုန့်ပြန်မှုမရှိကြဘဲ သက်ပြင်းအသာချ၍ သူတို့၏ပစ္စည်းများကို ပြန်၍ကောက်ယူလိုက်ကြသည်။

“ အတော်ရမ်းကားတဲ့လူတွေပါလား မြို့ထဲမှာတောင်မှ တရားလက်လွတ်ပြုမူရဲတယ် “

သိုင်းသမားဖြစ်ဟန်တူသည့် လူတစ်ယောက်မှ မကျေမနပ်ဖြင့်ရေရွတ်လိုက်သည်။

သူ၏စကားကြောင့် ဘေးမှဈေးသည်တစ်ယောက်မှာ ခေါင်းယမ်းလိုက်ကာ ဖြေးညင်းစွာပြောလိုက်သည်။

“ တဟုန်ထိုးကြီးထွားလာတဲ့ ခရမ်းရောင်သွေးလဂိုဏ်းလို ဂိုဏ်းကြီးတစ်ခုကို နာမည်ကျော်သိုင်းထိပ်သီးတွေတောင် သတိထားနေရတဲ့နောက်မှာ ကျုပ်တို့လို သာမန်လူတွေက မကျေမနပ်ဖြစ်နေလည်း အပိုပဲလေ “

ထိုစကားကြောင့်လူငယ်မှာ မြင်းစီးသမားများ၏ခရမ်းရောင်တူညီဝတ်စုံများကိုပြန်တွေးလိုက်မိကာ ပါးစပ်ပိတ်သွားတော့သည်။

&&&&&

“ မီးလျှံနတ်သမီး ကျနော်တို့နောက်ကို လူတစ်ယောက်လိုက်နေတယ် “

ခရမ်းရောင်ဝတ်စုံနှင့်ဂိုဏ်းသားတစ်ယောက်မှ မြင်းစီးနေရင်းနောက်သို့ မသိမသာလှည့်ကြည့်၍ ပြောလိုက်သည်။

သူ၏မျက်နှာထက်တွင် အေးစက်မှုတို့ဖြင့် အတိပြီးနေသည်။

လူငယ်မှာ လျှို့ဝှက်စွာလိုက်ပါလာသာ်လည်း ထိုလူစုအား မသိစေဘဲမဖြစ်နိုင်ပေ။

သူတို့လေးဦးမှာ ခရမ်းရောင်သွေးလဂိုဏ်းမှ အဆင့်လွန်သိုင်းသမားများဖြစ်ကြကာ သူတို့၏နောက်မှလိုက်ပါလာသူအား တခဏအတွင်းရှင်းလင်းရန် ယုံကြည်ချက်ရှိပေသည်။ သို့သော် ...

“ နင်တို့ရှေ့ကသွားနှင့် ငါလိုက်လာခဲ့မယ် “

မိန်းမပျိုမှ ချိုသာသည့်လေသံဖြင့်ပြောလိုက်သည်။ သူမ၏လေသံမှာ ပျော့ပြောင်းသော်လည်း ငြင်းဆန်၍မရသည့် အမိန့်တစ်ခုလိုခိုင်မာသည်။

ဂိုဏ်းသားလေးယောက်မှာ မိန်းမပျို၏စကားကို ဘဝင်မကျလှသော်လည်းဂိုဏ်းတွင်းရှိ မိန်းမပျို၏အဆင့်အတန်းကိုစဉ်းစားမိလိုက်ကာ ခေါင်းတစ်ချက်ယမ်း၍အလျော့ပေးလိုက်ကြသည်။

ထို့နောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ ရှေ့သို့ဆက်၍သွားကြသည်။

သူတို့အနေဖြင့် သာမန်ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကို မျက်စေ့ထဲပင်မထည့်သော်လည်း ထိုမိန်းမပျိုမှာမူ ကွာခြားပေသည် ။

ယခုတစ်ခေါက်တွင်လည်း သူတို့လေးယောက်မှာ မိန်းကလေး၏အကူအညီအဖြစ်လိုက်ပါလာရခြင်းဖြစ်သည် ။

မိန်းမပျိုမှာ သက်ပြင်းတစ်ချက်ချ၍ ‌မြင်းပေါ်မှဆင်းကာ မြေပြင်ကို စူးစိုက်ကြည့်နေသည်။ သူမ၏စိတ်ထဲတွင်မည်သည့်အရာများတွေးတောနေသည်ကို သူမကိုယ်တိုင်သာသိပေမည်။

“ ဟူးး ဟူး... “

လေတိုးသံနှင့်အတူ ဝူတန်းဂိုဏ်းသားလူငယ်မှာ ထိုနေရာသို့ရောက်လာသည်။

ရောက်လျှင်ရောက်ချင်း မျက်နှာကိုဇာပဝါဖြင့်ဖုံးကွယ်ထားကာ ရပ်နေသည့်မိန်းမပျိုကို စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင်တော့ မယုံကြည်နိုင်မှုများ တွဲခိုလျက်...

“ ညီမလျှံ ညီမလား “

လူငယ်မှာ တုန်လှူပ်ချောက်ခြားသည့်လေသံဖြင့်မေးလိုက်သည်။

ထိုမေးခွန်း၏အဖြေကိုသူလွန်စွာသိလိုသလို အဖြေမှန်ကိုကြားရမည်ကိုလည်း ကြောက်ရွံ့ပေသည်။

“ အစ်ကိုစန်း ညီမပါ “

မိန်းမပျိုမှ သူမ၏မျက်နှာမှဇာပဝါအားဖြုတ်လိုက်ရာ ချောမောလှပသည့်မျက်နှာလှလှလေးပေါ်ထွက်လာသည်။ သူမ၏မျက်ဝန်းအစုံတွင် စိတ်ရှုပ်ထွေးမှူများပြည့်နှက်နေကာ မျက်ရည်အနည်းငယ်ရစ်ဝိုင်းနေသည်။

လူငယ်မှာ ခန္တာကိုယ်အားတည့်မတ်အောင်ထိန်းမထားနိုင်တော့ဘဲ အနည်းငယ်ယိမ်းယိုင်သွားကာ မိန်းမပျိုအားလက်ညိုးဖြင့်ထိုးလိုက်သည်။ ထို့နောက် မယုံကြည်နိုင်သည့်လေသံဖြင့်မေးလိုက်သည်။

“ ဘာလို့လဲ ဘာကြောင့်လဲ မင်းရဲ့အကြီးမားဆုံးရန်သူတွေရှိတဲ့ဂိုဏ်းကိုမင်းကဝင်ပြီး သိုင်းလောကမှာနာမည်ကျော်လာသေးတယ် ။ ဘာတဲ့ မီးလျှံနတ်သမီးဟုတ်လား ။

ဟက် ငါကပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ ပျောက်သွားတဲ့မင်းကို အရူးတစ်ယောက်လိုလိုက်ရှာခဲ့တယ် ။ ဒါပေမယ့် မင်းက “

လူငယ်မှာ ခတ်ထန်သည့်မျက်နှာဖြင့် အော်ဟစ်လိုက်သည်။

မိန်းမပျိုမှာ လူငယ်၏ဟန်အမူအယာကိုကြည့်ကာ ခေါင်းကိုဖြေးညင်းစွာယမ်း၍ သူမ၏မျက်ဝန်းထဲမှ မျက်ရည်များကျဆင်းလာသည်။ သို့သော် ချက်ခြင်းပင် မျက်နှာကိုပြန်တင်းကာ ‌တင်းမာစွာပြောလိုက်သည် ။

“ အခုကျမက အစ်ကိုသိခဲ့ဖူးတဲ့ ပျော့ညံ့ညံ့မိန်းကလေးမဟုတ်တော့ဘူး ခရမ်းရောင်သွေးလဂိုဏ်းက အာဏာရှင် ငရဲဓားဝမ်းတုရဲ့ဇနီး မီးလျှံနတ်သမီးစန်းလျှံဖြစ်နေပြီ ။

ဒါကြောင့် ကျမကိုနောက်ထပ်လိုက်မရှာပါနဲ့တော့ “

မိန်းမပျို၏စကားကြောင့်လူငယ်မှာ မျက်နှာအမူအယာပြေလျော့သွားကာ မိန်းမပျိုအားပြူးကျယ်နေသည့်မျက်ဝန်းများဖြင့်စိုက်ကြည့်လိုက်သည်။

ထို့နောက် မိန်းကလေးမှထပ်၍ပြောလိုက်ပြန်သည်။

“ နောက်ပြီး တစ်ခါတည်းပြောလိုက်မယ် နောက်တစ်ခါကျမတို့ထပ်တွေ့ရင် ရန်သူတွေဖြစ်လာနိုင်တယ်။

အဲဒီအခါကျရင် ကျမကို ရင်းနှီးခဲ့ဖူးတဲ့မျက်နှာကိုမထောက်ဘူးလို့အပြစ်မတင်ပါနဲ့ ။ ကျမသွားမယ် “

မိန်းကလေးမှာ လူငယ်အား အေးစက်ပြတ်သားစွာပြောဆိုကာ ချာခနဲလှည့်ထွက်သွား၍ သူမ၏မြင်းပေါ်သို့ခုန်တက်လိုက်ပြီး အပြင်းစိုင်းနှင်သွားလိုက်သည်။ နောက်သို့တစ်ချက်ကလေးပင်လှည့်ကြည့်သွားခြင်းမရှိပေ။

“ ဝေါ့ “

လူငယ်မှာ နာကျင်ကြေကွဲကာ လွန်စွာစိတ်ထိခိုက်ပြီးသည့်နောက်တွင် ထိမ်းချုပ်မထားနိုင်တော့ဘဲ သွေးတစ်လုပ်အန်ထုတ်လိုက်မိတော့သည်။

ထို့နောက် ပါးစပ်ထောင့်စွန်းစီးကျ‌နေသည့်မှ နီရဲနေသည့်သွေးများကို သုတ်ပစ်ခြင်းမပြုဘဲ စိတ်ဝိဉာဏ်ကင်းမဲ့နေသလိုရေရွတ်လိုက်သည်။

“ ဘာတွေဖြစ်ကုန်လဲ ဘာ‌တွေဖြစ်ကုန်လဲ “

All Chapters