← Chapters

ကျန်းနန်မှလမ်းခွဲခြင်း

Vol. 2 Ch. 186

ကျန်းနန်မှလမ်းခွဲခြင်း

Vol. 2 Ch. 186

ရတနာစုရပ်စားသောက်ဆိုင်

ရတနာစုရပ်စားသောက်ဆိုင်မှာ ကျန်းနန်မြို့မှ နေလိုလလိုကျော်ကြားလှသည့်သူဌေးကြီးကျန်းလီပိုင်ဆိုင်သည့်စားသောက်ဆိုင်ဖြစ်သည်။

သူဌေးကြီးကျန်းလီမှာ ရတနာစုရပ်စားသောက်ဆိုင်များကို အလယ်ပိုင်းရှိ မြို့ကြီးအတော်များများတွင်ဖွင့်လှစ်ထားသည့်အပြင် ကျန်းနန်တွင် သူပိုင်ဆိုင်သည့်လုပ်ငန်းများမှာ လက်ညိုးထိုးမလွဲအောင်ပင်ရှိသည်။

ထို့အပြင် သူဌေးကြီးမှာ သဘောမနောကောင်းကာ လူအများအား ကူညီတတ်သူဖြစ်သည့်အတွက် လူချစ်လူခင်ပေါများပေသည်။ သို့သော်...

လွန်ခဲ့သည့်နှစ်နှစ်ကျော်ကဖြစ်ပွားခဲ့သည့် နေလသိုင်းကျမ်းလုပွဲ သို့မဟုတ် ကျန်းနန်သွေးချောင်းစီးလူသတ်ပွဲတွင် သူဌေးကြီးကျန်းလီမှာ အဓိကနေရာမှပါဝင်ခဲ့ပေသည်။

သိုင်းပညာနကန်းတစ်လုံးမှမတက်ဘဲ ချမ်းသာကြွယ်ဝလှသည့် သူဌေးကြီးကျန်းလီမှ ထူးဆန်းစွာဖြင့် တစ်ခေတ်တစ်ယောက်ဟုဆိုရမည့် နေလသိုင်းရာဇာ၏မျိုးဆက်ဖြစ်နေခဲ့သည်။

ထို့အပြင် သူဌေးကြကျန်းလီ၏စံအိမ်မှနေလသိုင်းကျမ်းသတင်းထူးဆန်းစွာပေါက်ကြားသွားရာမှအစပြု၍ သူဌေးကြီးကျန်းလီ၏မိတ်ဆွေ ‌နဂါးစိမ်းဂိုဏ်းခွဲမှူးတုန်းဖန်းရှန်နှင့် သူ၏ဂိုဏ်းသားများအသတ်ပေးခဲ့ရသည် ။

သွေးချောင်းစီးသည့်သိုင်းကျမ်းလုပွဲမှာ ကျန်းနန်တွင်ရပ်တန့်မသွားဘဲ သိုင်းလောကတစ်ခုလုံးတွင် ပျံ့နှံ့သွားကာ နောက်ဆုံး ငရဲဓားဝမ်းတုနှင့်အမှောင်လက်ဝါးဝမ်းတတို့၏လက်ချက်ဖြင့် ပျက်စီးခဲ့ရသည်။

သူဌေးကြီးကျန်းလီကိုယ်တိုင်ပင် သွေးချောင်းစီးသည့်ညက ကံကောင်းထောက်မလှ၍ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းပင် ။

သို့သော် သူကိုယ်တိုင်လည်း ထိုညမှစ၍ အသက်ဆယ်နှစ်ခန့်အိုစာသွားသလိုထင်ရကာ သူ၏မိတ်ဆွေကောင်း တုန်းဖန်းရှန်အတွက် များစွာထိခိုက်ကြေကွဲခဲ့သည်။

ထို့နောက် ဝမ်းတုနှင့်ဝမ်းတအား နဂါးစိမ်းဂိုဏ်း၏အလိုအရှိဆုံးစာရင်းတွင်ထည့်သွင်းထားသည်သာမက သူဌေးကြီးကျန်းလီကိုယ်တိုင်ပင် ဝမ်းတုနှင့်ဝမ်းတတို့၏ဦးခေါင်းအား လျှံငွေနှစ်သိန်းဖြင့် ဆုငွေထုတ်ခဲ့သည်။

လျှံငွေနှစ်သိန်းဆိုသည့်ပမာ၍မှာ တော်ရုံတန်ရုံသူဌေးတစ်ဦး၏ကြွယ်ဝမှုဖြစ်ကာ နဂါးစိမ်းဂိုဏ်းမှဆုလာဘ်များနှင့် လျှံငွေနှစ်သိန်း၏ဆွဲဆောင်မှူကြောင့် သိုင်းသမားအတော်များများမှာ ဝမ်းတုနှင့်ဝမ်းတအား တွေ့ရာသင်္ချိုင်းဓားမဆိုင်းလိုက်လံရှာ‌ဖွေခဲ့ကြသည်။

သို့သော် ထိုအချိန်မှစ၍ ဝမ်းတုနှင့်ဝမ်းတမှာ ကမ္ဘာမြေကြီးပေါ်မှအငွေ့ပျံသွားသကဲ့သို့အစအနမရှိဘဲပျောက်ကွယ်သွားကာ လွန်ခဲ့သည့်လပိုင်းက မှ ခရမ်းရောင်သွေးလဂိုဏ်း၏အာဏာရှင်နှစ်ယောက်အဖြစ် တုန်လှုပ်ရလောက်သည့်အနေအထားဖြင့် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

အစပိုင်းတွင် ကြီးမားလှသည့်ဆုလာဘ်များ၏ဆွဲဆောင်မှုကြောင့် ခရမ်းရောင်သွေးလဂိုဏ်း၏အင်အားအား လျှစ်လျူရှကာ ဝမ်းတုနှင့်ဝမ်းတကိုလုပ်ကြံသူများပေါ်ထွက်ခဲ့သော်လည်း နှစ်လအတွင်း အဆင့်လွန်သိုင်းသမားဆယ့်နှစ်ယောက်နှင့် ထိပ်တန်းအဆင့်သုံးဆယ်ကျော်သတ်ဖြတ်ခံရပြီးနောက် သူတို့နှစ်ဦးအားရင်ဆိုင်ဝံ့သူ ကင်းမဲ့သွားလေသည်။

မည်သို့ပင်ဖြစ်စေ ဝမ်းတုနှင့်ဝမ်းတ၏ဦးခေါင်းများအတွက် လျှံငွေနှစ်သိန်းမှာ ဆုလာဘ်အဖြစ်ရှိနေသလို ကျန်းနန်မြို့သားများသည်လည်း တစ်မြို့လုံးသွေးချောင်းစီးရသည့်ညကို မည်သည့်အခါမှမေ့နိုင်ကြမည်မထင်ပေ ။

“ ဝါးး.... လျှံငွေနှစ်သိန်းကြီးတောင်ဆိုတော့ အဲဒီနှစ်ကောင်ကိုသတ်ပြီးရင် ငါသူဌေးဖြစ်ပြီပေါ့ “

လုံချန်ဟိုင်မှာ ပြီးခဲ့သည့်နှစ်များကအဖြစ်အပျက်များကို သိရှိပြီးသည့်နောက်တွင် မနေနိုင်ဘဲအော်ဟစ်လိုက်သည်။

သူ၏အော်သံမှာအနည်းငယ်ကျယ်လောင်သွားသည့်အတွက် ဘေးဝိုင်းများမှလူအချို့ကွက်ကြည့်ကွက်ကြည့်လုပ်လာကြသည့်အပြင် နဂါးလူငယ်ဝမ်ယန်မှလည်း အထင်အမြင်သေးသည့်ဟန်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။

“ နဂါးစိမ်းဂိုဏ်းရဲ့အလိုအရှိဆုံးစာရင်း အနီရောင်အဆင့်သတ်မှတ်ချက်ကိုကြားဖူးဘူးလား အဲဒီစာရင်းထဲကဘယ်သူပဲဖြစ်ဖြစ်မင်းလောက်အဆင့်ကိုသတ်ဖြတ်ဖို့က ငှက်ပျောစီးအခွံခွာရတာထက်လွယ်သေးတယ် “

ဝမ်ယန်မှ လုံချန်ဟိုင်အားလှောင်ပြောင်လိုက်သည် ။

ထိုလူများမှာ ထင်းရှီနှင့်သွမ့်ရှင်းရှောင်အားအကြောင်းပြု၍ တစ်ဖက်နှင့်တစ်ဖက်သိကျွမ်းသွားကြသည်ဟုဆိုနိုင်သော်လည်း များစွာကျေနပ်ကြသည့်ပုံမပေါ်သေးပေ။

တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ဖူးသည့်ဝမ်ယန်နှင့်လုံချန်ဟိုင်တို့ အချင်းချင်းမကြည်ကြခြင်းကိုလက်ခံနိုင်သော်လည်း သွမ့်ရှင်းရှောင်နှင့်ရှန်းယွင်တို့မှာ အကြောင်းမဲ့တစ်ဦးနှင့်တစ်ဦးစောင်းချိတ်နေကြသေးသည်။

ထို့ကြောင့်ပင် ထင်းရှီလည်း ထိုလူများအာရုံပြောင်းစေရန် သူကြားဖူးသည့် နေလသိုင်းကျမ်းလုပွဲအားလုံချန်ဟိုင်အားပြောပြခဲ့ခြင်းဖြစ်သည်။

လုံချန်ဟိုင်မှာ ဝမ်ယန်၏စကားကို မကြားသည့်ဟန်ဆောင်ကာ ထင်းရှီအားအရောင်လက်နေသည့်မျက်ဝန်းများဖြင့်ကြည့်လိုက်သည်။

“ ကျုပ်တစ်ယောက်ထဲဆိုရင် သူတို့နှစ်ယောက်လုံးကိုအနိူင်ရချင်မှရနိုင်မှာဖြစ်ပေမယ့် အစ်ကိုထင်းရှီပါရင် သူတို့ကိုသတ်ဖို့က ငှက်ပျောသီးအခွံခွာရတာထက်လွယ်သွားပြီ ။ အစ်ကိုထင်းရှီ ခင်ဗျားစိတ်မဝင်စားဘူးလား “

လုံချန်ဟိုင်၏ပုံစံမှာ ထိုကိစ္စအား အမှန်ပင်စိတ်ဝင်စားနေပုံရသည်။ ထင်းရှီလည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရင်း ခေါင်းယမ်းလိုက်သည်။

“ ငါ့မှာအချိန်မရှိပါဘူး လုပ်စရာကိစ္စတွေအများကြီးရှိသေးတယ် “

ထင်းရှီလည်း ချက်ချင်းလိုလိုငြင်းပယ်လိုက်သည်။ သူသိုင်းလောကထဲသို့ရောက်နေသည်မှာ နှစ်နှစ်ခွဲနီးနီးရှိပြီဖြစ်သည်။

ဓားစံအိမ်၏ကန့်သက်ချက်ဖြစ်သည့် သုံးနှစ်ပြည့်ရန်မှာ အတော်လေးနီးကပ်လာချေပြီ။

သုံးနှစ်မပြည့်မီဓားစံအိမ်သို့ပြန်မရောက်ပါက သူ၏ဆရာထင်းချီယင် ၊ ဆရာတူညီမ ထင်းရှောင်ယင်၊ အစ်ကိုကြီးသွမ့်ကျန်းမင်နှင့် သူ၏ဆရာတစ်ပိုင်း သိုးထိန်းကြီးတို့ကို ပြန်၍တွေ့နိုင်တော့မည်မဟုတ်ပေ။

သူ၏မူလရည်ရွယ်ချက်က အတွေ့အကြုံရစေရန်သိုင်းလောကထဲသို့ဆင်းကာ သိုးထိန်းကြီးပြောဖူးသည့် စိတ်ဝင်စားဖွယ်နေရာများကို သွားရောက်ရန်ဖြစ်သည်

သို့သော် ယခုအချိန်အထိနာမည်ကြီးနေရာအတော်များများကို ‌မရောက်နိုင်သေးဘဲ ဝူတန်းမှဓားလိုဏ်ဂူထဲတွင်သာ အချိန်နှစ်နှစ်ကျော်ကုန်ဆုံးခဲ့ရသည်။

တစ်ခုရှိသည်က ထိုနှစ်နှစ်မှာ သူ့အတွက်အလွနခအကျိုးရှိသည့်အချိန်များဖြစ်၍သာတော်သေးသည်။

နှစ်နှစ်အတွင်း ဓားဘုရင်ကျန်းချန်းဟောင်၏လမ်းညွန်မှုများကြောင့် သူ၏ဓားပညာမှာ အံ့မခန်းတိုးတက်လာခဲ့သည်မဟုတ်ပါလား ။

သူ၏ဓားပညာတိုးတက်စေရန်ကိစ္စမှလွဲ၍ မည်သည့်အကြောင်းနှင့်မှ အချိန်မဖြုန်းလိုတော့ပါချေ။

ယခုလည်း သုံးနှစ်သက်မှတ်ချက်မပြည့်မီ သူ၏ညီအစ်ကိုများအားတွေ့ဆုံပြီးပါက သိုင်းလောကအနှံ့လေလွင့်ရန်ဆုံးဖြတ်ထားလေသည်။

“ ဟားးး ဟားး ကျုပ်ကနောက်တာပါ ။ အစ်ကိုထင်းရှီ ကျုပ်ရဲ့ရည်ရွယ်ချက်က သိုင်းလောကထဲက နာမည်ကြီးသိုင်းပညာတွေကို စမ်းသပ်ဖို့အတွက်ပဲ။ ဒါကြောင့် ကျုပ်တို့ဒီမှာပဲလမ်းခွဲရအောင် “

လုံချန်ဟိုင်မှ လက်သီးဆုပ်ကာ ဂါရဝပြုရင်း ထင်းရှီအားပြောလိုက်သည်။ ထင်းရှီလည်း အနည်းငယ်အံ့အားသင့်သွားမိသော်လည်း အသာပြုံးကာ ခေါင်းညိမ့်ပြလိုက်သည် ။

“ တွေ့ဆုံခြင်းဆိုတာ ခွဲခွာရခြင်းရဲ့နိဒါန်းဖြစ်သလို ခွဲခွာရခြင်းဆိုတာကလည်း ပြန်လည်တွေ့ဆုံရဖို့ အစပျိုးတာပဲ။ ကဲ ငါတို့ကံမကုန်သေးရင်ပြန်ဆုံကြသေးတာပေါ့ “

ထင်းရှီလည်း စကားအနည်းငယ်ရေရွတ်ကာ လုံချန်ဟိုင်အားနှုတ်ဆက်လိုက်သည်။

လုံချန်ဟိုင်ထွက်ခွာသွားပြီးနောက်တွင် ဝမ်ယန်မှာ သွမ့်ရှင်းရှောင်အားကြည့်လိုက်သည်။ သူ၏အကြည့်များကြောင့် သွမ့်ရှင်းရှောင်မှာ မျက်လုံးကိုလွှဲသွားကာ သူမ၏မျက်နှာလှလှလေးမှာ အနည်းငယ်ညှိုးနွမ်းသွားသည်။

“ ထင်းရှီ ကျုပ်တို့လည်းဒီမှာပဲလမ်းခွဲရအောင်။ ကျုပ်ရဲ့ဆရာကအမြန်ဆုံးပြန်လာဖို့လူလွှတ်ခေါ်ခိုင်းထားတယ်။

ရှင်းရှောင်နဲ့ခင်ဗျားမမျှော်လင့်ဘဲတွေ့ပြီး အချိန်အတော်လေးဖြုန်းမိသွားတယ် ။ ကျုပ်တို့ကိုခွင့်ပြုပါဦး “

ဝမ်ယန်မှ ထင်းရှီအား နှူတ်ဆက်စကားဆိုကာ သွမ့်ရှင်းရှောင်အားထပ်၍ကြည့်လိုက်သည်

သွမ့်ရှင်းရှောင်မှာ ထင်းရှီအား အရည်လဲ့နေသည့်မျက်ဝန်းများဖြင့်မော့ကြည့်ကာ စကားတစ်ခွန်းမှမဆိုပေ။ သူမ၏မျက်ဝန်းလေးများထဲတွင် အဓိပ္ပါယ်တစ်မျိုးမျိုးကပ်ညိနေကာ ထင်းရှီလည်း သက်ပြင်းမသိမသာချလိုက်မိသည်။

“ ကောင်းပါပြီ မင်းတို့ကိုနှုတ်ဆက်ပါတယ်။ ရှောင်ရှောင် ငါတို့နောက် သုံးလကြာရင် ဒီကျန်းနန်မှာပဲ ပြန်တွေ့ကြတာပေါ့ ။ “

ထင်းရှီ၏စကားကြောင့်သွမ့်ရှင်းရှောင်၏နှုတ်ခမ်းလေးများ လှပစွာကွေးညွတ်သွားကာ ပြိုင်ဘက်ကင်းတောက်သည့်အပြုံးလေးတစ်ခုပေါ်ထွက်လာသည်။

ဝမ်ယန်မှာ ထိုအပြုံးလေးအားကြည့်ကာ သူ၏ရင်ထဲတွင်ဆစ်ခနဲနာကျင်သွားသော်လည်း ခေါင်းငိုမသိမသာငုံ့လိုက်မိသည်။

သူတို့သိကျွမ်းလာကြသည့်နှစ်နှစ်ဆယ်ကျော်တွင် ဤမျှလှပသည့်သူမ၏အပြုံးကို ပထမဦး‌ဆုံးတွေ့ဖူးခြင်းဖြစ်သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်က ထိုအပြုံးမှာ သူနှင့်သက်ဆိုင်ခြင်းမရှိပေ။

“ ထင်းရှီ ကျမမှာအရမ်းအရေးကြီးတဲ့ကိစ္စရှိနေလို့ပါ။ ပြီးရင်ကျမတိုအတူ သိုင်းလောအနှံ့လည်

ပတ်ကြမယ် “

သွမ့်ရှင်းရှောင်မှ ငြင်းဆန်နိုင်စွမ်းကင်းမဲ့စေသည့်အသံလေးဖြင့်ငြင်သာစွာပြောဆိုလိုက်ရာ ထင်းရှီလည်းအပြုံးတစ်ပွင့်ဖြင့်ခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည်လည်း ဆိုင်ထဲမှထွက်ခွာသွားကြသည်။ မျက်စေ့တစ်မှတ်အတွင်း စိုစိုပြေပြေဖြစ်နေသည့်စားပွဲဝိုင်းလေးမှာ လူနှစ်ယောက်သာကျန်ခဲ့တော့သည် ။

All Chapters