မိန်းမလှလေးနှင့်နိုးထခြင်း
Vol. 2 Ch. 188
“ ဒုတိယညီလေး မင်းဒီနှစ်တွေထဲမှာ ဘယ်ကိုရောက်နေတာလဲ “
တင်းဖန်း၏မေးခွန်းကြောင့်ထင်းရှီလည်း အနည်းငယ်စဉ်းစား၍ဖြေလိုက်သည်။
“ နှစ်နှစ်အတွင်းမှာ ကျနော် ဝူတန်းတောင်ပေါ်ကိုရောက်နေတာ ။ ကျနော့်ရဲ့ဓားပညာကိုပြည့်စုံအောင်လေ့ကျင့်နေတာဆိုပါတော့။ တောင်ပေါ်ကနေဆင်းလာတာတစ်လမပြည့်သေးဘူး။ ဒီအမှိူက်ထုပ်နဲ့က တောင်ပေါ်မှာတွေ့ခဲ့တာ “
ထင်းရှီ၏စကားကြောင့် ရှန်းယွင်မှာ ရှုံ့မဲ့သွားကာ မျက်စောင်းလှလှလေးတစ်ချက်ပစ်သွင်းလိုက်သည်။
တင်းဖန်းမှာ ခေါင်းတညိမ့်ညိမ့်ဖြင့်ရှန်းယွင်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။
“ ကောင်းပါတယ် ဝူတန်းဆိုတာ ဓားပညာနဲ့ပတ်သတ်ရင် သိုင်းလောကမှာ ပထမပဲ ။ နောက်ပြီး မဟုတ်မှလွဲရော အဲဒီကောင်မလေး ဝူတန်းမှာ ပြဿနာရှာသွားရှာတာထင်တယ် “
တင်းဖန်း၏မှန်ကန်လှသည့်ခန့်မှန်းချက်ကြောင့် ထင်းရှီမှာ ရယ်မောလိုက်သလို ရှန်းယွင်၏နဂါးမျက်စောင်းမှာ ထင်းရှီအပေါ်မှ တင်းဖန်းဆီသို့ပြောင်းရွှေ့သွားသည်။
“ ထားပါတော့ အစ်ကိုကြီးတို့ကရော ဒီနှစ်တွေထဲမှာ ဘာဖြစ်ခဲ့လဲ ။ တတိယညီလေးကရော ဘယ်လိုလုပ်သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှာပါလာတာလဲ “
ထင်းရှီ၏မေးခွန်းကို စီးတုမင်မှအလျှင်အမြန်ဖြေလာသည်။။
“ ကျနော်က စီးတုမိသားစုကဆိုပေမယ့် ကျနော်ဆရာက ခုံတုံဂိုဏ်းချုပ်ပဲ ။ ဒီနှစ်တွေထဲမှာ သိုင်းပညာပြည့်စုံတော့ သိုင်းလောကမှာလှုပ်ရှားခဲ့တယ်။ ဒါကြောင့် ခုံတုံဂိုဏ်းရဲ့ဆက်ခံသူဆိုပြီး သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှာပါလာတာပဲ “
စီးတုမင်မှ ပြုံး၍ပြောလိုက်ခြင်းဖြစ်သော်လည်း သူ၏လေသံမှာ ပြောင်းလဲခြင်းမရှိပေ။
သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှာ ယှဉ်ပြိုင်ခြင်းဖြင့်သက်မှတ်ခြင်းမဟုတ်သော်လည်း ထိုစာရင်းထဲသို့ရောက်နေသူများမှာ မည်မျှအရည်အချင်းရှိ၍ နာမည်ကျော်သည်ကို သိုင်းလောကသားတိုင်းသိရှိကြသည်။
ထို့ကြောင့်ပင် သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှာ သိုင်းလောကသားများအကြား မည်သူမှမငြင်းဆန်နိုင်သည့် အဆင့်အတန်းတစ်ခုတွင်ရပ်တည်နေခြင်းဖြစ်သည်။
သို့သော် စီးတုမင်မှာ ထိုစာရင်းတွင်ပါဝင်ခြင်းကို များစွာဂုဏ်ယူခြင်းဟန်မရဘဲ သာမန်ပုံစံသာဖြစ်သည်။
“ ငါကတော့ အရှေ့ပိုင်းကိုပြန်သွားပြီး ငါ့ဆရာဆီမှာပဲနေခဲ့တယ်။ တစ်နှစ်ကျော်ကြာပြီးမှ သိုင်းလောကထဲကိုဆင်းလာပြီး တတိယညီလေးနဲ့အတူ ထုံးစံအတိုင်းလေလွင့်နေတာပဲ “
တင်းဖန်းမှလည်းဝင်ရောက်ပြောဆိုလိုက်သည် ။ ထိုအခါ ထင်းရှီမှ မျက်မှောင်ကြုတ်၍ပြောလိုက်သည်။
“ အစ်ကိုကြီးရဲ့သိုင်းပညာနဲ့ဆိုရင် ထိပ်သီးစာရင်းထဲကိုဝင်ဖို့ဆိုတာလွယ်လွယ်လေးပဲ။ ကြည့်ရတာအစ်ကိုကြီး နှိမ့်နှိမ့်ချချနေပုံရတယ် “
ထင်းရှီမှ အတည်ပေါက်ပြောဟန်ဖြင့်ဆိုလိုက်သည့်အတွက် တင်းဖန်းမှရယ်မောကာ ပြန်လည်ချေပလိုက်သည် ။
“ နံပါတ်တစ်ထိပ်သီးကြီးကချီးကျူးတာဆိုတော့ ငါလဲဂုဏ်ယူရတော့မှာပေါ့ မဟုတ်ဘူးလား တတိယညီလေး “
“ ဟားးဟားး ဟုတ်တာပေါ့ တကယ်လို့ ကျနော်တို့ရင်မဆိုင်နိုင်တဲ့လူတွေ့ရင်တောင်မှ ကျနော့်အစ်ကိုကြီးက သိုင်းထိပ်သီးနံပါတ်တစ်လို့ပြောလိုက်ရင် အလိုလိုနောက်ဆုတ်သွားမှာ “
တင်းဖန်းနှင့်စီးတုမင်မှ အတိုင်အဖောက်ညီစွာပြောလိုက်ရာ ထင်းရှီလည်း မနေနိုင်ဘဲရယ်မောလိုက်မိသည်။
ထိုနှစ်များအတွင်း သူယခုလိုလွတ်လွတ်လပ်လပ်ပျော်ရွှင်ရသည်မှာ အကြိမ်ရေနည်းပါးလှသည်။
“ အစ်ကိုကြီး တတိယညီလေး ကျနော်ဒီမြို့မှာ ရက်နည်းနည်းနေပြီးရင် စိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုကိုသွားဖို့ရှိတယ်။
အစ်ကိုကြီးတို့ရော ကျနော်နဲ့အတူပူးပေါင်းဖို့စိတ်ဝင်စားလား “
ထင်းရှီမှ တည်ကြည်သည့်မျက်နှာဖြင့် တင်းဖန်းနှင့်စီးတုမင်အားမေးလိုက်သည်။
ထိုနှစ်ယောက်မှာ အနည်းငယ်အံ့ဩသွားပုံဪသော်လည်း တုံ့ဆိုင်းခြင်းမရှိဘဲပြန်ဖြေလိုက်သည်။
“ ငါတို့လည်းလည်ပတ်စရာတွေကုန်ပြီဆိုတော့ ပျင်းရိနေတာနဲ့အတော်ပဲ။ နောက်ပြီး ကါ့ရဲ့ညီနောင်တွေနဲ့ဆိုရင် ငရဲပြည်ကိုအလည်သွားမယ်ဆိုရင်တောင်လိုက်ဝံ့ပါဘိ “
တင်းဖန်းမှ ပြတ်သားစွာပြောလိုက်ကာ စီးတုမင်လည်းခေါင်းညိမ့်လိုက်သည်။
ထင်းရှီလည်း သူ့ညီနောင်များ၏သဘောထားကြောင့် သူ၏စိတ်ထဲတွင်နွေးထွေးသွားကာ မျက်နှာတွင်အပြုံးများထွက်ပေါ်လာပြန်သည်။
“ ကဲကဲ အဲဒီကိစ္စတွေအသာထားဦး အခုကျနော်တို့ပြန်တွေ့တဲ့အတွက် မမူးမချင်းမထရဘူး အရင်ထတဲ့လူက သစ္စာဖောက်ပဲ “
စီးတုမင်မှ အကြံပြုလိုက်ရာ ထင်းရှီတို့လည်း ဝမ်းမြောက်စွာဖြင့်သဘောတူလိုက်သည် ။
ထို့နောက် ညီအစ်ကိုသုံးယောက်မှာ ပြန်လည်တွေ့ဆုံခြင်းအထိမ်းအမှတ်အဖြစ် အရက်အိုးများကိုမှာယူလိုက်သည်။
သုံးဦးစလုံးမှာ သူတို့စတင်တွေ့ဆုံသည့်အချိန်ကိုပင်အမှတ်ရသွားမိသည်။ ထိုစဉ်ကလည်း ယခုလိုသောက်ရင်းစားရင်းဖြင့် သွေးသောက်ညီအစ်ကိုဖွဲ့ခဲ့ကြသည်မဟုတ်ပါလား။
တစ်ခုခြားနားသည်ကား ယခုအချိန်တွင် သူတို့နှင့်အတူသောက်နေသည့် မိန်းမလှလေးတစ်ယောက်ပါရှိနေခြင်းပင်။
&&&&&&&&&&
နံနက်ခင်း
ထင်းရှီတစ်ယောက် သူ၏မျက်နှာပေါ်သို့ နွေးထွေးသည့်နေရောင်ဖြာကျလာမှ လူးလွန့်လာသည်။
ထို့နောက် မျက်စေ့မဖွင့်သေးဘဲ အနည်းငယ်ကိုက်ခဲနေသည့်ဦးခေါင်းအားအုပ်ကိုင်ကာ ကူကယ်ရာမဲ့စွာပြုံးလိုက်မိသည်။
ညက သူတို့ညီနောင်သုံးယောက်လုံး တစ်ညလုံးအလဲအကွဲသောက်ခဲ့ကြသည်။
အစောပိုင်းတွင် ရှန်းယွင်ပါသူတို့နှင့်အတူပူးပေါင်စခဲ့သော်လည်း အရက်နှစ်အိုးသောက်ပြီးနောက်တွင် နီမြန်းနေသည့်မျက်နှာဖြင့် အပေါ်ထပ်သို့ဦးစွာတက်သွားလေသည်။
ကျန်ရစ်ခဲ့ကြသူတို့ကား သန်းခေါင်ယံနီးကပ်လာကာ လုံးဝဆက်မသောက်နိုင်သည့်အချိန်မှပင်လက်လျော့ခဲ့ကြကာ တစ်ယောက်ကိုတစ်ယောက်တွဲကာ သူတို့ငှားထားသည့်အခန်းဆီသို့ယိုင်းတိယိုင်ထိုးဖြင့်သွားခဲ့ကြခြင်းဖြစ်သည်။
သူတို့၏သောက်နိုင်စွမ်းမှာ များစွာမကွာဟသော်လည်း အမြဲလိုလိုပင်ထင်းရှီမှာ သူ့ညီအစ်ကိုနှစ်ယောက်နောက်မှအမူးပြေတတ်သည် ။
အမှန်ဆိုလျှင် အရက်သောက်ရင်းဖြင့် အရက်ကိုအတွင်းအားဖြင့်ချေဖျက်ပါက အိုးတစ်ရာသောက်လျှင်ပင် သူမူးမည်မဟုတ်ပေ။
သို့သော် ညီနောင်များ၏အရက်ဝိုင်းတွင် သူတို့သုံးယောက်လုံး ရိုးသားမှုကိုပြသည့်အနေဖြင့် အရက်အာနိသင်ကို အတွင်းအားဖြင့် ချေဖျက်ခြင်းမပြုကြပေ။
ထို့ကြောင့်လည်း ထိုမျှမူးကွဲခဲ့ကြခြင်းဖြစ်သည်။
ထင်းရှီမှာ ထိုအကြောင်းများအားစဉ်းစားနေရင်းမှ ခန္တာကိုယ်အားအနည်းငယ်လှုပ်ရှားလိုက်ရာ နူးညံ့အိစက်နေသည့်ခန္တာကိုယ်တစ်ခုကို ထိမိလိုက်ကာ သူ၏နှာခေါင်းထဲသို့မွှေးပျံ့သည့်သစ်ခွရနံ့လေးတစ်ခုတိုးဝင်လာသည်။
ထိုရနံ့အားသူလွန်စွာရင်းနှီးနေကာ အမွှေးနံ့သားများမှထွက်သည့်အနံ့မဟုတ်ဘဲ သင်းပျံ့လှသည့်ကိုယ်သင်းရနံ့ဖြစ်သည်ကိုလည်း သူကောင်းစွာသိသည်။
ထင်းရှီမှာ အမူးလွန်၍ခေါင်းကိုက်နေခြင်းပင်ပြေပျောက်သွားကာ သူ၏မျက်လုံးအားအလတှင်အမြန်ဖွင့်ကြည့်လိုက်သည်။
သူ၏မျက်နှာဘေးတွင် လက်ရာမြောက်ပန်းပုရုပ်ထုလေးကဲ့သို့လှပကာ အပြစ်အနာအဆာမရှိသည့်မျက်နှာလေးတစ်ခုကပ်လျက်ရှိနေသည်။
ဝင်းဖန့်ဖန့်နဖူးပြင်လေးပေါ်တွင် ဆံနွယ်လေးတစ်ခွေနှစ်ခွေကျနေကာ သာမန်မြင်နေကျပုံစံနှင့်မတူဘဲ တစ်မျိုးတစ်ဖုံထူးခြားနေသည်။
ထိုနဖူးပြင်လေး၏အောက်တွင် လေးကိုင်းသဖွယ်ဖြောင်းတန်းသေးငယ်သည့်မျက်ခုံးလေးနှစ်ခုနှင့် စေ့ပိတ်ထားသည့်မျက်လုံးလေးနှစ်ဖက်ထက်မှ ကော့ညွတ်ရှည်လျားသည့်မျက်တောင်လေးများကို မြင်နေရသည်။
သေးငယ်နူးညံ့မည့်ပုံရသည့်နှာတံလေးနှင့် ချယ်ရီရောင်နှုတ်ခမ်းထူထူလေးသည်ကား ဆွဲဆောင်မှုလွန်စွာအားကောင်းနေသည်။
ပုံမှန်ဆိုလျှင်ခရီးသွားလျှင် သူမ၏မျက်နှာလေးကို ဇာပဝါဖြင့်ဖုံးကွယ်ထားတက်သော်လည်း ယခုအခါ ပဝါပါးပါးလေးမှာ မည်သည့်နေရာသို့ရောက်နေသည်မသိပေ။
သူမ၏ဝင်သက်ထွက်သက်များပင် သူ၏မျက်နှာထက်သို့လာရောက်ရိုက်ခက်နေသည်ဟုထင်ရသည်။
ထင်းရှီမှာ မိန်းမလှလေး၏အလှမျက်နှာလေးကို သတိလက်လွတ် ကြည့်နေရာမှတစ်စုံတစ်ရာအားသတိရသွားကာ ဖြုတ်ခနဲထထိုင်လိုက်မိသည်။
ထို့နောက် မျက်လုံးကိုထပ်၍ပွတ်သက်ကြည့်လိုက်ကာ သူအမြင်မှားနေခြင်းမဟုတ်သည်ကိုသိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ညကသူတင်းဖန်းနှင့်စီးတုမင်တို့ဖြင့်အိပ်ခဲ့သည်မှာ သေချာလှသည်။ သို့သော် ယခု နံနက်တွင် သူနှင့်ရှန်းယွင်တို့အိပ်ယာတစ်ခုတည်းဖြစ်နေကာ တင်းဖန်းနှင့်စီးတုမင်တို့၏အရိပ်အယောင်ကိုလုံးဝမတွေ့ရပေ။
သူအမူးလွန်၍ ရှန်းယွင်၏အခန်းထဲသို့မှားဝင်မိလေသလော။ သို့မဟုတ် ရှန်းယွင်မှ သူ၏အခန်းထဲသို့မှားဝင်လာသလော ။ ထို့သို့ဆိုလျှင် သူ၏ညီအစ်ကိုများမည်သည့်နေရာသို့ရောက်နေကြသနည်း။
ထင်းရှီမှာ စဉ်းစားလေလေ ပို၍ရှုပ်ထွေးလာလေလေဖြစ်ကာ ဆက်၍မစဉ်းစားနိုင်တော့ဘဲ သူ၏ဆံပင်များကိုဆွဲဖွလိုက်မိသည်။
ထိုအချိန်တွင် နှစ်ခြိုက်စွာအိပ်မောကျနေသည့်ရှန်းယွင်မှာ အနည်းငယ်လူးလွန်ကာ သူမ၏မျက်လုံးလေးများပွင့်လာသည်။
“ အစ်ကိုကြီးထင် မင်္ဂလာနံနက်ခင်းပါ “
ရှန်းယွင်မှ အိပ်ချင်မူးတူးအသံဖြင့်နှုတ်ဆက်လိုက်သည်။ သူမ၏လေသံမှာ ပုံမှန်ပင်ဖြစ်သည်။
သို့သော် ထိုစကားကြောင့် ထင်းရှီမှာ ခေါင်းနားပန်းကြီးသွားကာ အလျှင်အမြန်မေးလိုက်သည်။
“ ရှန်းယွင် မင်းငါ့အခန်းထဲကိုဘယ်လိုရောက်နေတာလဲ “
ထင်းရှီ၏အနည်းငယ်တုန်လှုပ်နေဟန်ရသည့်မေးသံကြောင့်ရှန်းယွင်မှာ သူမ၏ပခုံးစွန်းလေးများသိမ့်သိမ့်တုန်သွားအောင်ရယ်မောလိုက်ကာ ပြန်၍ဖြေလိုက်သည်။
“ ညကသန်းခေါင်ကျော်ကျော်လောက်မှာ ကျမနိုးလာတော့ အစ်ကိုကြီးထင်းကကျမအခန်းထဲကိုရောက်နေပြီးအသေကောင်ကြီးလိုအိပ်နေပြီလေ။
မဟုတ်မှလွဲရော ညကအခန်းလွဲပြီးဝင်လာတာနေမှာပေါ့ ။ ရှင်တို့အခန်းကဟိုဘက်ကအခန်းလေ “
ရှန်းယွင်၏အဖြေမှာ ထင်းရှီကိုမိုးကြိုးပစ်ချလိုက်သည်နှင့်တူလှသည်။
“ ဒါ ဒါတိုငါတို့ညက အတူ “
ထင်းရှီ၏တုန်လှုပ်နေသည့်အမူအယာကိုကြည့်ကာ ရှန်းယွင်မှာ အရှက်သည်းသည့်ဟန်ဖြင့်ခေါင်းကိုငုံ့လိုက်သည်။ ထိုစဉ်
“ ဒုန်း... “
သူတို့၏အခန်းတံခါးမှာ ဆွဲဖွင့်ခံလိုက်ရကာ အခန်းဝမှစီးတုမင်မှအော်ဟစ်လိုက်သည်။