← Chapters

အမှောင်ဓားနဲ့နဂါးသူတော်

Vol. 2 Ch. 189

အမှောင်ဓားနဲ့နဂါးသူတော်

Vol. 2 Ch. 189

“ ဒုတိယအစ်ကို အခုထိမထသေးဘူးလား “

ထင်းရှီမှာ အခန်းဝရှိစီးတုမင်အားပြူးကျယ်နေသည့်မျက်ဝန်းများဖြင့်ကြည့်လိုက်သည်။

စီးတုမင်သည်လည်း ကုတင်ပေါ်တွင်လဲလျောင်းနေသေးသည့်ရှန်းယွင်နှင့် ငုတ်တုတ်ထိုင်ကာ စိတ်ရှုပ်နေပုံရသည့်ထင်းရှီအားကြည့်ကာ တစ်စုံတစ်ရာအား သဘောပေါက်သွားသည့်ဟန် သူ့မျက်နှာထက်တွင် ထင်ဟပ်လာသည်။

ထင်းရှီလည်း စီးတုမင်၏မျက်နှာအမူအယာကြောင့် ထိတ်လန့်သွားကာ အလျှင်အမြန်လက်ကာပြလိုက်သည် ။

“ တတိယညီလေး ငါရှင်းပြမယ် အခုအခြေအနေကို ငါမသိ “

သူ၏စကားမဆုံးမီ စီးတုမင်မှခေါင်းယမ်း၍ပြောလိုက်သည်။

“ မရီး အစ်ကိုနှစ်ကိုစနောက်နေပြန်ပြီလား “

ထို့နောက် ထင်းရှီအားကြည့်ကာ ရယ်ကျဲကျဲဖြင့်ပြောလိုက်သည်။

“ ဘာမှစိတ်မပူနဲ့ ဒုတိယအစ်ကို ညကကျနော်တို့တစ်ခန်းထဲအိပ်တာလေ။ အစ်ကိုကမနက်အိယာထနောက်ကျနေလို့ ကျနော်တို့အောက်ကိုအရင်ဆင်းနှင့်တာ ။

အဲဒီမှာ မရီးက အစ်ကို့ကိုနှိုးမယ်ဆိုပြီး အပေါ်တက်သွားတာပဲ ။ အခုလည်း အစ်ကို့ကိုစနောက်နေတာနေမယ် ။ ကိစ္စတွေပြီးရင်လည်း ဆင်းလာခဲ့တော့ “

စီးတုမင်မှ တစ်ဦးတည်းဇယ်ဆက်သလိုပြောကာ တဒုန်းဒုန်းဆင်းသွားသည်။

ရှန်းယွင်မှာ စီးတုမင်မှသူမအားမရီးဟုခေါ်ခြင်းအပေါ်စိတ်ဆိုးရန်သတိမရနိုင်သေးဘဲ မျက်နှာငယ်လေးဖြင့် ထင်းရှီအားပြုံးပြလိုက်သည်။

ထို့နောက် ထင်းရှီ တစ်စုံတစ်ရာတုံ့ပြန်ခြင်းမပြုမီ သူမ၏အဆင့်လွန်ကိုယ်ဖော့ပညာဖြင့် လှစ်ခနဲပျောက်ကွယ်သွားသည်။

“ ဟီးဟီး အစ်ကိုကြီးထင်း ကျမအောက်ကနေစောင့်နေမယ် “

ငေါင်တောင်တောင်ဖြစ်နေသည့်ထင်းရှီအားချန်ခဲ့ကာ သူမ၏အသံသာအခန်းထဲတွင်ကျန်ရစ်ခဲ့သည်။

တခဏအကြာတွင် ထင်းရှီ၏အခန်းတွင်းမှ ဒေါသတကြီး အော်ဟစ်သံကြီးထွက်ပေါ်လာသည်။

“ ရှန်း..ယွင် “

အောက်ထပ်တွင်စားသောက်နေကြသည့်လူများမှာ ထိုအော်သံကြောင့်ထိတ်လန့်သွားကြသည်။

များမကြာမီ ထင်းရှီမှာ အနက်ရောင်ဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်ကာ အောက်သို့ဆင်းလာသည်။

ထို့နောက် စားပွဲဝိုင်းမှလူသုံးယောက်အား မှုန်ကုတ်ကုတ်ကြည့်ကာ အဆင်သင့်မှာပေးထားသည့် စားသောက်ဖွယ်ရာများကို စားရန်တူတစ်စုံကို ကောက်ကိုင်လိုက်သည်။

တင်းဖန်းတို့နှစ်ယောက်မှာ အဖြစ်အပျက်အလုံးစုံကိုသိပြီးဖြစ်၍ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တိုင်ပင်မထားမိကြဘဲ တခွိခွိရယ်မောလိုက်ကြသည်။

ရှန်းယွင်မှာ ယနေ့နံနက်တွင် ကျောက်စိမ်းရောင်ဝတ်စုံအသစ်ဖြင့် သူမ၏ဆံနွယ်များအား မြင်းမြီးသဏ္ဍာန်စည်းနှောင်ထားကာ ရစ်မူးဖွယ်လှပနေသည်။

သူမ၏ မျက်နှာကို အနက်ရောင်ပဝါပါးလေးဖြင့်ဖုံးကွယ်ထားသော်လည်း ဝတ်စုံအောက်မှအချိုးကျနေသည့် လှပသည့်ကောက်ကြောင်းများဖြင့် အိပ်မက်နတ်မိမယ်လေးသဖွယ်ခံစားရစေသည်။

ထင်းရှီမှာ ထိုအလှအပများကို အာရုံမစိုက်ပေ။ သူ၏ညီနောင်များနှင့်ရောယောင်ရယ်မောနေသည့်မိန်းမလှလေးအားကြည့်ကာ သူ၏ဒေါသများပို၍တိုးပွားလာသည်။

ထင်းရှီမှာ အခြေအနေအားခြုံငုံသုံးသပ်လိုက်မိပြီးနောက် သူမ၏လှည့်စားခြင်းအားခံလိုက်ရသည့်အတွက် မျက်နှာကြီးနီရဲသွားကာ ဒေါသထွက်‌နေခြင်းဖြစ်သည်။

ပုံမှန်ဆိုလျှင်ထင်းရှီမှာ ဉာဏ်ကောင်းကာ တည်ငြိမ်သူတစ်ယောက်ဖြစ်သော်လည်း ယခုနံနက်အဖြစ်အပျက်မှာ သူ၏စိတ်အားလွန်စွာရှုပ်ထွေးစေကာ ရှင်းရှင်းလင်းလင်းမစဉ်းစားမိစေရန်ဖြစ်နေသည်။

အကယ်၍ စီးတုမင်ရောက်မလာပါက သူရှန်းယွင်၏လှည့်စားစနောက်မှုကို မည်သည့်အချိန်ထိခံရမည်မသိပေ။

“ အစ်ကိုကြီးထင်ကလည်း စိတ်မဆိုးပါနဲ့ ကျမကဒီအတိုင်းစနောက်လိုက်တာကို နော် “

ရှန်းယွင်မှ သူမ၏အမှားအားသိထားစဖြင့် ထင်းရှီ၏လက်မောင်းအားကိုင်ကာချော့မော့လိုက်သည်။

ဘေးဝိုင်းများမှလူအများမှာ သူမ၏ငြင်းဆန်နိုင်စွမ်းကင်း‌မဲ့စေသည့် လေသံချိုချိုလေးကြောင့် သူတို့ဝိုင်းသို့အာရုံစိုက်လာကြကာ ထင်းရှီအားမနာလိုစွာကြည့်လိုက်ကြသည်။

အကယ်၍သူတို့၏အကြည့်များသာ ချွန်ထက်နေသည့်ဓားများဖြစ်သွားမည်ဆိုပါက ထင်းရှီမှာ ဇကာပေါက်သဖွယ် အစိတ်စိတ်အမွာမွာဖြစ်သွားပေလိမ့်မည်။

“ ဟုတ်ပါတယ်ဒုတိယညီလေးရာ သူကလည်း နည်းနည်းလေးပဲစနောက်တာကို ခွင့်လွတ်လိုက်ပါ “

ဘေးတွင်ထိုင်နေသည့်တင်းဖန်းလည်းမနေနိုင်ဘဲဝင်ရောက်ဖြောင်းဖျလိုက်သည်။

ထင်းရှီလည်း သူ၏အစ်ကိုကြီးကပါသူမအစားဝင်ပြောပေးနေသည့်အတွက် သူ၏ဒေါသအားလျော့ချလိုက်ကာ သက်ပြင်းချလိုက်သည်။

ထို့နောက် သူ့အားမော့ကြည့်နေသည့်မိန်းကလေးအား ကူကယ်ရာမဲ့စွာပြုံးပြလိုက်ရသည်။

ထိုမိန်းကလေးမှာ သူ့အတွက် ဒုက္ခဟုဆိုရလျှင်ပင် ချိုမြိန်သည့်ဒုက္ခ‌အိုးလေးသာဖြစ်ပေလိမ့်မည်။

&&&&&&&&

စံအိမ်တစ်လုံး ဉယျာဉ်ငယ်လေးတစ်ခုနှင့် ရိုးရှင်းသည့်ခြံဝန်းလေး ။

သိုင်းလောကတွင် အင်အားကြီးနဂါးစိမ်းဂိုဏ်းနှင့် ဂိုဏ်းချုပ် နဂါးစိမ်းဓားသမားသွမ့်ကျန်းမင်ကို လးတိုင်းလိုလိုသိရှိကြသည်။

ထို့အပြင် နဂါးစိမ်းဂိုဏ်းချုပ်နေထိုင်သည့် နဂါးအိမ်တော်သည်လည်း သိုင်းလောကသားများအကြားတွင်ကျော်ကြားပေသည်။

သို့သော် နဂါးအိမ်တော်သို့ရောက်ဖူးသည့်လးအရေအတွက်မှာလွန်စွာနည်းပါးလှပေသည်။ ထို့ကြောင့် လူအများ၏စိတ်ထဲတွင်ခမ်းနားကြီးကျယ်လှသည့်နဂါးအိမ်တော်မှာ သာမန်ခြံဝန်းငယ်လေးတစ်ခုဟု မည်သူမှယုံကြည်နိုင်ကြမည်မဟုတ်ပေ။

စံအိမ်၏ဧည့်ခန်းထဲတွင် အသက်လေးဆယ်ကျော်လူကြီးတစ်ယောက်မှာ တည်ကြည်သည့်မျက်နှာဖြင့်ထိုင်လျက်ရှိသည်။

ထိုလူ၏မျက်ခုံးများမှာ ဖြောင့်တန်းနေကာ ခိုင်မာသည့်မေးရိုးများကြောင့် တည်ကြည်ခန့်ငြားနေကာ ဆုံးဖြတ်ချက်ပြတ်သားမည့်ပုံရသည်။

သူ၏ဘေးတွင် အစိမ်းရောင်ဓားတစ်ချောင်းကိုချထားကာ ထိုဓားမှာ သိုင်းလောကထဲတွင် သံမဏိကိုပင် ရွံ့တုံးကဲ့သို့အလွယ်တကူခုတ်ဖြတ်နိုင်သည်ဟု နာမည်ကြီးသောနဂါးစိမ်းဓားပင်ဖြစ်သည်။

ထိုလူ၏ရှေ့တွင် အသက်နှစ်ဆယ်အရွယ်မိန်းမလှလေးတစ်ယောက်မှာ ရိုကျိုးသည့်ဟန်ဖြင့်ထိုင်နေသည်။

သူမသည်လည်း ဆန်းသစ်စလခြမ်းသဖွယ်မျက်ခုံးလေးများနှင့် ရွှန်းလဲ့နေသည့်မျက်ဝန်းများ အပြစ်ဆိုဖွယ်မရှိသည့်မျက်နှာ ၊ အချိုးအဆစ်ကျ‌နသည့်ခန္တာကိုယ်ကောက်ကြောင်းများဖြင့် နတ်မိမယ်လေးသဖွယ်လှပပေသည်။

ထိုသို့မဟုတ်ပါက သိုင်းလောက၏အလှနတ်သမီးဘွဲ့ကို မည်သို့ရနိုင်ပါမည်နည်း။

သိုင်းလောက၏အလှနတ်သမီး ပန်းနတ်သမီးသွမ့်ရှင်းရှောင်၏ရှေ့တွင်ထိုင်နေသူကား သူမ၏ဖခင်နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်မှတစ်ပါး အခြားလူမဖြစ်နိုင်ပေ။

“ သမီး အခုဖေဖေသမီးကိုအလွန်အရေးကြီးတဲ့ကိစ္စတစ်ခုကိုခိုင်းစရာရှိလို့ပဲ ။ အဲဒီကိစ္စက ဖေဖေ့ရဲ့ဘဝလောက်ကို အရေးကြီးတယ် “

သွမ့်ကျန်းမင်မှလေးနက်သည့်အသံဖြင့်ပြောလိုက်သည်။ သူ၏လေသံကိုနားထောင်ခြင်းအားဖြင့် မည်မျှလေးနက်သည့်ကိစ္စကိုပြောမည်ဖြစ်ကြောင်းခန့်မှန်းနိုင်သည်။

သွမ့်ရှင်းရှောင်မှာ လှပသည့်မျက်လုံးလေးများအရောင်တောက်သွားကာ ခေါင်းညိမ့်ပြလိုက်သည်။

“ အဲဒီကိစ္စက ဘာမှန်းမသိပေမယ့် သမီးအောင်မြင်အောင်ဆောင်ရွက်ပေးပါ့မယ် “

သွမ့်ရှင်းရှောင်သည်လည်း လေးနက်သည့်လေသံဖြင့် ထပ်တူထပ်မျှကတိပေးလိုက်သည်။

သူမ၏ဖခင်ကို ယခုပုံစံဖြင့် တစ်ခါမှမတွေ့ဖူးပေ။ ထို့ကြောင့် သူမဖခင်ခိုင်းသည့်ကိစ္စမှာ မည်သည့်အရာပင်ဖြစ်ပါစေ သူမလုံးဝအောင်မြင်စေရန် ဆောင်ရွက်ပေးရပေမည်။

သူ၏သမီးအလိမ္မာလေးမျက်နှာအားကြည့်ကာ သွမ့်ကျန်းမင်မှာ ကျေနပ်စွာခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။

ထို့နောက် သူ၏မျက်လုံးများ အဝေးသို့ရောက်သွားကာ ဖြေးညင်းစွာပြောလိုက်သည်။

“ အခု ဖေဖေပြောမယ့်ကိစ္စကအတော်လေးရှည်တဲ့ ဇာတ်ကြောင်းတစ်ခုပေါ့ ။ သမီးသိုင်းလောကရဲ့ဆိုရိုးတစ်ခုကိုမှတ်မိသေးလား “

သွမ့်ကျန်းမင်၏စကားကြောင့် သွမ့်ရှင်းရှောင်မှာ အနည်းငယ်စိတ်ရှုပ်ထွေးသွားပုံရသည်။ သူမ၏မျက်ခုံးလှလှလေးအားတွန့်ချိုးကာ အပြင်းအထန်စဉ်းစားနေသည့်ပုံရသည်။

သိုင်းလောကတွင် နာမည်တွင်လောက်သည့် ဆိုရိုးစကားများမှာ များပြားလှသည်မဟုတ်ပါလား။

သွမ့်ကျန်းမင်မှ ဆက်၍ပြောလိုက်သည်။

“ အမှောင်ဓားနဲ့နဂါးသူတော် “

သွမ့်ရှင်းရှောင်မှာ မျက်လုံးများအရောင်တောက်သွားကာ ဆက်၍ရွတ်လိုက်သည်။

“ သိုင်းလောကမှာပြိုင်ဘက်ကင်း “

သွမ့်ကျန်းမင်မှသူမ၏စကားကိုထောက်ခံသည့်ဟန်ဖြင့်ခေါင်းညိမ့်လိုက်သည်။

“ ဟုတ်တယ် အမှောင်ဓားနဲ့နဂါးသူတော် သိုင်းလောကမှာ ပြိုင်ဘက်ကင်း ။

အဲဒီစကားပေါ်ထွက်လာတာ လွန်ခဲ့တဲ့နှစ်သုံးရာကျော်ထဲကပဲ။ ဒါပေမယ့် အခုချိန်အထိ သိုင်းလောကသားတွေက အဲဒီဆိုရိုးကို အမှတ်ရကြသေးတယ်။ “

သွမ့်ရှင်းရှောင်လည်း နားမလည်သည့်ဟန်ဖြင့် သူမဖခင်အားမေးလိုက်သည်။

“ အဲဒီဆိုရိုးကို သမီးလည်းသိပေမယ့် ဘာကိုဆိုလိုတာလည်းဆိုတာ နည်းမလည်ဘူး ။ အဲဒါက ကြီးမြက်တဲ့ ဝူအင်ပါယာခေတ်က နဂါးသူတော်ဆိုတဲ့ပြိုင်ဘက်ကင်းသိုင်းသမားကိုပြောတာလား “

သွမ့်ကျန်းမင်မှ သူမ၏မေးခွန်းအား ဖြေးညင်းစွာခေါင်းယမ်းပြလိုက်သည်။

“ တကယ်တမ်းကျ အမှောင်ဓားနဲ့နဂါးသူတော်ဆိုတာ လူတစ်ယောက်ကိုရည်ညွှန်းတာမဟုတ်ဘဲနဲ့ ပြိုင်ဘက်ကင်းနေရာလေးနေရာကိုပြောတယ်ဆိုတာ သိုင်းလောကထဲမှာ သိတဲ့လူ အလွန်နည်းတယ် ။

အဲဒီနေရာလေးခုက အမှောင်ကျေးရွာ ၊ ဓားစံအိမ် ၊ နဂါးနန်းတော်နဲ့ သူတော်စင်တောင်ကြားတို့ပဲ “

All Chapters