← Chapters

ဓားစံအိမ်သို့

Vol. 2 Ch. 190

ဓားစံအိမ်သို့

Vol. 2 Ch. 190

သွမ့်ရှင်းရှောင်မှာ သူမ မကြားဖူးသည့်အကြောင်းအရာများဖြစ်၍ စိတ်ဝင်စားစွာနားထောင်လျက်ရှိသည်။

သွမ့်ကျန်းမင်မှ သူ၏သမီးအားတစ်ချက်အကဲခပ်ကာ ဆက်၍ပြောလိုက်သည်။

“ ကြီးမြတ်တဲ့ဝူအင်ပါယာကိုတည်ထောင်သူဆီမှာ သစ္စာရှိတဲ့စစ်သူကြီးလေးယောက်ရှိခဲ့တယ်။ အဲဒီစစ်သူကြီးလေးယောက်က ဝူဘုရင်နဲ့အတူ စစ်ပွဲပေါင်းမြောက်များစွာကိုအနိုင်ယူခဲ့ပြီးတော့ ကြီးမြတ်တဲ့ဝူအင်ပါယာကိုတည်ထောင်ရာမှာ အဓိကပါဝင်ခဲ့တယ်။

အမှန်က သူတို့လေးယောက်က သိုင်းလောကထဲကသိုင်းထိပ်သီးတွေဖြစ်ခဲ့ပြီးတော့ နောက်ပိုင်းမှာ သိုင်းကျမ်းအမျိူးမျိုးကိုရရှိခဲ့ပြီး သူတို့ရဲ့သိုင်းပညာတွေက ကြောက်ခမန်းလိလိအဆင့်ကိုတိုးတက်ခဲ့ကြတယ်။

ဒါပေမယ့် ပထမဝူဘုရင်ကွယ်လွန်သွားပြီးတော့ စစ်သူကြီးလေးယောက်ကလည်း အစအနရှာမရအောင်ပျောက်ဆုံးသွားခဲ့တယ်။

ဒါပေမယ့် ကောလဟာလတွေအရ သူတို့လေးယောက်က အဖွဲ့အစည်းလေးခုကိုတည်ထောင်ခဲ့ပြီး ဇာတ်မြုတ်နေခဲ့ကြတယ် ။

အဲဒီအဖွဲ့အစည်းလေးခုက အမှောင်ကျေးရွာ ၊ ဓားစံအိမ်၊ နဂါးနန်းတော်နဲ့ သူတော်စင်တောင်ကြားတို့ပဲ။

သူတို့တွေက သိုင်းလောကထဲမှာ တစ်ခါတစ်ရံပေါ်ထွက်လာတာကလွဲပြီးကျန်တဲ့အချိန်တွေမှာ သူတို့ကိုယ်သူတို့ဖုံးကွယ်နေခဲ့ကြတယ် ။

ကြီးမြတ်တဲ့ဝူအင်ပါယာပျက်သုဉ်းပြီး တောင်ပိုင်းယွမ်နဲ့မြောက်ပိုင်းဟန် ၊ အခု ဟန်အင်ပါယာခေတ်ကိုရောက်တဲ့အထိ အနှစ်တစ်ရာကျော်သူတို့တည်ရှိခဲ့ကြတယ်။

သူတို့အင်အားစုလေးခုက လျှို့ဝှက်တဲ့နေရာတွေမှာရှိနေပြီး သူတို့မျိုးဆက်တွေမဟုတ်ရင် သူတို့ရဲ့နေရာတွေကို ရောက်နိုင်ဖို့ကမလွယ်ကူလှဘူး ။

နောက်ပြီး သိုင်းလောကထဲမှာ သူတို့ရဲ့အကြောင်းကိုသိတဲ့လူအလွန်နည်းတယ်။

တာ့လီ၊ စီးရှ ၊ တိဗက်နဲ့ ပြည်မကြီးနန်းတွင်ထဲကမှတ်တမ်းမှတ်ရာတွေထဲမှာတော့ သူတို့အကြောင်းကို ရေးထားခဲ့တာတွေရှိတယ်။

သိုင်းလောကထဲမှာတော့ သူတို့အကြောင်းကို သိတဲ့လူအနည်းအကျဉ်းရှိတာပေါ့။ ဒီအကြောင်းတွေကို သိတဲ့လူတွေထဲမှာ သမီးရဲ့ဆရာလည်းအပါအဝင်ပဲ ။ သူမပြောဖူးဆိုတာက သူနဲ့ဘယ်လိုမှမပတ်သတ်လို့လေ “

သွမ့်ရှင်းရှောင်မှာ သူမဖခင်ပြောသမျှကိုပါးစပ်အဟောင်းသားဖြင့်နားထောင်နေလေသည်။

ထိုအကြောင်းအရာများကို သူမတစ်ခါမှကြားဖူးခြင်းမရှိသလို ယခုလိုလွန်စွာကြီးမားသည့်အင်အားစုကြီးများ ဖုံးကွယ်တည်ရှိနေမည်ဟု သူမမမျှော်လင့်ခဲ့မိပေ။

အတန်ကြာမှ သူမတစ်စုံတစ်ခုအား သတိရသွားသည့်ဟန်ဖြင့်မေးလိုက်သည်။

“ ဒီအကြောင်းတွေနဲ့ သမီးလုပ်ဆောင်ရမယ့်ကိစ္စနဲ့က ဘယ်လိုပတ်သတ်နေလို့လဲ “

သွမ့်ရှင်းရှောင်၏မေးသံကြောင့် သွမ့်ကျန်းမင်မှဆက်ပြောလိုက်သည်။

“ တကယ်တမ်းကျ သိပ်ပြီးပတ်သတ်နေတယ်။ အင်အားစုကြီးလေးခုထဲက ဓားစံအိမ်က အနောက်ပိုင်းနဲ့အလယ်ပိုင်းဒေသရဲ့နယ်ခြား ဝင်္ကပါတောအုပ်မှာရှိတယ်။

ဝင်္ကပါတောအုပ်ထဲမှာ ဝင်္ကပါအထပ်ထပ်နဲ့ မရေမတွက်နိုင်တဲ့သေမင်းထောင်ချောက်တွေရှိတယ်။ ဝင်္ကပါပညာရပ်မှာ အတော်လေးတတ်ကျွမ်း‌မနေရင် ဓားစံအိမ်ကိုရောက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။

ဒါပေမယ့် ဝင်္ကပါတောအုပ်ကိုကျော်ဖြတ်နိုင်ဖို့က သိုင်းဝိဇ္ဇာအဆင့်တွေအတွက်တောင်မလွယ်ကူလှဘူး။

နောက်ပြီး အဲလိုသိုင်းအဆင့်မြင့်တဲ့လူတွေကိုတောအုပ်ထဲကိုဝင်ရောက်ခွင့်မပြုထားဘူး “

ထိုအခါမှ သွမ့်ရှင်းရှောင်မှာ သူမဆရာထံတွင်ပညာသင်ရန်အပ်နှံခဲ့ခြင်းအား အနည်းငယ်နားလည်သလိုရှိလာသည်။

သူမ၏ဆရာဖြစ်သူ အော့မေ့ဂိုဏ်းချုပ်မှာ ကျောက်စိမ်းမျက်နှာရသေ့မဟူသည့်နာမည်ဖြင့်ကျော်ကြားလှသလို ဝင်္ကပါပညာရပ်တွင်လည်းဆရာတစ်ဆူဖြစ်သည်။

လွန်ခဲ့သည့်နှစ်များအတွင်း သူမအော့မေ့တောင်ပေါ်တွင် သိုင်းပညာရပ်များကိုသာမက ဝင်္ကပါပညာရပ်ကိုပါ ပူးတွဲသင်ကြားခဲ့ရသည်။

ထို့နောက် သွမ့်ရှင်းရှောင်မှာ သူမဖခင်အားကြည့်၍ နားမလည်နိုင်သည့်ပုံဖြင့် ကြားဖြတ်မေးလိုက်သည်။

“ ဖေဖေ့ရဲ့သိုင်းပညာနဲ့တောင် အတင်းအကြပ်ဝင်ရောက်လို့မရဘူးလား “

ထိုမေးခွန်းကြောင့်သွမ့်ကျန်းမင်မှာ ခေါင်းကိုဖြေးညင်းစွာယမ်း၍ ပြောလိုက်သည်။

“ ငါ ကြိုးစားကြည့်ပြီးပြီ။ မမျှော်လင့်ဘဲ ဓားစံအိမ်မှာ ငါနဲ့အဆင့်အများကြီးမကွာတဲ့လူတွေအတော်များများရှိပြီး ကြောက်စရာကောင်းတဲ့လူတစ်ယောက်လည်းရှိနေသေးတယ် ။

အဲဒီလူက ငါတွေ့ဖူးသမျှထဲမှာ အားအကောင်းဆုံးပဲ ။ ငါတို့မတိုက်ခိုက်ခဲ့ကြပေမယ့် သူ့ရဲ့သိုင်းအဆင့်ကမှန်းဆမရတဲ့အဆင့်ထိရောက်နေပြီး ငါ့ကိုအကြည့်တစ်ချက်ထဲနဲ့ဖိနှိပ်နိုင်ခဲ့တယ်။

လောကကြီးထဲမှာ ဒီလောက်အထိအဆင့်မြင့်တဲ့သိုင်းသမားတွေရှိနေတယ်ဆိုတာ ယုံရခက်ပဲ။ နောက်ပြီး အဲဒါကသူတို့ရဲ့အင်အားတစ်စိတ်တစ်ပိုင်းလည်းဖြစ်နိုင်တာပဲ ။

ဝင်္ကပါတောအုပ်ထဲကိုရောက်ခဲ့ပြီးမှ ငါကဘယ်လောက်အထိအမြင်ကျဉ်းပြီး ရေတွင်းထဲကဖားလေးတစ်ကောင်လိုဖြစ်နေခဲ့တယ်ဆိုတာကိုသိလိုက်ရတာပဲ “

ထိုစကားများကိုပြောနေချိန်တွင် သွမ့်ကျန်းမင်၏မျက်နှာထက်၍ တုန်လှုပ်မှုနှင့်လေးစားမှာတို့အတိုင်းသားထင်ဟပ်နေသည်။

ထို့နောက် သက်ပြင်းတစ်ချက်ချ၍ သူ၏စကားအားဆက်လိုက်သည်။

“ သမီးကိုဖေဖေခိုင်းချင်တာက ဝင်္ကပါတောအုပ်ထဲကဓားစံအိမ်ကိုရောက်အောင်သွားပြီး လူတစ်ယောက်ဆီကို ပစ္စည်းတစ်မျိုးသွားပြီးအပို့ခိုင်းချင်တာပဲ။

အဲဒီခရီးမှာ သမီးဒဏ်ရာအကြီးအကျယ်ရနိုင်တယ်

။။နောက်ဆုံး ဖေဖေတိုပြန်မတွေ့နိုင်တာလည်းဖြစ်နိုင်တာပဲ။ နောက်ပြီးအခုအချိန်အထိ ဝင်္ကပါတောအုပ်ထဲကိုရောက်သွားတဲ့လူတွေကဆယ်ယောက်မှာ ကိုးယောက်ပြန်မထွက်လာနိုင်ဘူး ။။

ဒါပေမယ့် သမီးလုပ်နိုင်မယ်ဆိုတာ ဖေဖေယုံကြည်တယ် “

သွမ့်ကျန်းမင်၏တည်ကြည်ပြတ်သားသည့်စကားကြောင့် သွမ့်ရှင်းရှောင်လည်း ခေါင်းညိမ့်ကာ လေးနက်စွာပြောလိုက်သည် ။

“ စိတ်ချပါ သမီးဖြစ်အောင်လုပ်ပေးပါ့မယ် “

သွမ့်ရှင်းရှောင်၏အာမခံစကားကြောင့် သွမ့်ကျန်းမင်မှာ စိတ်သက်သာရရသွားသည့်ဟန်ဖြင့်ပြုံးလိုက်သည်။ ထို့နောက် ထိုင်ခုံဘေးတွင်ချထားသည့်လက်တစ်ဝါးခန့် သေတ္တာငယ်လေးအားစားပွဲပေါ်သို့တင်လိုက်သည်။

သွမ့်ရှင်းရှောင်မှာ သူမဖခင်လုပ်သမျှကို စိတ်ဝင်စားစွာကြည့်ရှုနေသည်။

သေတ္တာအဖုံးကိုဖွင့်လိုက်သည့်အခါ မွှေးကြိုင်သည့်ရနံ့မှာ အခန်းထဲတွင်သင်းပျံ့သွားသည်။ သေတ္တာထဲရှိပစ္စည်းကိုမူ အနီရောင်အဝတ်စလေးဖြင့်ပတ်ထား၍မည်သည့်ပစ္စည်းဖြစ်သည်ကိုမသိရပေ။

သို့သော် အနံ့ရရုံမျှဖြင့် သူမ၏တစ်ကိုယ်လုံးပို၍ပေါ့ပါးလာကာ သွေးလည်ပတ်မှုပို၍‌အားကောင်းလာသည်ဟုခံစားမိလိုက်သည့်အတွက် ထိုပစ္စည်းမှာ ဆေးမြစ်တစ်မျိူးမျိူးဖြစ်ပုံရသည်။

ထို့အပြင်ထိုဆေးမြစ်၏တန်ဖိုးမှာလွန်စွာကြီးမြင့်မည်ဖြစ်ကာ ငွေရှိတိုင်းလည်း အလွယ်တကူဝယ်ယူမရနိုင်ဘဲ အလွန်အမင်းရှားပါးနိုင်သည်။

သွမ့်ရှင်းရှောင်မှာ ထိုဆေးမြစ်အကြောင်းကိုအနည်းငယ်စိလိုစိတ်ဖြစ်မိသော်လည်း သူမဖခင်မှထုတ်ဖော်မပြောသည့်အတွက် သူမလည်းမေးမြန်းခြင်းမပြုပေ ။

သူမ၏တာဝန်က ထိုပစ္စည်းကို ဓားစံအိမ်မှ တစ်စုံတစ်ယောက်ထံသို့ပို့ဆောင်ပေးရန်ဖြစ်သည်။

သွမ့်ကျန်းမင်မှ သေတ္တာအဖုံးအားပြန်၍ပိတ်ကာပြောလိုက်သည်။

“ အဲဒီပစ္စည်းက အလွန်ရှားပါးတဲ့ဆေးမြစ်တစ်မျိုးပဲ ။။သူ့ကိုစားလိုက်ရင် သိုင်းသမားတစ်ယောက်ဆိုရင်အတွင်းအားတိုးပွားစေပြီး သာမန်လူတစ်ယောက်ဆိုရင် အသက်ရှည်ရှည်နေရစေတယ် ။

အရေးအကြီးဆုံးအချက်က မကောင်းတဲ့အဆိပ်တွေအားလုံးကို လုံးဝပျောက်ကင်းစေတဲ့အချက်ပဲ။

သမီးက အဲဒီဆေးမြစ်ကိုဓား‌စံအိမ်က ရှောင်ကျန်းမင်ဆိုတဲ့လူတစ်ယောက်ရဲ့လက်ထဲကိုထည့်ပေးဖို့ပဲ “

သွမ့်ရှင်းရှောင်မှ သူမဖခင်အားခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် သူမတစ်စုံတစ်ခုအား အမှတ်ရသွားပုံပေါ်သည် ။

“ နေပါဦး ရှောင်ကျန်းမင်ဆိုတာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကသိုင်းလောကမှာ နာမည်ကြီခဲ့တဲ့ဓားမုဆိုးမဟုတ်လား ။

သူကသမီးတို့နဂါးစိမ်းဂိုဏ်းရဲ့အလိုအရှိဆုံးစာရင်းဝင်တွေကိုဖမ်းပြီးဆုငွေထုတ်တယ်လေ။ ဒါပေမယ့် သူက နာမည်ကြီးတာအချိန်မကြာသေးဘဲ ရုတ်တရက်ပျောက်ကွယ်သွားတာမဟုတ်လား “

“ ဟုတ်တယ်သူပဲ။ သူနဲ့ဖေဖေနဲ့ဘယ်လိုပတ်သတ်တယ်ဆိုတာကိုတော့ ဖေဖေရှင်းမပြနိုင်သေးဘူး ။။ အချိန်မကျသေးဘူး “

သွမ့်ကျန်းမင်မှ ဖြေးညင်းစွာပြောလိုက်သည်။

သွမ့်ရှင်းရှောင်လည်း စကားဆက်ပြောတော့ဘဲ သူမဖခင်အား အရိုအသေပေး၍ သေတ္တာငယ်လေးအားယူကာ ထွက်လာခဲ့သည်။

All Chapters