← Chapters

နန်ကုန်းရင်

Vol. 2 Ch. 196

နန်ကုန်းရင်

Vol. 2 Ch. 196

တားမြစ်လိုက်သည့် ခရမ်းရောင်သွေးလဂိုဏ်းသား၏မျက်နှာထက်တွင် စိတ်ပျက်ခြင်း၊ နာကျင်ခံစားရခြင်း စသည့်အရိပ်အယောင်များပေါ်လာကာ ခေါင်းငိုက်စိုက်ကျသွားသည်။

ထင်းရှီ၏မေးခွန်းအား ဖြေလိုက်သူမှာ ခေါင်းမော့လာ၍ပြောလိုက်သည်။

“ ကျုပ်တို့ကိုခိုင်းစေလိုက်တာကတော့ ခရမ်းရောင်သွေးလဂိုဏ်းက မျက်နှာဖုံးစွပ်အဆင့်မြင့်ဂိုဏ်းသားတွေပဲ “

ထိုစကားကြောင့် ထင်းရှီ၏မျက်နှာထက်တွင် နားမလည်သည့်အရိပ်အယောင်များပေါ်ထွက်လာကာမေးမြန်းလိုက်သည် ။

“ မင်းတို့က ခရမ်းရောင်သွေးလဂိုဏ်းမှာ အဆင့်မြင့်ဂိုဏ်းသားမဟုတ်ဘူးလား “

အဆင့်လွန်သိုင်းသမားဆိုသည်မှာ သိုင်းလောကတစ်ခုလုံးတွင်လက်မထောင်နိုင်သည့်အ‌ဆင့်ဖြစ်ကာ သိုင်းလောကအတွင်းမှ ပထမတန်းစားဂိုဏ်းအတော်များများ၏ဂိုဏ်းချုပ်များပင် အဆင့်လွန်သိုင်းသမားများသာဖြစ်ကြသည် ။

အဆင့်လွန်သိုင်းအဆင့်နှင့် သိုင်းဝိဇ္ဇာအဆင့်မှာ အဆင့်တစ်ခုသာကွာခြားသော်လည်း ထိုအဆင့်မှာ မိုးနှင့်မြေလိုကွာခြားလှပေသည်။

ထို့ကြောင့်လည်း သိုင်းလောကထဲတွင် သိုင်းဝိဇ္ဇာများကို မတွေ့ရသလောက်ဖြစ်ကာ အဆင့်လွန်သိုင်းသမားများ ထိပ်သီးဖြစ်နေခြင်းဖြစ်သည်။

ထင်းရှီ၏မေးခွန်း‌ကြောင့် ထိုလူမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။

“ ခရမ်းရောင်သွေးလဂိုဏ်းရဲ့အင်အားက မင်းတို့တွေးထင်တားတာထက်ပိုပြီး နက်ရှိုင်းတယ်။

သူတို့ဆီမှာ အတွင်းအားတိုးတက်စေနိုင်တဲ့ဆေးလုံးတွေ အဆင့်မြင့်သိုင်းပညာတွေအများအပြားရှိတယ် ။

ကျုပ်တို့က သိုင်းလောကသားတွေအမြင်မှာ အဆင့်မြင့်ဂိုဏ်းသားဆိုပေမယ့် တကယ်က ကျုပ်တို့က အဆင့်နိမ့်ဂိုဏ်းသားလို့သတ်မှတ်ထားတဲ့ကောင်တွေထက် နည်းနည်းသာရုံတင်ပဲ။

တကယ်တမ်းကျ ကျုပ်သိသလောက်ပြောရရင် ခရမ်းရောင်သွေးလဂိုဏ်းကို အဓိကအင်အားသုံးခုခွဲထားတယ် ။

အဆင့်နိမ့်သိုင်းသမားတွေနဲ့ အလယ်အလက်အဆင့်သိုင်းသမားတွေကိုကျ သာမန်ဂိုဏ်းသားလို့သတ်မှတ်ထားတယ် ။

သူတို့ရဲ့အထက်မှာ အဆင့်မြင့်သိုင်းသမားတွေနဲဲ့ကျုပ်တို့လို အဆင့်လွန်သိုင်းသမားတွေကို အဆင့်မြင့်ဂိုဏ်းသားလို့ သတ်မှတ်ထားတယ်။

ကျုပ်တို့ရဲ့အထက်မှာ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ မျက်နှာဖုံးစွပ်အဆင့်လွန်သိုင်းသမားတွေရှိသေးတယ် ။

သူတို့က အ‌ဆင့်လွန်သိုင်းသမားဖြစ်ပြီး အရေအတွက်နည်းပေမယ့် သူတို့တစ်ယောက်ချင်းစီက ကျုပ်တို့လိုသိုင်းသမားသုံးယောက်လောက်ကိုတိုက်ခိုက်နိုင်တယ်။

အဲဒီလူတွေကမှ ခရမ်းရောင်သွေးလဂိုဏ်းရဲ့ပုန်းကွယ်နေတဲ့ လက်ရွေးစင်တွေပဲ။

ကျုပ်တို့ကိုညွှန်ကြားတာကတော့ သူတို့ပဲ။ သူတို့အထက်မှာ အာဏာရှင်နှစ်ယောက်နဲ့ ဘုရင်ငါးပါးရှိတယ်။

ဒါပေမယ့် ကျုပ်တို့အကုန်လုံး ဘုရင်ငါးပါးရဲ့မျက်နှာကိုတောင်မမြင်ဖူးဘူး။ ဂိုဏ်းချုပ်ဆိုရင် ဖြူသလားမည်းသလားတောင်မသိရဘူး။

ကျုပ်တို့သိတဲ့တစ်ခုတည်းသောအရာက ဂိုဏ်းချုပ်က အလွန်ကြောက်စရာကောင်းပြီး သူ့ရဲ့သိုင်းပညာက ခန့်မှန်းမရတဲ့အဆင့်ကိုရောက်နေပြီဆိုတာပဲ။

ဂိုဏ်းချုပ်ကိုအသာထားဦး ။ သူ့ရဲ့တပည့်နှစ်ယောက်ဖြစ်တဲ့ အဏာရှင်ငရဲဓားဝမ်းတုနဲ့ အမှောင်လက်ဝါးဝမ်းတကတောင် ဟိုကကောင်လေးထက်ပိုပြီးသာတယ် ။

ထိုလူမှ စီးတုမင်အား‌တစ်ချက်ကြည့်၍ပြောလိုက်သည်။

သူ၏စကားအဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ထင်းရှီ ၊ တင်းဖန်းနှင့် စီးတုမင်တို့သာမက မိန်းကလေးလေးယောက်သည်ပင် လုံးဝငြိမ်သက်သွားလေသည်။

သူတို့၏စိတ်ထဲတွင်ကား ခရမ်းရောင်သွေးလဂိုဏ်း၏အင်အားကိုခန့်မှန်းမိသလိုရှိကာ အေးစက်တောင့်တင်းသွားလေသည်။

ဤသည်မှ ခရမ်းရောင်သွေးလဂိုဏ်း၏ဝှက်ဖဲများကိုထည့်မတွက်ရသေးပေ။

ခရမ်းရောင်သွေးလဂိုဏ်းသားမှ ထင်းရှီတို့၏အမူအယာကိုတစ်ချက်ကြည့်ကာ စိတ်ပျက်စွာပြုံး၍ ဆက်ပြောလိုက်သည်။

“ ကျုပ်ပြောနေတာ လမ်းကြောင်းလွဲနေပြီ။ ကျုပ်တို့ကိုစေခိုင်းတာက မျက်နှာဖုံးစွပ်အဆင့်မြင့်ဂိုဏ်းသားတွေပဲ။ သူတို့ရဲ့ရည်ရွယ်ချက်ကိုတော့ တိတိကျကျမသိရသေးဘူး။

ကျုပ်ခန့်မှန်းမိတာကတော့ သူတို့က သိုင်းလောကထဲက အင်အားစုကြီးတွေကို အကြပ်ကိုင်ချင်တာပဲ။ “

ထိုလူမှ သူ၏စကားအားရပ်တန့်ကာ မျက်လုံးကိုဘေးသို့လွှဲလိုက်သည် ။

ထင်းရှီတို့လူစု၏မျက်နှာမှာ အမျိုးမျိုးဖြစ်သွားကာ သူတို့စိတ်ထဲတွင်လည်း အတွေးကိုယ်စီဖြင့်ရှိနေကြသည်။

တခဏကြာမှထင်းရှီမှာ ခေါင်းညိမ့်၍ လေးလေးနက်နက်ပြောလိုက်သည်။

“ မင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ပါတယ်။ တကယ်ဆိုရင် မင်းပြောခဲ့တာက လုံလောက်တာထက်တောင်ပိုပါတယ်။ ကျေးဇူးပြုပြီး သွားလိုတဲ့နေရာကို သွားနိုင်ပါတယ် “

ထင်းရှီမှ သူ၏စကားအဆုံးတွင် ခန္တာကိုယ်ကိုရိပ်ခနဲလှုပ်ရှားလိုက်ကာ သူ၏ခန္တာကိုယ်မှာ ဝေါးသွားပြီး ထိုလူများအနီးသို့ရောက်သွားသည်။

ထို့နောက် သူ၏လှုပ်ရှားမှုကိုမမြင်လိုက်ရမီ ထိုသုံးယောက်မှာ ပိတ်ထားသည့်အကြောများပွင့်ကုန်လေသည်။

“ ဟားဟား ကျုပ်တို့ကိုလွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျုပ်တို့အတွက် မျှော်လင့်ချက်က မရှိသလောက်ပါပဲ “

ခရမ်းရောင်သွေးလဂိုဏ်းသားတစ်ယောက်မှ မျှော်လင့်ချက်ကုန်ခမ်းနေသည့်အသံဖြင့် ရယ်မောလိုက်သည်။ ထို့နောက် သစ်ပင်များကြားသို့ လေးကန်သည့်ခြေလှမ်းများဖြင့် တိုးဝင်ပျောက်ကွယ်သွားလေသည်။

ကျန်ရှိနေသည့်လူနှစ်ယောက်သည်လည်း ထင်းရှီတို့လူစုအား အရိုအသေပေး၍ သူတို့၏အဖော်နောက်သို့ လိုက်သွားကြလေသည်။

ထင်းရှီမှာ ပျောက်ကွယ်သွားသည့်လူများအားကြည့်ကာ သက်ပြင်းကိုခပ်တိုးတိုးချလိုက်မိသည်။

ထို့နောက် ရင်းနှီးနေသည့် မွှေးပျံ့သည့်ကိုယ်သင်းနံ့နှင့်အတူ သူ့အနီးသို့ ပျော့ပြောင်းသည့်ခန္တာကိုယ်လေးတစ်ခုတိုးကပ်လာသည်ကို ခံစားမိလိုက်သည် ။

“ အစ်ကိုကြီးထင်း သူတို့ကို ဒီအတိုင်းပဲလွှတ်ပေးလိုက်တာလား ။ အနည်းဆုံးတော့ သိုင်းပညာဖျက်ဆီးတာ‌ကိုတောင် မလုပ်တော့တာလား “

ရှန်းယွင်မှအနည်းငယ်နားမလည်နိုင်သည့်လေသံဖြင့်မေးလိုက်သည်။ သူမ၏စကားကြောင့် ဘေးတွင်ရှိနေသည့်တင်းဖန်းမှ ဝင်ရောက်အဖြေပေးလိုက်သည်။

“ ဆရာတူညီမလေး သူတို့ရဲ့စကားအရဆိုရင် ဒီအတိုင်းလည်း သူတို့အသက်ရှင်နိုင်ဖို့က ရာခိုင်နှုန်းအတော်နည်းတယ် “

တင်းဖန်း၏စကားကြောင့် ရှန်းယွင်မှာ ပို၍ရှုပ်ထွေးသွားသည်။ သူမ၏အတွေးများကို ခံစားမိ၍ ငြိမ်သက်နေသည့်ထင်းရှီမှ ပြောလိုက်သည်။

“ သူတို့က အဆိပ်တစ်မျိူးမျိူးမိထားကြတယ်။ ခရမ်းရောင်သွေးလဂိုဏ်းက သူတို့ရဲ့ဂိုဏ်းသားတွေကို ထိမ်းချုပ်ဖို့ အဆိပ်တွေတိုက်ထားပုံရတယ် ။

နောက်ပြီးအဲဒီအဆိပ်ကလည်း ပုံမှန်ဖြေဆေးမရရင် သေဆုံးသွားနိုင်တယ် ။ နောက်ပြီး သူတို့ရဲ့အတွင်းအားတွေတိုးလာတာက အဲဒီကိစ္စနဲ့ ပတ်သတ်နိုင်တယ်။

သူတို့ကိုဒီအတိုင်းလွတ်ပေးလိုက်တာက သူတို့ရဲ့စိတ်ရင်းက ဒီလောက်ကြီးဆိုးရွားတာမဟုတ်လို့ပဲ။ ဘာပဲဖြစ်ဖြစ်အခုချိန်မှာ သူတို့နောင်တရနေကြပြီလေ “

ထင်းရှီ၏အဖြေကြောင့် သူတို့အားလုံး ပင့်သက်ရှိုက်မိသွားသည်။

ထင်းရှီ၏စကားမှာ သူ၏ခန့်မှန်းချက်သာဖြစ်သော်လည်း အခြေအနေမှန်နှင့် အတော်လေးနီးစပ်လှသည်။

အဖြူရောင်ဝတ်စုံနှင့် မိန်းမချောလေး၏နောက်လိုက်တစ်ဦးမှ တီးတိုးရေရွတ်လိုက်သည်။

“ ဒီလိုမျိုးထူးဆန်းတဲ့ အဆိပ်တွေကလည်းရှိနေသေးတာလား “

သူမ၏စကားကြောင့် ထင်းရှီမှာ ခေါင်းကိုဖြေးညင်းစွာယမ်း၍ပြောလိုက်သည်။

“ သိုင်းလောကကြီးကကျယ်ပြန့်တယ် ။ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ကိစ္စတွေဆိုတာ မရေမတွက်နိုင်အောင်ပြည့်နှင်နေတယ် “

သူ၏စကားကြောင့် ထိုမိန်းကလေးမှာ ထင်းရှီအား အထင်ကြီးစွာကြည့်လိုက်သည်။

ထင်းရှီမှာ ရုပ်ရည်ခန့်ညား၍ သိုင်းပညာထူးချွန်လှသည်သာမက ဗဟုသုတနှင့်လည်း ပြည့်စုံလှသည် ။

ထိုကဲ့သို့လူမျိူးမှာ မိန်းမပျိုလေးအတော်များများ၏အိပ်မက်သူရဲကောင်းဖြစ်လေသည်။

ရှန်းယွင်မှာ ထိုမိန်းကလေး၏အကြည့်ကိုခံစားမိလိုက်ကာ မိန်းကလေးကို စူးရဲစွာတစ်ချက်ကြည့်၍ ထင်းရှီ၏လက်မောင်းကိုတွဲလိုက်သည်။ ထို့နောက် စကားလမ်းကြောင်းပြောင်းသည့်အနေဖြင့်မေးလိုက်သည်။

“ အစ်ကိုကြီးထင် ကျမတို့ဆက်သွားကြမယ်မလား “

သူမ၏စကားကြောင့် စီးတုမင်မှ အားတုံ့အားနာပြုံး၍ ထင်းရှီနှင့်တင်းဖန်းအား အရိုအသေပေးလိုက်သည်။

“ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကို ကျနော် ဆက်ပြီးလိုက်နိုင်တော့မယ်မထင်ဘူး။ သူ့ရဲ့လုံခြုံဆရးအတွက် ကျနော်သူကို စံအိမ်အထိရောက်အောင်ပြန်ပို့ပေးရဦးမယ် “

စီးတုမင်မှ အဖြူရောင်ဝတ်စုံနှင့် မိန်းမချောလေးအားတစ်ချက်ကြည့်ကာ ပြောလိုက်သည်။

ထင်းရှီနှင့် တင်းဖန်းမှ စီးတုမင်၏အမူအယာကို သဘောကျစွာရယ်မောလိုက်ကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည် ။

“ ပြောစရာမလိုပါဘူး မင်းရဲ့ကောင်မလေးကို ဘေးကင်းအောင်လိုက်ပို့လိုက်ပါ ။ ဒါနဲ့ ငါခံစားမိနေတယ် တတိယညီလေးက ညီအစ်ကိုတွေထက် ချစ်သူကိုပိုပြီး အလေးပေးနေပါလားဆိုပြီး “

ထင်းရှီမှ စနောက်လိုသည့်လေသံဖြင့်ပြောလိုက်ရာ စီးတုမင်မှာ အနည်းငယ်ရှက်ရွံ့သွားသည်။

သူ၏ဘေးမှအဖြူရောင်ဝတ်စုံနှင့်မိန်းမချောလေးသည်လည်း နီရဲနေသည့်မျက်နှာဖြင့် ခေါင်းကိုငုံ့ထားလေသည်။

တင်းဖန်းမှ တစ်စုံတစ်ခုအားသတိရသည့်ဟန်ဖြင့်မေးလိုက်သည်။

“ မိန်းကလေးတို့ မင်းတို့ အလယ်ပိုင်းအထိပြန်ရမှာ အဆင်ပြေပါ့မလား “

သူ၏စကားကြောင့် မိန်းမချောလေးမှ ကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

“ ကျမတို့ မြောက်ပိုင်းကို ကိစ္စတစ်ခုနဲ့ရောက်လာတာ ။ လမ်းမှာ ဟိုလူသုံးယောက်ကဝသ်တိုက်တော့ ကျမတို့မြင်းတွေ လန့်ဖျက်ပြီးထွက်ပြေးသွားတာ။

ဒါပေမယ့် အဆင်ပြေပါတယ်။ နည်းနည်းလောက်လိုက်ရှာပြီးရင် ပြန်တွေ့မှာပါ “

ထို့နောက် အဖြူရောင်ဝတ်စုံနှင့် မိန်းမချောလေးမှ ထပ်၍ပြောလိုက်သည်။

“ ကျမနာမည်က နန်ကုန်းရင်ပါ အစ်ကိုတို့သုံးယောက်လုံး နန်းမြို့တော်ကိုရောက်ရင် နန်ကုန်းအိမ်တော်ကို ဝင်ခဲ့ဖို့မမေ့ပါနဲ့ “

မိန်းကလေးမှ ထင်းရှီတို့လူစုအား နှူတ်ဆက်လိုက်သည်။ ထို့နောက် သူတို့အားလုံး လမ်းခွဲ၍ ဆက်သွားလိုက်ကြသည်။

All Chapters