မောပန်းလာသည့်စံအိမ်သခင်
Vol. 2 Ch. 200
“ ထန်း..... “
ကျယ်လောင်သည့်ဓားချင်းထိခတ်သံပေါ်ထွက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး ဓားလှိုင်းများပျံ့နှံ့ကုန်သည်။
ထင်းရှီနှင့် စံအိမ်သခင်တို့မှာ တည်ကြည်သည့်မျက်နှာဖြင့်ရှိနေကြကာ အလေးအနက်ထားသည့်ပုံစံဖြစ်နေကြသည် ။
သူတို့၏ခန္တာကိုယ်များမှာ ငြိမ်သက်သွားကာ သူတို့၏ခြေထောင်များမှာမူ အောက်သို့နှစ်လက်မခန့်နစ်ဝင်နေကြသည်။
ထင်းရှီတို့တိုက်ပွဲဖြစ်နေသည့် စံအိမ်၏ရှေ့မြေကွက်လပ်တွင်ကျောက်ပြားများခင်းထားပြီး တော်ရုံတန်ရုံမာကျောမှုထက်ပိုလေသည်။
ထိုကျောက်ပြားများမှာ ထင်းရှီနှင့်စံအိမ်သခငိတို့ထိတ်တိုက်ရင်ဆိုင်ရာတွင် သူတို့၏ခြေထောက်များအောက်၌နစ်ဝင်သွားပြီး ခြေရာများထင်နေခဲ့သည်။
ထို့နောက် စံအိမ်သခင်မှ လေပြင်းတစ်ခုလို ထပ်မံ၍တိုက်ခိုက်လိုက်ပြန်သည်။ ထင်းရှီမှလည်း သူ၏ဓားကိုဝေ့ယမ်းကာ တိုက်ခိုက်လိုက်သည်။
“ ဝှစ် “
“ ထန်း.. ထန်း..... “
ဓားချင်းထိခတ်သံများနှင့်လေတိုးသံများမှာ ဆူညံနေသည်။
တိုက်ခိုက်နေသည့် ပတ်ဝန်းကျင်တစ်ခုလုံးဓားလှိုင်းများပျံ့နှံ့နေကာ သိုင်းပညာအဆင့်နိမ့်သည့်သိုင်းသမားတစ်ယောက်သာအနီးသို့တိုးကပ်သွားပါက ဓားလှိုင်းများ၏ဆုတ်ဖြဲမှုကြောင့် မသေလျှင်ပင်ဒဏ်ရာများစွာရရှိသွားနိုင်သည် ။
ထင်းရှီနှင့်စံအိမ်သခင်မှာမူ ပြင်းထန်သည့်ဓားကွက်များဖြင့် အပြန်အလှန်တိုက်ခိုက်နေကြသည် ။
စံအိမ်သခင်၏ဓားကွက်များမှာ ပြင်းထန်ကာလျှင်မြန်လှသလို တစ်ကွက်ထက်တစ်ကွက်ပို၍အားကောင်းလာသည်။
ထင်းရှီ၏ဓားကွက်များမှာမူ လျှင်မြန်မှုနှင့်အင်အားပြင်းထန်မှုကိုအသားပေးထားကာ ကြည့်ရှုနေကြသူများမှာ အလင်းတန်းများကိုသာတွေ့မြင်နေရကာ ဓားကွက်မည်မျှသုံးစွဲပြီးဖြစ်သည်ကိုမသိနိုင်ကြပေ။
ထို့အပြင် ထင်းရှီမှာ သူ၏လျှင်မြန်အင်အားပြင်းထန်သည့်ဓားကွက်များဖြင့် စံအိမ်သခင်ကို မိုးသီးမိုးပေါက်များကျသလို ဆက်တိုက်တိုက်ခိုက်နေသည် ။
စံအိမ်သခင်မှာ ယခုအချိန်အထိ ထင်းရှီကိုလက်ရည်တူတိုက်ခိုက်နေကာ အားနည်းသည့်ပုံမပြသေးပေ။
သူ၏ပုံသဏ္ဍာန်မှာလည်း ပို၍ပျော်ရွှင်လာပုံပေါက်နေကာ ဓားကွက်များမှာ ပို၍ပြင်းထန်လာသည်။
စံအိမ်သခင်၏ဓားကွက်များမှာ အင်အားပြင်းထန်မှုနှင့်ကြမ်းတမ်းမှုကို ကိုယ်စားပြုကာ ထင်းရှီ၏ဓားကွက်များမှာ လျှင်မြန်မှုနှင့် ပြင်းထန်မှုကို ကိုယ်စားပြုသည် ။
တိုက်ပွဲအားကြည့်နေကြသည့်လူများမှာ ဓားသမားများဖြစ်ကြသည့်အတွက် သူတို့မျက်စေ့အောက်မှကြမ်းတမ်းလှသောတိုက်ပွဲအားကြည့်ရှုပြီးနောက်တွင် စိတ်ဓာတ်တက်ကြွလာကြသည်။
ထို့အပြင် ထိုနှစ်ယောက်အသုံးပြုနေကြသည့်ဓားကွက်များ၏အဆင့်အတန်းမြင့်မားမှုနှင့် သူတို့၏ကျွမ်းကျင်မှုများကြောင့် မိမိကိုယ်မိမိရှက်ရွံ့သလိုပါ ခံစားမိလိုက်ကြသည် ။
“ ဟူးး.... ငါဒုတိယညီလေးကိုညီလေးကိုမှီဖို့ မနည်းဘူးလိုပါသေးပဲ “
တင်းဖန်းမှအနည်းငယ်စိတ်ဓာတ်ကျသည့်ဟန်ဖြင့်ရေရွတ်လိုက်သည်။
ရှန်းယွင်မှာမူ ပြင်းထန်သည့်တိုက်ပွဲအား မျက်တောင်မခပ်တမ်းစူးစိုက်ကြည့်နေကာ သူမ၏လက်သီးလေးကိုတင်းကြပ်စွာဆုပ်ထားပြီး တီးတိုးရေရွတ်နေသည်။
“ အစ်ကိုကြီးထင်းနိုင်ရမယ် အစ်ကိုကြီးထင်းနိုင်ရမယ် “
တိုက်ခိုက်နေသည့်လူနှစ်ယောက်မှာ ပြင်ပအားအာရုံမထားပဲ သူတို့၏တိုက်ပွဲအပေါ်တွင် အပြည့်အဝအာရုံစူးစိုက်ထားကြသည် ။
လူအများသတိမပြုမိသေးသည့်အရာမှာ ယခုအချိန်အထိ သူတို့နှစ်ဦးစလုံးနေရာမှ တစ်လက်မမှရွေ့လျားခြင်းမရှိသေးဘဲ ကျောက်ရုပ်ကြီးများကဲ့သို့ရပ်ကာ ပြင်းထန်စွာတိုက်ခိုက်နေခြင်းဖြစ်သည်။
သူတို့၏တိုက်ပွဲတွင် ကိုယ်ဖော့ပညာကိုလုံးဝအသုံးမပြုကြသေးဘဲ ဓားပညာသီးသန့်ဖြင့်သာ တိုက်ခိုက်နေကြခြင်းဖြစ်သည် ။
ထင်းရှီလည်း ထိုတိုက်ပွဲကိုအသုံးပြု၍ သူ၏မိုးသက်မုန်တိုင်းဓားကွက်ကို ပို၍ပြီးပြည့်စုံစေရန်လေ့ကျင့်နေခြင်းဖြစ်သည် ။
အမှန်မှာ သူ့အနေဖြင့်အစွမ်းကုန်အသုံးပြုပါက ဓားကွက်နှစ်ရာအတွင်း စံအိမ်သခင်အားအနိုင်ယူနိုင်ပေသည်။
သို့သော် ယခုတိုက်ပွဲမှာ ဓားပညာသီးသန့်ကိုအသုံးပြုနေကြခြင်းဖြစ်ကာ သူ၏အခြားဓားကွက်များကိုပင်မသုံးဘဲ ပြင်းထန်သည့်မိုးသက်မုန်တိုင်းဓားကွက်ဖြင့်သာ တိုက်ခိုက်နေခြင်းဖြစ်သည်။
စံအိမ်သခင်ကဲ့သို့ပြိုင်ဘက်မျိူးမှာ ရှားပါးပေသည်။ ထို့ကြောင့် ယခုတိုက်ပွဲမှာ သူ၏မိုးသက်မုန်တိုင်းဓားကွက်ကို ပို၍ပြီးပြည့်စုံစေရန်အခွင့်ကောင်းဖြစ်သည်။
စံအိမ်သခင်သည်လည်း ထိုနည်းတူပင်ဖြစ်ရပေမည်။ ယခုလိုကြမ်းတမ်းသည့်တိုက်ပွဲကြားမှ ကြီးစွာသောအကျိုးအမြက်ကိုရရှိပေသည် ။
ဓားသိုင်းမည်မျှအဆင့်မြင့်စေကာမူ တိုက်ပွဲအတွေ့အကြုံမရှိလျှင် အစွမ်းကုန်အသုံးမချနိုင်ပေ ။
ပြီးပြည့်စုံသည့်ဓားသမားဆိုသည်မှာ ကြမ်းတမ်းသည့်တိုက်ပွဲအလီလီကိုကျော်ဖြတ်ကာ မိမိဓားသိုသိုင်း၏ဟာကွက်ပျော့ကွက်များအားပြုပြင်၍ ပို၍ပြီးပြည့်စုံစေရန်ကြိုးပမ်းရမည်ဖြစ်သည်။
ထို့ကြောင့် ယခုတိုက်ပွဲမှာ စံအိမ်သခင်အတွက်လည်း အကျိုးအမြက်ရရှိသည်ဟု ပြော၍ရနိုင်သည်။
“ ကောင်လေး သတိထား အကြမ်းဆုံးအကွက်လာပြီ “
စံအိမ်သခင်မှ အော်ဟစ်သတိပေး၍ ခြေတစ်ချက်ဆောင့်ကာ လေပေါ်သို့ခုန်တက်သွားသည် ။
သူ၏ကိုယ်ဟန်အရ ထင်းရှီသိထားသည့် ဓားတစ်ထောင်သိုင်းမှ အပြင်းထန်ဆုံးဖြစ်သည့် ဓားပေါင်းတစ်ထောင်ပေါင်းစည်းခြင်းဓားကွက်ကို အသုံးပြုတော့မည့်ပုံရသည် ။
သို့သော် ဓားတစ်ထောင်စံအိမ်မှဓားသိုင်းမှာ ထင်းရှီတတ်မြောက်ထားသည့်ဓားတစ်ထောင်သိုင်းနှင့်အနည်းငယ်ဆင်တူသော်လည်းကွဲပြားမှုများရှိနေကာ ပို၍ပြင်းထန်ကာ အလှည့်အပြောင်းများလေသည်။
စံအိမ်သခင်၏ဓားမှာလေထဲတွင် အရိပ်များစွာခွဲဖြာသွားကာ သက်လက်ပိုင်းလူအသုံးပြုသလို ဓားရိပ်များစွာပြည့်နှက်လာသည်။
သို့သော် စံအိမ်သခင်၏ဓားရိပ်များမှာ ခန့်မှန်းရခက်ကာ ထင်းရှီ၏ဘေးဘက်ပတ်လည်း ဆယ်ပေအတွင်းသို့ ထိုးစိုက်ကျလာသည် ။
စံအိမ်သခင်၏ခန္တာကိုယ်မှာ လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ကျလာကာ ဓားရိပ်များထက်ဦးစွာရောက်ရှိလာပြီး ထင်းရှီအားတိုက်ခိုက်လိုက်သည် ။
ထင်းရှီလည်းထိုသိုင်းကွက်ကို တွေ့မြင်ဖူး၍ ဒူးတစ်ချက်ကွေ့ညွှတ်၍ အပေါ်သို့ ပင့်ကာခုခံလိုက်သည်။
“ ထန်းး... “
ဓားချင်းထိတွေ့သံများထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံမှုန့်များတလိမ့်လိမ့်ထလာသည်။
ထင်းရှီ၏ဒူးတစ်ဖက်မှ ကျောက်သားကြမ်းပြင်ထက်သို့ လက်မအနည်းငယ်နစ်ဝင်သွားကာ စံအိမ်သခင်၏ခန္တာကိုယ်မှာမူ နောက်ဘက်သို့ရွေ့လျားသွားပြီး သူ၏ဓားမှာမူ ထင်းရှီ၏ဘေးဘက်မှတိုးဝင်လာသည်။
ထင်းရှီလည်း မထင်မှတ်ထားသည့်အလှည့်အပြောင်းကြောင့် သက်ပြင်းတစ်ချက်ချကာ ဓားကိုပေါ့ပါးသည့်ဟန်ဖြင့်ဝေ့ယမ်းလိုက်သည်။
သူ၏စိတ်ထဲတွင်လည်း စံအိမ်သခင်ကိုချီးကျူးလိုက်မိကာ ထိုဓားကွက်မှာ သက်လက်ပိုင်းလးအသုံးပြုစဉ်ကထက်များစွာအစွမ်းထက်လှသည်။
သက်လက်ပိုင်းလူမှာ လေပေါ်မှပြန်ကျလာပြီးနောက် ဓားကိုအရပ်မျက်နှာပေါင်းစုံမှမတိုက်ခိုင်နိုင်သေးပေ။
စံအိမ်သခင်မှာမူ သူ၏ပထမတိုက်ကွက်ကို ထင်းရှီခုခံနိုင်သည်နှင့် ဆင့်ကဲဆင့်ကဲတိုက်ကွက်များထွက်ပေါ်လာကာ ထင်းရှီပင်အငိုက်မိတော့မည်ကဲ့သို့ဖြစ်သွားသည်။
သူ၏ခန့်မှန်းချက်မှန်ကန်ပါက စံအိမ်သခင်၏ဓားမှာ အရပ်မျက်နှာပေါင်းစုံမှတိုးဝင်လာမည်ဖြစ်ကာ အကယ်၍ သူသာတုံ့ပြန်မှုအနည်းငယ်နှေးကွေးပါက သို့မဟုတ် သူ့ထံတွင်ဝှက်ဖဲများမရှိပါက ယခုတိုက်ပွဲတွင်ရှုံးနိမ့်သွားနိုင်သည်။
သို့သော် စိတ်မကောင်းစရာကား ထင်းရှီမှာ သူ၏သုံးရာသီဓားသိုင်းထဲမှ မိုးသက်မုန်တိုင်းဓားကွက်ကိုသာ အသုံးပြုပြီးခြင်းဖြစ်သည်။
“ နွေဦးရွက်ကြွေ “
တိုးညင်းသည့်ရေရွတ်သံနှင့်အတူ ထင်းရှီ၏ နှေးကွေးဟန်ရသည့်ဓားမှာ စံအိမ်သခင်၏ဓားနှင့်ထိတွေ့သွားသည်။
စံအိမ်သခင်၏အင်အားပြင်းထန်သည့်ဓားမှာ ရွှံ့နွံထဲသို့ကျရောက်သွားသလို အားအရှိန်ပျက်ပြယ်သွားကာ ထင်းရှီ၏ပျော့ပြောင်းသည့်ဓားကွက်အောက်တွင်ချေဖျက်ခြင်းခံလိုက်ရသည် ။
သို့သော် စံအိမ်သခင်မှာ ထိပ်သီးဓားသမားပီပီ တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ဓားမှာ အလင်းတန်းများကဲ့သို့ လျှင်မြန်စွာဖြင့် အရပ်ရှစ်မျက်နှာမှ ထင်းရှီထံသို့တိုးဝင်လာပြန်သည်။
တိုက်ပွဲအားကြည့်နေကြသူများမှာ ထိုနှစ်ယောက်၏တိုက်ခိုက်မှုများပြောင်းလဲသွားသည်ဟုထင်လိုက်ကြသည်။
စံအိမ်သခင်၏ဓားမှာ လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ရွေ့လျားနေကာ ဆန့်ကျင်ဘင်အနေဖြင့် ထင်းရှီမှာမူ ဓားကွက်များကိုစိတ်မပါသည့်ဟန်ဖြင့် နှေးကွေးစွာထုတ်ဖော်နေသည်။
အံ့အားသင့်ဖွယ်ကောင်းသည်ကား စံအိမ်သခင်၏လျှင်မြန်ပြင်းထန်လှသည့်ဓားကွက်များမှာ ထင်းရှီ၏နှေးကွေးသည့်ဓားချက်များအောက်တွင်ချေဖျက်ခြင်းခံလိုက်ရကာ အသာစီးမရပေ။
ဓားတစ်ထောင်စံအိမ်မှလူများမှာ သူတို့စံအိမ်သခင်၏ဓားပညာကို ယခုမှအပြည့်အဝမြင်တွေ့ဖူးခြင်းဖြစ်သည် ။
ထို့အပြင် စံအိမ်သခင်သည်လည်း သူသိုင်းပညာစတင်လေ့ကျင့်ချိန်မှစ၍ ယခုတိုက်ပွဲမှာ အင်အားကုန်အသုံးပြုရခြင်းဖြစ်သည်။
ဓားကွက်သုံးဆယ်ကျော်တိုက်ခိုက်ပြီးနောက်စံအိမ်သခင်၏ဓားကွက်များမှာ အနည်းငယ်နှေးကွေးလာကာ အင်အားလျော့ကျလာသည်။
မည်သည့်လူပင်ဖြစ်စေယခုလို အင်အားကုန်ပြင်းထန်စွာတိုက်ခိုက်ပြီးနောက် အတွင်းအားလျော့နည်းလာမည်မှာ အမှန်ပင်ဖြစ်သည်။
စံအိမ်သခင်လို သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်များပင် ချွင်းချက်မဟုတ်ပေ။ သူနှင့်တိုက်ခိုက်နေသည့်ထင်းရှီမှာမူ အသက်ရှူသံပုံမှန်ပင်ဖြစ်နေသေးကာ မောပန်းဟန်လည်းမပြပေ။
ဆယ်ကွက်ကျော်ကျော်တိုက်ခိုက်ပြီးနောက် ထင်းရှီအားလုံးထိခိုက်အောင် မလုပ်နိုင်သည့်နောက်တွင် စံအိမ်သခင်မှာ မောပန်းနေသည့်မျက်နှာဖြင့် ရပ်တန့်လိုက်သည်။
“ ကောင်လေး မင်းအနိုင်ရပါတယ် “
စံအိမ်သခင်မှ သူ၏ဓားအားပြန်သိမ်းကာ အနည်းငယ်နွမ်းလျသည့်လေသံဖြင့်ပြောလိုက်သည် ။