မြောက်ပိုင်းတောင်တန်း
Vol. 2 Ch. 191
တောင်ထိပ်ပေါ်တွင် လေတဟူးဟူးတိုက်ခတ်နေသည်။ တောင်စဉ်တောင်တန်းကြီးမှာ အဝေးမှကြည့်လျှင်မှိုင်းညို့နေကာကြောက်မက်ဖွယ်နက်ရှိုင်းလှသည် ။
ရွက်ကြွေတောင်သို့မဟုတ် လေရူးတောင်မှာ အရှေ့ပိုင်းသိုင်းလောကထဲတွင်ထင်ရှားသည့်တောင်တန်းတစ်ခုမဟုတ်လား။
အထူးသဖြင့် အရှေ့ပိုင်းသိုင်းလောကမှ အဓိပတိ အရှေ့ပိုင်းဓားသမားထန်းဝူအနားယူရာနေရာဟုပြောလျှင်ပို၍မှန်ကန်ပေလိမ့်မည်။
လွန်ခဲ့သည့်နှစ်များက ထန်းဝူ၏တပည့်နှစ်ယောက်ဖြစ်သည့် အရှေ့ပိုင်းသိမ်းငှက်ညီနောင်မှာ သိုင်းလောကတွင်ကျော်ကြားကာ ယခုထိပ်သီးဆယ်ယောက်စာရင်းတွင်ပါဝင်ခဲ့သော်လည်း သူတို့နှစ်ဦးလူမြင်ကွင်းသို့ထွက်ပေါ်မလာသည်မှာ အချိန်ကြာလှပြီဖြစ်သည်။
တည်ကြည်သည့်မျက်နှာဖြင့် ကြံ့ခိုင်သည့်လူရွယ်တစ်ဦး ၊ လေပြင်းများတဟူးဟူးတိုက်ခတ်နေသည့်တောင်စောင်းတွင် ကျောက်တိုင်တစ်ခုစိုက်ထူထားသလို ခိုင်မာစွာရပ်နေသည်။
ထိုလူရွယ်မှာ အသက်သုံးဆယ်နီးပါးအရွယ်ရှိကာ ရုပ်ရည်မချောမောသော်လည်း တည်ကြည်သည့်မျက်နှာရှိကာ အထူးသဖြင့် သူ၏မျက်လုံးအစုံမှာ သိမ်းစွန်၏မျက်လုံးများကဲ့သို့ စူးရဲလှသည်။
ရုတ်တရက်လူငယ်မှာ အော်ဟစ်မာန်သွင်း၍ ရိပ်ခနဲလှုပ်ရှားလိုက်သည်။
ခန္တာကိုယ်ဘေးတွင်ကပ်လျက်ချထားသည့်သူ၏လက်နှစ်ဖက်မှာ လေထဲတွင်အရိပ်များစွာခွဲဖြာသွားကာ ပတ်ဝန်းကျင်တစ်ခုလုံးလက်သည်းရိပ်များဖြင့်ပြည့်နှက်သွားသည်။
အကယ်၍ထိုမြင်ကွင်းကို သိုင်းလောကသားတစ်ဦးဦးသာမြင်ပါက အံ့အားသင့်မင်တပ်သွားပေမည်။
ထိုလူရွယ်လေ့ကျင့်နေသည့်လက်သည်းသိုင်းမှာ ရှောင်လင်မှ နာမည်ကြီးနဂါးဖမ်းချုပ်လက်သည်းသိုင်းကဲ့သို့ အစွမ်းထက်လှကာ ပို၍ကြောက်မက်ဖွယ်ကောင်းသည်ကား ထိုတိုက်ကွက်များမှာ လူတစ်ယောက်၏သေကွင်းသေကွက်နေရာများဆီသို့ ဦးတည်နေခြင်းဖြစ်သည်။
တခဏအတွင်းသိုင်းကွက်များစွာထုတ်ဖော်ပြီးနောက် လူရွယ်၏မျက်ဝန်းများမှာ ပို၍စူးရှလာကာသူ၏ပါးစပ်မှ သိမ်းငှက်သော်သံကဲ့သိုစူးရှသည့်အသံရှည်တစ်ခုကိုထုတ်ဖော်လိုက်သည်။
ထို့နောက် လူရွယ်မှ သူ၏လှုပ်ရှားမှုများအား တိခနဲရပ်တန့်လိုက်ကာ မြေပြင်အားခြေတစ်ချက်ဆောင့်၍ လေပေါ်သို့ခုန်တက်သွားသည်။
လူရွယ်၏ခန္တာကိုယ်မှာ မြားတစ်စင်းကဲ့သို့ထောင်တက်သွားကာ ဝါးနှစ်ရိုက်အမြင့်သို့ပေါ့ပါးစွာရောက်သွားသည်။
ထို့နောက် မြေပြင်ပေါ်သို့ ဦးစိုက်အနေအထားဖြင့်ထိုးဆင်းလာကာ ယခုအနေအထားအတိုင်းဆက်သွားပါက လူရွယ်မှာ မြေပြင်နှင့်ဦးခေါင်းရိုက်ခတ်မိ၍ မုချသေပွဲဝင်ရပေလိမ့်မည်။
အောက်ရှိမြေပြင်မှာ မာကျောသည့်ကျောက်သားမြေအမျိုးအစားဖြစ်ကာ ဦးခေါင်းနှင့်ထိုးကျပါက မည်သို့မှသက်သာဖွယ်ရာမရှိပေ။
လူရွယ်မှာ ရူးသွပ်နေ၍ယခုလိုသေကြောင်းကြံစည်နေသည်လော။ လုံးဝမဟုတ်ပေ။
လူရွယ်မှာ မြေပြင်နှင့်ထိရန်ဝါးတစ်ရိုက်အလိုတွင်သူ၏လက်များဆန်းကြယ်စွာလှုပ်ရှားလိုက်ကာ လေခွင်းသံများတရွှီးရွှီးပေါ်ထွက်လာသည်။
လူရွယ်၏လက်အစုံမှာ လေထုအား စက္ကူစတစ်ချပ်လိုတရွှီးရွှီးထိုးခွဲနေကာ သူ၏အတွင်းအားလှိုင်းများကြောင့် အောက်ရှိမြေပြင်တွင်ပင် နက်ရှိုင်းသည့်ဒဏ်ချက်များပေါ်လာစေသည်။
အကယ်၍ လူရွယ်၏အောက်တွင်လူတစ်ယောက်သာရပ်နေပါက ထိုလက်သည်းတိုက်ကွက်များ၏အောက်တွင် အပိုင်းပိုင်းအစစဖြစ်သွားနိုင်ပေသည် ။
ထိုလက်သည်းချက်များအောက်မှလွတ်မြောက်ရန် အဆင့်လွန်သိုင်းသမားတစ်ယောက်ပင် ယုံကြည်ချက်မရှိနိုင်ပေ။
ထို့နောက် လူရွယ်မှ မြေပြင်အားလက်ဝါးတစ်ချက်ရိုက်၍ ဟန်ချက်ကိုအသာအယာပြန်ထိမ်းကာ သူ၏ခန္တာကိုယ်အား ပြန်၍တည့်မက်လိုက်သည်။
အောက်ခံမြေပြင်မှာ ကျောက်သားမြေဖြစ်၍ ဓားဖြင့်ခုတ်လျှင်ပင်အသာအယာခုခံနိုင်သော်လည်း ယခုမူ လက်ဝါးရာကြီးတစ်ခုနှင့် ငါးလက်မခန့်နစ်ဝင်နေသည့် အစင်းကြောင်းကြီးများဖြစ်ပေါ်လျှက်ရှိသည်။
ထိုဒဏ်ချက်များမှာ လူရွယ်၏လေ့ကျင့်မှုကြောင့်ဖြစ်ပေါ်လာသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
လူရွယ်မှာ လက်နှစ်ဖက်ကိုနောက်ပစ်၍ မျက်စေ့ကိုစုံမှတ်ကာ တည်ငြိမ်စွာရပ်နေလိုက်သည်။ သူ၏ပုံစံမှာ မည်သည့်အရာကိုမှ စိတ်ဝင်စားခြင်းမရှိဘဲပကတိအေးချမ်းလှသည်။
ထိုစဉ် အရာဝတ္တုတစ်ခုမှာလေထုအားထိုးခွင်း၍အသံတိတ်ပြေးဝင်လာသည်။
ထိုအရာမှာ လက်သီးဆုပ်ခန့်အရွယ်ရှိကျောက်တုံးတစ်ခုဖြစ်သော်လည်း လူရွယ့်ထံသို့အရှိန်ပြင်းစွာပြေးဝင်လာကာ အသံတစ်သံမှမထွက်ပေ။
လူရွယ်မှာ သူ၏လက်တစ်ဖက်အားဆန့်လိုက်ကာ ခြေအစုံကိုကျောက်ကျထားသလိုရွေ့လျားခြင်းမရှိဘဲ ထိုကျောက်တုံးအားဖမ်းဆုပ်လိုက်သည်။
မာကျောသည့်ကျောက်တုံးမှာ လူရွယ်၏လက်ထဲတွင်အပိုင်းပိုင်းအစစဖြစ်သွားကာ မြေပြင်ပေါ်သိုါကျသွားသည်။
ထိုမျှမကသေးပေ။ ကျောက်တုံးအတော်များများမှာ မတူညီသည့်အရပ်မျက်နှာများဆီမှ ပြေးဝင်လာပြန်သည်။
ထိုကျောက်တုံးများမှာ လူရွယ်၏ခြေထောက် ၊ ပခုံးနှစ်ဖက် ၊ နောက်ကျောတို့ကဲ့သို့ရှောင်တိမ်းရခက်သည့်အစိတ်အပိုင်းများဆီသာမက လည်မျို ၊ ပေါင်ဂွကြား၊ နှလုံး ဦးခေါင်းစသည့် အရေးကြီးသည့်အစိတ်အပိုင်းများဆီသို့ပါ ပြေးဝင်လာသည်။
လူရွယ်မှာ ထိုနေရာမှရွေ့လျားခြင်းမရှိပေ ။သူ၏လက်နှစ်ဖက်မှာ အရိပ်များစွာခွဲဖြာသွားပြီး သူ့ထံသို့ပြေးဝင်လာသည့်ကျောက်တုံးများကို အပိုင်းပိုင်းအစစဖြစ်စေသည်။
ထို့နောက် တောအုပ်အတွင်းမှ ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာသည်
" မင်းက မိစ္ဆာသိမ်းငှက်လက်သည်းကိုးသွယ်ကိုအောင်မြင်သွားပြီ။ မင်းရဲ့ပါရမီကဒီလောက်ကြီးမဟုတ်ပေမယ့် ကြိုးစားတာကတော့မဆိုးပါဘူး ။ နှစ်နှစ်အတွင်းမှာ သိုင်းကွက်ကိုးခုလုံးကိုအောင်မြင်သွားတယ်ဆိုတော့ တကယ်မဆိုးဘူး "
တောအုပ်အတွင်းမှအသံရှင်မှာ လူရွယ်အားချီးကျူးနေဟန်ရသော်လည်း သူ၏လေသံမှာ အတတ်အကျမရှိပေ။
သို့သော် တစ်ခုရှိသည်မှာ ထိုလူအားပညာသင်ကြားနေသည့်နှစ်နှစ်အတွင်း လူရွယ်မှာ အကြိမ်ရေအနည်းငယ်သာတွေ့ခဲ့ရခြင်းဖြစ်သည်။
တစ်ခါတစ်ရံ လမ်းညွန်မှုပေးသည်မှလွဲ၍ လူကိုယ်တိုင်ထွက်ပေါ်မလာတော့ဘဲ လူရွယ်၏တိုးတက်မှုကို ကိုယ်တိုင်လေ့ကျင့်စေသည်။
သုံးလတစ်ကြိမ်စမ်းသပ်မှုများကိုမူ လူရွယ်မှာ သေလောက်အောင်ခက်ခဲကြမ်းတမ်းသည့်လေ့ကျင့်ခန်းများအား ကျော်ဖြတ်ခဲ့ရသည်။
တစ်ခါတစ်ရံတွင်လက်လျော့အရှုံးပေးချင်စိတ်များဖြစ်ပေါ်လာမိသော်လည်းတစ်စုံတစ်ရာအားတွေးကာ အံကိုတင်းတင်းကြိတ်၍ ကြံ့ကြံ့ခံခဲ့သည်။
ယခုအချိန်တွင် လွန်ခဲ့သည့်နှစ်နှစ်ကပြည့်စုံပြီဟုထင်ခဲ့ရသည်သူ၏သိမ်းငှက်လက်သည်းသုံးဆယ့်ခြောက်ကွက်မှာ မည်မျှအားနည်းသည်ကို ရှင်းလင်းစွာသိလာရသည်။
အထူးသဖြင့် သူအသစ်သင်ခဲ့ရသည့် မိစ္ဆာသိမ်းငှက်လက်သည်းကိုးသွယ်မှာ လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်သိုင်းပညာဖြစ်ကာ အောင်မြင်ရန်ပင် မနည်းကြိုးစားလေ့ကျင့်ခဲ့ရသည်။
ထို့ကြောင့်လည်း အသံရှင်မှာ လူရွယ့်အပေါ်ကျေနပ်အားရနေခြင်းဖြစ်ရပေမည်။
" ဒါပေမယ့် မင်းရဲ့အတွင်းအားက သိုင်းပညာထက်စာရင်နည်းနည်းနိမ့်ကျနေသေးတယ် ။ဒါကြောင့် တံခါးပိတ်ပြီးသုံးလလေ့ကျင့်ရမယ် ။
သုံးလပြည့်ရင်မင်းရဲ့အတွင်းအားကိုငါကိုယ်တိုင်စစ်ဆေးမယ် "
အသံပိုင်ရှင်မှာ တိတ်ဆိတ်သွားသလို လူရွယ်သည်လည်း အပြင်ပိုင်းတွင်တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်ကြိတ်၍ဝမ်းသာသွားသည် ။
နောက်သုံးလပြီးလျှင် သူ၏လေ့ကျင့်မှုများ ပြီးဆုံးတော့မည့်ပုံရသည် ။ ထိုနေ့အားရောက်ရန် သူနှစ်နှစ်လုံးလုံး အံကိုတင်းတင်းကြိတ်၍ စောင့်ဆိုင်းခဲ့ရသည်။
" ဟက် ငရဲဓားဝမ်းတုဟုတ်လား ငါ့ကိုစောင့်နေစမ်းပါ "
လူရွယ်မှ တိတ်တဆိတ်ကြုံးဝါးလိုက်မိသည်။ သူ၏လက်သီးကိုတင်းတင်းဆုပ်ထားကာ လက်သည်းများမှာ လက်ဖဝါးထဲသို့ဖောက်ဝင်လျက်ရှိသည်။
&&&&&&&&
မြောက်ပိုင်းတောင်တန်းဒေသ
မြောက်ပိုင်းတောင်တန်းဒေသမှာ ဂိုဏ်း၊အဖွဲ့အစည်းများနည်းပါးကာ သိုင်းလောကတွင်လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားသူများ မရှိသလောက်ဖြစ်သော်လည်း ထိပ်သီးသိုင်းသမားပေါများပေသည် ။
မြောက်ပိုင်းတောင်တန်းမှာ အလယ်ပိုင်းနှင့်စာလျှင်အေးမြခြောက်သွေ့ကာ မြောက်ပိုင်းမှလူများသည်လည်း ကြံ့ခိုင်သန်မာကြသည် ။
ထို့ကြောင်ပင်မြောက်ပိုင်းမှသိုင်းသမားများမှာ အတွင်းအားဦးစားပေးသိုင်းသမားများဖြစ်ကြကာ အမာစားသိုင်းပညာရပ်များထွန်းကားပေသည်။
ဓားတစ်ထောင်စံအိမ်
ဓားတစ်ထောင်စံအိမ်မှာ မြောက်ပိုင်းတောင်တန်းဒေသမှ ထူးဆန်းသည့်အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း အလယ်ပိုင်းသိုင်းလောကတွင်ပါကျော်ကြားပေသည် ။
ဓားတစ်ထောင်စံအိမ်မှလူများမှာ လျှို့ဝှက်ကာ သိုင်းလောကထဲတွင်လှုပ်ရှားမှုနည်းပါးသော်လည်း
အထင်သေး၍မရပေ။
လွန်ခဲ့သည့်နှစ်နှစ်ဆယ်ခန့်က အလယ်ပိုင်းမှပထမတန်းစားဂိုဏ်းကြီးတစ်ခုမှာ တစ်ကိုယ်တော်ဓားသမားတစ်ယောက်နှင့်ရန်ငြိုးရန်စဖြစ်ခဲ့သည်။
ထိုဂိုဏ်းမှာ သူတို့၏အင်အား၊ အဆက်အသွယ်များဖြင့် ဓားသမားကိုလိုက်လံသတ်ဖြတ်ခဲ့ကြသော်လည်း သူတို့၏ထိပ်တန်းအဆင့်လေးယောက်နှင့် အဆင့်မြင့်သိုင်းသမားဆယ်ယောက်ကျော်အသတ်ပေးပြီးမှ ထိုသိုင်းသမားအား သတ်ဖြတ်နိုင်ခဲ့သည်။
ထိုတိုက်ပွဲပြီးသည့်အချိန်မှ တစ်ကိုယ်တော်ဓားသမားမှာ မြောက်ပိုင်းတောင်တန်း ဓားတစ်ထောင်စံအိမ်မှဖြစ်ကြောင်းသိရှိခဲ့ကြသော်လည်း နာမည်မကျော်ကြားသည့်နေရာဖြစ်၍ ခပ်ပေါ့ပေါ့သာနေခဲ့ကြသည် ။
တစ်ညတွင်ကား.....
------------------------------------------------------------