← Chapters

ဆင်တူသည့် ဓားသိုင်းနှစ်ခု

Vol. 3 Ch. 201

ဆင်တူသည့် ဓားသိုင်းနှစ်ခု

Vol. 3 Ch. 201

“ စံအိမ်သခင်အလျော့ပေးတာ ကျေးဇူးတင်ပါတယ် “

ထင်းရှီမှ လက်သီးတစ်ဖက်ဆုပ်၍အရိုအ‌သေပြုကာ ယဉ်ကျေးစွာပြောလိုက်သည် ။

သူ၏ကိုယ့်ကိုယ်ကိုနှိမ့်ချကာ စံအိမ်သခင်ကိုမျက်နှာမပျက်စေသည့်စကားကြောင့် ဓားတစ်ထောင်စံအိမ်မှလူများမှာ ထင်းရှီအား လေးစားမိသွားသည် ။

သူတို့အနေဖြင့် စံအိမ်သခင်ရှုံးနိမ့်သွားသည်ဆိုသော်လည်း မျှတကောင်းမွန်သည့်တိုက်ပွဲတစ်ခုဖြစ်၍ သူတို့ကျေနပ်ကြလေသည် ။

စံအိမ်သခင်လည်း ထင်းရှီ၏စကားကြောင့်ပြုံးကာ ကျယ်လောင်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ဘာမှပြောမနေပါနဲ့တော့ မင်းအလျော့ပေးပြီးတိုက်တာ ငါရိပ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ငါရှုံးနိမ့်သွားပြီပဲ “

စံအိမ်သခင်မှ ပွင့်လင်းစွာပြောလိုက်သည်။ သူ၏ဖြောင့်မက်သည့်စိတ်ဓာတ်အရ ထင်းရှီအား ရှုံးနိမ့်သည်ကို များစွာခံစားဟန်မတူပေ။

ထို့အပြင် ထင်းရှီမှ အစောပိုင်းက သူ၏ပျော့ပြောင်းသည့်ဓားကွက်များအားအသုံးချပါကသူစောစီးစွာရှုံးနိမ့်ရမည်ကို သူသိရှိပေသည်။

မာကျောခြင်း၏ဆန့်ကျင်ဘက်မှာ ပျော့ပြောင်းခြင်းဖြစ်သည်။ ထိုနှစ်ခုမှာ မီးနှင့်ရေလိုဆန့်ကျင်ဘက်ဖြစ်ကာ တစ်ခုကိုတစ်ခု ထိမ်းချုပ်နိုင်ပေသည်။

မာကျောခြင်းကိုပျော့ပြောင်းခြင်းကအနိုင်ရသလို ချိူးဖြတ်မရသည့် အဆုံးစွန်မာကျောခြင်းက ပျော့ပြောင်းခြင်းကို အနိုင်ယူနိုင်စွမ်းရှိပေသည်။

ထင်းရှီလည်း စံအိမ်သခင်၏ စိတ်သဘောကိုသိရှိ၍ ပြုံးလိုက်မိသည်။

ထို့နောက် သံပူတုန်းပန်းပဲထုရမည်ဆိုသည့်စကားအတိုင်း သူသိလိုသည့်ကိစ္စကို စံအိမ်သခင်အားမေးမြန်းရန်ဆုံးဖြတ်လိုက်သည်။

“ စံအိမ်သခင်ကို ကျုပ်သိလိုတဲ့ကိစ္စတစ်ခုမေးမြန်းလိုပါတယ် “

ထင်းရှီ၏စကားကြောင့် စံအိမ်သခင်၏မျက်ခုံးများ အနည်းငယ်မြင့်တက်သွားကာ လက်ကိုဝေ့ယမ်း၍ အလေးမထားသည်ဟန်ဖြင့်ပြောလိုက်သည်။

“ ကောင်လေး ယဉ်ကျေးနေစရာမလိုပါဘူး မင်းသိချင်တာ တစ်ခုမဟုတ်ဘူးနှစ်ခု ၊သုံးခု ဆိုရင်လည်း ငါသိတဲ့ဟာဆိုရင် အဖြေပေးမယ် “

စံအိမ်သခင်၏စကားကြောင့်ထင်းရှီ၏မျက်နှာဝင်းပသွားကာ တခဏအတွင်းအလေးအနက်ပုံဖြစ်သွားသည်။ ထို့နောက် စံအိမ်သခင်အားပြောလိုက်သည်။

“ စံအိမ်သခင် ဒီဓားကွက်ကို ကြည့်ပါ “

စကားဆုံးသည်နှင့် ထင်းရှီ၏ခန္တာကိုယ်မှာ လေပေါ်သို့မီးခိုးတန်းတစ်ခုလိုထောင်တက်သွားသည် ။

ထို့နောက် သူ၏လက်ထဲမှဓားအား လွန်စွာလျှင်မြနိသည့်အရှိန်ဖြင့် ဝေ့ယမ်းလိုက်သည်။ သူ၏ခါးကြားမှဓားကို မည်သည့်အချိန်ကထုတ်လိုက်မှန်းမသိလိုက်ကြပေ။

ကောင်းကင်တစ်ခုလုံး ဓားရိပ်‌များပြည့်နှက်လာကာ ကြောက်မက်ဖွယ်ကောင်းသည့်ဖိအားသည်လည်း သက်ရောက်လာသည် ။

ဓားတစ်တစ်ထောင်စံအိမ်မှလူများမှာ ထိုမြင်ကွင်းအား အံ့အားသင့်စွာကြည့်ရှုနေကြသည် ။

ယနေ့တွင် သူတို့လူစုမှာ အံ့ဩလွန်းရ၍ သူတို့ဘဝတစ်လျှောက်လုံးပင် ယနေ့လောက်အံ့ဩစရာများကြုံခဲ့ရသည်မထင်ပေ။

အကြောင်းမှာ ထင်းရှီ၏ ဓားကွက်ပုံစံမှာ ဓားတစ်ထောင်စံအိမ်၏အဆင့်အမြင့်ဆုံးဓားသိုင်းဖြစ်သည့် ဓားတစ်ထောင်သိုင်းမှ ဓားပေါင်းတစ်ထောင်တိုက်ခိုင်ခြင်းအကွက်နှင့်ဆင်တူလှသည် ။

ထိုဓားကွက်ကို ခပ်စောစောအချိန်ကပင် အကြီးအကဲသုံးနှင့် စံအိမ်သခင်တို့အသုံးပြုထားသည့်အတွက် မှားနိုင်စရာမရှိပေ။

တင်းဖန်းနှင့် ရှန်းယွင်သည်ပင် အံ့အားသင့်နေမိသည်။ ထင်းရှီမှာ ဓားတစ်ထောင်စံအိမ်မှ ဓားသိုင်းကို တစ်ခါမြင်ရုံနှင့် မှတ်မိသည်လော ။။

ဤသည်မှ ဖြစ်နိုင်ချေနည်းလှသည်။

လူအချိူ့မှာ ပြိုင်ဘက်ကင်းမှတ်ဉာဏ်စွမ်းရည်ရှိတတ်ကြသော်လည်း ယခုလိုထိပ်တန်းဓားသိုင်းကို အကြိမ်မနည်းငယ်မြင်ရုံဖြင့် တတ်မြောက်လိမ့်မည်မဟုတ်ပေ။

လူများ၏အကြည့်အောက်မှာပင် ထင်းရှီ၏ခန္တာကိုယ်မှာ အောက်သို့ကျလာသည် ။ထို့နောက် သူ၏နှုတ်မှ ခပ်တိုးတိုးအော်ဟစ်လိုက်သည်။

“ ဓားပေါင်းတစ်ထောင်ပေါင်းစည်းခြင်း “

“ ဝုန်း “

ယခုတစ်ကြိမ်တွင်မူ ကောင်းကင်ပြည့်လုမျှဖြစ်နေသည့်ဓားရိပ်များမှာ ကြီးမားသည့်ဓားကြီးတစ်လက်အဖြစ်ပြောင်းလဲသွားကာ လွန်စွာပြင်းထန်သည့်အရှိန်ဖြင့်ခုတ်ပိုင်းလိုက်သည်။

ရလာဒ်အနေဖြင့် အောင်ခံကျောက်သားရင်ပြင်မှာ ဖုန်တထောင်းထောင်းထသွားကာ အဆုံးတွင်တစ်ပေခန့်နက်ကာ ငါးပေခန့်ရှည်သည့် ထိခိုက်ရာကြီးတစ်ခုကျန်နေခဲ့သည်။

ထိုဓားကွက်သာလူတစ်ဦးဦးအပေါ်သို့ကျရောက်ပါက ထိုလူမှာ အစိတ်စိတ်အမွာမွာပေါက်ကွဲသွားနိုင်သည်။

စံအိမ်ခြံဝန်းအတွင်းမှလူများမှာ အံ့ဩသည့်မျက်နှာဖြင့်ရှိနေကြစဉ် စံအိမ်သခင်၏မျက်နှာမှာ ပြောင်းလဲသွားသည် ။

သူ၏မျက်နှာထက်တွင် တုန်လှုပ်ဟန် အံ့အားသင့်ဟန်များပေါ်လာကာ အလျှင်အမြန်အော်ဟစ်လိုက်သည်။

“ ဓားတစ်ထောင်စံအိမ်ကတပည့်တွေ စံအိမ်ခြံဝန်းထဲကနေ အပြင်ထွက်ကြ ။ ငါပြန်မခေါ်မချင်း ခြေတစ်လှမ်းမှမချကြနဲ့ “

စံအိမ်သခင်မှာ အတွင်းအားထည့်၍ အော်ဟစ်လိုက်သည့်အတွက် သူ၏လေသံမှာ စံအိမ်တစ်ခုလုံးဟိန်းထွက်သွားသည် ။

စံအိမ်သခင်လေး၏နောက်မှ သိုင်းသမားများမှာ ထိတ်လန့်ဟန်ဖြင့် ခြံဝန်းအပြင်သို့ ပြေးထွက်သွားကြသည်။

ထို့အတူ ခြံဝန်း၏အခြားနေရာများမှ ကျန်ရှိနေသည့် သိုင်းသမားများနှင့် အစေခံများလည်း အလျှိုအလျှိုထွက်ပေါ်လာကြကာ ခြံဝန်းအပြင်သို့ ပြေးထွက်သွားကြသည်။

သူတို့အားလုံးမှာ အံ့ဩထိတ်လန့်ဟန်ပေါ်နေသော်လည်း တစ်စုံတစ်ရာမေးမြန်းခြင်းမရှိဘဲ ချက်ချင်းလိုလိုပြေးထွက်ကြသည်သာဖြစ်သည်။

တခဏအတွက်း ခြံဝန်းထဲတွင်ထင်းရှီတို့လူစု ၊ စံအိမ်သခင်၏သူ၏နောက်မှသက်လက်ပိုင်းလးသုံးယောက်နှင့် စံအိမ်သခင်လေးသာကျန်ခဲ့သည်။

ထင်းရှီမှာ စံအိမ်သခင်၏အရေးတကြီးအမူာကြောင့် အနည်းငယ်အံ့ဩမိသော်လည်း စကားတစ်ခွန်းမှမဆိုပေ။

ထို့နောက် စံအိမ်သခင်မှတုန်ယင်နေသည့်လေသံဖြင့်မေးလိုက်သည် ။

“ မိတ်ဆွေလေး မင်းဒီဓားကွက်ကို ဘယ်နေရာကတတ်မြောက်လာတာလဲ သိလို့ရမလား “

စံအိမ်သခင်၏အမူအယာသည်လည်း လွန်စွာလေးနက်နေကာ ထင်းရှီအားအခေါ်အဝေါ်များသည်ပင်ပြောင်းလဲသွားသည်။

ထင်းရှီလည်းအနည်းငယ်စဉ်းစားလိုက်ကာ စံအိမ်သခင်၏လွန်စွာအရေးကြီးနေသည့်ဟန်ကြောင့် အမှန်အတိုင်းပြောပြရန်ဆုံးဖြတ်လိုက်သည် ။

မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင်လည်းထိုအချက်ကိုသိလို၍ ဓားတစ်ထောငိစံအိမ်သို့ လာခဲ့သည်မဟုတ်ပါလား ။

“ ဒီဓားကွက်က ကျုပ်ရဲ့အကြီးအကဲတစ်ယောက်ဆီက သင်ထားတာပါ နောက်ပြီးဒီတစ်ကွက်ထဲမဟုတ်ဘူး “

ထင်းရှီလည်း ဓားတစ်ထောင်သိုင်းထဲမှ သူတတ်မြောက်ထားသည့် သိုင်းကွက်အချို့ကိုပါ ထုတ်ဖော်ပြသလိုက်သည်။

ထင်းရှီ၏ခန္တာကိုယ်မှာ ရွေ့လျားခြင်းမရှိသော်လည်း သူ၏ပတ်ဝန်းကျင်တွင် ဓားလှိုင်းများပြည့်နှက်နေကာ တဝုန်းဝုန်းမည်သံကြီးများလည်းထွက်ပေါ်နေသည်။

ထင်းရှီအသုံးပြုနေသည့်ဓားကွက်များမှာ တစ်ကွက်ဆိုဆိုသလောက်အင်အားပြင်းထန်လှကာ စံအိမ်၏အောက်ခံကျောက်ပြားသည်လည်း နက်ရှိုင်းသည့်ဓားရာကြီးများကျန်ရစ်ခဲ့သည်။

ထိုဓားကွက်အားလုံးမှာ ထင်းရှီနှင့် တိုက်ခိုက်စဉ်ကစံအိမ်သခင်အသုံးပြုခဲ့သည့်ဓားကွက်များနှင့်ဆင်တူသော်လည်း တစ်မျိူးတစ်ဖုံကွဲပြားနေသည်။

သက်လက်ပိုင်းလူသုံးယောက်နှင့် စံအိမ်သခင်လေးမှာ ထင်းရှီ၏ဓားကွက်များကိုတစ်လှည့် စံအိမ်သခင်၏ထူးဆန်းသည့်အမူအယာကိုတစ်လှည့်ကြည့်နေကြသည် ။

ထင်းရှီမှ သူတို့စံအိမ်၏ဓားသိုင်းနှင့်ဆင်တူသည့်ဓားသိုင်းကို တတ်မြောက်နေသည့်အပြင် ထိုဓားသိုင်းနှစ်ခုကြားတွင် သူတို့မသိသည့် လျှို့ဝှက်ချက်တစ်ခုခုရှိနေဦးမည်ဟုလည်း ရိပ်စားမိလိုက်ကြသည်။

ထင်းရှီမှာ ဓားစံအိမ်တွင်ရှိနေစဉ် သိုးထိန်းကြီး၏အကြံပေးမှုအတိုင်း အကြီးအကဲများ၏ကောင်းနိုးရာရာဓားကွက်များအား သင်ယူခဲ့ပေသည် ။

ထို့ကြောင့်ပင် ထိုဓားကွက်များမှ အဆီအနှစ်များကို ပေါင်းစပ်၍သူ၏ကိုယ်ပိုင်ဓားသိုင်းဖြစ်သည့်သုံးရာသီဓားသိုင်းအား ဖန်တီးခဲ့ခြင်းဖြစ်သည်။

သူသင်ယူခဲ့သည့်အထဲတွင် ပထမအကြီးအကဲ၏ဓားတစ်ထောင်သိုင်းမှ ဓားကွက်အချို့လည်းပါဝင်သည်။

သူဝူတန်းဂိုဏ်းတွင်ရှိစဉ်က သူ၏ဓားတစ်ထောင်သိုင်းမှာ ဓားတစ်ထောင်စံအိမ်မှဓားပညာနှင့်ဆင်တူသည်ဟုသိခဲ့ရသည် ။

ထို့ကြောင့်လည်း သူတောင်ပေါ်မှဆင်းပြီးနောက် ဓားတစ်ထောင်စံအိမ်ကို သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထင်းရှီမှာ သူ၏ဓားကွက်များပြီးဆုံးသည်နှင့် စံအိမ်သခင်အားကြည့်လိုက်သည်။

စံအိမ်သခင်၏အမူအယာမှာ ကျောက်ရုပ်တစ်ခုကဲါသို့ ငြိမ်သက်နေကာ သူ၏မျက်နှာမှာမူ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်နေပုံရကာ သူ၏မျက်ဝန်းထောင့်စွန်းတွင် မျက်ရည်အချို့ပင် စို့တက်လာသည်။

ယောင်္ကျားရင့်မာကြီးတစ်ယောက်အား ဝမ်းသာမျက်ရည်ကျစေသည့်အဖြစ်မှာ တော်ရုံတန်ရုံစိတ်ခံစားမှုနှင့်မဖြစ်နိုင်ပေ။

သူ၏ပါးစပ်မှလည်း တစ်စုံတစ်ခုကို အဆက်မပြက် ရေရွတ်နေသည် ။

“ အဖိုး နောက်ဆုံးမှာ အဖိုးရဲ့ဆန္ဒတွေ ပြည့်ဝခဲ့ရပြီ ပြည့်ဝခဲ့ပြီ “

စံအိမ်သခင်၏ထူးဆန်းသည့်ပုံစံအား သူတို့အားလုံးနားမလည်သည့်ဟန်ဖြင့် စိုက်ကြည့်နေကြသည်။

ထို့နောက် စံအိမ်သခင်၏ သတိဝင်သွားပုံပေါ်ကာ ထင်းရှီအားပြောလိုက်သည်။

“ မိတ်ဆွေလေးတို့ ကျုပ်နဲ့ တစ်နေရာကိုလိုက်ခဲ့ပါ “

သူ၏လေသံမှာ ယခင်ကထက်ပင် ပို၍ နွေးထွေးလှသည်။

All Chapters