← Chapters

ဘိုးဘေး၏ပြင်းပြသည့်ဆန္ဒတစ်ခု

Vol. 3 Ch. 202

ဘိုးဘေး၏ပြင်းပြသည့်ဆန္ဒတစ်ခု

Vol. 3 Ch. 202

“ ကျွီ “

စံအိမ်သခင်မှ တံခါးတစ်ချပ်ကို ဖြေးညင်းစွာတွန်းဖွင့်လိုက်သည် ။

ထိုတံခါးမှာ အသုံးမပြုသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်၍ ဖုံအလိမ်းလိမ်းတတ်နေကာ မြည်သံအနည်းငယ်ပင်ပေးနေသည်။

လက်ရှိ ထင်းရှီတို့လူစုမှာ စံအိမ်သခင်၏နောက်မှလိုက်ရင်း အဆောက်အအုံကြီး၏နောက်ပိုင်းသို့ရောက်နေကြခြင်းဖြစ်သည် ။

ထိုနေရာမှာ လျှို့ဝှက်လျှောက်လမ်းတစ်ခုရှိနေပြီး အနည်းငယ်မှောင်ရိပ်သမ်းနေသည်။

လျှောက်လမ်းအဆုံးတွင်မူ တောင့်တင်းခိုင်မာသည့်တံခါးကြီးတစ်ချပ်ရှိကာ ထိုတံခါးကိုမြင်သည်နှင့် သက်လက်ပိုင်းလူသုံးယောက်သာမက စံအိမ်သခင်လေးပါ ထိတ်လန့်သွားကြသည်။

ထို‌တံခါး၏နောက်တွင် နောက်ထပ်နေရာတစ်ခုရှိနေသေးကာ ဓားတစ်ထောင်စံအိမ်တွင် တစ်ခုတည်းသောတားမြစ်နေရာဖြစ်သည် ။

ထိုနေရာမှာ ဓားတစ်ထောင်စံအိမ်ဓားတည်ထောင်ခဲ့သူနေထိုင်ခဲ့သည့်နေရာဖြစ်ကာ သူကွယ်လွန်သွားပြီးနောက်တွင် စံအိမ်သခင်အစဉ်အဆက်မှလွဲ၍ အခြားလူများ ဝင်ခွင့်မရှိပေ။

ထို့အပြင် ယခုစံအိမ်သခင်၏ပုံစံအရ ထိုနေရာသို့ ထင်းရှီတို့လူစုအခေါ်ဆောင်သွားမည့်ပုံရသည်။

ထင်းရှီတို့လည်း ထိုလူများ၏အမအယာကိုအကဲခပ်လိုက်ပြီးသည်နှင့် ထိုတံခါးနောက်တွင်မည်သည့်အရာများကို စိတ်ဝင်စားလာမိကြသည် ။

လူဆိုသည်မှာ တစ်စုံတစ်ခုမှာ သာမန်ထက်ပျု၍ ထူးဆန်းလျှို့ဝှက်လေ သူတို့၏သိချင်စိတ်ကို ပို၍နှိုးဆွလေလေဖြစ်သည်။

ယခုလည်း ထင်းရှီတို့မှာ ထိုအတိုင်းခံစားနေကြမိသည်။

ထိုအချိန်တခဏလေးတွင် သူတို့အလုံးအသံလုံးတိတ်ဆိတ်သွားကြကာ မရည်ရွယ်ပါဘဲ စံအိမ်သခင်၏အပြုအမူကိုသာစိုက်ကြည့်နေကြသည် ။

စံအိမ်သခင်မှာမူ ပြင်ပကိုဂရုစိုက်ပုံမပေါ်ပေ။ သူ၏မျက်နှာထက်တွင် ဖော်မပြနိုင်သည့်ဝမ်းသာမှုများပြည့်နှက်နေကာ တံခါးကိုအားစိုက်၍ တွန်းဖွင့်လိုက်သည် ။

တံခါးမှာ လုံးဝပွင့်သွားချေပြီ ။

ထင်းရှီတို့လူစုမှာ တံခါးနောက်မှအလင်းရောင်အချို့တိုးဝင်လာသည်ဟု ခံစားလိုက်မိကြကာ စံအိမ်သခင်မှာမူ တံခါးပေါက်မှတစ်ဆင့်နောက်ဘက်သို့ဝင်သွားလေသည်။

အခြားတစ်ဖက်တွင် နေရောင်စူးစူးမှာ နွေးထွေးစွာတောင်ပနေကာ နေရောင်အောက်တွင် သေးငယ်ကာ တံခါးမရှိသည့်ခြံဝန်းလေးတစ်ခုတည်ရှိနေသည်။

ဓားတစ်ထောင်စံအိမ်၏တည်ရှိမှုကိုဖော်ပြရလျှင် မကြီးလွန်းမသေးလွန်းသည့် တောအုပ်တစ်ခုထဲတွင်ရှိကာ နက်ရှိုင်းသည့်ချောက်ကမ်းပါးတစ်ခု၏ရှေ့တွင်တည်ထောင်ထားသည် ။

ထိုချောက်ကမ်းပါးမှာ အောက်ခြေကိုအနည်းငယ်သာမြင်ရပြီး မြောက်ပိုင်းမှ နည်းပါးသည့်ချောက်ကမ်းပါးကြီးများအနက်မှ တစ်ခုဖြစ်သည်။

ထိုချောက်ကမ်းပါးကို မြောက်ပိုင်းတောင်တန်းဒေသတွင် ဟန်ချန်းချောက်နက်ဟုခေါ်ဝေါ်ကြသည် ။

ထိုနာမည်မှာ ချောက်ကမ်းပါးကြီး၏အနီးတွင်ရှိသည့် ဟန်ချန်းမြို့ငယ်လေးကို အစွဲပြု၍ခေါ်ကြခြင်းဖြစ်သည်။

ယခု ခြံဝန်းလေးမှာ ချောက်ကမ်းပါးကြီး၏အစပ်ထိုးထွက်နေသည့် အနည်းငယ်ကျယ်ပြန့်သည့် ကျောက်စွန်းတစ်ခုတွင်ရှိနေခြင်းဖြစ်သည်။

ထိုခြံဝန်းလေးနှင့် ဓားတစ်ထောင်စံအိမ်ထဲမှခြံဝန်းများမှာ တဆက်တည်းရှိနေသော်လည်း စံအိမ်သခင်ခေါ်လာသည့်လမ်းမှလွဲ၍ ထိုခြံဝန်းလေးကိုရောက်နိုင်မည့်လမ်းမရှိပေ။

သို့သော် ခြံဝန်းလေးအားတွေ့သည်နှင့် ထင်းရှီ၏မျက်လုံးများမှာ စပါးကြီးမြွေ၏ ညှို့ချက်မိသွားသည့်လူတစ်ယောက်ကဲ့သို့ သတိလက်လွတ်ဖြင့်ရှေ့သို့လျှောက်သွားလိုက်မိသည်။

ခြံဝန်းလေးအတွင်းတွင် ဝါးအိမ်လေးများကိုစီတန်းဆောက်လုပ်၍ထားသည်။ ထို့အပြင် ခြံဝန်း၏အလယ်တည့်တည့်တွင် သပ်ရပ်စွာဆောက်လုပ်ထား‌သာ စံအိမ်တစ်လုံးရှိသည်။

ဝါးအိမ်လေးများမှာ ဆယ့်နှစ်လုံးခန့်ရှိနေကာ အကုန်လုံး တစ်ပုံစံတည်းဖြစ်ကြသည်။

ထိုမြင်ကွင်းကြောင့် တော်ရုံတန်ရုံ သတိလက်လွတ်မဖြစ်သည့်ထင်းရှီမှာ တခဏခန့်သတိလွတ်သွားမိသည်။

သူ၏ရှေ့ရှိမြင်ကွင်းအားကြည့်ရင်း ထင်းရှီမှာ သူ့ကိုယ်သူ ဓားစံအိမ်သို့ပြန်ရောက်သွားသည်ဟု ထင်လိုက်မိသည်။

သို့သော် ကွာခြားချက်တစ်ခုမှာ ဓားစံအိမ်မှခြံဝန်းငယ်လေးတွင် သစ်ပင်ကြီးများပေါက်နေကာ ယခုခြံဝန်းငယ်လေးမှာ ကျောက်စွန်းပေါ်တွင်ရှိနေခြင်းဖြစ်၍ သစ်ပင်ကြီးငယ်များမရှိပေ ။

ထိုအချက်မှလွဲ၍ ခြံဝန်းငယ်လေး၏အရွယ်အစား ခြံဝန်းထဲမှ စံအိမ်နှင့်ဝါးအိမ်လေးများ၏ဆောက်လုပ်ပုံမှာ ဓားစံအိမ်နှင့် တစ်ပုံစံတည်းဖြစ်သည်။

ထင်းရှီ၏တုံ့ပြန်ပုံကိုကြည့်ကာ စံအိမ်သခင်မှာ မသိမသာခေါင်းညိမ့်လိုက်မိသည် ။

သူ့အနေဖြင့် ထင်းရှီ၏ယခုပုံစံကိုမြင်သည့်အခါ သူ၏စိတ်အတွင်းမှ အနည်းငယ်သောကြောင့်ကြစိတ်များ လုံးဝပျောက်ကွယ်သွားမိသည်။

ထို့နောက် မျက်ရည်စို့နေသည့်မျက်ဝန်းများဖြင့် တီးတိုးရေရွတ်လိုက်သည်။

“ အဖိုးရဲ့ဆန္ဒကတကယ်ဖြစ်လာပါပြီ “

ထို့နောက် စံအိမ်သခင်မှာ သူ၏ဟန်အမူအယာကိုပြန်၍ထိမ်းကာ ထင်းရှီတို့ဘက်သို့လှည့်လိုက်သည်။

ထို့နောက် ငြိမ်သက်နေကြသည့်သူ၏လူများဘက်သို့လှည့်ကာ ပြုံးလျက်မေးလိုက်သည် ။

“ ဒီနေ့ ငါ့ရဲ့အပြုအမူတွေကို မင်းတို့သိချင်နေကြတယ်မလား “

သူ၏မေးခွန်းဆုံးသည်နှင့် စံအိမ်သခင်လေးသာမက သက်လက်ပိုင်းလူသုံးယောက်ပါ အလျှင်အမြန်ခေါင်းညိမ့်ပြလေသည်။

စံအိမ်သခင်မှ သူ၏စကားအား ဆက်လိုက်သည်။

“ ဒီဓားတစ်ထောင်စံအိမ်ကိုတည်ထောင်ခဲ့တဲ့သူ ငါ့ရဲ့အဖိုးပေါ့ ။ သူရဲ့ဇာတ်မြစ်က သိုင်းလောကထဲကမဟုတ်ဘူး “

စံအိမ်သခင်မှ ဖြေးညင်းစွာစတင်၍ပြောလိုက်သည်။ ။

ထင်းရှီမှာ စံအိမ်သခင်ကိုယ်တိုင်ပြောသည့်အတွက် စံအိမ်သခင်၏အဖိုးဇာတ်မြစ်ကို သိရှိလိုက်သော်လည်း ခပ်မဆိတ်သာနေလိုက်သည် ။

“ ငါ့ရဲ့အဖိုးက အတွေ့အကြုံရအောင်လို့ဆိုပြီး သိုင်းလောကထဲကိုဆင်းလာခဲ့တယ်။ နောက်ပြီး သိုင်းလောကထဲမှာ ကျင်လည်ခဲ့တယ်။

သူလာခဲ့တဲ့နေရာက မယုံကြည်နိုင်စရာကောင်းလောက်အောင် အေးချမ်းငြိမ်သက်ပြီးတော့ ထိပ်သီးသိုင်းပညာရှင်တွေလည်း အများအပြားရှိတယ်။

ဒါပေမယ့် သူက အလယ်ပိုင်းသိုင်းလောကက ထိပ်တန်းအင်အားစုကြီးတစ်ခုကို မတော်တဆရန်ငြိုးဖွဲ့ပြီးတော့ မြောက်ပိုင်းတောင်တန်းတွေဆီကို ထွက်ပြေးလာခဲ့ရတယ်။

သူ့ရဲ့ရန်သူတွေက အရမ်းအားကောင်းပြီးတော့ အဖိုးကိုလည်း အလွတ်မပေးဘဲ နောက်ကနေလိုက်လံသတ်ဖြတ်ခဲ့တယ်။

အဲဒီနောက်မှာတော့ အခုငါတို့ဓားတစိထောင်စံအိမ်တည်ထားတဲ့ဟန်ချန်းချောက်နက်ထဲကို ရန်သူတွေလက်ချက်နဲ့ငါအဖိုးကကျသွားခဲ့တယ်။

ကံကောင်းချင်တော့ သူ့ရဲ့အသက်မသေတဲ့အပြင် ချောက်နက်ထဲမှာဇာတ်မြုပ်ပြီးနေသွားတဲ့ သိုင်းပညာရှင်ကြီးတစ်ယောက်ရဲ့ပညာတွေကိုရပြီး ချောက်နက်ထဲမှာပဲ လေ့ကျင့်ခဲ့တယ်။

တစ်ချိန်ထဲမှာပဲ သူက အပြင်လောကကိုရောက်နိုင်မယ့်လမ်းကိုရှာနေတုန်းပဲ ။ ချောက်နက်ထဲမှာ ဆယ်နှစ်ကျော်ကုန်ဆုံးပြီးမှသူက အပေါ်ကိုပြန်‌တက်နိုင်မယ့်လမ်းကို ရှာတွေ့ခဲ့တယ်။

နောက်ပိုင်းမှာ သူက သူ့ရန်သူတွေကို လက်စားချေခဲ့ပြီး သူချောက်နက်ထဲပြုတ်ကျသွားတဲ့နေရာမှာပဲ ငါတို့ဓားတစ်ထောင်စံအိမ်ကိုတည်ထောင်ခဲ့တယ်။

အဖိုးက ပြန်ပြောပြတဲ့အတွက် အဲဒိအကြောင်းတွေကို ငါသိနေတာပဲ ဒါပေမယ့် အဖိုးက သူဘယ်နေရာကလာခဲ့တယ်ဆိုတာကို လုံးဝပြောမပြဘူး ။

သူတစ်ခုမှာခဲ့တာက တစ်နေ့နေ့မှာ ဓားတစ်ထောင်သိုင်းကို တတ်မြောက်တဲ့လူ စံအိမ်ကိုရောက်လာခဲ့ရင် သူ့ကို အကောင်းဆုံးကူညီပေးပါဆိုတာပဲ။

ဟုတ်တာပေါ့ သူကသူ့လာခဲ့တဲ့နေရာကို ပြန်မသွားတော့ဘူး ။ ဒါကလည်း ကန့်သက်ချက်တစ်ခုကြောင့်ဖြစ်ပြီးတော့ သူမြောက်ပိုင်းမှာပဲ အမြဲတမ်းနေထိုင်ခဲ့တော့တယ်။

အဖိုးက ငါငယ်ငယ်တုန်းကပြောဖူးတယ်။ သူ့ဘဝမှာအကြီးမားဆုံးဆန္ဒနှစ်ခုက ဓားပညာမှာ အထွတ်အထိပ်ကိုရောက်ဖို့နဲ့ သူလာခဲ့တဲ့နေရာကိုပြန်ရောက်ဖို့အတွက်ပဲတဲ့။

ဒုတိယရည်မှန်းချက်က လုံးဝမဖြစ်နိုင်မှန်းသိတော့ သူ အမြဲလိုလိုစိတ်ဓာတ်ကျနေခဲ့ရတယ်။ နောက်ပြီး သူ့ကို အဲဒီနေရာက အသိအမှတ်မပြုတော့တဲ့အတွက် သူသေဆုံးသွားခဲ့တဲ့အချိန်အထိ သူ့ရဲ့ဆန္ဒပြည့်ဝမသွားခဲ့ဘူး “

ထင်းရှီတို့မှာ တိတ်ဆိတ်နေကြကာ သူတို့၏မျက်လုံးထဲတွင်အစွဲအလမ်းကြီးကာ ခေါင်းမာသည့်လူတစ်ယောက်၏ပုံကိုမြင်ယောင်မိကြသည်။

နှမြောစရာကောင်းသည်ကား သူသေဆုံးသွားရသည်အထိ ထိုနေရာမှကိုနောက်ထပ်တစ်ကြိမ်ထပ်မံသွားရောက်မရတော့ခြင်းဖြစ်သည် ။

စံအိမ်သခင်မှ သက်ပြင်းတစ်ချက်ချ၍ ဆက်၍ပြောလိုက်ပြန်သည်။

“ ဒီနေ့ ငါ့ရဲ့ထူးဆန်းတဲ့လုပ်ရပ်တွေကို မင်းတို့ အနည်းနဲ့အများ နားလည်လောက်ရောပေါ့ “

သူ၏စကားကြောင့် စံအိမ်သခင်လေးနှင့် သက်လက်ပိုင်းလူသုံးယောက်မှာ လေးနက်စွာခေါင်းညိမ့်လိုက်ကြသည်။

ထိုလူများမှာ ဉာဏ်နည်းသည့်လူများမဟုတ်သညိ့အတွက် ထင်းရှီမည်သည့်နေရာမှဖြစ်သည်ကို ရိပ်စားမိလိုက်ကြသည်။

ထို့အပြင် ထင်းရှီမှာ သူတို့ဘိုးဘေး၏မပြည့်ဝသည့်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည့် အတွက် စံအိမ်သခင်မှာ ယခုလိုလွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်နေရခြင်းဖြစ်ပေသည်။

စံအိမ်သခင်မှာ ထင်းရှီအားကြည့်ကာ အရိုအ‌သေပေးရင်းပြောလိုက်သည်။

“ ကျေးဇူးပြုပြီး ဒီကမိတ်ဆွေလေးကို အကူအညီတောင်းလိုပါတယ် ။ မိတ်ဆွေလေး အဲဒီနေရာကိုပြန်သွားတဲ့အခါကျုပ်အဖိုးရဲ့အရိုးပြာအိုးကိုယူသွားပြီး အဲဒီနေရာမှာမြုပ်နှံသင်္ဂြိုလ်ပေးပါ “

“ မိတ်ဆွေလေးကို တောင်းဆိုပါတယ် “

စံအိမ်သခင်သာမက သက်လက်ပိုင်းလူသုံးယောက်နှင့်စံအိမ်သခင်လေးကပါ လေးစားစွာအရိုအသေပြု၍ တောင်းဆိုလိုက်သညိ ။

ထင်းရှီလည်း ထိုလူများ၏အပြုအမူကြောင့်အနည်းငယ်နေရခက်သွားကာ တည်ကြည်စွာပြောလိုက်သည်။

“ စိတ်ချပါ ကျုပ်သိုင်းလောကထဲကမထွက်ခင် ဓားတစ်ထောင်စံအိမ်ကိုပြန်လာပြီး ဘိုးဘေးရဲ့အရိုးပြာအိုးကို လာယူပါ့မယ်။

နောက်ပြီးအဲဒီနေရာမှာ သေချာပေါက်မြုပ်နှံပေးပါ့မယ်လို့ ကတိပေးပါတယ် “

ထင်းရှီ၏လေသံမှာ လေးနက်ကာ ခိုင်မာာလှသည်။ ထိုကိစ္စမှာ သု့အတွက် များစွာအပန်းမကြီးသည့်အပြင် ဓားတစ်ထောင်စံအိမ်ကိုတည်ထောင်သူ၏ ပြင်းပြသည့်စိတ်ဆန္ဒကိုလည်း သူလေးစားမိသည်။

ထို့ကြောင့် ယခုလို ကတိပေးလိုက်ခြင်းဖြစ်ပေသည်။

All Chapters