ချယ်ရီကျွန်းမှ နိပွန်ဓားသမား
Vol. 3 Ch. 205
“ ဓားပညာကိုလေ့ကျင့်တဲ့နေရာမှာ ဓားသိုင်းတစ်ခုကို ဆုံးခန်းတိုင်တတ်မြောက်သွားဖို့ကအရေးကြီးတယ်။
အဲဒါထက် ပိုပြီးအရေးကြီးတာက ကိုယ်တတ်မြောက်ထားတဲ့ဓားသိုင်းကို အသုံးပြုရာမှာ ကျွမ်းကျင်မှုရှိဖို့အတွက်ပဲ။
ဓားသိုင်းမှမဟုတ်ဘူး လက်နက်မဲ့သိုင်းပညာတွေ ၊ လှံရှည် ၊ တုတ်သိုင်း ၊ ကျာပွတ် စတဲ့သိုင်းပညာတွေအားလုံးကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်တဲ့အဆင့်ထိရောက်မှ အဆင့်လွန်သိုင်းအဆင့်ကိုကျော်ဖြတ်ပြီး သိုငိးဝိဇ္ဇာတစ်ယောက်ဖြစ်ဖို့အခွင့်အရေးရှိတာ ။
သိုင်းလောကထဲမှာ အဆင့်လွန်သိုငိးသမားတွေ အတော်များများရှိတယ် ။ ဒါပေမယ့်သိုင်းဝိဇ္ဇာတွေ ဘယ်လောက်များများရှိလို့လဲ ။
နောက်ပြီး သိုင်းဝိဇ္ဇာဖြစ်ဖို့က သိုင်းပညာကိုကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့အဆင့်တစ်ခုထဲနဲ့ မလုံလောက်ပဲ သိုင်းကွက်ကို အသေအရှင်သဘောတရားကိုလညိး အသုံးချနိုင်ရမယ် “
ထင်းရှီ၏စကားမဆုံးမီ ရှန်းယွင်မှ ကြားဖြတ်အော်ဟစ်လိုက်သည်။
“ ကျမသိတယ် ကျမသိတယ် ဆရာကတစ်ခါပြောဖူးတယ် ။ သိုင်းသမားအများစုက သိုင်းကွက်အသေသဘောတရားကိုပဲ အသုံးပြုနိုင်ကြပြီးတော့ သိုင်းကွက်ရှင်သဘောတရားကို နားမလည်ကြဘူးတဲ့။
သိုင်းကွက်တစ်ခုကို ပုံစံအမျိူးမျိုးပြောင်းလဲအသုံးချနိုင်ရင် အဲဒီသိုင်းကွက်က အစွမ်းအများကြီးတိုးသွားနိုင်တယ်တဲ့။
သာမန်အခြေခံသိုင်းကွက်လေးတစ်ခုက ထိပ်သီးသိုင်းပညာရှင်တွေရဲ့လက်ထဲမှာ ထိပ်တန်းအဆင့်သိုင်းပညာတွေထက် ပိုပြီး အစွမ်းထက်သွားနိုင်တယ်တဲ့။
သိုင်းပညာရပ်တွေက ကျယ်ပြန့်ပြီးတော့ အသုံးပြုတဲ့လူအပေါ်ကိုမူတည်ပြီး အစွမ်းအစကွာခြားသွားတယ်တဲ့။ နောက်ပြီး... “
ရှန်းယွင်မှ မျက်လုံးလေးဝိုင်းကာ ရပ်တန့်သွားသည်။ ထင်းရှီမှာ သူမ၏စကားများအားအကဲဖြတ်ကြည့်ရခြင်းဖြင့်သူမ၏ဆရာများမှာ အနည်းဆုံး သိုင်းဝိဇ္ဇာအဆင့်သို့ရောက်နေသူများဖြစ်ရမည်ဟုခန့်မှန်းလိုက်မိသည်။
ထင်းရှီမှာ အရိပ်မဲ့ချိယိမှအပ ရှန်းယွင်၏အခြားဆရာများကို မတွေ့ဖူးပေ။ သို့သော် ရှန်းယွင်၏စကားအရ အရှေ့ပိုင်းသိုင်းလောကတွင်လည်း ကြောက်မက်ဖွယ်သိုင်းထိပ်သီးများရှိနေသည်ကို သိလိုက်ရသည်။
“ ရှန်းယွင် ဆက်ပြောလေ “
ထင်းရှီမှ လောဆော်လိုက်သည်။ သူမသိထားသည့်အကြောင်းများမှာ နောင်တစ်ချိန်သိုင်းဝိဇ္ဇာအဆင့်သို့တက်ရာတွင်အသုံးဝင်နိုင်လေသည်။ သို့သော် ..
“ ဟီးဟီ ကျမဆရာက အဲလိုအများကြီးပြောပေမယ့်ကျမကပျင်းလို့ အကုန်နားမထောင်ဘဲ အမြဲထွက်ထွက်ပြေးတာ “
သူမ၏ စပ်ဖြဲဖြဲပုံစံကြောင့် ထင်းရှီမှာ ထိုမိဋ်းကလေးအား ထိပ်ထုချင်စိတ်ပင်ပေါက်သွားသည်။
ထို့နောက် သူ၏စိတ်အားပြန်ထိမ်းကာ ဆက်၍ရှင်းပြလိုက်သည်။
“ အခု ငါလေ့ကျင့်နေတာကလည်း သိုင်းကွက်တွေကိုပိုပြီး ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ဖို့ပဲ။ လေ့ကျင့်တဲ့နည်းတွေကတော့ အမျိူးမျိုးကွဲပြားသွားတာပေါ့ ။
“ အဲလိုလေ့ကျင့်တာကရော ဒီလောက်ကြီး အကျိုးရှိရဲ့လား “
ရှန်းယွင်၏မေးခွန်းကြောင့်ထင်းရှီမှခေါင်းညိမ့်ကာပြန်ဖြေလိုက်သည် ။
“ ဓားကွက်တွေကို အတွင်းအားနဲ့တွဲဖတ်အသုံးပြုတာက ငါတို့ပြည်မက သိုင်းသမားတွေရဲ့ပုံစံပဲ ။
ဒါပေမယ့် အတွင်းအားကို ထိုက်သင့်သလောက်ပဲလေ့ကျင့်ပြီး ဓားကွက်ကို အဓိကထားတဲ့ ထိပ်သီးဓားသမားတွေလည်း အများကြီးရှိသေးတယ် ။
ငါကြားဖူးသလောက်ဆိုရင် ဂိုဂူလျောပြည်နဲ့ ချယ်ရီကျွန်းက နိပွန်ဓားသမားတွေက ဓားကွက် ၊ လျှင်မြန်မှုနဲ့ တိကျသေသပ်မှုကိုအသာပေးပြီး အတွင်းအားနဲ့ ကိုယ်ဖော့ပညာဆိုတာ သူတို့ဆီမှာဒုတိယဦးစားပေးပဲ ။
ဒါကြောင့် တစ်ချိန်ချိန်မှာ သူတို့နဲ့ရင်ဆိုင်ရရင် နည်းနည်းလေးသတိပေါ့လျော့မိတာနဲ့ အသက်နဲ့ကိုယ်အိုးစားကွဲသွားနိုင်တယ် “
ထင်းရှီ၏စကားမှာ ရှန်းယွင်၏စိတ်ဝင်စားမှုကို ဆွဲဆောင်သွားကာ သူမ၏မျက်ဝန်းလှလှလေးများ အရောင်တောက်လာကာ စိတ်ဝင်စားသည့်ဟန်ပန်ဖြင့် အလျှင်အမြန်မေးလိုက်သည်။
“ အစ်ကိုကြီးထင်း ကျမကို အဲဒီတိုင်းပြည်ကသိုင်းသမားတွေအကြောင်း ပြောပြပါလား “
ထင်းရှီလည်း ခေါင်းကိုဖြေးညင်းစွာယမ်း၍ပြောလိုက်သည် ။
“ ငါဒီအကြောင်းတွေကို သိတယ်ဆိုတာကငါ့ဆရာကပြောပြလို့ပဲ ။ ငါတခြားတိုင်းပြည်တွေက သိုင်းသမားတွေနဲ့မဆုံဖူးသေးဘူး ။။
သူတို့ကလည်း ငါတို့တိုင်းပြည်ကို မလာကြတာ နှစ်တစ်ရာကျော်သွားပြီ။
ဂိုဂူလျောက ငါတို့နဲ့ဝေးတဲ့အပြင် သူတို့နဲ့ အဆက်အဆံနည်းပါးတယ်။ ဒါကြောင့် ဂိုဂူလျောသိုင်းသမားတွေငါတို့ဆီကိုလာတယ်လို့မကြားမိဘူး။
ကြီးမြတ်တဲ့ဝူအင်ပါယာခေတ်က ချယ်ရီကျွန်းက နိပွန်ဓားသမားတစ်ယောက် သိုင်းလောကကို ရောက်လာသေးတယ်။
သူရဲ့ပုံစံက အရောင်လွင့်နေတဲ့ဖျင်ကြမ်းဝတ်စုံကိုဝတ်ထားပြီး မြက်ဖိနပ်ကိုစီးထားတယ်တဲ့ ။ နောက်ပြီး သူကိုင်တဲ့ဓားက ပြည်မကဓားတွေနဲ့မတူဘဲ အဖျားကော့ပြီး အသွားတစ်ဖက်ပဲရှိတယိ ။
ဒါကြောင့် ထိုးသွင်းတာနဲ့ ပိုင်းခုတ်တာကိုပဲအသုံးပြုလို့ရတယ်။ သူ့ရဲ့ဓားသိုင်းကလည်း အလွန်လျှင်မြန်ပြီး ထူးဆန်းတယ်တဲ့။ “
ထင်းရှီမှ သူ၏စကားကို ခေတ္တရပ်တးနားလိုက်သည်။ ရှန်းယွင်မှာ သိချင်စိတ်များဖြင့် မရိုးမယွဖြစ်လာကာ ထပ်၍မေးလိုက်ပြန်သည်။
“ အဲဒီဓားသမားက ဘယ်လိုဖြစ်သွားတာလဲ ပြောပြပါ “
မိန်းမငယ်လေး၏ သိလိုစိတ်ပြင်းပြနေသည့်ပုံကိုကြည့်ကာ ထင်းရှီမှာ ပြုံးလိုက်မိသည် ။ထို့နောက် ဆက်ပြောလိုက်သည်။
“ နိပွန်ဓားသမားက သိုင်းလောကတစ်ခုလုံးကိုလျှောက်သွားပြီး နာမည်ကျော်ထိပ်သီးဓားသမားတွေကိုစိန်ခေါ်ခဲ့တယ်။
ဒါပေမယ့် သူ့ကိုအနိုင်ရတဲ့လူတစ်ယောက်မှမရှိခဲ့ဘူး ။ သူနဲ့အကွက်ပေါင်းနှစ်ရာနီးနီးတိုက်နိုင်တာဆိုလို့ အဲဒီအချိနိကဝူတန်းဂိုဏိးချုပ်ကြီးတစ်ယောက်ပဲရှိခဲ့တယ်။
ဝူတန်းဂိုဏိးချုပ်ကြီးကလည်း သိုင်းကွက်နှစ်ရာအတွင်းရှုံးနိမ့်ခဲ့တယ် ။ နောက်ပိုင်းမှာတော့ နိပွန်ဓားသမားက ငါတို့တိုင်းပြည်ကဓားသမားတွေအားလုံး သူ့ကိုယှဉ်နိုင်တဲ့လူမရှိဘူးလို့ကြွေးကျော်ပြီး ထိုက်စန်းတောင်ထိပ်မှာ သုံးနှစ်အထိသူ့ရဲ့ပြိုင်ဘက်ကိုစောင့်မယ်လို့ပြောခဲ့တယ်။ သုံးနှစ်ပြည့်ရင်တော့ သူကနိပွန်ကျွန်းကိုပြန်သွားတော့မှာ ။
ပြည်မကဓားသမားတွေလည်း ဒေါသအကြီးအကျယ်ပေါက်ကွဲပြီး ထိုက်စန်းတောင်ခြေကို တစ်သုတ်ပြီးတစ်သုတ်ရောက်လာခဲ့ကြတယ်။
အဲဒီအချိန်က အလယ်ပိုင်း၊အရှေ့ပိုင်း၊မြောက်ပိုင်းတောင်တန်းနဲ့ အနောက်ပိုင်းသိုင်းလောကကဓားသမားတွေက မကြုံစဖူးညီညွတ်ကြပြီး နိပွန်ဓားသမားကိုတစ်ယောက်ပြီးတစ်ယောက်စိန်ခေါ်ခဲ့ကြတယ်။
အဲဒီရက်တွေကထိုက်စန်းတောင်ကြီးသွေးလွှမ်းတဲ့ရက်တွေပေါ့။ နောက်ဆုံးမှာတော့ လူတစ်ယောက်ထွက်ပေါ်လာပြီး နိပွန်ဓားသမားကိုအနိုင်ယူခဲ့တယ်။
အဲဒီလူကဝူအင်ပါယာရဲ့စစ်သူကြီးလေးယောက်ထဲက ဓားဘုရင်ပဲ “
ရှန်းယွင်မှာ သူမ၏မျက်နှာထက်တွင်ကြည်ညိုလေးစားရိပ်များထင်ဟပ်နေကာ ထင်းရှီ၏စကားများကို နားထောငိနေလေသည်။
ထို့နောက် ထင်းရှီမှ စကားပြောရပ်သွားသဖြင့်သူမမေးလိုက်ပြန်သည်။
“ နိပွန်ဓားသမားကဘာဖြစ်သွားတာလဲ “
“ နောက်ဆုံးမှာ တိုက်ခိုက်ရင်း သေသွားတယ်လေ ။ ဓားဘုရင်ကလည်း နိပွန်ဓားသမားကိုအနိုင်ယူပြီး သူ့ရဲ့စစ်တပ်ရှိရာကိုပြန်သွားတယ် ဒါပဲ “
ထင်းရှီ၏တုံးတိစကားကြောင့် ရှန်းယွင်မှနှူတ်ခမ်းစူသွားကာ မကျေမနပ်ဖြစ်သည့်ပုံပေါက်သွားသည်။ ထို့နောက် ခပ်ညည်းညည်းလေးပြောလိုက်သည်။
“ အင်း နိပွန်ဓားသမားက ပြည်မမဟုတ်ပေမယ့် သူ့လိုထူးချွန်တဲ့လူတစ်ယောက်သေသွားတာ နှမြောာစရာပဲ “
သူမ၏လူကြီးဆန်သညိပုံစံကြောင့် ထင်းရှီလညိးပြုံးကာ ရှင်းပြလိုက်သည်။
“ တကယ်လို့တိုက်ပွဲမှာ သူ မသေရင်တောင်သူအသက်ရှင်မှာမဟုတ်ဘူး။ နိပွန်ဓားသမားတွေက ခံယူချက်ပြင်းပြပြီး တိုက်ခိုက်ရင်းသေရင်သေ မသေရင် ရှူံနိမ့်သွားတာနဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်လေ့ရှိတယ်။
ထားပါ စကားလမ်းကြောင်းတွေလွဲကုန်ပြီ အခု ငါလေ့ကျင့်တဲ့ဓားသိုင်းကသိုင်းကွက်ဘယ်နှစ်ခုပါမယ်ထင်လဲ “
ထင်းရှီ၏မေးခွန်းကြောင့် ရှန်းယွင်လည်း အနည်းငယ်စဉ်းစားကာဖြေလိုက်သည်။
“ အစ်ကိုထင်းရှီရဲ့ဓားသိုင်းက ပျော့ပြောင်းတာရယ် ကြမ်းတမ်းတာရယ် လျှင်မြန်တာရယ်ကို ရောထားတာမဟုတ်လား ။။ကျမခန့်မှန်းရရင် သိုင်းကွက်သုံးဆယ်ကျော်မယ်ထင်တယ် ။
အကွက်ပြောင်းတွေနဲ့ပေါင်းရင်တော့ အနည်းဆုံး ရာကျော်နိုင်တယ် “
သူမ၏စကားကြောင့် ထင်းရှီလည်း သဘောကျစွာပြုံးလိုက်သည်။ ထိုမိန်းကလေး၏အဖြေမှာ အလုံးစုံမမှန်သော်လည်း အမှန်နှင့်နီးစပ်သည်။
“ ငါ့ရဲ့ဓားသိုင်းက သိုင်းကွက်သုံးခုပဲရှိတာ “
သူ၏စကားကြောင့် ရှန်းယွင်၏မျက်လုံးများပြူးကျယ်သွားကာ မယုံကြည်နိုင်သလိုအော်ဟစ်လိုက်သည်။
“ မဖြစ်နိုင်တာ အစ်ကိုကြီးထင်း လိမ်နေတာမလား “
ထင်းရှီမှ သူမ၏ဦးခေါင်းအားအသာပုတ်ကာပြောလိုက်သည်။
“ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ။ ငါ့ရဲ့ဓားသိုင်းက ကိုယ်ပိုင်တီထွင်ထားတာမဟုတ်ဘူး ။ ထိပ်တန်းအဆင့်ဓားသိုင်းအတော်များများကို ပေါင်းစပ်ပြီး ကိုယ်ပိုင်ဟန်နဲ့အသုံးပြုတာပဲ ။
ဓားသိုင်းတစ်ကွက်စီက ပုံစံတစ်မျိုးစီကို ကိုယ်စားပြုတယ်။ နွေဦးရွက်ကြွေသိုင်းကွက်က ပျော့ပြောင်းခြင်းနဲ့ပေါ့ပါးခြင်း ၊ မိုးသက်မုန်တိုင်းဓားကွက်က အင်အားပြင်းထန်တာနဲ့ကြမ်းတမ်းတာ ၊။ နောက်ဆုံး ဆောင်းဦးနှင်းစက်ဓားကွက်က လျှင်မြန်မှုတစ်ခုတည်းကို အသားပေးထားတာ ။
ကွက်ပြောင်းတွေက တိုက်ပွဲအခြေအနေပေါ်မူတည်ပြီး အသုံးပြုတာပဲ။ အဲလိုသုံးနိုင်အောင်လို့လဲ ငါဝူတန်းတောင်ပေါ်မှာ နှစ်နှစ်လောက်ကျင့်ခဲ့ရတာ “
ထင်းရှီ၏စကားဆုံးသည်နှင့် ရှန်းယွင်မှာ စကားတစ်ခွန်းမှမဆိုဘဲ ထင်းရှီအားအထင်ကြီးလေးစားသည့်အကြည့်ဖြင့်ကြည့်လိုင်သည်။
“ မင်းလဲအချိန်တွေပိုနေတာကို လျှောက်ဆော့မနေနဲ့ သိုင်းပညာကို ကြိုးစားပြီးလေ့ကျင့်ဦး “
ထင်းရှီမှ ရှန်းယွင်၏နဖူးအယး အသာတောက်ကာပြောလိုက်သည်။
ရှန်းယွင်မှာ ထင်းရှီ၏ဂရုစိုက်သည့်စကားကြောင့် သူမ၏ရင်ထဲတွင်နွေးထွေးသွားသော်လည်း အပြင်ပန်းတွင်မူ မကျေမနပ်ဖြစ်ဟန်ပြလိုက်သည်။