← Chapters

ထင်းရှီအတွက်သေမိန့်

Vol. 3 Ch. 206

ထင်းရှီအတွက်သေမိန့်

Vol. 3 Ch. 206

“ ရှန်းယွင် ငါတို့မြေပြန့်ကိုပြန်ရအောင် “

ထင်းရှီမှ အမှတ်မထင်ပြောလိုက်သည်။

ရှန်းယွင်မှာ ချောက်ကမ်းပါးကြအား ငေးကြည့်နေရာမှ ထင်းရှီ၏စကားကြောင့် သူမ၏ခန္တာကိုယ်လေး ဆက်ခနဲဖြစ်သွားကာ အံ့ဩသည့်မျက်နှာဖြင့်ကြည့်လိုက်သည် ။

ထင်းရှီ၏မျက်နှာမှာကြည်တည်နေကာ ရှန်းယွင်အားကြည့်နေသည်။

ရှန်းယွင်မှာ သူမ၏ရင်ထဲတွင် အနည်းငယ်ဝမ်းနည်းသလိုခံစားလိုက်မိသည် ။ ဓားတစ်ထောင်စံအိမ်တွင်နေခဲ့စဉ်က ထင်းရှီနှင့်သူမအေးဆေးစွယနေခဲ့ရသဖြင့် ထိုရက်များအတွင်း သူမလွန်စွာပျော်ရွှင်ခဲ့ရသည် ။

ယခု ထိုရက်များမှာ ကုန်ဆုံးတော့မည့်ပုံရသည် ။

ရှန်းယွင်မှာ စကားတစ်ခွန်းမှမဆိုတော့ဘဲ ခေါင်းကိုအသာညိမ့်ပြလိုက်သည် ။ထို့နောက် သူတို့နှစ်ယောက်ကြားတွင် တိတ်ဆိတ်ခြင်းက ကြီးစိုးသွားသည်။

“ အစ်ကိုကြီးထင်း ရှင်က မြေပြန့်ကိုပြန်ရောက်ပြီးရင် သိုင်းလောကထဲက ထွက်သွားတော့မှာလား “

ရှန်းယွင်မှ ယခင်ရက်များက မေးခဲ့ဖူးသည့်မေးခွန်းကို ခပ်တိုးတိုးမေးလိုက်သည် ။

ထင်းရှီမှာ အနည်းငယ်စိတ်အိုက်သွားပုံပေါ်ကာ မသက်မသာဖြစ်သွားပုံရသည်။ ထို့နောက် ပြန်၍ဖြေလိုက်သည်။

“ ငါသိုင်းလောကထဲမှာ နေဦးမှာပါ။ ကဲ ပစ္စည်းတွေသိမ်းလိုက် စံအိမ်သခင်ကိုနှူတ်ဆက်ပြီး ပြန်ရအောင် “

&&&&&&&

ဓားတစ်ထောင်စံအိမ်၏ဝင်ပေါက်တွင်လူအများစုရုံးနေသည် ။ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကြပြီး အရောင်မတူသည့်ခါးစည်းကြိုးများဖြင့် ဓားတစ်ထောင်စံအိမ်မှလူများမှာ အယောက်သုံးဆယ်ကျော်ခန့်ရှိပေမည် ။

ထို့အပြင် စံအိမ်သခင်နှင့်သူ၏သား ၊ စံအိမ်မှအကြီးအကဲသုံးယောက်တို့ပါအပြင်သို့ရောက်ရှိနေကြသည် ။

သူတို့၏ရှေ့တွင် မြင်းကိုယ်စီဆွဲလျက် အနက်ရောင်ဝတ်စုံနှင့် လူရွယ်တစ်ယောက်နှင့် အသက်နှစ်ဆယ်ပင်ပြည့်ပုံမရသေးသည့် မိန်းမလှလေးတစ်ယောက်တို့ရှိနေသည်။

မိန်းမလှလေးမှာ တိတ်ဆိတ်သည့်သွင်ပြင်ဖြင့်ရှိနေကာ သူမ၏မျက်နှာမှာ အနည်းငယ်နွမ်းလျနေသည် ။

ဓားတစ်ထောင်စံအိမ်မှတပည့်များမှာ မိန်းမလှလေး၏အလှကို အံ့ဩတကြီးဖြင့် ချီးမွမ်းမိကြသော်လည်း သူတို့စံအိမ်သခင်ကိုယ်တိုင်အရေးတယူပြုမူရသူများဖြစ်သည့်အတွက် ရဲရဲတင်းတင်းပင်မကြည့်ဝံ့ကြပေ။

ထင်းရှီမှာ စံအိမ်သခင်မှ ယခုလိုလူအများနှင့်လာရောက်နှုတ်ဆက်မည်ဟုမထင်သဖြင့် အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားမိသည် ။

စံအိမ်သခင်မှာမူ ဖက်လဲတကင်းဖြင့် ထင်းရှီအားနှုတ်ဆက်ကာ ဓားတစ်ထောင်စံအိမ်သို့မည်သည့်အချိန်ပင်ဖြစ်စေအလည်လာနိုင်ရန် အထပ်ထပ်မှာကြားနေသည် ။

ထင်းရှီလည်း ဓားတစ်ထောင်စံအိမ်မှဘိုးဘေး၏အရိုးပြာအိုးကို ပြန်ယူရန်လိုအပ်သဖြင့် နောက်ထပ်တစ်ကြိမ်လူရောက်ဦးမည်ဖြစ်ကြောင်းကိုလည်း ကတိပေးလိုက်လေသည်။

ထို့နောက် စံအိမ်သခင်မှ ထင်းရှီအား ကြေးနီဖြင့်ပြုလုပ်ထားသည့်တံဆိပ်ပြားတစ်ခုအားပေးလိုက်သည်။

ထိုတံဆိပ်ပြားမှာ ရှေ့ဘက်တွင် ကြီးမားသည့်ဓားကြီးတစ်ချောင်းပုံရှိကာ ‌ကျန်တစ်ဖက်တွင် အမိန့်ဆိုသည့်စကားလုံးကို ထွင်းထုထားသည်။

ထိုတံဆိပ်ပြားမှာ ဓားတစ်ထောင်စံအိမ်၏ အမိန့်ပြားသုံးခုအနက်တစ်ခုဖြစ်ကာ အကြီးအကဲများပင် ထိုတံဆိပ်ပြားကိုမပိုင်ဆိုင်ပေ။

တံဆိပ်ပြားကိုပိုင်ဆိုင်ထားသူအား ဓားတစ်ထောင်စံအိမ်မှလူများမှထိုလူတောင်းဆိုသမျှကို အစွမ်းကုန်ဖြည့်ဆည်းပေးရမည်ဖြစ်သည်။

ထင်းရှီမှာ တန်ဖိုးကြီးလှသည့်ထိုတံဆိပ်ပြားကို လက်ခံရန်အတန်တန်ငြင်းဆိုလိုက်သော်လည်း နောက်ဆုံးတွင် စံအိမ်သခင်၏စိတ်အားထက်သန်မှုကြောင့် လက်ခံလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ ထိုတံဆိပ်ပြားအား သိမ်းထားရုံသက်သက်သာအသုံးဝင်မည်ဖြစ်ကာ သူ၏သိုင်းပညာဖြင့်ဆိုလျှင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှဂိုဏ်းချုပ်များကိုပင် မရှုံးနိမ့်နိုင်ပေ။

ထို့နောက် ထင်းရှီမှာ စံအိမ်သခင်အားနှုတ်ဆက်၍ မြောက်ပိုင်းတောင်တန်းရှိ ဓားတစ်ထောင်စံအိမ်မှ ထွက်လာခဲ့တော့သည်။

&&&&&&&&

မြေအောက်နန်းဆောင်

ခမ်းနားသည့်အခန်းကျယ်ကြီးထဲတွင် ပုလ္လင်တစ်ခုနှင့်ပင် နှိုင်းယှဉ်ရနိုင်သည့် ကြီးမားသည့် ထိုင်ခုံကြီးတစ်လုံးရှိသည် ။

မျက်နှာဖုံးစွပ်လူတစ်ယောက်မှာ ထိုထိုင်ခုံပေါ်တွင် ခန့်ညားသည့်ကိုယ်ဟန်ဖြင့် ဖြောင့်မတ်စွာထိုင်နေကာ မျက်နှာဖုံးအောက်ရှိမျက်လုံးများက အားနည်းသည့်အလင်းရောင်အောက်တွင် တဖိတ်ဖိတ်တောက်ပနေသည်။

ထိုမျက်နှာဖုံးစွပ်ပုဂ္ဂိုလ်မှာ ခရမ်းရောင်သွေးလဂိုဏ်း၏အရှင်သခင် နှင်းငွေ့မိစ္ဆာသခင်ကြီးဖြစ်ပေသည်။

ခန်းမကျယ်ကြီးထဲတွင် ညလင်းပုလဲငါးလုံးခန့်ရှိကာ နေရောင်အလင်းကိုမယှဉ်နိုင်သော်လည်း အတော်အတန်လင်းပေသည် ။

နှင်းငွေ့မိစ္ဆာသခင်ကြီးမှာ အတန်ကြာအောင်ငြိမ်သက်နေရာမှ သက်ပြင်းတစ်ချက်ချ၍ အခန်း ထောင့်တစ်နေရာသို့ စူးစိုက်ကြည့်လိုက်သည် ။။

“ အရိပ် မင်းပြန်ရောက်ပြီလား “

သူ၏စကားအဆုံးတွင် မှောင်ရိပ်အနည်းငယ်ကျနေသည့် ထိုနေရာမှ အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်ထွက်လာသည် ။

ထိုလူမှာ အနက်ရောင်ဝတ်ရုံကြီးအားခြုံထားကာ အနက်ရောင်ခေါင်းစွပ်ကိုစွပ်ထားသည့်အတွက် သူ၏တစ်ကိုယ်လုံး နက်မှောင်နေသည်။

အရိပ်ဆိုသည့်လူမှာ နှင်းငွေ့မိစ္ဆာသခင်ကြီး၏ရှေ့တွင် ရိုကျိုးသည့်ဟန်ဖြင့်ရပ်လိုက်ကာ အခြားလူများလို ဒူးထောက်ခြင်းမပြုပေ။

သို့သော် နှင်းငွေ့မိစ္ဆာသခင်ကြီးမှာ ထိုအချက်ကိုအလေးထားဟန်မတူပေ။ ဤသည်အားကြည့်ခြင်းဖြင့် အရိပ်ဆိုသည့်လူအပေါ် နှင်းငွေ့မိစ္ဆာသခင်ကြီးမှ မည်မျှအလေးထားသည်ကို သိနိုင်သည်။

အရိပ်မှ နှင်းငွေ့မိစ္ဆာသခင်ကြီးကို တစ်ချက်ဦးညွတ်ကာ ပြောလိုက်သည် ။

“ သခင်ကြီးရဲ့အမိန့်အတိုင်း ကျုပ်ရဲ့ လူတစ်ယောက်ကို အဖြူရောင်သွေးမိစ္ဆာရဲ့နောက်ကိုလိုက်ခိုငိးခဲ့ပါတယ် ။

သူက မြောက်ပိုင်းတောင်တန်းက ဓားတစ်ထောင်စံအိမ်မှာ ရက်နည်းနည်းနေသွားပါတယ် ။ အခု မိန်းကလေးတစ်ယောက်နဲ့ဓားတစ်ထောင်စံအိမ်ကနေထွက်လာပါပြီ “

ဝတ်ရုံနက်၏စကားကြောင့် နှင်းငွေ့မိစ္ဆာသခင်ကြီးမှာ အနည်းငယ် စဉ်းစားနေပုံရကာ မျက်မှောင်ကုတ်သွားသည် ။

ထို့နောက် ပြတ်သားသည့်လေသံဖြင့်ပြောလိုက်သည် ။

“ သူ့ရဲ့နောက်ခံက ကြောက်စရာကောင်းပေမယ့် သူ့ရဲ့ဗီဇအရဆိုရင် ကျုပ်တို့အတွက်ဆူးတစ်ချောင်းဖြစ်လာနိုင်တယ်။ အဲဒီဆူးကနေ ဖျက်ဆီးမရတဲ့သံမဏိချောင်းမဖြစ်ခင်မှာ အမြစ်ကနေဆွဲနုတ်ပစ်လိုက်သင့်တယ်။

အဆိပ်ဘုရင်နဲ့ ဓားဘုရင်ကိုလွတ်လိုက် ။ ကောင်လေးကို ရှင်းပစ်လိုက်တော့ “

နှင်းငွေ့မိစ္ဆာသခင်၏စကားမှာ ငြင်သာသည် ။သို့သော် ထိုစကားမှာလူတစ်ယောက်၏အသက်ကိုအဆုံးအဖြတ်ပေးသည့်စကားဖြစ်ကာ အေးစိမ့်သည့်‌အငွေ့အသက်အချို့လည်း ပါဝင်နေသည် ။

အရိပ်မှာ တခဏငြိမ်သက်သွားကာ ထပ်၍ပြောလိုက်သည် ။

“ သူနဲ့အတူပါလာတဲ့ကောင်မလေးကို သတ်လို့မဖြစ်ပါဘူး “

နှင်းငွေ့မိစ္ဆာသခင်မှ အရိပ်အားစိုက်ကြည့်လိုက်သည်။ ဝတ်ရုံနက်နှင့်အရိပ်မှာ အနည်းငယ်တုန်လှုပ်သွားပုံရကာ နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။

ယခုအကြိမ်မှာ ပထမဦးဆုံးအဖြစ် နှင်းငွေ့မိစ္ဆာသခင်၏စကားကိုမေးခွန်းထုတ်ခြင်းဖြစ်ကာ အကြည့်တစ်ချက်ဖြင့်ပင် အားကောင်းလှသည့်အန္တာရာယ်အငွေ့အသက်များကို ခံစားမိလိုက်သည်။

“ လက်ဝါးဘုရင်ရဲ့ပြောစကားအရဆိုအဲဒီကောင်မလေးက လေဟုန်သခင်ရဲ့တပည့်မလေးဆို လေဟုန်သခင်ကကိုယ်တိုင်သိုင်းလောကထဲဆင်းလာရင်တောင် အမှုထားစရာလိုလို့လား “

နှင်းငွေ့မိစ္ဆာသခင်မှ အရိပ်အား မေးလိုက်သည်။ သူ၏လေသံမှာ အေးစိမ့်နေကာ အရိပ်မှာ အချိန်မရွေ့သေဆုံးသွားနိုင်သည်ဟုခံစားနေရမိသည်။

နှင်းငွေ့မိစ္ဆာသခင်၏အကြည့်တစ်ချက်ကပင် ကြောက်မက်ဖွယ်ဖိအားကိုပေးနိုင်လေသည်။ထို့နောက် အရိပ်မှာ ဖိအားဒဏ်ကိုကြံ့ကြံ့ခံရင်း ပြောလိုက်သည် ။။

“ အဲဒီမိန်းကလေးကအရှေ့မြောက်အရပ်ကပါ “

အရိပ်၏စကားဆုံးသည်နှင့် သူ့ထံသို့ကျရောက်နေသည့်ဖိအားများမှာ လုံးဝပျောက်ကွယ်သွားကာ နှင်းငွေ့မိစ္ဆာသခင်မှာ အနည်းငယ်စိတ်လှုပ်ရှားသွားပုံရသည်။

“ ဟုတ်တယ် အခုချိန်မှာ သူတို့ကိုသွားပြီးရန်စတာ ကောင်းတဲ့အပြုအမူအဟုတ်ဘူး ။ ကောင်မလေးကို အလွတ်ပေးလိုက် “

“ ကောင်းပါပြီ “

အရိပ်မှာ အမှောင်ထဲသို့ပြန်၍ဝင်ရောက်သွားကာ သူ၏ခန္တာကိုယ်မှာ အမှောင်ထုနှင့်တသားတည်းဖြစ်သွားသည်ဟုပင် ထင်ရသည်။

နှင်းငွေ့မိစ္ဆာသခင်မှာ ထိုင်ခုံလက်ရန်းကို တတောက်တောက်ခေါက်လိုက်ကာ တစ်စုံတစ်ရာအားအလေးအနက်တွေးတောနေပုံရသည် ။

နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏မျက်နှာဖုံးအားဆွဲချွတ်လိုက်သည်။

မျက်နှာဖုံးစွပ်အောက်မှ မျက်မှောင်ကြုတ်ထားသည့် အသက်လေးဆယ်ကျော်လူတစ်ယောက်၏မျက်နှာထွက်ပေါ်လာသည်။

ထိုလူမှာ မျက်ခုံးနှစ်ဖက်ကိုထိစပ်လုမတန်တွန့်တွေးထားကာ ခန့်ညားချောမောသည့်မျက်နှာရှိပေသည်။သို့သော် သူ၏မျက်နှာထက်တွင် ခံစားချက်တစ်စုံတစ်ရာရှိဟန်မရဘဲ ရေခဲတုံးတစ်ခုကဲ့သို့ အေးစက်တင်းမာနေသည်။

ထို့နောက် နှင်းငွေ့မိစ္ဆာသခင်မှ လက်သီးနှစ်ခုကို တင်းကြပ်စွာဆုပ်ကာ တစ်ဦးတည်းတီးတိုးရေရွတ်လိုက်သည်။

“ ညီမဝေ အစ်ကိုတို့အတူရှိဖို့က ပိုပြီး နီးစပ်လာပါပြီ “

All Chapters