လမ်းကျဉ်းလေးတွင် ရင်ဆိုင်တွေ့ခြင်း
Vol. 3 Ch. 208
အဆိပ်ဘုရင်အဖိုးအို၏စကားကြောင့် မျက်နှာဖုံးစွပ်မှာ တစ်ချက်တွေခနဲဖြစ်သွားသည်။
မြွေမြွေချင်းခြေမြင်ဆိုသလို အဆိပ်ဘုရင်၏အကြောင်းကို သူကောင်းစွာသိထားသည်။
ထိုအဖိုးအိုမည်မျှဝံ့ကြွား၍ ကောက်ကျစ်သည်ကိုလည်း သူသိရှိပေသည် ။ထို့ကြောင့် အဆိပ်ဘုရင်လိုလူမျိုးကပင်အနိုင်မယူနိုင်ပါဟု ထုတ်ဖော်ချီးကျူးသည့်လူမှာ မုချကြောက်မက်ဖွယ်ကောင်းသူတစ်ဦးဖြစ်ရပေမည် ။
“ ဒါဆိုတော့ ပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီ “
မျက်နှာဖုံးစွပ်မှ ခပ်တိုးတိုးရယ်မောလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုအား သတိရသွားဟန်ဖြင့် မေးမြန်းလိုက်သည် ။
“ သူ့ကို တစ်ယောက်ချင်းယှဉ်လို့လုံးဝအနိုင်မရဘူးဆိုရင် နှစ်ယောက်ပေါင်းရင်ကော အနိုင်ရနိုင်ပါ့မလား “
မျက်နှာဖုံးစွပ်၏မေးခွန်းအား အဆိပ်ဘုရင်မှ ခပ်သဲ့သဲ့ရယ်မောလိုက်သည်။
“ ကျုပ်ကမသေချာရင် သခင်ကြီးရဲ့အမိန့်ဆိုရင်တောင်ငြင်းဆန်ရလိမ့်မယ် ။ ဟဲဟဲ ကျုပ်အသက်မသေချင်သေးပါဘူး “
အဆိပ်ဘုရင်၏စကားကြောင့် မျက်နှာဖုံးစွပ်လည်း နှူတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။ သို့သော် သူ၏အပြုံးမှာ မျက်နှာဖုံးစွပ်၏အောက်မှဖြစ်သဖြင့် မည်သူမှမမြင်လိုက်ရပေ။
အဆိပ်ဘုရင်အဖိုးအိုမှယခုလိုအာမခံသဖြင့် သူ၏စိုးရိမ်စိန်အချို့လည်းပျောက်ကွယ်သွားလေသည် ။
အဆိပ်ဘုရင်မှာ သူတို့ဘုရင်ငါးယောက်ထဲတွင် အသက်အကြီးဆုံးနှင့် အပါးနပ်ဆုံးဖြစ်ပေသည် ။ထို့ကြောင့်ပင် ယခုအချိန်အထိ အသက်ရှင်သန်လာခြင်းပင်။
“ ဒါဆိုလည်း စလိုက်ကြတာပေါ့ ။ ကျုပ်မိတ်ဆွေဟောင်းကြီးတစ်ယောက်ရဲ့ဒေါသကို မဆွချင်ပေမယ့် နီးရာဓားကိုကြောက်ရမယ်လေ “
အဆိပ်ဘုရင်မှ တစ်ဦးတည်းတီးတိုးပြောကာ ကောက်ကျစ်ဟန်ဖြင့်ရယ်မောလိုက်သည်။ ထို့နောက် သူ၏ဘေးမှ လူကြီးခါးစောင်းခန့်ရှိသည့်ကျောက်တုံးကြီးအား အောက်သို့ခြေဖြင့်ကန်ချလိုက်သည်။
မျက်နှာဖုံးစွပ်၏လှုပ်ရှားမှုမှာလည်း အဆိပ်ဘုရ်ုအဖိုးအိုထက်နောက်ကျမနေပေ ။ အဆင်သင့်စုဆောင်းထားသည့်ကျောက်တုံးကြီးများကို တစ်တုံးပြီးတစ်တုံးကောက်မ၍ပစ်ချလိုက်သည်။
“ ဝုန်းး... ဝုန်း... “
မိုးထစ်ချုန်းသကဲ့သို့ တော်လဲသံကြီးများမည်ဟည်းလာပြီး ကျောက်တုံးကြီးများမှာ တောင်စောင်းတစ်လျှောက်အရှိန်ဖြင့်လိမ့်ကျလာသည် ။
သီချင်းအားညည်း၍ စိတ်ပျက်လက်ပျက်ဖြင့်ခရီးဆက်နေသည့်ရှန်းယွင်မှာ ထိတ်လန့်သွားသလို နောက်မြင်းပေါ်မှထင်းရှီသည်လည်း အနည်းငယ်ရင်ထိတ်သွားသည် ။
“ မြင်းပေါ်ကဆင်းပြီးရှောင်လိုက် “
ထင်းရှီမှာ ရှန်းယွင်အား သတိပေးလိုက်သလို သူကိုယ်တိုင်လည်း မြင်းပေါ်မှမြောက်တက်သွား၍ ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်သည် ။
ဝါးသုံးရိုက်အကွာမှတောင်ကမ်းပါးပေါ်တွင် လူရိပ်နှစ်ရိပ်မှာ ကျောက်တုံးကြီးများကိုပစ်ချနေသည်ကိုတွေ့လိုက်ရသည်။
တောင်နံရံမှာ အတော်လေးမက်စောက်နေကာ ပြောင်ချောနေသဖြင့် ထင်းရှီလိုကိုယ်ဖော့ပညာထူးချွန်သူများပင် ခက်ခက်ခဲခဲတက်ရမည်ဖြစ်သည် ။
ထို့အပြင် အပေါ်သို့တက်နေစဉ် ရန်သူ၏အပေါ်စီးမှ တိုက်ခိုက်မှုများကိုလည်းခံရပေလိမ့်မည်။ ထို့ကြောင့် အောက်မှနေ၍ ခုခံရန်သာဆုံးဖြတ်လိုက်သည်။
ထိုကျောက်တုံးကြီးများမှာ သာမန်လူများလိုအခက်တွေ့ကောင်းတွေ့နိုင်သော်လည်း သူနှင့်ရှန်းယွင်လို ကိုယ်ဖော့ပညာထူးချွန်သူများမှာ ကောင်းစွာရှောင်တိမ်းနိုင်စွမ်းရှိသည်။
ထင်းရှီမှာ ကျောက်တုံးများအား ရှောင်တိမ်းနေရင်း အလျှင်အမြန်တွေးတောနေစဉ် တောင်နံရံပေါ်မှ နောက်ထပ် ကျောက်တုံးများမှာ အဆက်မပြက်ကျဆင်းလာသည်။
အချို့ကျောက်တုံးကြီးများမှာ အပေါ်မှကျလာသည့်အရှိန်ကြောင့်လမ်းမပေါ်တွင်နစ်ဝင်သွားသော်လည်းအတော်များများမှာ တစ်ဖက်ချောက်ကမ်းပါးထဲသို့လိမ့်ကျသွားကြသည် ။
ကံဆိုးရှာသည့်မြင်းနှစ်ကောင်မှာမူ ကျောက်တုံးကြီးများကို ရှောင်တိမ်းနိုင်စွမ်းမရှိရှာဘဲ အောက်သို့လိမ့်ကျသွားပြီဖြစ်သည်။
“ အစ်ကိုကြီးထင်း ဘာတွေဖြစ်နေတာလဲ “
ရှန်းယွင်မှ ထင်းရှီ၏အနားသို့ရောက်လာကာ မေးမြန်းလိုက်သည် ။
သူမမှာ မိုးပြိုကျသလို ရုတ်တရက်ကျလာသည့်ကျောက်တုံးများကြောင့်ရုတ်တရက်ထိတ်လန့်သွားသော်လည်း သတ္တိမခေလှသူပီပီ တခဏအတွင်း ပြန်၍တည်ငြိမ်သွားသည်။
“ ဘယ်သူတွေလဲဆိုတာငါလဲမသိသေးဘူး ရန်သူတွေက တောင်နံရံပေါ်မှာ “
ထင်းရှီမှ ရှန်းယွင်၏မေးခွန်းကို ပြန်ဖြေရင်း သူ့ထံသို့ ပြုတ်ကျလာသည့် ကျောက်တုံးကြီးတစ်ခုကို ရှောင်တိမ်းခြင်းမပြုဘဲ ရိုက်ဖယ်လိုက်သည် ။
ကျောက်တုံးကြီးမှာ ပြင်းထန်လှသည့်အတွင်းအားကြောင့် ထင်းရှီ၏ခေါင်းအထက်အတော်ဝေးဝေးသို့လွင့်ထွက်သွားကာ နောက်သို့ပြန်ကျသွားသည် ။
“ သူတို့ဆီမှာ ကျောက်တုံးဘယ်လောက်ရှိသေးလဲကြည့်တာပေါ့။ ကျောက်တုံးတွေကုန်သွားရင်တော့ ကျမတို့အလှည့်ပေါ့ “
ရှန်းယွင်မှ ဒေါသတကြီးပြောလိုက်သည်။ ကျောက်တုံးကြီးများဖြင့် အဆက်မပြက်တိုက်ခိုက်ခံရခြင်းက သူမကို ဒေါသထွက်စေသည် ။
ထင်းရှီမှာမူ စကားတစ်ခွန်းမှမဆိုတော့ဘဲ မျက်မှောင်ကြုတ်၍နေသည် ။ တစ်စုံတစ်ခုမှားယွင်းနေပေသည် ။
သူရရှိခဲ့သည့် အန္တရာယ်အငွေ့အသက်များမှာ ကြီးမားလွန်းကာ ယခုလိုကျောက်တုံးလေးများလှိမ့်ရုံဖြင့် အန္တရာယ်ကြီးကြီးမားမားဟု သက်မှတ်၍မရပေ။
ထိုသို့ဆိုလျှင် သူခံစားမိခဲ့သည့် အန္တရာယ်အငြွေအသက်များမှာ ...
ထင်းရှီမှာ တောင်နံရံပေါ်သို့မော့ကြည့်လိုက်မိသည်။
“ ငါပြောသားပဲ အဲဒီနည်းကနည်းနည်းလေးမှမထိရောက်ပါဘူးဆို “
မျက်နှာဖုံးစွပ်မှ အောက်သို့ငုံ့ကြည့်ကာပြောလိုက်သည်။ သူ၏နည်းအရဆိုလျှင် အစောပိုင်းကပင်အောက်သို့ချက်ချင်းဆက်၍ သူသေကိုယ်သေတိုက်ခိုက်မိပေမည်။
“ နည်းနည်းလေးပဲစိတ်အနှောင့်အယှက်ဖြစ်ဖြစ်ပေါ့ ။ အဟက် ဟိုမှာ ကောင်လေးကသိသွားပြီ “
အဆိပ်ဘုရင်အဖိုးအိုမှ ရယ်မော၍ပြောလိုက်သည် ။ထို့နောက် တောင်အောက်သို့သိမ်းငှက်ကြီးတစ်ကောင်လိုဝဲ၍ခုန်ဆင်းလိုက်သည်။
သူ၏နောက်မှ မျက်နှာဖုံးစွပ်သည်လည်း နောက်ကျန်မနေရစ်ပဲ ချက်ချင်းလိုလိုလိုက်ပါလာသည်။
ရှန်းယွင်မှ ထင်းရှီ၏အကြည့်နောက်သို့လိုက်၍ကြည့်လိုက်ရာ တောင်ကမ်းပါးထက်မှ ခုန်ဆင်းလာသည့်လူနှစ်ယောက်ကိုတွေ့လိုက်သည် ။
လူရိပ်နှစ်ခုမှာ လေထဲတွင်လွင့်မြောလာသလို ပေါ့ပါးစွာကျဆင်းလျက်ရှိသည်။ ဝါးသုံးရိုက်ကျော်ကျော်မြင့်မည့်တောင်နံရံမှာ သူတို့အတွက် အသာအယာပုံစံပင်။
ထိုလူများမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းမည့်လူများဟု ရှန်းယွင်၏မသိစိတ်ကဆိုနေသလို ထိုလူများ၏ကိုယ်ဖော့ပညာကပင် သူမထက်နည်းနည်းလေးမှ နိမ့်ကျဟန်မတူပေ။
“ အစ်ကိုကြီးထင်း သူတို့ကဘယ်သူတွေလဲ “
ရှန်းယွင်မှ ဓားရိုးကိုတင်းတင်းဆုပ်ကာမေးလိုက်သည် ။
“ ရန်သူတွေ ငါတို့အသက်ကိုယူမယ့် ရန်သူတွေ “
ထင်းရှီမှ ခပ်ပြတ်ပြတ်ဖြေကာ မျက်လုံးအစုံမှ ထိုလူများကို အလစ်မပေးပဲစူးစိုက်ကြည့်နေသည် ။ သူ၏မျက်နှာမှာ မကြုံစဖူးတည်ကြည်လျက်ရှိသည်။
“ ရို့ မိတ်ဆွေလေး ငါတို့ပြန်ဆုံကြပြန်ပြီ “
အဆိပ်ဘုရင်အဖိုးအိုမှ အောက်သို့ရောက်ရောက်ချင်း ပြောင်စပ်စပ်ပုံစံဖြင့်ပြောလိုက်သည် ။
“ ရှင်က ဟိုအဖိုးကြီးမလား “
ရှန်းယွင်မှ အဖိုးအိုကို ကြည့်၍အံ့အားသင့်သည့်ဟန်ဖြင့်မေးလိုက်သည်။ သူမထိုအဖိုးအိုကိုမှတ်မိပေသည် ။
ခရမ်းရောင်သွေးလဂိုဏ်းမှ ဘုရင်ငါးပါးအနက် အဆိပ်ဘုရင်အဖိုးအို ။
အထူးသဖြင့် ထင်းရှီနှင့်တိုက်ခိုက်သည့်ညက သူ၏လူနှစ်ယောက်ကိုအသိစိတ်ပျောက်သွားစေသည့်ခရမ်းရောင်အခိုးအငွေ့များကို သူမ ယခုအချိန်အထိ မမေ့နိုင်သေးပေ။
အဆိပ်ဘုရင်အဖိုးအိုမှ ရှန်းယွင်အားလေးစားသည့်ဟန်ဖြင့်ခေါင်းတစ်ချက်ဆက်ပြလိုက်သည် ။
“ မိန်းကလေး မင်းကိုယ့်အိမ်ကိုပြန်ဖို့ကောင်းပြီ။ ဒီပွဲမှာ မင်းဘေးကနေရပ်ကြည့်နေရင် ငါကိုယ်တိုင်မင်းကိုလက်ဖျားနဲ့တောင်မတို့ပါဘူးလို့ ကတိပေးတယ် “
အဆိပ်ဘုရင်၏စကားကြောင့် ထင်းရှီမှာ မျက်ခုံးပင့်မိသွားသည်။
အဆိပ်ဘုရင်၏စကားမှာ လိမ်ညာနေဟန်မတူပေ။ သူ၏ပုံစံမှာ ရှန်းယွင်အားကြောက်ရွံ့နေဟန်ရသည်။ အထူးသဖြင့် ရှန်းယွင်၏နောက်ခံကိုဖြစ်သည်။
“ ကျမဘေးထွက်နေဖို့ဆိုတာ နည်းနည်းလေးမှ စဉ်းစားနဲ့ “
ရှန်းယွင်မှ သူမ၏ဓားကိုဆွဲထုတ်ကာပြောလိုက်သည်။
သူမ၏အပြုအမူကြောင့် ထင်းရှီ၏ရင်ထဲ၌နွေးထွေးသွားမိသည်။ သို့သော် ထိုလူနှစ်ယောက်လုံးမှာ သူမယှဉ်ပြိုင်နိုင်သူများမဟုတ်ပေ။
“ သူ့ရဲ့စကားမှန်တယ် မင်းဘေးထွက်နေသင့်တယ် “
ထင်းရှီမှ အလေးအနက်ပုံစံဖြင့်ပြောလိုက်သည်။
ရှန်းယွင်မှာ ထင်းရှီ၏စကားကြောင့် ခံစားသွားရပုံပေါ်ကာ သူမ၏နှူတ်ခမ်းလေးအား ကိုက်ကာပြောလိုက်သည်။
“ အစ်ကိုကြီးထင်း ကျမကိုဘေးဖယ်ထားရင် ကျမဟိုကချောက်ကြီးထဲကို ခုန်ချလိုက်မှာ “
ရှန်းယွင်၏ဇွတ်တရွတ်စကားကြောင့် ထင်းရှီလည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ထို့နောက် အဆိပ်ဘုရင်မှ ထင်းရှီအားမျက်စိမှေး၍ကြည့်လိုက်သည်။
“ မိတ်ဆွေလေး ငါ ဟိုအဖိုးကြီးကို ကြောက်ပေမယ့် ဒီတစ်ခါတော့ ငါမင်းရဲ့အသက်ကိုယူရတော့မယ် “
အဆိပ်ဘုရင်မှ နွေးထွေးသည့်လေသံဖြင့်ပြောလိုက်သည်။ သို့သော် သူ၏စကားအကြောင်းအရာမှာ ကြောက်မက်ဖွယ်ကောင်းလှသည် ။
ထို့နောက် ယဉ်ကျေးသည့်ဟန်ဖြင့် မျက်နှာဖုံးစွပ်အား ညွန်ပြကာ ပြောလိုက်သည်။
“ ဟိုကပုဂ္ဂိုလ်က ခရမ်းရောင်သွေးလဂိုဏ်းက “
“ ခင်ဗျားစကားတွေများမနေပါနဲ့ ကျုပ်ရဲ့အသက်ကိုလိုချင်တယ်မလား ။ တိုက်ခိုက်ကြတာပေါ့ “
ထင်းရှီမှ အဆိပ်ဘုရင်၏စကားမဆုံးမီဖြတ်ပြောလိုက်သည်။ ထို့နောက် သူ၏နောက်ကျောမှဓားကို ဖြေးညင်းစွာဆွဲထုတ်လိုက်သည် ။
ရောက်စထဲက စကားမပြောဘဲ တိတ်ဆိတ်စွာရပ်နေသည့်မျက်နှာဖုံးစွပ်မှာ ထင်းရှီ၏ဓားထုတ်ပုံကိုကြည့်ကာ မျက်လုံးများအရောင်တောက်သွားသည်။