← Chapters

သရဲမြို့စားကြီး

Vol. 3 Ch. 209

သရဲမြို့စားကြီး

Vol. 3 Ch. 209

“ ဝှစ် “

ထင်းရှီ၏ခန္တာကိုယ်မှာ ဝေဝါးသွားပြီး ရှေ့သို့တရှိန်ထိုးပြေးဝင်သွားကာ မျက်နှာဖုံးနှင့်လူကို ခုတ်ပိုင်းလိုက်သည်။

မျက်နှာဖုံးနှင့်လူမှာ ထင်းရှီ၏လျှင်မြန်လှသည့်ကိုယ်ဖော့ပညာကြောင့် အနည်းငယ်အံ့အားသင့်သွားမိသော်လည်း ချက်ချင်းပင်ပြန်၍ခုခံလိုက်သည်။

သူ၏နောက်ကျောမှဓားမှာ မျက်လှည့်ပြလိုက်သလို ထိုလူ၏လက်ထဲသို့ရောက်ရှိလာကာ ထင်းရှီ၏ဓားကို ခံဆောင်ပေးလိုက်သည်။

“ ထန်း..... “

ကျယ်လောက်သည့်အသံနှင့်အတူ ဓားနှစ်ချောင်းတွေ့ဆုံရာ မီးပွားလေးများပင်ထွက်လာသည်ဟုဖင်လိုက်ရသည်။

ထင်းရှီ၏ဓားကိုင်လက်တစ်ခုလုံးကျင်တက်သွားကာ နောက်သို့ခြေသုံးလှမ်းခန့်ဆုတ်ပေးလိုက်ရသည်။

ထင်းရှီ၏မျက်လုံးများကျဉ်းမြောင်းသွားကာ ပို၍သတိထားလာသည်။ စံအိမ်သခင်နှင့်ရင်ဆိုင်ရာတွင်ပင် ယခုလိုနောက်ဆုတ်မပေးရပေ။

မျက်နှာဖုံးစွပ်သည်လည်း နောက်သို့ဆုပ်ပေးလိုက်ရသည်။ သို့သော် တစ်ဖက်လူ၏အတွင်းအားမှာ သူ့ထက်ပို၍သာလွန်သည်။

အကယ်၍ ထင်းရှီသာ အဝေးမှအရှိန်ဖြင့်ခုတ်ပိုင်းခြင်းမပြု‌ပါက လွင့်ထွက်သွားရမည့်လူမှာ သူကိုယ်တိုင်ဖြစ်ပေမည်။

ထင်းရှီ၏ဓားပညာမှာ လွန်စွာထက်မြက်သော်လည်း တစ်ဖက်လူမှာ သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်သည်။

သိုင်းဝိဇ္ဇာတစ်ယောက်၏ နှစ်ပေါင်းများစွာကျင့်လာသည့်အတွင်းအားမှာ ဟာသတစ်ခုမဟုတ်ပေ။ ထင်းရှီမှာ ကိုယ်ဖော့ပညာ၊ ဓားပညာများတွင်ပခုံးချင်းယှဉ်နိုင်သော်လည်း အတွင်းအားအရာတွင်သိုင်းဝိဇ္ဇာများကို လုံးဝမမီသေးပေ။

မျက်နှာဖုံးစွပ်မှာ ထင်းရှီ၏ဓားချက်အပြီးတွင် စိတ်ဓာတ်တက်ကြွလာပုံရသည်။ ထို့နောက် ဆိုးရွားသည့်အသံဖြင့်တဟီးဟီးအော်ဟစ်ရယ်မောကာ ထင်းရှီထံသို့ တိုးဝင်လာသည်။

ထိုလူ၏လက်ထဲမှဓားသည်လည်း အဖြူရောင်အလင်းများတလက်လက်တောက်ပနေကာ ထင်းရှီ၏သေကွင်းသေကွက်နေရာများသို့ တုံ့ဆိုင်းခြင်းမရှိထိုးစိုက်နေသည်။

ထို့အပြင် ကိုယ်ဖော့ပညာတွင် ထိုလူမှာ ထင်းရှီကိုမယှဉ်နိုင်သော်ငြားလည်း သူ၏ခန္တာကိုယ်မှာ ဟိုမှသည်သို့ လျှင်မြန်စွာရွေ့လျား၍တိုက်ခိုက်နေသည်။

သူ၏ဓားပညာမှာ ဆန်းကြယ်ကာ လွန်စွာမှလည်းရက်စက်လေသည် ။ယခုအချိန်အထိ ထင်းရှီမှ တစ်ဖက်၏တိုက်ကွက်များကို လေ့လာနေရင်းခံစစ်ဖြင့်တိုက်ခိုက်နေရသည်။

“ သရဲငိုဓားသိုင်းလား “

ထင်းရှီမှ တီးတိုးရေရွတ်လိုက်မိသည်။ ထိုကဲ့သို့တိုက်ခိုက်တတ်ပုံမှာ သိုင်းလောကမှ ပျောက်ကွယ်သွားသည့် သရဲမြို့စားကြီးတစ်ယောက်သာရှိသည်။

“ ဟီး ဟီး ကောင်လေး မင်းကဗဟုသုတရှိသားပဲ အဲဒီတော့ သေလိုက်တော့ “

မျက်နှာဖုံးစွပ်မှ တိုက်ခိုက်နေရင်းရယ်မောလိုက်သည်။ အပြင်းအထန်တိုက်ခိုက်နေခြင်းဖြစ်သော်လည်း သူ၏လေသံမှာ ပုံမှန်ပင်ဖြစ်သည်

သိုင်းလောကတွင် သရဲငိုဓားသိုင်းဟုပြောလိုက်လျှင် သရဲမြို့စားကြီးကိုပြေးမြင်မည်ဖြစ်သလို သရဲမြို့စားကြီးဟုဆိုလျှင်လည်း သူ၏ဆန်းကြယ်သည့် သရဲငိုဓားကွက်များကို တစ်ဆက်တည်းတွဲမြင်မိပေမည်။

သရဲမြို့စားကြီးမှာ လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကျော်ကပျောက်ကွယ်သွားခဲ့သည့်အဆင့်လွန်ဓားသမားတစ်ဦးဖြစ်ကာ သူ၏ဆန်းကြယ်သည့်ဓားပညာထက် ရက်စက်မှုဂုဏ်သတင်းမှာ ပို၍ကျော်ကြားသည်။

ထို့ကြောင့်လည်း သိုင်းလောကမှပျောက်ကွယ်သွားပြီဖြစ်သည့် မြစိမ်းရောင်ဓားသမားမှတစ်ဦးချင်းစိန်ခေါ်တိုက်ခိုက်ကာ ထိုတိုက်ပွဲအပြီးတွင် သူရဲငိုဓားသမား သေဆုံးသွားပြီဟူသည့်သတင်းထွက်ပေါ်လာသည်။

ယခုမူ သရဲငိုဓားသမားမှာ သေဆုံးခြင်းမရှိဘဲ သိုင်းပညာများစွာတိုးတက်လာကာ ခရမ်းရောင်သွေးလဂိုဏ်း၏ ဘုရင်တစ်ပါးပင်ဖြစ်နေသေးသည်။

ထိုမျက်နှာဖုံးစွပ်သာ သရဲငိုဓားသမားအစစ်ဆိုပါက .... ထင်းရှီမှာ နှူတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။

“ ကျုပ်ကြားဖူးတာက သရဲမျက်နှာလောင်စိန်က အတော်လေးရုပ်ဆိုးသတဲ့ ။ ခင်ဗျားက ရှက်လို့မျက်နှာဖုံးစွပ်ထားတာလား “

ထင်းရှီမှ သရဲမြို့စားကြီး၏အညှာကိုကိုင်လိုက်သည်။

သရဲမြို့စားကြီး၏အမည်ရင်းမှာ သရဲမျက်နှာလောင်စိန်‌ဖြစ်ကာ သူ၏ရုပ်ရည်အမှန်မှာ လွန်စွာဆိုးရွားသည်ဟု သတင်းကြီးသည် ။

သူကိုယ်တိုင်မှ ထိုနာမည်အား လွန်စွာစက်ဆုပ်ကာ သရဲမြို့စားကြီးဟုသာ သူ့ကိုယ့်သူသတ်မှတ်သည်။

သိုင်းလောကထဲမှ သူ၏ရက်စက်မှုများသည်လည်ယ ထိုနာမည်အားအစပြုရာမှ ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းများကြောင့် နာမည်ကြီးခဲ့ခြင်းဖြစ်ပေသည်။

ထင်းရှီ၏စကားမှာ အနာပေါ်တုတ်ကျဖြစ်သွားကာ သရဲမြို့စားကြီးမှာ ရှူးရှူးရှားရှားဖြစ်သွားသည်။

တိုက်ခိုက်နေသည့်လူတစ်ယောက်တွင် စိတ်လှုပ်ရှားကာ ဒေါသကြီးသည့်ခံစားချက်မှာ များစွာဆိုးရွားလှသည် ။

ဒေါသကြောင့် ဆင်ကန်းတောတိုးဖြစ်သွားနိုင်သည်။ စဉ်းစားဆင်ခြင်ဉာဏ်နည်းပါးလာကာ ကမူးရှူးထိုးဖြစ်စေသည်။

ထိုအချက်ကိုသရဲမြို့စားကြီးမှာ ကောင်းစွာသိထားသော်လည်း ထင်းရှီ၏စကားကြောင့် များစွာဒေါသထွက်လာကာ ပို၍ပြင်းထန်စွာတိုက်ခိုက်လိုက်သည်။

ထင်းရှီ၏ဓားကွက်များမှာ ပေါ့ပါးနှေးကွေးဟန်သော်လည်း သရဲမြို့စားကြီး၏ဓားသိုင်းကို ကောင်းစွာကာကွယ်နိုင်သည် ။

ထို့အပြင်အတွင်းအားလည်း များစွာကုန်ဆုံးခြင်းမရှိလှပေ။

ထင်းရှီမှာ သရဲမြို့စားကြီး၏ပို၍ပြင်းထန်လာသည့်ဓားကွက်များကြောင့် အနည်းငယ်အလုပ်များသွားသော်လည်း ကောင်းစွာကာကွယ်နိုင်သေးသည်။

သရဲမြို့စားကြီးမှာလည်း အစောပိုင်းက ထင်းရှီနှင့်တိုက်ခိုက်ရသည်မှာ လက်ရည်တူပြိုင်ဘက်ဖြစ်နေ၍ ပျော်ရွှင်သော်လည်း ထင်းရှီမှသူ့ကိုရန်စပြီးနောက်တွင် ဒေါသတကြီးဖြစ်လာသည်။

ထို့နောက် ယခင်ကထက်ပို၍ပြင်းထန်စွာတိုက်ခိုက်ပေသည်။ သို့သော် ထင်းရှီမှာ ကောင်းစွာကာကွယ်နိုင်သေးသဖြင့် သူ၏ဒေါသများပို၍တိုးပွားလာသည်။

သူ၏ရန်စသည့်စကားမှာ ထိရောက်သည်ကိုသိသည်နှင့် ထင်းရှီမှာ နောက်ထပ်တိုက်ကွက်တစ်ခုကို ထပ်မံပစ်သွင်းလိုက်ပြန်သည် ။

“ သရဲမျက်နှာ မဟုတ်မှ လွဲရော ခင်ဗျားမျက်နှာဖုံးစွပ်ထားတာ ခင်ဗျားရဲ့ညာနားရွက်ကြောင့်လား “

ထင်းရှ၏စကားကြောင့် သရဲမြို့စားကြီး၏ဓားမှာ တစ်ချက်တုန်ခါသွားသည်။

ထို့နောက် နောက်ဘက်ဝါးနှစ်ရိုက်အကွာသို့ဆုတ်လိုက်ကာ ထင်းရှီအား တဆက်ဆက်တုန်နေသည့် လက်ညှိုးဖြင့်ထိုး၍မေးလိုကိသည်။

“ မင်း .. မင်းဘယ်လိုလုပ်သိနေတာလဲ “

သူ၏လေသံမှာ အံ့ဩတုန်လှုပ်နေပုံရသည်။

ထင်းရှီမှာ သရဲမြို့စားကြီး၏တိုက်ခိုက်မှုများရပ်တန့်သွားသောကြောင့် ရှန်းယွင်တို့၏တိုက်ပွဲအား တစ်ချက်အကဲခပ်လိုက်သည်။

ရှန်းယွင်မှာ ဓားတိုလေးနှင့်ဓားရှည်နှစ်လက်လုံးကို ကိုင်ကာ အရိပ်မဲ့ဓားနှစ်လက်သိုင်းဖြင့်အစွမ်းကုန်တိုက်ခိုက်နေသော်လည်း အဆိပ်ဘုရင်၏အင်္ကျီစကိုပင်မထိပေ။

အဆိပ်ဘုရင်အဖိုးအိုမှ ရှန်းယွင်အားလက်ဗလာဖြင့်တိုက်ခိုက်နေခြင်းဖြစ်ကာ ရှန်းယွင်၏ကြောက်မက်ဖွယ်ကောင်းသည့်ဓားနှစ်လက်မှာ အဖိုးအို၏အားအင်ပြင်းထန်လှသည့် လက်ဝါးရိုက်ချက်များကို ကျော်လွန်နိုင်ခြင်းမရှိပေ။

အဆိပ်ဘုရင်မှ ထင်းရှီနှင့်တိုက်ခိုက်စဉ်ကသုံးခဲ့သည့် အရိုးဖြူ‌လက်ချောင်းသိုင်းဟူသည့်အဆိပ်သိုင်းကိုပင် အသုံးပြုခြင်းမရှိပေ။

သူ၏တိုက်ခိုက်မှုများမှာလည်း ရှန်းယွင်ကို သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်မရှိဘဲ အမိဖမ်းရန်သာဦးတည်နေပေသည်။

ရှန်းယွင်မှာ သူမ၏အရိပ်ခြေလှမ်းကိုယ်ဖော့ပညာကြောင့်သာ ယခုအချိန်အထိတောင့်ခံနိုင်ခြင်းဖြစ်သည် ။

သို့မဟုတ်ပါက အဆိပ်ဘုရင်၏လက်ချက်ဖြင့် အကြောပိတ်ခံရနိုင်သည်။

ထင်းရှီမှာ အဆိပ်ဘုရင်မှ ရှန်းယွင်ကို သတ်ဖြတ်မည်မဟုတ်မှန်းကိုသိရှိထားသည်။ ထို့ကြောင့်ပင် မျက်နှာဖုံးစွပ်လူကို ဦးစွာတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

မျက်နှာဖုံးစွပ်လူသည်လည်း ရှန်းယွင်အားသတ်ဖြတ်ရန်ရည်ရွယ်ချက်မရှိနိုင်သော်လည်း ထိုလူမှာ ရက်စက်ကြမ်းကြုတ်သည့်အငွေ့အသက်များပြည့်နှက်နေသည့်အတွက် ထိုလူ့ကိုတိုက်ခိုက်ရခြင်းပင်။

ထင်းရှီမှာ တစ်ဦးချင်းတိုက်ခိုက်ရပြီး အစွမ်းကုန်အသုံးပြုပါက မည်သည့်လူကိုပင်ဖြစ်စေ သိုင်းကွက်သုံးရာမပြည့်မီ အနိုင်ယူနိုင်စွမ်းရှိသည် ။

သို့သော် ထိုနှစ်ယောက်ပူးပေါင်းတိုက်ခိုက်လျှင်ကား အရှုံးဖြင့်ရင်ဆိုင်ရနိုင်သည်။

သူ၏ဘက်မှ ရှန်းယွင်ဝင်ရောက်ကူညီလျှင်လည်း အကူအညီအနည်းငယ်သာဖြစ်ထွန်းပေမည်။ ထိုအစားသူမအားကာကွယ်နေရသည့်အတွက် ပို၍မြန်မြန်ရှုံးနိမ့်သွားပေမည်။

ထို့ကြောင့် ထိုလူနှစ်ယောက်ထွက်ပေါ်လာသည့်အချိန်မှစ၍ အကွက်ချကာ နှစ်ယောက်သားပူးပေါင်းမတိုက်မီ တစ်ယောက်ချင်းစီခွဲ၍ရင်ဆိုင်မည်ဖြစ်သည်။

ရှန်းယွင်သည်လည်း အဆိပ်ဘုရင်အား အချိန်အတော်ကြာခုခံနိုင်ပေသည်။ ထို့ကြောင့် ထိုအချိန်အတော်အတွင် သရဲမြိူ့စားကြီးအား အပြတ်ဖြတ်နိုင်ရန်လိုအပ်သည် ။

ထို့ကြောင့်လည်း တိုက်ပွဲစသည်မှစ၍ အစွမ်းကုန်အသုံးမပြုဘဲ လက်ရည်တူသာခုခံနေကာ အကွက်ကောင်းရောက်မှ တစ်ချက်တည်းဖြင့် ပွဲသိမ်းလိုက်ရပေမည်။

ထင်းရှီလည်း မျက်စေ့တမှိတ်အတွင်းအတွေးများစွာခွဲဖြာသွားကာ သရဲမြို့စားကြီး၏ဘက်သို့လှည့်လိုက်သည်။

ထို့နောက် သရဲမြို့စားကြီး၏မေးခွန်းကို စကားတစ်ခွန်းမှမဆိုဘဲ ပခုံးတွန့်ပြလိုက်သည်။

ထင်းရှီ၏မခိုးမခန့်ဟန်ပန်ကြောင့် သရဲမြို့စားကြီးမှာ ဒေါသထွက်လွန်း၍ သွေးအန်တော့မည်ကဲ့သို့ပင်ဖြစ်သွားလေသည် ။

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသည့်လေသံဖြင့် ထပ်၍မေးလိုက်သည်။

“ ငါ မင်း ကို မေး နေတယ် ။ အဲဒီအကြောင်းကို ဘယ်ကသိတာလဲ “

သူ၏လေသံမှာ အရိုးထဲမှအေးစိမ့်နေကာ သိပ်သည်းလှသည့်သတ်ဖြတ်ချင်စိတ်တို့ဖြင့်ပြည့်နေသည်။

သူ၏လက်တစ်ဖက်သည်လည်း အပေါ်သို့မြောက်လိုက်ကာ မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။

All Chapters