ဆုတ်ခွာထွက်ပြေးခြင်း
Vol. 3 Ch. 211
ရှန်းယွင်မှာ လက်နက်ပုန်းများကို များစွာအမှူမထားသော်လည်း အဆိပ်ပြင်းမြွေများဖြစ်၍ အနည်းငယ်ထိန်လန့်သွားကာ သူ၏ဓားကိုဝေ့ယမ်း၍ခုတ်ပိုင်းလိုက်သည်။
“ ရွှပ် “
ဓားတစ်ချက်နှင့်ပင် မြွေနှစ်ကောင်မှာ ထက်ပိုင်းပြတ်သွားသည်။ သို့သော် မြွေများ၏ခန္တာကိုယ်များမှာ သူ့ထံသို့ဆက်၍လွင့်လာသဖြင့် ရှန်းယွင်လည်း အလျှင်အမြန်ရှောင်တိမ်းလိုက်ရသည်။
ပြင်းထန်သည့်တိုက်ပွဲတစ်ခုကိုတိုက်ခိုက်နေစဉ် တစ်စုံတစ်ခုအား အလွန်အမင်းအာရုံစိုက်မှူများကာ ပြိုင်ဘက်ကိုအနည်းငယ်မေ့လျော့သည်မှာ သေလမ်းရှာသည့်အပြုအမူပင်ဖြစ်သည်။
ယခုလည်းရှန်းယွင်မှာ မြွေများကိုများစွာအာရုံစိုက်မှုများပြားသဖြင့် သူမ၏အကြီးမားဆုံးအန္တရာယ်ကြီးကိုမေ့လျော့နေမိသည် ။
ထိုအဖိုးအိုမှာ မြွေအကောင်တစ်ထောင်ထက်ပင်ပို၍အန္တရာယ်များသေးသည်။
ရှန်းယွင်မှာ ထိုအဖြစ်ကိုသတိပြုလိုက်မိသည့်အချိန်တွင် အနည်းငယ်နောက်ကျသွားပြီဖြစ်သည်။
သူမ၏ဘေးဘက်သို့ရောက်ရှိလာသည့်အရိပ်တစ်ခုကိုသတိပြုလိုက်မိကာ မနှစ်မြို့ဖွယ်ရယ်သံကြီးကိုကြားလိုက်ရပြီးနောက် သူမ၏တစ်ကိုယ်လုံးလှုပ်ရှားမရတော့ဘဲ တောင့်တင်း၍သွားသည်။
“ ဟီး ဟီး ကောင်မလေး မင်းနောက်ထပ်ဆယ့်နှစ်နာရီကြာမှလှုပ်ရှားနိုင်မှာ ။ လောလောဆယ်ဟိုကောင်လေးကိုသတ်တာကို ရပ်ကြည့်နေလိုက်ဦး “
အဆိပ်ဘုရင်မှ ဆိုးရွားသည့်လေသံဖြင့်ပြောကာ ထင်းရှီတို့၏တိုက်ပွဲအနီးသို့ ချဉ်းကပ်သွားလေသည်။
ထင်းရှီမှာမူ အဆိပ်ဘုရင့်မှ သူတို့၏တိုက်ပွဲဆီသို့ဦးတည်လာနေသည်ကိုတွေ့သည်နှင့် သူ၏စိတ်ထဲတွင် ညည်းညူလိုက်မိသည်။
သရဲမြို့စားကြီးမှာလည်း ထင်းရှီ၏အစစ်အမှန်ခွန်အားကို သိရှိသွားသည်နှင့် တိုက်စစ်လုံးဝမဆင်တော့ဘဲ သူ့ကိုယ်သူလုံခြုံအောင်သာပြုလုပ်နေသည် ။
သရဲမြို့စားကြီးမှာ ရက်စက်ကာ ဒေါသကြီးသည့်လူဖြစ်သော်လည်း အရူးတစ်ယောက်မဟုတ်ပေ။
ထို့ကြောင့် အစောပိုင်းက အဆိပ်ဘုရင်သာဓားပျံပစ်လွတ်ကူညီခြင်းမရှိပါက ထင်းရှီ၏လက်ချက်ဖြင့်သူ၏ညာဘက်လက်ပြက်သွားနိုင်သည်ကို သတိပြုမိသည်။
ထိုဖြစ်ရပ်အပြီးတွင် သတိကြီးစွာထား၍ ခံစစ်ကိုအားပြုတိုက်ခိုက်နေသည့်အတွက် ထင်းရှီမှာ သရဲမြို့စားကြီးကို အချိန်တိုအတွင်းအနိုင်မရဘဲဖြစ်နေသည် ။
ယခုသရဲမြို့စားကြီးလိုပင် အန္တရာယ်ပေးနိုင်သည့်အဆိပ်ဘုရင်ရောက်လာပြီဖြစ်သည် ။
အဆိပ်ဘုရင်မှာ တိုက်ပွဲအခြေအနေအား အကဲခပ်ပြီးသည်နှင့် ချက်ခြင်းလိုလိုထင်းရှီအားဝင်ရောက်တိုက်ခိုက်လိုက်သည်။
ယခင်တစ်ကြိမ်ထင်းရှီနှင့်ဆုံတွေ့စဉ်က ထင်းရှီ၏ပျော့ပြောင်းသည့်ဓားသိုင်းကိုသာတွေ့မြင်ဖူးကာ ယခုအချိန်တွင်မူ ထင်းရှီ၏ဓားကွက်များမှာ ပျော့ပြောင်းခြင်းတစ်လှည့်ကြမ်းတမ်းခြင်းတစ်လှည့်ဖြစ်နေကာ တစ်ခါတစ်ရံ လွန်စွာမြန်ဆန်သွားလေသည်။
အကယ်၍ သူတို့တစ်ယောက်ချင်းသာထင်းရှီနှင့်တိုက်ခိုက်ရပါက သိုင်းကွက်နှစ်ရာမကျော်နိုင်သည်ကို ရိပ်စားမိသည် ။
ထို့ကြောင့်လည်း သူ၏ကြောက်မက်ဖွယ်အကောင်းဆုံးပညာရပ်ဖြစ်သည့် အရိုးဖြူလက်ချောင်းများနှင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။
ထင်းရှီမှာ ယခင်တစ်ကြမ်တိုက်ခိုက်စဉ်က အဆိပ်ဘုရင်၏အရိုးဖြူလက်ချောင်းများကိုကောင်းစွာလေ့လာခွင့်မရလိုက်သော်လည်းယခုအခါထိုသိုင်းပညာမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိနေပြီဖြစ်သည် ။
အရိုးဖြူလက်ချောင်းသိုင်းမှာ စစ်မှန်သည့်အောက်လမ်းသိုင်းပညာဖြစ်ကာ ထိုလက်ချောင်းကိုယ်တိုင်ကပင် လွန်စွာပြင်းထန်သည့်အဆိပ်များရှိနေသည် ။
အကယ်၍ ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးဦးသာ ထိုလက်ချောင်းများနှင့် အနည်းငယ်ခြစ်မိမည်ဆိုပါက တုံးခနဲလဲကျသေဆုံးသွားနိုင်ပေသည်။
ထို့ကြောင့် ထင်းရှီလည်း သူ၏ဓားသိုင်းကိုထိမ်ချန်မထားရဲတော့ဘဲ အစွမ်းကုန်အသုံးချကာ တိုက်ခိုက်နေရသည်။
ထိုတိုက်ပွဲမှာ သာမန်တိုက်ခိုက်မှုမျိုးမဟုတ်ဘဲ အသက်လုတိုက်ပွဲဖြစ်သည်ကိုလည်း သူတို့ကောင်းစွာသိထားသည်။
အနိုင်ရလျှင်အသက်ရှင်မည်။ ရှုံးနိမ့်သူကား အသက်ပေးရပေမည် ။
ထို့ကြောင့် သူတို့၏တိုက်ခိုက်မှုများမှာ လွန်စွာပြင်းထန်လျက်ပတ်းဝန်းကျင်တစ်ခုလုံး ဗြောင်းဆန်နေပေသည် ။
ထင်းရှီ၏တိုက်ခိုက်မှုများမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းကာ သူ၏ဓားသိုင်းမှာ လက်ဖျားခါ၍ ချီးကျူးဖွယ်ဖြစ်သော်လည်း အနိုင်ရရန်မဆိုထားနှင့် သရေကျရန်ပင်မလွယ်ကူလှပေ။
သူနှင့်တိုက်ခိုက်နေသူများမှာ သိုင်းဝိဇ္ဇာနှစ်ယောက်ဖြစ်နေသည့်အပြင် လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်သိုင်းပညာများလည်း ပိုင်ဆိုင်ကြသေးသည်။
အဆိပ်ဘုရင်တို့နှစ်ယောက်မှာမူ တိုက်ပွဲအခြေအနေအားထိမ်းချုပ်ထားကာ ထင်းရှီအား အားအင်ကုန်ခမ်းရန်သာဦးတည်နေကြသည် ။
သူတို့အစွမ်းကုန်အသုံးချလျှင် ထင်းရှီအားသတ်ဖြတ်နိုင်သော်လည်း သူတို့ကိုယ်တိုင်လည်း ကြီးမားသည့်ပေးဆပ်မှုများကို ပေးဆပ်ရနိုင်သည်။
ထို့ကြောင့် တတ်နိုင်သလောက်အထိအခိုက်နည်းစွာဖြင့် ထင်းရှီအားသတ်ဖြတ်ရန်ကြိုးပမ်းနေကြခြင်းဖြစ်သည် ။
ထင်းရှီမှာ အဆိပ်ဘုရင်၏လက်ချောင်းများကို အလေးအနက်ထားနေရသလို နေရာစုံမှပြောင်းလဲတိုက်ခိုက်နေသည့် သရဲဘုရင်၏ဓားကိုလည်း ဂရုစိုက်နေရသေးသည်။
ထိုအခြေအနေမျိုးတွင်သူ၏သုံးရာသီဓားသိုင်းမှာကောင်းစွာအစွမ်းမပြနိုင်တော့ပေ။ သူ၏ဓားကွင်များကိုလည်း တစ်ဖက်လူနှစ်ယောက်မှကောင်းစွာကာကွယ်နိုင်သည် ။
ထိုပုံစံအတိုင်းဆက်သွားပါက ထင်းရှီမှာ အင်အားကုန်ခမ်းကာ ထိုနှစ်ယောက်၏လက်ချက်ဖြင့် အသက်သေဆုံးသွားနိုင်သည်။
ထင်းရှီလည်း အံကိုတင်းတင်းကြိတ်ကာ အခွင့်အရေးရသည်နှင့် ရှန်းယွင်အားခေါ်ကာ ထွက်ပြေးရန်ဆုံးဖြတ်လိုက်သည်။
ထိုလူများမှာ ရှန်းယွင်အားသတ်ဖြတ်လိုဟန်မတူသော်လည်း သူသာလွတ်မြောက်သွားပါက ရှန်းယွင်၏ကံကြမ္မာမှာ မည်သို့ရှိမည်ကို မသိပေ။
အကယ်၍ သူ၏ကိုယ်ဖော့ပညာကိုအစွမ်းကုန်အသုံးချ၍ထွက်ပြေးပါက ထိုနှစ်ယောက်မှာ သူ့ကိုလိုက်မီနိုင်မည်ဟု သူမယုံကြည်ပေ။
ထင်းရှီလည်း ခြေတစ်ချက်ဆောင့်ကာ လေပေါ်သို့ခုန်တက်၍ သူ၏ဓားကိုလျှင်မြန်စွာဝေ့ယမ်းလိုက်သည်။
ဓားအရိပ်များမှာ ကောင်းကင်တစ်ခုလုံးပြည့်လုမတတ်ထွက်ပေါ်လာကာ ထိုဓားရိပ်များမှာ ဓားကြီးတစ်ခုအဖြစ်ပြောင်းလဲသွားကာ သရဲဘုရင်နှင့်အဆိပ်ဘုရင်ထံသို့ တိုးဝင်သွားသည်။
“ ဝုန်း… “
ကျယ်လောင်သည့်အသံကြီးနှင့်အတူ ဖုန်များတလိမ့်လိမ့်တက်လာသည် ။
ထိုတိုက်ခိုက်မှူမှာ ထင်းရှီမှအားကုန်ထည့်သွင်းထားသဖြင့် လွန်စွာပြင်းထန်လှသည်။
“ အဟွတ် အဟွတ် “
ဖုံမှုန့်များကြားမှ လူနှစ်ယောက်ထွက်ပေါ်လာသည်။
သရဲဘုရင်မှ အကောင်းဆုံးခုခံလိုက်သော်လည်း နဂိုကပင်အင်အားလျော့နည်းနေသည့်အတွက်သွေးတစ်ပွတ်အန်ထုတ်ရမလိုပင်ဖြစ်သွားသည်။။
လည်ချောင်းတွင်ဆန်တက်လာသည့်သွေးကိုကြိတ်မှိတ်မြိုချလိုက်ရသည့်အတွက် သူ၏နှူတ်ခမ်းထောင့်စွန်းမှသွေးများစီးကျလာသည် ။
အဆိပ်ဘုရင်လည်း သရဲဘုရင်နှင့်အခြေအနေမကွာလှပေ။ ထင်းရှီ၏ဓားလှိုင်းကြောင့်သူ၏ဝတ်စုံမှာ ရင်ဘက်နေရာတွင်တစ်ထွာကျော်ကျော်ပြဲသွားကာ ဖုံအလိမ်းလိမ်းစုတ်ပြတ်နေသည် ။
ယခင်က သူ၏ကောင်းမွန်သည့်ပုံသဏ္ဍာန်မှာ ယခုအခါသူတောင်းစားတစ်ဦးနှင့်မခြားတော့ပေ။
အဆိပ်ဘုရင်မှာ သူ၏အသွင်ကိုများစွာဂရုမစိုက်နိုင်ပေ။ သူ၏မျက်လုံးများကနေရာအနှံ့ပြေးလွှားသွားကာ အသည်းအသန်အော်ဟစ်လိုက်သည်။
“ သူ့ကိုထွက်မပြေးစေနဲ့ “
သူတို့၏စကားမှာ နောက်ကျသွားသည်။ အကြောပိတ်ခံထားရသည့် ရှန်းယွင်မှာ သူ၏နေရာတွင်မရှိတော့ပေ။
သူတို့နှင့်ဝါးသုံးရိုက်အကွာတွင် မီးခိုးတန်းတစ်ခုလိုပြေးလွှားနေသည့်ပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။
သူ၏ပခုံးပေါ်တွင် ရှန်းယွင်ကိုထမ်းထားသည် ။
သရဲဘုရင်နှင့်အဆိပ်ဘုရင်မှာ ပြိုင်တူပင်ထင်းရှီ၏နောက်သို့ ပြေးလိုက်သွားကြသည် ။
သိုင်းဝိဇ္ဇာအဆင့်များဖြစ်၍သူတို့၏ကိုယ်ဖော့ပညာမှာ ကောင်းမွန်လှသော်လည်း လူတစ်ယောက်ကိုသယ်ဆောင်၍ပြေးနေသည့်ထင်းရှီကိုလိုက်မမှီနိုင်သေးပေ။
အဆိပ်ဘုရင်၏မျက်နှာထက်တွင် ဝေခွဲမရသည့်ဟန်ပန်တစ်ခုထွက်ပေါ်လာသည်။
ထို့နောက် တစ်စုံတစ်ခုအားဆုံးဖြတ်လိုက်ကာ အံကိုတင်းတင်းကြိတ်၍သူ၏လက်ကိုလျှင်မြန်စွာလှုပ်ယမ်းလိုက်သည်။
အဖြူရောင်အလင်းတန်းများစွာမှာ ထင်းရှီ၏ခန္တာကိုယ်အစိတ်အပိုင်းအသီးသီးထံသို့ဝဲပျံလာသည်။
ဓားပျံနှစ်ချောင်းသည်လည်း ထင်းရှီထံသို့ထပ်မံဦးတည်းလာသည်။
ထိုအလင်းတန်းများမှာ အဆိပ်ဘုရင်အားထားကသည့် လက်နက်ပုန်းလေးများဖြစ်ကာ အပ်ချောင်းတစ်ခုချင်းစီတွင် သူကိုယ်တိုင်ဖော်စပ်ထားသည့် လွန်စွာပြင်းထန်သညိ့အဆိပ်များကို သုတ်လိမ်းထားသည်။
ထင်းရှီမှာ နောက်ဘက်သို့လှည့်မကြည့်ဘဲ သူ၏ခန္တာကိုယ်ကို ဆန်းကြယ်စွာလှုပ်ရှားကာ အဆိပ်အပ်များကိုရှောင်တိမ်းလိုက်သည် ။
သို့သော် အဆိပ်အပ်များထက်နောက်ကျမှရောက်လာသည့်ဓားပျံနှစ်ချောင်းမှာ ထင်းရှီ၏ခြေအောင်ပိုင်းနှင့် ရှန်းယွင်၏ဦးခေါင်းထံသို့ဦးတညိလာနေသည်။
ရှန်းယွင်မှာ ထင်းရှီမှမှောက်ခုံထမ်း၍ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ထို့ကြောင့် သူမ၏ဦးခေါင်းထံသို့တိုးဝင်လာသည့်ဓားပျံကို ရှင်းလင်းစွာမြင်နေရသည်။
အကယ်၍ ထင်းရှီသာတစ်ဦးတည်းထွက်ပြေးပါက လွတ်မြောက်နိုင်သည်ကို သူမသိထားသည်။
ထင်းရှီအားမကူညီနိုင်ဘဲ တိုက်ပွဲတွင်ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် သူမကိုယ်သူမမုန်းတီးမိသည် ။
သေမင်း၏တမာန်ဖြစ်သည့် အဖြူရောင်ဓားပျံမှာ နီးကပ်လာချေပြီ ။ ထို့ကြောင့် သူမ၏ကံကြမ္မာကိုလက်ခံကာ မျက်လုံးကို အသာမှိတ်လိုက်သည် ။