သေခြင်းတရားနှင့်ရင်ဆိုင်ခြင်း
Vol. 3 Ch. 212
“ စွပ် “
ဓားမြောင်မှာ အသားထဲသို့စိုက်ဝင်သွားသည်။
ဒဏ်ရာမှ သွေးများစီးကျလာကာ ထင်းရှီမှာ အံကိုတင်းတင်းကြိတ်လိုက်မိသည် ။
ဓားမြောင်စိုက်ဝင်သွားသည့်နေရာမှ ချက်ခြင်းလိုလိုညိုမဲလာကာ ပူလောင်လာသည့်အတွက် ပခုံးပေါ်တွင်ထမ်းထားသည့်ရှန်းယွင်အားအသာချကာ ဓားမြောင်ကိုဆွဲထုတ်လိုက်ရင်း ပခုံးမှအကြောများကို ထိုးပိတ်လိုက်သည်။
ထင်းရှီမှာ ဆက်မပြေးတော့ပေ။ သူပြေးချင်လျှင်ပင် ပြေး၍မရတော့။
တစ်ဆက်တည်း သူ၏လက်ဝဲလက်ခြေထောက်တွင်စိုက်ဝင်နေသည့်ဓားမြောင်ကိုပါဆွဲထုတ်လိုက်သည်။
ဓားမြောက်ထွက်သွားသည်နှင့် မဲနက်နေသည့်သွေးများစီးကျလာသည်။ ကြောက်မက်ဖွယ်ရာအဆိပ်ပင်ဖြစ်ပေသည်။
ရှန်းယွင်မှာ ဘေးတွင်တောင့်တောင့်ကြီးဖြစ်နေကာ ထင်းရှီကိုကြည့်ရင်း သူမ၏မျက်ဝန်းထဲမှ မျက်ရည်များကျဆင်းလာသည်။
သူမ၏ဦးခေါင်းကိုဓားမြောင်စိုက်ဝင်ခါနီးတွင် ထင်းရှီမှ သူမကိုအောက်သို့နေရာရွေ့လိုက်သဖြင့် ထင်းရှီ၏ပခုံးကို စိုက်ဝင်သွားခြင်းဖြစ်သည် ။
သူ၏အောက်ပိုင်းသို့ပြေးဝင်လာသည့်ဓားမြောင်ကိုလည်းမရှောင်တိမ်းနိုင်တော့ဘဲ အထိခံလိုက်ရပေသည်။
ထင်းရှီမှာ သူ၏လက်ထဲမှဓားမြောင်အားကြည့်ကာ သက်ပြင်းသဲ့သဲ့ချလိုက်သည်။
ဓားမြောငိနှစ်လက်မှာ ခြောက်လက်မစီသာရှိကာ သေးငယ်သော်လည်း လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်လက်နက်ပုန်းများဖြစ်ကြသည်။
ဓားမြောက်တွင် အရိုးဟူ၍မပါဘဲ ထက်မြသည့်အသွားနှင့် အေးစက်စက်အထိအတွေ့ရှိသည်။
ထင်းရှီ၏အမူအယာများမှာ လွန်စွာတည်ငြိမ်နေကာ သရဲဘုရင်နှင့်အဆိပ်ဘုရင်ကို ရှိသည်ဟုပင် ထင်ပုံမပေါ်ပေ။
အဆိပ်ဘုရင်အဖိုးအိုနှင့် သရဲဘုရင်တို့သည်လည်း ထင်းရှီအားဝင်ရောက်တိုက်ခိုက်ခြင်းမပြုကြသေးပေ။
မျှော့်လင့်ချက်ကုန်ဆုံးသွားရသည့်လူများမှာ ပို၍တည်ငြိမ်လာတက်ကာ သေဆုံးရမည်ကိုလည်း မကြောက်ရွံ့တော့သလိုဖြစ်လာသည်။
ထင်းရှီလည်း ထိုပုံစံဖြစ်နေသည်။
ခြေထောက်နှင့်ပခုံးတွင် ဒဏ်ရာအသီးသီးရထားကာ အဆိပ်ပါမိနေသည့်အတွက် သူထွက်ပြေးရန်မဖြစ်နိုင်တော့ပေ။
သူရွေးချယ်စရာတစ်ခုတည်းသောလမ်းကား အသေအကြေတိုက်ခိုက်ရန်နှင့် သူမသေမီတစ်ယောက်ယောက်ကိုပါဆွဲချသွားရန်ဖြစ်သည်။
မြေခွေးအိုကြီးများဖြစ်ကြသည့် သရဲဘုရင်နှင့်အဆိပ်ဘုရင်တို့မှာ ထိုအချက်ကိုကောင်းစွာသိရှိပေသည်။
ထို့ကြောင့်ပင် ဒဏ်ရာနှစ်ခုရကာ အဆိပ်ပါမိနေသည့်ထင်းရှီကို သူတို့စတင်တိုက်ခိုက်ရန်တွန့်ဆုတ်နေခြင်းဖြစ်သည်။
သူတို့နှစ်ဦးမှတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော်လည်း ထင်းရှီမှာ သူတိုလိုမဟုတ်ပေ။
သူ၏ခန္တာကိုယ်မှာ အဆိပ်မိထားသည့်အပြင် ရန်သူတော်ကြီးနှစ်ယောက်မှာ အကောင်းပကတိရှိနေကြသေးသည် ။
အချိန်ကြာလာသည်နှင် သူ့ဘက်မှဆုံးရှုံးမှုများပို၍များပြားရပေမည်။
ထင်းရှီမှာ အသက်ကိုဝအောင်ရှူကာ သူ၏လက်ထဲမှဓားကိုမြောက်လိုက်သည်။ ထို့နောက် သူ၏ခန္တာကိုယ်မှာ ဝေဝါးသွားကာ အော်ဟစ်မာန်သွင်း၍ အဆိပ်ဘုရင်နှင့်သရဲဘုရင်ထံသို့ တိုးဝင်သွားသည်။
“ ထန်းး.. ထန်း… “
လက်နက်ချင်းထိတွေ့သံများမှာ ဆူညံနေသည်။
ယခုတစ်ကြိမ်တိုက်ပွဲမှာ အစောပိုင်းတိုက်ခိုက်မှုများထက် များစွာပြင်းထန်လှသည်။
အသက်ကိုပင် အမှုမထားဘဲတိုက်ခိုက်နေသည့်ဓားသမားနှင့် နှစ်ယောက်တစ်ယောက်ဝိုင်းဝန်းတိုက်ခိုက်နေသည့် သိုင်းဝိဇ္ဇာနှစ်ယောက် ။
ထင်းရှီမှာ လွန်စွာမြန်ဆန်သည်ဓားကွက်များကိုအသုံးပြုနေကာ ဓားကွက်များမှာ လွန်စွာမြန်ဆန်သည့်အပြင်ရှုပ်ထွေးလှသည်။
ထိုဓားကွက်များမှာ အကြီးအကဲခုနစ်၏ဓားတစ်ရာသိုင်းနှင့် အကြီးအကဲနှစ်စစ်ချွေ၏ ဓားမြန်သိုင်းကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
ထိုဓားကွက်များကို ဆောင်းဦးနှင်းစက်ဟုနာမည်ပေးထားကာ လွန်စွာအစွမ်းထက်သော်လည်း အားနည်းချက်တစ်ခုရှိနေသေးသည်။
ဆောင်းဦးနှင်းစက်ဓားကွက်မှာ တိုက်စစ်တစ်ခုတည်းကိုအသာပေးကာ ခံစစ်မပါသလောက်နည်းပါးသည်။
အကယ်၍ရန်သူမှအချိန်တိုအတွင်းသူ၏ဟာကွက်များကိုရှာကာ တိုက်ခိုက်ပါက မုချရှုံးနိမ့်ရပေမည် ။
သို့သော် ယခုထင်းရှီမှာ လွတ်မြောက်ရန်မဖြစ်နိုင်တော့သလောက်ဖြစ်နေသည့်အတွက် ထိုဓားကွက်များကို အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်သည်။
သရဲဘုရင်နှင့်အဆိပ်ဘုရင်မှာ ထင်းရှီ၏လျှင်မြန်လှသည့်ဓားကွက်များကို အသေအလဲကာကွယ်နေရကာ ဟာကွက်ရှာရန်ပင်စိတ်မကူးနိုင်ပေ။
သို့သော် ထင်းရှီ၏ဓားကွက်များမှာ ရုတ်တရက်နှေးကွေးသွားကာ သူ၏ခန္တာကိုယ်သည်လည်း တစ်ချက်ယိမ်းယိုင်သွားသည်။
သရဲဘုရင်နှင့် အဆိပ်ဘုရင်တို့မှာ ပြိုင်တူပင်ထင်းရှီအား တရကြမ်းတိုက်ခိုက်လိုက်ကြသည် ။
“ ဝုန်းး… “
ထင်းရှီ၏ခန္တာကိုယ်မှာ နောက်ဘက်သို့လွင့်စင်သွားသည်။ သူ၏လက်ထဲမှဓားသည်လည်း ခပ်လှမ်းလှမ်းတွင် ကျန်ရစ်ခဲ့သည် ။
သူ၏ဘယ်ဘက်ရင်ဘက်တွင် ကြီးမားသည့်ဓားဒဏ်ရာကြီးတစ်ခုနှင့် ဘယ်လက်လက်ကောက်ဝတ်တွင် မဲနက်နေသည့်လက်ချောင်းရာများထင်ကျန်နေသည် ။
ထင်းရှီလည်း သွေးတစ်ပွတ်အန်ထုတ်ကာ ဖြေးညင်းစွာထရပ်လိုက်သည် ။
အဆိပ်ဘုရင်နှင့်သရဲဘုရင်တို့မှာ နောက်မှလိုက်၍တိုက်ခိုက်ခြင်းမရှိကြပေ။ ထင်းရှီ၏အဆုံးသတ်ရောက်နေသည်ကို သူတို့သိကြသည် ။
ထင်းရှီလည်း ရင်ဘက်နေရာမှ တဆစ်ဆစ်နာကျင်နေသည့်ခံစားမှု နှင့် ညာဘက်လက်ကောက်ဝတ်သည်လည်း လုံးဝလှုပ်ရှားမရတော့ဟုပင်ထင်လိုက်မိသည် ။
သူ၏နောက်ဘက်တွင် လေတဟူးဟူးတိုက်ခတ်နေသည့်ချောက်ကမ်းပါးကြီးရှိနေကာ သူ၏ရှေ့တွင် သတ်ဖြတ်ရန်အဆင့်သင့်ဖြစ်နေကြသည့် လူသတ်သမားနှစ်ယောက်စောင့်နေသညိ။
ထင်းရှီမှာ သူ၏စိတ်ထဲတွင်စိတ်ပျက်လက်ပျက်ရယ်မောလိုက်ကာ မှေးမှိန်နေသည့်မျက်ဝန်းများဖြင့် အောက်သို့စိုက်ကြည့်လိုက်သည် ။
သူဓားစံအိမ်ကိုပြန်မသွားနိုင်တော့ ၊ သူ၏ဆရာ ၊ ထင်းရှောင်ယင့်နှင့် အစ်ကိုကြီးရှောင်ကျန်းမင်တို့ကိုလည်း ပြန်မတွေ့နိုင်တော့ပေ။
ထင်းရှီမှာ သူသေဆုံးမည့်အရေးကို များစွာကြောက်ရွံ့ခြင်းမရှိဟုထင်မိသော်လည်း တကယ့်တကယ် နဖူးတွေ့ဒူးတွေ့ကြုံလာသည့်အခါ သူလွှတ်မချနိုက်သည့်ကိစ္စများရှိနေသေးကြောင်းကိုသိလိုက်သည်။
သို့သော် သူဘာတတ်နိုင်မည်နည်း ။ သူလုပ်နိုင်သမျှ အကုန်လုပ်ခဲ့ပြီးဖြစ်သည်။
ယခုအချိန်တွင် ရောက်ရှိလာတော့မည့်သေခြင်းတရားကို အေးအေးဆေးဆေးစောင့်နေရန်သာရှိကာ ထိုသို့တွေးမိလိုက်သည်နှင့်ထင်းရှီ၏စိတ်များ လုံးဝအေးချမ်းသွားလေသည်။
ရုတ်တရက်လူရိပ်တစ်ခု လှစ်ခနဲပြေးဝင်လာကာ ယိုင်နဲ့နဲ့ဖြစ်နေသည့်ထင်းရှီအားဖတ်ကာ နောက်ဘက်မှချောက်ကမ်းပါးထဲသို့ခုန်ချလိုက်သည်။
“ ဝှစ် “
“ ဟာ .. “
အံ့ဩတကြီးလေသံများထွက်ပေါ်လာကာ အဆိပ်ဘုရင်နှင့်သရဲဘုရင်တို့မှာ တားချိန်ပင်မရလိုက်ပေ။
မလှုပ်မယှက်နိုင်ဘဲ အကြောပိတ်ခံနေရသည့် ရှန်းယွင်မှာ မည်သည့်နည်းဖြင့်အကြောပွင့်၍ ထင်းရှအားဖတ်ကာ ချောက်ကမ်းပါးအောက်သို့ခုန်ချသွားသည်မသိပေ ။
ထိုမိန်းကလေး၏စိတ်ကူးကိုလည်း သူတို့နားမလည်နိုင်အောင်ဖြစ်ရသည်။
ချောက်ကမ်းပါးကြီး၏အောက်တွင် မြူများရစ်ဆိုင်းနေကာ အောက်ခြေကိုပင်မမြင်ရအောင်နက်ရှိုင်းလှသည်။
ထိုအထဲသို့ကျသွားသူများမှာ အရိုးတခြားအသားတခြားဖြစ်ကာ သေဆုံးရမည့်ကံကြမ္မာမှလွဲ၍ အခြားမရှိပေ။
ထင်းရှီမှာ နူးညံ့သည့်အထိအတွေ့နှင့် သူ၏အောက်မှမိန်းမလှလေးကိုကြည့်လိုက်သည်။
သူတို့၏ခန္တာကိုယ်များအား အေးစက်စက်လေများ ပင့်တိုက်နေကာ ဓားသွားများနှင့်ထိုးဆွနေသလို နာကျင်လှသည်။
သူ၏အောက်မှရှန်းယွင်မှ ပို၍သာဆိုးပေလိမ့်မည်။
ထင်းရှီလည်း သူမ၏ခန္တာကိုယ်လေးအားတင်းကြပ်စွာဖတ်ကာ အပေါ်ဘက်သို့ရောက်ရန်ကြိုးပမ်းလိုက်သည်။
ထို့နောက် မာကျောသည့်အရာတစ်ခုကိုသူ၏နောက်ကျောဖြင့်ရိုက်မိသည်ခံစားမိလိုက်ကာ ထင်းရှ၏အသိစိတ်များ အမှောင်ကျသွားတော့သည်။
&&&&&&&
“ ဟူးး ပြဿနာဘဲ “
အဆိပ်ဘုရင်မှ ချောက်နက်အောက်ခြေကိုငုံ့ကြည့်ကာ ညည်းညူလိုက်သည်။
သူ၏စကားကြောင့် သရဲဘုရင်မှ သဘောမတူသလို ပြောလိုက်သည်။
“ ဒဏ်ရာတွေအများကြီးရပြီး အဆိပ်ပါမိနေတဲ့လူတစ်ယောက်က ဒီချောင်ကမ်းပါးထဲကိုကျသွားပြီးတဲ့နောက်မှာ အသက်ရှင်နိုင်ဦးမယ်ထင်လို့လား “
သရဲဘုရင်၏စကားကြောင့် အဆိပ်ဘုရင်အဖိုးအိုမှာ ဦးခေါင်းကိုခါယမ်း၍ စိတ်ပျက်စွာပြောလိုက်သည်။
“ ငါစိတ်ပူတာက ကောင်မလေးသေသွားတာကိုပဲ။ အဲဒီကိစ္စကိုသခင်ကြီးကိုဘယ်လိုရှင်းပြမှာလဲ “
သူ၏စကားကြောင့် သရဲဘုရင်မှ အမှုမထားသည့်ဟန်ဖြင့် ပခုံးတွန့်ကာပြောလိုက်သည်။
“ ကောင်လေးကိုသတ်ရင်းနဲ့ ကောင်မလေးကပါချောက်ထဲကိုကျသွားတယ်ပေါ့ ။ ငါတို့ကလဲ သူ့ရဲ့လက်အောက်ငယ်သားတွေမဟုတ်ဘူးနော်။ သူ့နဲ့ပူးပေါင်းထားတဲ့လူတွေ “
သရဲဘုရင်၏မကျေမနပ်စကားကြောင့် အဆိပ်ဘုရင်လည်း ကောက်ကျစ်သည့်ဟန်ဖြင့်ပြုံးကာပြောလိုက်သည်။
“ ဒါတိုရင် သခင်ကြီးကိုပြန်ပြောဖို့ကိစ္စမှာ မင်းကို အားကိုးပါရစေ “
အဆိပ်ဘုရင်၏ခပ်မြှောက်မြှောက်စကားကြောင့် သရဲဘုရင်လည်းသဘောကျသွားကာ သူ၏ရင်ဘက်အားပုတ်၍ပြောလိုင်သည် ။
“ ကောင်းပြီ ဒီကိစ္စကို ငါနဲ့လွှဲထားလိုက် “
သရဲဘုရင်သည်လည်း ပုံမှန်ဆိုလျှင်ကောက်ကျစ်ပါးနပ်သူဖြစ်သော်လည်း ယခုအခါရုတ်တရက်စဉ်းစားချိန်မရသဖြင့် ယခုကိစ္စအား သူတာဝန်ယူလိုက်ပေသည် ။
အဆိပ်ဘုရင်အဖိုးအိုမှာ သရဲဘုရင်အားအပြင်ပန်းတွင်လေးစားသည့်မျက်လုံးများနှင့်ကြည့်နေသော်လည်း သူ၏စိတ်ထဲတွင်တော့ နှစ်ခြိုက်စွာပြုံးလိုက်မိသည် ။