← Chapters

ဆန္ဒတစ်ခု

Vol. 3 Ch. 215

ဆန္ဒတစ်ခု

Vol. 3 Ch. 215

ခြံဝန်းငယ်လေး၏နောက်ဘက်မြေကွက်လပ်

မိုးမခပင်များထူထပ်စွာပေါက်ရောက်နေသည်။

မိုးမခပင်များ၏နောက်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ဖျင်ကြမ်းဝတ်စုံနှင့် အသက်ငါးဆယ်ကျော်လူကြီးတစ်ယောက်ထိုင်လျက်ရှိကာ သူ၏မျက်စေ့များကိုစုံမှိတ်ထားသည်။

ထိုလူ၏အသွင်မှာ သာမန်ပုံသဏ္ဍာန်သာဖြစ်သေည်လည်း သွမ့်ရှင်းရှောင်မှာ ထိုလူကြီးမှာ ထူးခြားမှုတစ်စုံတစ်ခုရှိသည်‌ဟုတွေးလိုက်မိသည် ။

ကျောက်စိမ်းမျက်နှာရသေ့မဘွဲ့ရ သူမ၏ဆရာအော့မေ့ဂိုဏ်းချုပ် ၊ သူမ၏ဖခင်သွမ့်ကျန်းမင် ၊နဂစိမ်းဂိုဏ်းမှ ဂိုဏ်းထိမ်းကြီးများ စသည့် သိုင်းထိပ်သီးများနှင့်လက်ပွန်းတတီးနေခဲ့ရခြင်းကြောင့် သွမ့်ရှင်းရှောင်၏အမြင်မှာ လွန်စွာစူးရှသည်။

သိုင်းပညာလုံးဝမတတ်ကျွမ်းသည့် သာမန်လူတစ်ယောက်မှစ၍ သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ကိုပင် သူမအနည်းငယ်ခန့်မှန်းသိရှိပေသည်။

သို့သော် ထိုလူကြီးထံတွင် သိုင်းထိပ်သီးများကဲ့သို့ထက်ရှသည့်ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်တစ်စုံတစ်ရာရှိမနေဘဲ သာမန်ဆန်လွန်းသည်။

သွမ့်ရှင်းရှောင်၏စိတ်ထဲတွင်မူ အချို့အကြောင်းပြချက်များကြောင့် သူမ၏ရှေ့မှ မျက်စိမှိတ်လျက်အေးဆေးစွာထိုင်နေသည့်လူကြီးမှာ လွန်စွာနက်ရှိုသည့်သိုင်းပညာရှင်ကြီးတစ်ဦးဟုထင်မြင်နေသည်။

ထိုလူမှာ သွမ့်ရှင်းရှောင်နှင့် အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးတို့သူ့အနီးရောက်လာသည်ကိုပင် သတိပြုမိဟန်မတူပေ။

“ ဖေဖေ သူက နှစ်နှစ်ရာအတွင်းမှာ ဒုတိယမြောက်ရောက်လာတဲ့လူပဲ “

မိန်းကလေး၏စကားကြောင့် လူကြီး၏မျက်လုံးများပွင့်လာသလို သွမ့်ရှင်းရှောင်သည်လည်းလူကြီးနှင့် မိန်းကလေးတို့၏ဆက်နွယ်မှုကို သိရှိသွားသည်။

“ အကြီးအကဲကို ဂါရဝပြုပါတယ် “

သွမ့်ရှင်းရှောင်လည်း ထိုလူကြီးကို မည်သို့ခေါ်ရမှန်းမသိသည့်အတွက် အကြီးအကဲဟုသာခေါ်ကာ အလိုက်တသိဖြင့်ဂါရဝပြုလိုက်သည် ။

ထိုလူ၏မျက်လုံးများမှာ ပြုံးယောင်သမ်းသွားကာ သွမ့်ရှင်းရှောင်အား နူးညံ့သည့်အမူအယာဖြင့်ကြည့်လိုက်သည်။

“ မင်းဓားစံအိမ်ကိုရောက်အောင်လာနိုင်တဲ့အတွက် မင်းအဖြစ်ချင်ဆုံးဆန္ဒတစ်ခုကို တောင်းဆိုနိုင်တယ် “

လူကြီး၏စကားကြောင့် သွမ့်ရှင်းရှောင်မှာ ကြောင်အမ်းအမ်းဖြစ်သွားသည်။

သူမလာရင်းကိစ္စအားမပြောရသေးမီမှာပင် ထိုလူကြီးမှ သူမ၏ဆန္ဒတစ်ခုကိုတောင်းဆိုခိုင်းနေပေသည်။

အကယ်၍ သူမလွန်ကဲသည့်တောင်းဆိုမှုကိုပြုလုပ်လျှင်လည်း ထိုလူကြီးမှ ဖြည့်ဆည်းပေးမည်လားဟု တွေးလိုက်မိသည် ။

သို့သော် ဤသည်ကအတွေးသက်သက်သာဖြစ်သည် ။ ယခုလောလောဆယ် သူမဖြစ်မြောက်လိုသည့်ဆန္ဒရှိမနေပေ။

“ အကြီးအကဲကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျမမှာ တစ်ခုမှတောင်းဆိုစရာမရှိပါဘူး “

သွမ့်ရှင်းရှောင်မှ ချိုသာသည့်လေသံလေးဖြင့် ယဉ်ကျေးစွာငြင်းပယ်လိုက်သည် ။

“ မင်းကတကယ်မသိတတ်တာပဲ။ ဒါက ငါတို့စံအိမ်ရဲ့စည်းမျဉ်းတစ်ခုပဲ ။ နောက်ပြ ဓားစံအိမ်သခင်က ဘယ်လိုတောင်းဆိုမှူမျိူးကိုမဆို ဖြစ်အောင်လုပ်ပေးနိုင်စွမ်းရှိတယ် “

အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးမှ အပြစ်တင်လိုသည့်ဟန်ဖြင့်ပြောလိုက်သည်။ သို့သော် သူမ၏စကားမှာ သွမ့်ရှင်းရှောင်၏အကျိူးအတွက်ဖြစ်သည်။

သွမ့်ရှင်းရှောင်မှာမူ အနည်းငယ်ထိတ်လန့်၍သွားသည်။ သူမ၏ရှေ့မှသာမန်ပုံစံဖြင့်လူကြီးမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်အင်အားစုကြီးဖြစ်သည့်ဓားစံအိမ်မှ စံအိမ်သခင်ဖြစ်မည်ဟု မျှော်လင့်မထားမိပေ ။

သို့သော် သူမ၏စိတ်ထဲတွင် အံ့ဩထိတ်လန့်နေသော်လည်း သူမ၏စကားကို ခိုင်မာစွာဖြင့် ထပ်၍ပြောလိုက်သည်။

“ စံအိမ်သခင်ရဲ့စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျမလိုချင်တဲ့ဆန္ဒတစ်ခုမှမရှိပါဘူး။

တကယ်လို့အကြီးအကဲကအခွင့်အရေးပေးချင်တယ်ဆိုရင် ရှောင်ကျန်းမင်ဆိုတဲ့လူနဲ့တွေ့ခွင့်ပေးပါ “

သွမ့်ရှင်းရှောင်၏ ခိုင်မာသည့်စကားကြောင့် လူကြီး၏မျက်ခုံးများအနည်းငယ်မြင့်တက်သွားကာ စိတ်ဝင်စားသည့်လေသံဖြင့်မေးလိုက်သည်။

“ ရှောင်ကျန်းမင်နဲ့မင်းနဲ့ ဘယ်လိုဆက်နွယ်နေလို့လဲ “

လူကြီး၏မေးခွန်းကို သွမ့်ရှင်းရှောင်မှ ခေါင်းညိမ့်ကာပြန်ဖြေလိုက်သည် ။။

“ ကျမနဲ့သိကျွမ်းတာတော့မဟုတ်ပါဘူး ။ ဒါပေမယ့် ကျမရဲ့ဖခင်နဲ့ပတ်သတ်နေတယ် …. “

သွမ့်ရှင်းရှောင်မှ သူမဖခင်၏မှာကြားချက်များကိုပြန်၍ပြောကာ သူမ၏နောက်ကျောမှအဝတ်ထုပ်ထဲတွင်ရှိသည့်ဆေးမြစ်သေတ္တာငယ်‌လေးအား လူကြီး၏လက်ထဲသို့ထည့်ပေးလိုက်သည်။

လူကြီးမှာ သေတ္တာငယ်လေးအား တစ်ချက်ကြည့်ကာ သွမ့်ရှင်းရှောင်တို့၏ရှေ့တွင်ပင်ဖွင့်လိုက်သည်။

သေတ္တာအဖုံးကိုဖွင့်လိုက်သည်နှင့် မွှေးပျံ့သည့်ရနံ့မှာ သူတို့အနီးသို့ပျံ့နှံ့လာကာ အဝတ်စကိုဖြေလိုက်သည်နှင့် နီရဲနေသည့် လက်မအရွယ်ဆေးမြစ်လေးတစ်ခုကိုတွေ့လိုက်ရသည် ။

“ သွေးနီဆေးမြစ်လား ။ သက်တမ်းကနှစ်တစ်ရာတောင်ကျော်နေပြီ။ အတော်လေးကောင်းတာပဲ “

လူကြီးမှ ဆေးမြစ်ကိုချီးကျူးလိုက်သော်လည်း သာမန်ပုံစံဖြင့်တစ်ချက်သာကြည့်ကာ နောက်ထပ်တစ်ကြိမ်ပြန်မကြည့်တော့ဘဲ အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးအားပေးလိုက်သည်။

“ ကျန်းမင်ရဲ့ဒဏ်ရာဟောင်းတွေက ဒီဆေးမြစ်နဲ့ဆိုအကုန်ပျောက်ကင်းနိုင်တယ်။ သူ့ရဲ့အတွင်းအားတွေတောင်တိုးလာနိုင်သေးတယ် “

လူကြီးမှ မှတ်ချက်ချလိုက်ကာ သွမ့်ရှင်းရှောင်အားနူးညံ့စွာကြည့်လိုက်သည်။

“ မင်းဖခင်ရဲ့လက်ဆောင်ကိုငါလက်ခံထားလိုက်မယ်။ နောက်ပြီး မင်းပိုင်ဆိုင်တဲ့ဆန္ဒကိုလည်း ငါအကြွေးမှတ်ထားလိုက်မယ် ။ မင်းနောက်ကျရင်တစ်ခုခုစဉ်းစားမိတဲ့အခါ ငါ့ကိုလာရှာနိုင်တယ် ‌ “

လူကြီးမှစကားဆုံးသည်နှင့် သူ၏မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

“ အစ်ကိုကြီးကိုတွေ့ချင်ရင်ငါနဲ့လိုက်ခဲ့ “

အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးမှ ခံစားချက်မရှိသည့်လေသံဖြင့်ပြောလိုက်သည်။ ထို့နောက် သွမ့်ရှင်းရှောင်မှာ ထိုမိန်းကလေးနောက်မှလိုက်၍ ခြံဝန်းအပြင်သို့ထွက်သွားလိုက်သည်။

&&&&&&

ညအချိန်

‌လောကကြီးတစ်ခုလုံးမှာ မည်းမှောင်နေပေသည် ။

သိုင်းလောက၏ ထိပ်တန်းအဆင့်အင်အားစုကြီးတစ်ခုဖြစ်သည့် နဂါးစိမ်းဂိုဏ်းကြီး၏ဌာနချုပ်တွင် မီးများထိန်ညီးနေအောင်ထွန်းညှိထားသည် ။

ခြံဝန်းထဲတွင်လည်း အဆင့်မြင့်သိုင်းသမား၊ ထိပ်တန်းအဆင့်သိုင်းသမားများကင်းလှည့်နေကြကာ အဆင့်လွန်သိုင်းသမားများလည်းအသင့်ရှိနေပေသည် ။

နဂါးစိမ်းဂိုဏ်းဌာနချုပ်ထဲရှိ ချောင်ကျသည့်နေရာတွင်တော့ တိတ်ဆိတ်ငြိမ်သက်နေကာ အနည်းငယ်မည်းမှောင်နေသည်။

ထိုနေရာမှာ နဂါးစိမ်းဂိုဏ်းချုပ်ကြီးသွမ့်ကျန်းမင်၏စံအိမ်ဖြစ်ကာ စံအိမ်ရှေ့တွင် အားနည်းသည့်မီးအိမ်လေးနှစ်ခုကိုထွန်းညှိထားကာ အနောက်ဘက်ခြံဝန်းထဲတွင်မူ မှောင်ရိပ်ကျနေသည်။

အချို့နေရာမျတွင်သာ အလင်းရောင်အနည်းငယ်ကျရောက်နေကာ ခြံဝန်း၏သုံးပုံနှစ်ပုံကို အမှောု်ရိပ်ဖုံးလွှမ်းထားသည်။

ခြံဝန်းထဲမှ ကွက်ပျစ်လေးထက်တွင် အသက်လေးဆယ်ကျော်အရွယ် ခန့်ညားသည့်လူကြီးတစ်ယောက်နှင့် အသက်သုံးဆယ်ကျော်အရွယ်ရှိသော်လည်း နုပျိုနေသေးသည့်မိန်းမချောကြီးတစ်ယောက် အပြန်အလှန်စကားပြောလျက်ရှိကြသည်။

နဂါးစိမ်းဂိုဏ်းချုပ်ကြီးသွမ့်ကျန်းမင်မှာ သူ၏ဇနီးဖြစ်သူ သံမဏိလိပ်ပြာဘွဲရ ယိတုရှောင်နှင့် စကားလက်ဆုံကျနေခြင်းဖြစ်သည်။

စကားလက်ဆုံကျခြင်းထက် ယိတုရှောင်မှ သွမ့်ကျန်းမင်အား ပေါက်ပေါက်ဖောက်သလိုဆူပူနေခြင်းဖြစ်သည်။

သွမ့်ကျန်းမင်မှာ နဂါးစိမ်းဂိုဏ်းကြီး၏ဂိုဏ်းချုပ်ဖြစ်ကာ သိုင်းလောကတစ်ခုလုံးတွင်ဂုဏ်သတင်ကြီးမားလှသူ‌ဖြစ်သော်လည်း ပင်ကိုစရိုက်ကပင်ခပ်အေးအေးနေသူဖြစ်သည့်အလျောက် သူ့ဇနီးကို အနိုင်မရပေ။

ယိတုရှောင်မှာ ပုံမှန်ဆိုလျှင် သွမ့်ကျန်းမင်အားအရာအားလုံးနားလည်လိုက်လျောသော်လည်းယခုအခါ သူမ၏ချစ်သမီးနှင့်ပတ်သတ်နေ၍ဖြစ်သည် ။

သွမ့်ကျန်းမင်မှ သူမအားအသိမပေးဘဲ သွမ့်ရှင်းရှောင်ကို ဝင်္ကပါတောအုပ်သို့သွားရန် စေခိုင်းလိုက်ပြီးနောက် နေ့စဉ်ရက်ဆက်ဆိုသလို ဆူပူနေခြင်းဖြစ်သည်။

သူမသိလျှင်လည်း ထိုကိစ္စကိုကန့်ကွက်မည်မှာ ‌သေချာသလောက်ရှိသည့်နောက် သူမ၏ဖခင်ဆီသို့ပြန်နေစဉ် သွမ့်ကျန်းမင်မှစီစဉ်လိုက်ခြင်းဖြစ်သည်။

ရလာဒ်အနေဖြင့် ဂုဏ်သိက္ခာကြီးမားကာ အနက်ရောင်သိုင်းလောကတစ်ခုလုံးဖိမ့်ဖိမ့်တုန်အောက်ကြောက်ရသည့် ဂိုဏ်းချုပ်ကြီးသွမ့်ကျန်းမင်မှာ သူ့ဇနီး၏ဆူပူမှုအောက်တွင် အလူးအလဲခံနေရသည်။

သူ၏စိတ်ထဲတွင်တော့ ယခုကိစ္စမှာ သူ၏သမီးအန္တရာယ်ကင်းကင်းဖြင့်ပြန်ရောက်လာမှ အဆုံးသတ်မည်ဖြစ်ကြောင်းကို သေချာပေါက်သိရှိနေသညိ။

နာရီဝက်ကျော်ကျော်ကြာပြီးသည့်နောက်တွင် ယိတုရှောင်မှာ အနည်းငယ်မောပန်းသွားသည့်ဟန်ဖြင့် စံအိမ်အတွင်းသို့ ဝင်ရောက်သွားသည်။

ထိုအခါမှ သွမ့်ကျန်းမင်မှာ အသက်ကိုဝဝရှူရဲကာ မြိုသိပ်ထရသည့်သက်ပြင်းကို ဝူးခနဲမှုတ်ထုတ်လိုက်သည်။

ထို့နောက် သွမ့်ကျန်းမင်၏မျက်လုံးများမှာ အမှောင်ထဲတွင်ပင် အရောင်တဖျက်ဖျက်တောက်ပသွားကာ သူ၏မျက်နှာသည်လည်း အစောပိုင်းကနှင့်မတူ လွန်စွာတည်ကြည်သွားသည်။

“ မိတ်ဆွေ ရောက်နေမှတော့ ထွက်ခဲ့ပေါ့ “

သွမ့်ကျန်းမင်မှ အမှောင်ထုတစ်နေရာအားကြည့်ကာ ညင်သာစွာပြောလိုက်သည်။

သူ၏စကားဆုံးသည်နှင့် လက်ခုပ်သံသဲ့သဲ့ထွက်လာကာ ထိုနေရာမှလူရိပ်တစ်ရိပ်ထွက်ပေါ်လာသည်။

“ ကျုပ်ရှိနေတာကို သတိထားမိတဲ့အတွက် နဂါးစိမ်းဂိုဏ်းချုပ်ကြီးကို လေးစားပါတယ် “

လူရိပ်မှ ချီးကျူးလို၍ပြောသည်လော လှောင်ပြောင်နေသည်လော ခွဲခြားမရသည့်လေသံဖြင့်ပြောလိုက်သည်။

All Chapters