← Chapters

ကံကောင်းထောင်မ၍

Vol. 3 Ch. 217

ကံကောင်းထောင်မ၍

Vol. 3 Ch. 217

“ အီးး.. ကျွတ် ကျွတ် “

သတိရလာသည်နှင့် စိတ်အတွင်းသို့တိုးဝင်လာသည့် နာကျင်မှုကြောင့် ထင်းရှီစုတ်သတ်လိုက်မိသည်။

သူ၏ခန္တာကိုယ်တစ်ခုလုံး စုတ်ပြတ်သတ်နေသည်ဟု ခံစားမိရကာ အားအင်ကုန်ခမ်းနေသလိုဖြစ်နေသည်။

အခြေအနေကို သတိရသွား၍ မျက်စိကိုအလျှင်ပမြန်ဖွင့်ကြည့်လိုက်ရာ ကျောက်သားအမိုးနှင့် အေးစက်စက်ပတ်ဝန်းကျင်အားတွေ့လိုက်ရသည် ။

ထင်းရှီမှာ အဝါရောင်ကောက်ရိုးများခင်းထားသည့်အပေါ်တွင်လဲလျောင်းနေခြင်းဖြစ်ကာ သူ၏အပေါ်အင်္ကျီမှာကျွတ်‌နေသည် ။

တဆစ်ဆစ်ကိုက်ခဲနာကျင်နေသည့် ညာဘက်ပခုံးနေရာနှင့်ဝဲဘက်ရင်ဘက်တွင် သစ်ရွက်စိမ်းများအုံထားသည်ကိုတွေ့လိုက်သည် ။

သစ်ရွက်များမှာ နာကျင်မှုအားသက်သာစေသည့်ဆေးဖက်ဝင်အရွက်များဖြစ်ကာ အရည်ထွက်အောင်ကြိတ်ချေ၍ ဒဏ်ရာများအပေါ်တွင်အုံထားခြင်းဖြစ်သည်။

အဆိပ်ဘုရင်၏ဓားမြောင်စိုက်ဝင်ခဲ့သည့်ညာဘက်ခြေထောက်တွင်လည်း ထိုနည်းတူ ဆေးရွက်များဖြင့်အုံထားသည်။

ထင်းရှီမှာ လက်ကိုအားပြု၍ ထထိုင်လိုက်ကာ ပတ်ဝန်းကျင်အားအကဲခပ်လိုက်သည် ။

သူရောက်ရှိနေသည့်နေရာမှာ အတန်ကျယ်ဝန်းသည့်ကျောက်ဂူလေးတစ်လုံးဖြစ်ကာ ဂူဝမှဝင်လာသည့်အလင်းရောင်ကြောင့် လိုဏ်ဂူထဲတွင်ရှင်းလင်းစွာတွေ့နေရသည်။

သူ၏နေရာမှာ ‌နံရံတစ်ဖက်နားတွင်ဖြစ်ကာ နံရံကိုမှီ၍ နှစ်ခြိုက်စွာအိပ်မောကျနေသည့်ပုံရိပ်ကိုလေးကိုပါ တွေ့လိုက်ရသည် ။

ထိုမိန်းမငယ်လေး၏လှပသည့်အစိမ်းနုရောင်ဝတ်စုံမှာ စုတ်ပြဲညစ်ပေနေကာ သူမ၏ဆံနွယ်များလည်း ရှုပ်ပွနေသည်။

ခြေဆင်းထိုင်နေသည့် လှပသည့်ကျောက်စိမ်းရောင်ခြေထောက်ရှည်များတွင် ဆူးခြစ်ရာများအပြည့်ရှိနေကာ ထင်းရှီမှာ ထိုမြင်ကွင်းကိုကြည့်ကာ သူ၏စိတ်ထဲတွင်နာကျင်သွားမိသည်။

သူမအတွက် ခက်ခဲသည့်အချိန်များ ရှိခဲ့ပေမည်။ရွှေပေါ်မြတင်နေခဲ့ရကာ လိုတရမင်းသမီးလေးမှာ သူနှင့်အတူ ဆင်းရဲ့ဒုက္ခကိုခံစားနေရသည်။

ဉာဏ်ရည်ထက်မြက်သည့်ထင်းရှီအတွက် အခေုအနေအားအနည်းငယ်စဉ်းစားပြီးပါက ဆက်စပ်တွေးတောရန်မခဲယဉ်းပေ။

သူနှင့်ရှန်းယွင်တို့ချောက်နက်ထဲသို့ကျသွားစဉ်က ရှန်းယွင်ပို၍သက်သာစေရန် သူ၏အပေါ်ဘက်တွင်ထားကာ အောက်သို့ကျစေခဲ့သည်။

ချောင်နက်ထဲသို့ရောက်သည့်အခါ တစ်စုံတစ်ရာနှင့်ရိုက်ခက်မိကာ ပြင်းထန်သည့်ဖိအားကြောင့် ထင်းရှီမှာ သတိလစ်သွားသည်။

ထိုအချိန်တွင် သူတို့နှစ်ဦးမှာ တစ်နည်းနည်းဖြင့်အသက်ရှင်ခဲ့ပုံပေါ်ကာ ရှန်းယွင်မှာ သူ၏အသက်ကိုကယ်ဆယ်ထားခြင်းဖြစ်သည် ။

ထိုမိန်းကလေးမှာ သူ့ကိုလုံခြုံသည့်နေရာအထိသယ်ဆောင်လာသည်သာမက ဆေးရွက်များရှာဖွေကာ သူ၏ဒဏ်ရာများကိုသက်သာ‌စေရန် သူမတတ်သမျှမှတ်သမျှ ကုသပေးခဲ့သည်။

ထို့နောက်တွင်လွန်စွာပင်ပန်းမှူကြောင့် သူမဟန်မဆောင်နိုင်ဘဲ နှစ်ခြိုက်စွာအိပ်ပျော်သွားခြင်းဖြစ်ဂပေမည်။

သူမ၏ဦးခေါင်းလေးမှာ တစ်ဖက်သို့စောင်းနေကာ လှပသည့်မျက်နှာလေးမှာ နွမ်းနယ်မှုများနှင့်ပြည့်နေသည်။

သို့တိုင်အောင် သူမအိပ်ပျော်နေသည့်ဟန်မှာ ကလေးငယ်တစ်ယောက်လို ဖြူစင်သည့်ပုံစံဖြင့် လွန်စွာလှပလျှက်ရှိသည်။

ရှန်းယွင်မှာ စကားပြောဆိုခြင်းမရှိလျှင် ပို၍လှပသည်ဟု ထင်းရှီတွေးလိုက်မိသည်။

“ အင်း… “

သူမ၏ဦးခေါင်းလေးအနည်းငယ်လှုပ်ယမ်းလာကာ အိပ်ပျော်နေရာမှနိုးလာပုံရသည် ။

သူမအား ပြုံးလျက်စိုက်ကြည့်နေသည့် ထင်းရှီအားတွေ့သည့်နှင့် သူမ၏မျက်လုံးများ ပြူးကျယ်သွားကာ အလျှင်အမြန်မေးမြန်းလိုက်သည်

“ အမ် အစ်ကိုထင်းရှီ သတိရလာပြီလား “

ထင်းရှီမှ သူမ၏မေးခွန်းအား ခေါင်းညိမ့်ပြလိုက်သည်။

ရှန်းယွင်၏နှာခေါင်းလေးမှာ ရှုံ့ပွရှုံ့ပွဖြစ်လာကာ ကြည်လင်သည့်မျက်လုံးလေးများထဲတွင် အရည်ကြည်များလဲ့လာကာ ထင်းရှီ၏ရင်ခွင်အတွင်းသို့ ကြောင်မလေးတစ်ကောင်လို လှစ်ခနဲပြေးဝင်လာသည်။

“ အီး… အစ်ကိုကြီးထင်းမကောင်းဘူး ။ မြန်မြန်သတိရလာတာမဟုတ်ဘူး ကျမနှစ်ရက်လုံးလုံး စိတ်ပူနေရတာ ။ အသက်သာရှူမနေရင် ကျမရှင်သေသွားပြီလို့တောင်ထင်နေမှာ “

ရှန်းယွင်မှ ထင်းရှီအားဖတ်၍ ရင်ခွင်ထဲတွင်မျက်နှာအပ်ကာ သူမ၏မကျေနပ်မှုများကိုထုတ်ဖော်၍ကလေးတစ်ယောက်လိုအော်ဟစ်ငိုကြွေးနေသည်။

ထိုအခါမှ ထင်းရှီလည်း သူသတိလစ်နေသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်ကြောင်းသိလိုက်သည်။

သူ၏တစ်ကိုယ်လုံးအားအင်လျော့နည်းနေခြင်းမှာလည်း အံ့ဩဖွယ်ရာမဟုတ်ပေ။ သူဆာလောင်နေခြင်းသာဖြစ်သည်။

ရှန်းယွင်မှာ ယခုအချိန်အထိ ငိုသံမဆဲသေးဘဲ သူမ၏မျက်ရည်များကုန်ခမ်းသွားသည်အထိငိုကြွေးတော့မည့်ပုံရသည်။

ထင်းရှီ၏ရင်ဘက်တစ်ခုလုံး မျက်ရည်များဖြင့်ရွှဲနစ်လာသည့်အခါမှ ထင်းရှီမှာ သူမ၏ လုံးဝန်းသည့်ပခုံးသားလေးအား ကိုင်ကာ နူးညံ့စွာပြောလိုက်သည်။

“ တိတ်ပါတော့ ကလေးမရဲ့ ။ ငါသတိလစ်သွားတုန်း ဘယ်လိုတွေနေခဲ့တာလဲပြောပြ “

ထင်းရှီမှ သူမ၏မျက်ရည်များကို ညင်သာစွာသုတ်ပေးရင်း မေးလိုက်သည်။

ရှန်းယွင်မှာ တစ်ချက်တစ်ချက်ရှိုက်၍နေသေးသော်လည်း သူမ၏ခေါင်းလေးအားမော့ကာ ကြက်တူရွေးလေးတစ်ကောင်လို အဆက်မပြက်ပြောတော့သည်။

“ ချောက်ကမ်းပါးပေါ်ကနေ ကျမတို့ကျလာတော့ ရေကန်ကြီးထဲကို ပြုတ်ကျသွားတာ ။ဒါကြောင့် ကျမတို့နှစ်ယောက်လုံး အသက်ရှင်တာပဲ ။

ဒါပေမယ့်ရှင်က နောက်ကျောဘက်နဲ့အရင်ဆုံးကျပြီး သတိလစ်သွားခဲ့တယ် ။ ကျမက ကြီးကြီးမားမားမခံစားလိုက်ရဘဲနဲ့ အသက်ရှင်တာပဲ။

အဲဒီနောက်မှာ သတိလစ်နေတဲ့ရှင့်ကိုဒီကျောက်ဂူထဲအထိသယ်လာပြီး တောထဲမှာ ဆေးဖက်ဝင်သစ်ရွက်တွေလိုက်ရှာပြီး ကျမသိသလောက် ကုသပေးခဲ့တယ် ။။

ရေအတွက်က စမ်းချောင်းလေးထဲကရေကိုသောက်လို့ရပြီး ဗိုက်ဆာရင် သစ်သီးတွေသွားပြီးခူးစားလို့ရတယ် “

ရှန်းယွင်မှ သူမ၏စကားအားအဆုံးသတ်ကာ ထင်းရှီအား ကြည့်လိုက်သည် ။ ထင်းရှီလည်း သူမကို ပြန်၍စိုက်ကြည့်နေသည်။ ထို့နောက် အေးစက်စက်လေသံဖြင့်မေးလိုက်သည်။

“ ‌ငါတို့တိုက်ခိုက်နေတုန်းက မင်းတစ်ယောက်ထဲဆိုရင် သူတို့အလွတ်ပေးမယ်လို့ပြောတယ်လေ။ ဒါပေမယ့် မင်းဘာလို့ထွက်မပြေးတာလဲ ။

နောက်ပြီး ချောက်ထဲကိုခုန်ဆင်းရအောင်မင်းမှာ ဦးနှောက်မရှိဘူးလား “

ထင်းရှီ၏ ခပ်ဆက်ဆက်အော်ငေါက်သည့်အသံကြောင့် သူမပြန်၍မျက်ရည်ဝိုင်းသွားသော်လည်း နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ပြန်၍ နှုတ်လှန်ထိုးလိုက်သည်။

“ ရှင့်ကိုတစ်ယောက်ထဲချန်ထားခဲ့ရင် အဲဒီသတင်းသာပျံ့သွားကြည့် ကျမရဲ့မျက်နှာကို သိုင်းလောကထဲမှာ ပြဝံ့မှာမဟုတ်တော့ဘူး ။

နောက်ပြီး ကျမတို့ခုန်ချမယ့်နေရာမှာ ရေကန်ကြီးရှိနေတာ ကျမသိတယ်လေ ။ ကျမရဲ့အပြုအမူတွေကို ရှင်ဝေဖန်စရာမလိုဘူး “

ရှန်းယွင်မှ သူမ၏စရိုက်အတိုင်း ခပ်စွာစွာဖြင့်တုံ့ပြန်သည် ။သို့သော် ထင်းရှီမှာမူ သူမ၏စကားများမဖြစ်နိုင်သည်ကိုကောင်းစွာသိသည်။

သူတို့ခုန်ချမည့်နေရာတွင်ရေကန်ရှိသည်ကို ကြိုသိနေခြင်း ၊ ဤသည်မှ လုံးဝမဖြစ်နိုင်သည့်အရာဖြစ်သည် ။

ထိုမိန်းကလေးမှာ ဘုရင်နှစ်ပါးနှင့်တွေ့ဆုံစဉ်က သူမကိုအလွတ်ပေးသော်လည်း ထင်းရှီအားချန်ထားခဲ့ခြင်းမပြုပေ။

ထို့အပြင် ထင်းရှီသေဆုံးခါနီးတွင်လည်း ‌ထင်းရှီအားဖတ်၍ အတူတူသေဆုံးရန်ရည်ရွယ်ချက်ဖြင့် ချောက်ကမ်းပါးအတွင်းသို့ ခုန်ဆင်းချသည် ။

ထိုအပြုအမူများမှာ သာမန်ခံစားချက်ရှိရုံဖြင့် မဖြစ်နိုင်သည့် အရာများဖြစ်သည်။

ထို့နောက် ထင်းရှီလည်း ချစ်စဖွယ်ကောင်းသည့် ထိုမိန်းကလေးကို မြက်နိုးစွာကြည့်လိုက်ကာ သူမ၏ခန္တာကိုယ်လေးအား ခပ်ဖွဖွသိုင်းဖတ်ထားလိုက်သည် ။

“ မင်းကိုငါနောက်ထပ် ဒုက္ခမရောက်စေရတော့ပါဘူး “

ထင်းရှီမှ သူမ၏နားအနီးသို့ကပ်၍ နူးညံ့စွာပြောလိုက်သည်။

ရှန်းယွင်မှာ အစောပိုင်းက ထင်းရှီအားသတိလက်လွတ်ဖတ်လိုက်မိခြင်းဖြစ်သော်လည်း ယခုအခါ ထင်းရှီ၏ရုတ်တရက်အပြုအမူကြောင့် သူမ၏မျက်နှာလေးရဲတွတ်သွားသည်။

သို့သော် ထိုအပြုအမူကိုငြင်းဆန်ခြင်းမပြုပေ။ သူမနှစ်ခြိုက်ပေသည်။

ထင်းရှီ၏စကားများမှာ နည်းပါးသော်လည်း ထိုစကားများထဲတွင် ခိုင်မာသည့်ကတိစကားကို ခံစားမိသည်။

သူမအတွင် အခြားအရာများစွာမရလျှင်ပင် သူမချစ်မြတ်နိုးသည့် ယောင်္ကျား၏အချစ်နှင့် ဂရုစိုက်မှုကိုရရှိလျှင်ပင် လွန်စွာပြည့်စုံနေပြီဖြစ်သည်။

ထင်းရှီလည်း အတန်ကြာမှ သူမ၏နူးညံ့အိစက်သည့်ခန္တာကိုယ်လေးအား လွှတ်ပေးကာ အနည်းငယ်ရှက်ရွံ့နေသည့်မျက်နှာဖြင့်ပြောလိုက်သည်။

“ ပြီးရင်ငါတို့ပတ်ဝန်းကျင်ကိုလိုက်ကြည့်ရအောင် အခုငါအတွင်းအားလေ့ကျင့်လိုက်ဦးမယ် “

ရှန်းယွင်လည်း နှင်းဆီပန်းများပွင့်နေသလို နီရဲနေသည့်မျက်နှာလေးဖြင့် ထင်းရှီ၏ရင်ခွင်ထဲမှရုန်းထွက်ကာ နောက်သို့သွား၍ထိုင်နေသည်။

သူမ၏လက်များမှာ ဝတ်ရုံအနားစများကိုလုံးချေနေကာ မျက်နှာကိုအောက်ငုံ့၍ မည်သည့်အရာများကို တွေးနေသည်မသိပေ။

တစ်ချက်တစ်ချက် ထင်းရှီအား ခိုး၍ကြည့်နေသည်။

ထင်းရှီလည်း သူမ၏အကြည့်များကို မသိချင်ဟန်ဆောင်၍ နေရာတွင်ပင်ခြေချိတ်ထိုင်ကာ အတွင်အားစတင်လေ့ကျင့်လိုက်သည်။

အတွင်းအားကျင့်စဥ်အားလှည့်ပတ်လိုက်ရာ သူ၏ခန္တာကိုယ်ထဲတွင် မဲညစ်နေသည့်အရာများပြည့်နေသည်ကိုသိလိုက်သည်။

ထို့အပြင် အဆိပ်ဘုရင်၏ဖမ်းဆုပ်မှူခံလိုက်ရသည့် ညာဘက်လက်မှာ အားအင်စိုက်ထုတ်၍မရတော့ပေ။

အဆိုးဆုံးကာ နှစ်ပေါင်းများစွာကျင့်လာသည့်အတွင်းအားများမှာ ပိတ်ဆို့နေခြင်းဖြစ်ကာ အတွင်းအားစတင်လေ့ကျင့်လိုက်သည်နှင့် ကိုယ်တွင်းအင်္ဂါများမှာ မခံမရပ်နိုင်နာကျင်လာကာ သူ၏ရင်ဝတွင်အောင့်တက်လာမှုနှင့်အ‌တူ သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။

All Chapters