ရှင်သန်ရန်ကြံဆခြင်း
Vol. 3 Ch. 218
“ ဝေါ့ “
ထင်းရှီမှာ လိုဏ်ဂူကြမ်းပြင်ပေါ်သို့ မည်းနက်နေသည့်သွေးများကို အန်ထုတ်လိုက်သည် ။
လိုဏ်ဂူထောင့်တွင် တိတ်ဆိတ်စွာထိုင်နေသည့် ရှန်းယွင်မှာ မသက်မသာဖြစ်နေသည့် ထင်းရှီ၏ပုံစံကြောင့် ဆက်ခနဲထရပ်လိုက်မိသည် ။
သူမ၏မျက်နှာထက်တွင် ပူပန်ခြင်းများ ပြည့်နှက်နေသော်လည်း ထင်းရှီအန်ထုတ်ထားသည့် သွေးများ၏အရောင်အသွေးကိုကြည့်ကာ ပြန်၍ထိုင်ချလိုက်သည် ။
ရှန်းယွင်သည်လည်း သူမ၏ဆရာများဖြစ်ကြသည့် သိုင်းထိပ်သီးများစွာနှင့် လက်ပွန်းတတီးနေလာဂသည့်အတွက် ထင်းရှီမှာ အတွင်းအားကိုအသုံးပြု၍ အဆိပ်များညစ်ထုတ်နေခြင်းဖြစ်သည်ကို သိလိုက်သည်။
ထိုအခြေအနေမျိုးတွင် သူမတစ်စုံတစ်ရာပြုလုပ်လိုက်ပါက ထင်းရှီအတွက်ကောင်းကျိုးထက် ဆိုးရွားသည့်အကျိူးက ပို၍သက်ရောက်သွားပေမည်။
ထို့ကြောင့် ရှန်းယွင်လည်း သူမ၏ပူပန်မှုများကိုဖိနှိပ်ကာ စိုးရိမ်သည့်မျက်ဝန်းများနှင့် တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည် ။
ထင်းရှီမှာ ပြင်ပပတ်ဝန်းကျင်ကို အာရုံမထားနိုင်သေးပေ။
အတွင်းအားကျင့်စဉ်ကို အကြိမ်ကြိမ်လှည့်ပတ်၍ သူ၏ခန္တာကိုယ်အတွင်းမှ အဆိပ်များကို တိုက်ထုတ်နေသည်။
သို့သော် နာရီအနည်းငယ်ကြာသွားသည်အထိ ထင်းရှီမှာ ပြန်လည်ကောင်းမွန်မလာသေးပေ။ စုစုပေါင်းအဆိပ်ပမာဏ၏ အနည်းငယ်ကိုသာ တိုက်ထုတ်နိုင်သေးသည်။
ဤသည်မှာ များစွာမထူးဆန်းပေ။ ထင်းရှီမှာ အဆိပ်ဘုရင်အဖိုးအို၏ အဆိပ်ဓားပျံနှစ်လက်ထိမှန်ခဲ့သည့်အပြင် အရိုးဖြူလက်ချောင်းသိုင်း၏အဆိပ်များပါ သူ၏ခန္တာကိုယ်အတွင်း စုပုံနေခြင်းဖြစ်သည်။
ထိူအဆိပ်များမှာ ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးကိုချက်ခြင်းသေဆုံးသွားသည်အထိ ပြင်းထန်လှသည်။
ထင်းရှီသည်သာ အတွင်းအား များစွာနက်ရှိုင်းနေ၍ နှစ်ရက်လုံးလုံးသတိမေ့နေသည့်တိုင်သေဆုံးမသွားခြင်းဖြစ်သည် ။
သို့သော် အဆိပ်များမှာ ခန္တာကိုယ်အတွင်းပျံ့နှံ့နေသည်။ ထင်းရှီမှာ ထိုအခြေအနေတွင်အသင့်တော်ဆုံးဖြစ်သည့် အဆိပ်များကို တစ်နေရာထဲတွင်စုထားကာ အတွင်းအားဖြင့် ထိမ်းချုပ်ထားရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် အဆိပ်များကိုတိုက်ထုတ်မပြီးမချင်း အတွင်းအားထုတ်သုံးနိုင်ဦးမည်မဟုတ်ပေ။
ထင်းရှီအတွင်းအားကျင့်နေသည့်အချိန်ကြာလာသည်နှင့်အမျှ ရှန်းယွင်မှ ပို၍စိတ်ပူလာသည် ။
သူမ၏နေရာတွင် အေးအေးဆေးဆေးထိုင်မနေနိုင်တော့ဘဲ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လျက်ရှိသည်။
သူမထင်းရှီအား မေးမြန်းချင်စိတ်များ အကြိမ်ကြိမ်ဖြစ်ပေါ်လာမိသော်လည်း အကျိူးအပြစ်ကို ချင့်တွက်ကာ စိတ်ကိုထိမ်းချုပ်ထားရသည်။
ထင်းရှီ၏မျက်လုံးများပွင့်လာသည်နှင့် သူမ ထင်းရှီ၏အနီးသို့ချက်ခြင်းတိုးကပ်သွားမိသည်။
“ အစ်ကိုကြီးထင်း အဆင်ပြေရဲ့လား “
သူမ၏လှပသည့်မျက်လုံးလေးများမှာ အရည်လဲ့နေကာ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည် ။
ထင်းရှီမှာ ယခုလိုတစ်စုံတစ်ယောက်၏ လွန်လွန်ကဲကဲဂရုစိုက်မှုကို မခံဖူး၍ အနည်းငယ်မနေတတ်ဖြစ်သွားကာ တွေးရင်း ပြုံးလိုက်မိသည်။
ထို့နောက် ထရပ်၍ ရှန်းယွင်အား လက်ကမ်းပေးလိုက်သည်။
“ ရှန်းအာ ငါတို့ ဒီနားပတ်ဝန်းကျင်ကို လေ့လာရအောင် “
ရှန်းယွင်မှ ထငိးရှီ သူမအပေါ်အခေါ်ပြောင်းသွားခြင်းကို သတိထားလိုက်မိကာ သူမ၏နှလုံးသားထဲတွငိ ချိုမြိန်ခြင်းများနှင့် ပြည့်နှက်သွားသည်။
ထို့နောက် ထင်းရှီ၏လက်အား ဆွဲကာထရပ်လိုက်ရင်း သူမရှေ့မှဦးဆောင်ကာ လိုဏ်ဂူအပြင်သို့ထွက်သွားလိုက်သည်။
ပြင်ပတွင် နေရောင်မှာ ပူပြင်းလျက်ရှိကာ နေ့လည်အချိန်ဖြစ်မည်ဟုခန့်မှန်းရနိုင်သည်။
လိုဏ်ဂူနှင့်မနီးမဝေးတွင် ရေကန်ကြီးတစ်ကန်ရှိကာ ထိုရေကန်ကြောင့်ပင်သူတို့အသက်ချမ်းသာရာရခဲ့ခြင်းဖြစ်သည်။
ထိုအနီးအနားတွင်လည်း သဘာဝလိုဏ်ဂူလေးငါးလုံးခန့်ရှိနေကာ သူတို့လက်ရှိနေသည့်လိုဏ်ဂူထက်ကို၍သေးငယ်သည်။
ထင်းရှီနှင့်ရှန်းယွင်တို့မှာ ရေကန်ကြီးဆီသို့ဦးတည်ကာလာခဲ့ကြခြင်းဖြစ်သည်။
“ ရှန်းအာ ငါတို့ရဲ့အဝတ်ထုပ်တွေကရော “
ထင်းရှမှ သူတို့၏အခြေအနေအား သတိထားမိကာမေးလိုက်သည်။
လက်ရှိသူ၏ဝတ်စုံမှာ သရဲဘုရင်၏လက်ချက်ကြောင့် ဓားရာများဖြင့်စုတ်ပြဲနေသည်။ ထို့အပြင်သူ၏ဘောင်းဘီမှာလည်း ခြေထောက်မှဒဏ်ရာကိုဆေးထည့်စဉ်ကရှန်းယွင်ဖြဲထားသေးသည်။
ရှန်းယွင်၏အခြေအနေမှာလည်း ထူးမခြားနားပင် ။ သူမ၏လှပသည့်အစိမ်းရောင်ဝတ်စုံမှာ စုတ်ပြဲညစ်ပတ်နေကာ လှပဝင်းမွတ်သည့်အသားအရေအချို့ပင်ထွက်ပေါ်နေသည်။
လက်ရှိသူတို့နှစ်ဦး၏ပုံစံမှာ သူတောင်းစားများထက်ပင်စုတ်ပြတ်နေကာ သူတောင်းစားဂိုဏိးဝင်များဟုဆိုလျှင် ယုံနိုင်ဖွယ်ရှိသည်။
“ အမ် .. အဝတ်ထုပ်တွေက ကမ်းစပ်မှာနဲ့တူတယ်။ ကျမအဲဒီအချိန်တုန်က ထူပူပြီး ဘာလုပ်မိမှန်းစဉ်းစားမရဘူး “
ရှန်းယွင်မှ လျှာတစ်လစ်ထုတ်ကာ ချစ်စဖွယ်ပြောလိုက်သည်။
ထင်းရှီလည်း သူမ၏အပြုအမူလေးကြောင့် မဆူပူတော့ဘဲ ကူကယ်ရာမဲ့စွာပြုံးလိုက်မိသည် ။
မကြာမီ ရေကန်ကြီး၏အနီးသို့ရောက်လာခဲ့သည် ။
သူတို့ရောက်ရှိနေသည့်တောင်ကြားမှာ အတော်လေးကျယ်ဝန်းကာ ရေကန်ကြီးမှာ ထိုနေရာတစ်ခုလုံးကို ထိစပ်သည်အထိ ကြီးမားပေသည် ။
ထို့ကြောင့်လည်း ထင်းရှီနှင့်ရှန်းယွင်တို့ အသက်ရှင်ခဲ့ခြင်းဖြစ်သည် ။
ရေကန်၏တစ်ဖက်တွင်မူ ပေအနည်းငယ်ကျယ်ဝန်းသည့်စမ်းချောင်းလေးမှရေများမှာ ရေကန်ထဲသို့စီးဝင်နေကာ ကန်တစ်ခုလုံးကြည်လင်နေသည့်ရေများနှင့်ပြည့်နှက်နေသည်။
ထိုစမ်း ချောင်းလေးမှာ ရှန်းယွင်ပြောသည့်စမ်းချောင်းငဖြစ်နိုင်ကာ စမ်းချောင်း၏အဆုံးကိုမူ မမြင်ရဘဲ အတော်လေးရှည်လျားမည့်ပုံရသည်။
ရေကန်အစပ်တွင် သူတို့၏အဝတ်ထုပ်များကိုတွေ့ရသည် ။ နှစ်ရက်ခန့်ကြာပြီးဖြစ်၍ အထဲမှဝတ်စုံများပင် ခြောက်ကပ်နေကြပြီ။ ။
ထင်းရှီ၏အဝတ်ထုပ်ထဲတွင် ငွေတုံးများနှင့်ငွေလွှဲလက်မှတ်အချို့ပါကာ ရှန်းယွင်မှာ ထင်းရှီနှင့်အတူရေထဲကျပြီးနောက် လေးလံမည့်အရာမှန်သမျှအားကမ်းပေါ်သို့ပစ်တင်ခဲ့ခြင်းဖြစ်သည် ။
ငွေလွှဲလက်မှတ်များမှာ စုတ်ပြဲခြင်းမပြုဘဲ သုံး၍ရသေးသည် ။သို့သော်ယခုလိုချောက်နက်ထဲတွင်ငွေကြေးမှာ တန်ဖိုးမရှိလှပေ။
ရှန်းယွင်လည်း သူမ၏အဝတ်ထုပ်ကိုပြန်တွေ့သွားကာ ရှင်းသန့်သည့်အစိမ်းရောင်ဝတ်စုံတစ်စုံကိုထုတ်ယူလိုက်သည် ။
သူမ၏ပုံစံမှာ ယခုချက်ခြင်းပင် အဝတ်အစားလဲတော့မည့်ပုံရ၍ ထင်းရှီလည်း ကဗျာကယာနောက်လှည့်လိုက်သည် ။
“ အစ်ကိုကြီးထင်း လိုဏ်ဂူစီသွားလေ။ ကျမကိုယ်လက်သန့်စင်ပြီးရင်လိုက်ခဲ့မယ် “
ရှန်းယွင်မှ အစိမ်းရင့်ရောင်ဝတ်စုံလေးအား လက်ထဲတွင်ထွေးပိုက်ထားကာ အရှက်သည်းစွာအော်ဟစ်လိုက်သည် ။
သူမထင်းရှီကိုမည်မျှ သဘောကျသည်ဆိုစေဦး သူ၏အနီးတွင် အဝတ်အစားလဲရခြင်းကို ရှက်ရွံ့ပေသည် ။
ထိုအခါမှ ထင်းရှီလည်း ခပ်သုတ်သုတ်လျှောက်၍ လိုဏ်ဂူဆီသို့ပြန်သွားလိုက်သည် ။
အချိန်အကြာကြီးမစောင့်ရလိုက်ပေ။ ကျော့ရှင်းသည့်ကိုယ်ဟန်နှင့်လှပသည့်ပုံရိပ်လေးတစ်ခု လိုဏိဂူထဲသို့ရောက်လာသည်။
သူမ၏ပုံစံအရ တစ်ခါတည်းရေချိုး၍ အဝတ်အစားလဲလာပုံရသည်။
ရေချိုးပြီးစသူမ၏မျက်နှာလေးမှာ ရှင်းသန့်နေကာ ဆံနွယ်အချို့တွင် ရေစက်လေးများတွဲခိုလျက်ရှိသသည်။
မိန်းကလေးတစ်ယောက်၏အလှစစ်စစ်မှာ အိပ်ယာမှနိုးထချိန်ဆိုပါက အလှဆုံးအချိန်မှာ ရေချိုးပြီးစအချိန်ဖြစ်ရမည်။
မည်သည့်အလှပြင်ပစ္စည်းမှလိမ်းကျံထားခြင်းမရှိသည့်မျက်နှာလေးမှာ ဝင်းမွတ်နေသည် ။
သေးသွယ်ဖြောင့်တန်းသည့်မျက်ခုံးလေးများအောက်တွင် ကြည်လင်နေသည့်မျက်ဝန်းလှလှလေးများရှိနေကာ ထင်းရှီအား ရှက်ရွံ့သည့်ဟန်ဖြင့်မဝံ့မရဲကြည့်နေသည်။
ထင်းရှီမှာ ပန်းချီရေးမမှီနိုင်သည့်အလှတရားကြောင့် အနည်းငယ်မင်တပ်မိသွားမိသည်။ ထို့နောက် သူစိုက်ကြည့်နေမိသည်ကိုသတိထားမိသွားကာ လက်ထဲမှ ထင်းချောင်းများကိုပစ်ချလိုက်ရင်း ချောင်းတစ်ချက်ဟန့်လိုက်မိသည်။
ရှန်းယွင်ရေချိုးနေသည့်အချိန်တွင် ထင်းရှီမှထင်းများစုဆောင်းနေခြင်းဖြစ်သည် ။
လိုဏ်ဂူထဲတွင် မီးဖိုထားသည့်အရိပ်အယောင်ကိုမတွေ့ရပေ။ ထင်းရှီမှာ နှစ်ရက်လုံးလုံး ထိုမိန်းကလေးမည်သို့နေခဲ့သည်ကို သိချင်မိသည် ။
သူမ မီးမမွှေးတတ်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ၏ဒဏ်ရာများအားဆေးထည့်ရန် ဆေးဖက်ဝင်အပင်များကိုသိရှိခြင်းသည်ပင် ကံကောင်းသည်ဟု တွေးလိုက်မိသည်။
မည်သို့ပင်ဖြစ်စေ ထင်းရှီမှာ ယောင်္ကျားတစ်ယောက်ဖြစ်သည့်အတွက် အားနွဲ့သည့်မိန်းကလေးကို စာနာရပေမည်။
ရှန်းယွင်ကပါရပ်ကြည့်မနေဘဲ ထင်းရှီကာကူညီ၍ ထင်းများစုဆောင်းပေးနေသည် ။
ထင်းများကို ဝေးဝေးလံလံသွားရှာစရာမလိုပေ။ သူတို့ပတ်ဝန်းကျင်ရှိသစ်ပင်ကြီးများအောက်မှ သစ်ကိုင်းခြောက်များဖြစ်ကြသည်။
ထို့နောက် ထင်းရှီမှ ရှန်းယွင်အားလမ်းပြခိုင်းကာ သူမစားသောက်ခဲ့သည့် သစ်သီးများရှိရာတောအုပ်သို့ ဦးတည်၍သွားလေသည်။
ထင်းရှီတို့ရောက်ရှိနေသည့်ချောက်ကမ်းပါးအောက်ခြေမှာ တောင်ကြားတစ်ခုလိုဖြစ်နေကာ တစ်ဖက်တွင် မိုးထိလုမတတ်မြင့်မားသည့်တောင်နံရံနှင့်ကျန်တစ်ဖက်တွင် တောင်ငယ်လေးတစ်လုံးရှိသည်။
မြင့်မားသည့်တောင်နံရံမှာ ထင်းရှီတို့ဖြတ်ကျော်လာသည့် လမ်းရှိကာ တောင်၏တစ်ဖက်တွင် မြောက်ပိုင်းတောင်တန်းဒေသမှ နာမည်ကြီး စူးတန်မြို့ရှိနေခြင်းဖြစ်သည်။
တောင်ငယ်လေးမှာ သစ်ပင်များထူထပ်စွာပေါက်ရောက်နေပြီး တောအုပ်တစ်ခုကဲ့သို့ဖြစ်နေသည်။
ရှန်းယွင်သစ်သီးများကို ရှာဖွေတွေ့ရှိသည်မှာလည်း ထိုတောအုပ်ထဲမှဖြစ်သည်။
တောင်ငယ်လေး၏တစ်ဖက်တွင်မူ ပို၍ကြီးမားသည့်တောအုပ်ကြီးရှိနေနိုင်သည်။