အကြောထောက်ကုသခြင်း
Vol. 3 Ch. 219
ထင်းရှီနှင့်ရှန်းယွင်မှာ သစ်သီးများတပွေ့တပိုကိဖြင့် လိုဏ်ဂူလေးဆီသို့ပြန်လာခဲ့သည်။
တောအုပ်လေးထဲတွင် သီးပင်စားပင်ပေါများကာ သူတို့ရှင်သန်နိုင်ရန် စိတ်ပူစရာမလိုတော့ပေ။
ထင်းရှီမှာ မျက်မှောင်ကြုတ်လျက်တစ်စုံတစ်ခုအားတွေးတောနေရင်း ဘဝင်မကျသည့်လေသံဖြင့်မေးလိုက်သည်။
“ ရှန်းအာ နင့်ရဲ့ခြေထောက်ကဒဏ်ရာတွေက ဘယ်လိုရလာတာလဲ “
ထင်းရှီ၏စကားကြောင့် ရှန်းယွင်မှာ အနည်းငယ်ထိတ်လန့်သွားကာ သူမ၏ခြေထောက်အားပြန်၍ကြည့်လိုက်သည် ။
ယခင်ကသူမ၏ဝတ်စုံဟောင်းမှာ စုတ်ပြဲနေ၍ ဆူးခြစ်ရာများထ ပွန်းရာပဲ့ရာများ စသည့် အသေးစားဒဏ်ရာများပြည့်နေသည့် သူမ၏ခြေထောက်ကို ထင်းရှီတွေ့ခဲ့ခြင်းဖြစ်သည်။
ယခု ကိုယ်တိုင်သစ်စီးခူးလာပြီးနောက်မှ သူ၏စိတ်ထဲတွင် ထိုကိစ္စပေါ်လာခြင်းဖြစ်သည်။
တောအုပ်ထဲရှိသစ်ပင်များမှာ အောက်ခြေတွင် ရှုပ်ထွေးသော်လည်း အပေါ်ပိုင်းတွင် ကြီးထွားမြင့်မားကြကာ ရှင်းလင်းနေသည် ။
သူမ၏ကိုယ်ဖော့ပညာဖြင့် ထိုသစ်ပင်များကိုတက်ရာတွင် ခြစ်ရာပင်မထင်သင့်ပေ။
ထင်းရှီမှာ ဆက်၍တွေးတောရင်း ယခုလည်း သူမကိုယ်ဖော့ပညာအသုံးမပြုသည်ကိုသိလိုက်သည် ။
ကိုယ်ဖော့ပညာနှင့်အတွင်းအားမှာ တိုက်ရိုက်ကြီးပတ်သတ်နေသည်မဟုတ်သော်လည်း တစ်ခုနှင့်တစ်ခုအမှီပြုနေကာ အတွင်းအားအသုံးမပြုနိုင်သည့်ထင်းရှီမှာ ကိုယ်ဖော့ပညာကိုပါထုတ်မသုံးနိုင်သည်မှာ သဘာဝကျပေသည်။
သို့သော် လူကောင်းပကတိရှန်းယွင်ကား မည်သည့်အတွက် ကိုယ်ဖော့ပညာလေးကိုပင် အသူံမပြုနိုင်သည်ကို စဉ်းစားမရပေ။
“ ဒီလိုပါပဲ အစ်ကိုကြီးထင်းရဲ့ ကျမသတိမထားမိလို့ပါ “
ရှန်းယွင်မှ လိုဏ်ဂူထောင့်တွင်သစ်သီးများကိုစုပုံလိုက်ရင်းပေါ့ပေါ့ပါးပါးဖြေလိုက်သည် ။
ထင်းရှီမှာ ဦးခေါင်းကိုခါယမ်းလိုက်ရင်း သူမကိုသံသယဖြင့်ကြည့်လိုက်သည်။ ထို့နောက် သူမ၏လက်ကို လျှပ်တပျက်ဆွဲဖမ်းကာ သွေးကြောစမ်းလိုက်သည်။
“ ဟင် “
ထင်းရှီမှာ အာမေဍိတ်သံထွက်၍ပင် အံ့အားသင့်သွားသည်။
ရှန်းယွင်၏ခန္တာကိုယ်ထဲတွင် သွေးကြောများဒဏ်ရာရနေကြကာ အတွင်းအားထုတ်သည်နှင့် ပို၍ဆိုးရွားလာနိုင်သည်။
ရှန်းယွင်မှာ ထိုမျှကြီးကျယ်သည့်အဖြစ်ကို သူ့ကိုမပြောဘဲဖုံးကွယ်ထားသည့်အတွက် ထင်းရှီမှာ ဒေါသများတလိမ့်လိမ့်တက်လာသည် ။
“ ဘာလို့နင့်ရဲ့သွေးကြောတွေဒဏ်ရာရနေတာကို ငါ့ကိုမပြောတာလဲ။ တကယ်လို့ မကုဘဲအချိန်အကြာကြီးထားရင် နင်ဒုက္ခိတတစ်ယောက်ဖြစ်သွားနိုင်တယ် “
ထင်းရှီမှာ ဒေါသမျက်ဝန်းများဖြင့်စူးစိုက်ကြည့်ကာ ခပ်ဆက်ဆက်အော်ငေါက်လိုက်သည်။
ရှန်းယွင်မှာ ထင်းရှီ၏ဒေါသကြောင့် ခေါင်းကိုငုံ့ထား၍ စကားတစ်ခွန်းမှမဆိုသော်လည်း မျက်ဝန်းလေးများနီရဲလာကာအသံတိတ်မျက်ရည်ကျလာသ ည်။
ထိုမိန်းကလေးမှာ ယခုနောက်ပိုင်းတွင် ပို၍ထိရှလွယ်ကာ မျက်ရည်မကြာခဏကျလာပုံရသည်။ သူမ၏စိတ်ထဲတွင် အားငယ်နေခြင်းကြောင့်လည်းဖြစ်နိုင်သည်။
သူမ၏ပင်ကိုယ်စရိုက်မှာ တတ်ကြွသက်ဝင်ကာ စိတ်မြန်လက်မြန်ရှိလှသည်။ ထို့ကြောင့်လည်း အရှေ့ပိုင်းသိုင်းလောကထဲတွင် ထိမ်းချုပ်မရသည့်ပန်းရိုင်းလေးဟု နာမည်တွင်ခဲ့ခြင်းဖြစ်သည်။
ယခုမူ လူသူမနီးသည့် ချောက်နက်ကြီးထဲတွင် သူမတွယ်တာရသည့်ထင်းရှီဖြင့်အတူရှိနေသည့်အတွက် သူမ၏စိတ်ထဲတွင် ထင်းရှီအပေါ် အလုံးစုံအားကိုးယုံကြည်မှုနှင့် မှီခိုလိုမှုများ ဝင်ရောက်လာပုံရသည် ။
ထို့ကြောင့်ပင် ထင်းရှီမှ လေသံမာမာပြောလိုက်သည်နှင့် သူမများစွာဝမ်းနည်းလာကာ မျက်ရည်မကြာခဏကျခြင်းဖြစ်ရမည်။
ထင်းရှီမှာ မိန်းမများ၏စိတ်မှာ ထူးဆန်းလှသည်ဟုတွေးတောကာ ထပ်၍သက်ပြင်းချလိုက်ပြန်သဘ်။
ထို့နောက် သူမ၏သနားစဖွယ်ပုံစံကြောင့် ဆက်၍မဆူတော့ဘဲ သက်ပြင်းသဲ့သဲ့ချ၍ သူမအားကုသနိုင်မည့်နည်းလမ်းများကို စဉ်းစားလိုက်သည်။
သူ့အထင်ကိုပြောရလျှင် သူမ၏သွေးကြောများဒဏ်ရာရခဲ့ခြင်းမှာ အဆိပ်ဘုရင်၏အကြောပိတ်မှုကို အတင်းအကြပ်ဖြေခဲ့ခြင်းကြောင့်ဖြစ်နိုင်သည်။
အကြောပိတ်ခံရမှုကို နက်ရှိုင်းသည့်အတွင်းအားရှိသူမှာအလွယ်တကူဖြေနိုင်သော်လည်း သူမကိုသွေးကြောပိတ်ခဲ့သူမှာသိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်ကာ သူမမှာ ထိုမျှအတွင်းအားနက်ရှိုင်းခြင်းမရှိသေးပေ ။
ထိုအခြေအနေမျိုးတွင် အတင်းအကြပ်အကြောဖြေခြင်းက သူမ၏သွေးကြောများကို ဒဏ်ရာရစေသည်။
သူမထိုအခြေအနေဖြင့် နှစ်ရက်လုံးလုံးဘာမှမဖြစ်ဘဲနေနိုင်ခဲ့ခြင်းကပင် အံ့ဖွယ်ဖြစ်သည်။
အကယ်၍ ကုသခြင်းမပြုဘဲထိုသို့ဆက်၍နေပါက သူမ၏အတွင်းအားများပြိုကွဲသွားနိုင်ကာ အဆိုးဆုံးအနေဖြင့် ဒုက္ခိတပင်ဖြစ်သွားနိုင်သည်။
ထင်းရှီမှာ ဓားပညာတွင် လွန်စွာထူးချွန်သော်လည်း ဆေးပညာနှင့်ပတ်သတ်လျှင်အနည်းငယ်သာသိသည်။
ထို့ကြောင့် အကြောများနှင့်ပတ်သတ်၍ သူမ၏အခြေအနေကိုကုသရန် သူ့ထံတွင် နည်းလမ်းများစွာသိမနေပေ။
ထင်းရှီလည်း သူမ၏အခြေအနေကိုဖြေရှင်းရန်ဦးခေါင်းပေါက်ထွက်မတက်စဉ်းစားသော်လည်း အဖြေတစ်ခုသာတွေ့ခဲ့သည်။
အကြောထောက်ကုသရန်
ထိုနည်းလမ်းတစ်ခုသာရှိသည်။
အကြောထောက်ကုသခြင်းမှာ ခန္တာကိုယ်ရှိသွေးကြောမကြီးခြောက်ခုအားမှန်ကန်သည့်နေရာများသို့အတွင်းအားပို့လွှတ်ကုသခြင်းဖြစ်သည်။
ဤနည်းဖြင့် ပျက်စီးနေသည့်သွေးကြောများမှာ တဖြေးဖြေးပြန်၍ကောင်းမွန်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ထိုနည်းလမ်းကို သိရှိထားခြင်းကပင် ကံကောင်းလှသည် ။
ထိုနေရာတွင် ပြဿနာရှိသည်မှာ ထင်းရှီ၏အခြေအနေဖြစ်သည်။ သူ၏အတွင်းအားမှာ သိုင်းဝိဇ္ဇာများထက် အနည်းငယ်သာလျော့နည်းသည့်အဆင့်တွင်ရှိသော်လည်း လောလောဆယ်တွင် အတွင်းအားအသုံးမပြုနိုင်သေးပေ။
သူ၏ခန္တာကိုယ်အတွင်းမှအဆိပ်များအားအတွင်းအားဖြင့်ထိမ်းချုပ်ထားကာ တဖြေးဖြေးတိုက်ဖျက်နေရသည်။
အကယ်၍ အတွင်းအားအသုံးပြုလိုက်ပါက သူထိမ်းချူပ်ထားသည့်အဆိပ်များမှာ ပြန့်နှံ့သွားမည်ဖြစ်ကာ ယခင်အခြေအနေထက်ပင် ပို၍ဆိုးရွားနိုင်သည်။
ထင်းရှီလည်း ဆုံးဖြတ်ချက်ချလိုက်ပြီ သူမ၏လက်လေးကို ညင်သာစွာဆွဲယူလိုက်သည်။
ရှန်းယွင်မှ မျက်ရည်များပြည့်နှက်နေသည့်မျက်လုံးရွဲကြီးများဖြင် မော့ကြည့်လာသည်။
“ ဒီနားကိုလာပြီး ခြေချိတ်ထိုင်လိုက် “
ထင်းရှီမှာ တည်ကြည်သည့်လေသံဖြင့်ပြောလိုက်သည်။ ရှန်းယွင်မှ ခေါင်းယမ်း၍ အလျှင်အမြန်ပြောလိုက်သည်။
“ ဒါပေမယ့် ရှင့်ရဲ့ဒဏ်ရာတွေမပျောက်သေးဘဲနဲ့ကုသလို့မရ “
“ တော်တော့ ငါခိုင်းတဲ့အတိုင်းပဲလုပ်ပါဘာမှမဖြစ်ပါဘူး “
သူမ၏စကားမဆုံးမီ ထင်းရှီမှ ဖြတ်၍ပြောလိုက်သည့်အတွက် ထင်းရှီလည်း စကားတစ်ခွန်းမှမဆိုတော့ဘဲ ထင်းရှီ၏ရှေ့တွင် ခြေချိတ်ထိုင်လိုက်သည်။
ထင်းရှီမှ သူမ၏နောက်တွင် ထိုင်ကာ အတွင်းအားကိုဖြေးညင်းစွာစုဆောင်းရင်း သူ၏ခန္တာကိုယ်အတွင်းမှအဆိပ်များကို သတိထား၍ထိမ်းချုပ်လိုက်သည်။
ထို့နောက် လက်နှစ်ဖက်တွင် အတွင်းအားများပို့လွှတ်ကာ လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့် ရှန်းယွင်၏ပြေပြစ်သည့်ကျောပြင်ကို ထိတွေ့လိုက်သည်။
“ အင့် .. “
ရှန်းယွင်မှာ မသဲမကွဲညည်းညူလိုက်မိကာ သူမတစ်စုံတစ်ရာမစဉ်းစားနိုင်မီ ထင်းရှီ၏လက်များမှာ သူမ၏သွေးကြောမကြီးများပေါ်တွင်ရွေ့လျားလျက်ရှိသည်။
ပူနွေးသည့်အတွင်းအားစီးကြောင်းများမှာ သူမ၏နောက်ကျောကိုဖြတ်၍စီးဆင်းလာသည်ဟုခံစားလိုက်မိကာ သူမ၏သွေးကြောမကြီးများထဲတွင် လှည့်လည်သွားလာလျက်ရှိသည် ။
တစ်ချိန်တည်းမှာပင် သူမ၏ခန္တာကိုယ်အတွင်းမှ မသက်မသာဖြစ်နေသည့်ခံစားချက်များပျောက်ကွယ်သွားကာ နှစ်ရက်လုံးလုံး စုစည်းမရသည့် အတွင်းအားများကိုပင်စတင်၍စုစည်းမိလိုက်သည်။
ရှန်းယွင်လည်း ထင်းရှီ၏ကူညီမှုကို အကျိုးမဲ့မဖြစ်စေလိုသည့်အတွက် အချိန်မဖြုန်တော့ဘဲအတွင်းအားစတင်၍လေ့ကျင့်လိုက်သည်။
သူမအတွင်းအားကျင့်နေစဉ် ထင်းရှီမှာ သူမ၏သွေးကြောမကြီးများကိုအတွင်းအားပို့လွှတ်လျက်ရှိနေသည် ။
အတင်းအကြပ်အားထုပ်မှုကြောင့် ဒဏ်ဖြစ်ကာ ဒဏ်ရာရနေကြသည့်သူမ၏သွေးကြောများပြန်ကောင်းလာသည်ကို ခံစားမိလိုက်သည်။
ထင်းရှီမှာ သူ၏ခန္တာကိုယ်ထဲတွင် အဆိပ်များပြန်လည်ထကြွလာသည်ကို ခံစားလိုက်မိသော်လည်း သူ၏လက်ကိုအောက်ချခြင်းမပြုဘဲ သူမ၏ခန္တာကိုယ်ထဲသို့ အတွင်းအားများ ဆက်၍ပို့လွှတ်နေသည်။
ရေနွေးအိုးတစ်အိုးကျက်ချိန်ရောက်မှ ထင်းရှီမှ သူ၏လက်ကိုအားပျော့စွာဖြင့်ချလိုက်သည်။။
ရှန်းယွင်မှာ အတွင်းအားကျင့်ကြံမှုတွင်နစ်မြုပ်နေကာ သူမ၏စုစည်းမရသည့်အတွင်းအားများပြန်၍စုစည်းမိနေပြီဖြစ်ကာ လုံးဝပြန်လည်ကောင်းမွန်ရန် အချိန်တစ်ခုသာလိုအပ်ပေသည်။
ထင်းရှီမှာ မည်းနက်နေသည့်မျက်နှာဖြင့် နောက်သို့ဆုတ်၍ လိုဏ်ဂူနံရံကိုကျောဖြင့်မှီကာ အနားယူလိုက်သည်။
သူ၏ခန္တာကိုယ်အတွင်းမှအဆိပ်များ ပြန်၍ထကြွနေသည်ကိုရှိသော်လည်း မထိမ်းချုပ်နိုင်သေးဘဲ အနည်းငယ်အနားယူနေရပေသည်။
ထင်းရှီမှာ သူလက်ထောက်ထားသည့်အောက်တွင် ခပ်ဝိုင်းဝိုင်းကျောက်ပြားငယ်တစ်ခုကိုစမ်းသက်လိုက်မိသည့်အတွက် မရည်ရွယ်ဘဲ ထိုကျောက်ပြားကို အောက်သို့ ဖိနှိပ်လိုက်မိသည်။
“ ဂျစ် ဂျစ် ဝုန်း… “
ခပ်အုပ်အုပ်ပွတ်တိုက်သံနှင့်အတူ ထင်းရှီကျောမှီထားသည့် လိုဏ်ဂူနံရံမှာ ဖျာတစ်ချပ်စာနေရာရွေ့လျားသွားပြီး ထင်းရှီအား လျှို့ဝှက်ခန်းဖြစ်နိုင်သည့် လိုဏ်ဂူနောက်ဘက်နေရာသို့ပို့လိုက်သည်။
ထို့နောက် ကျောက်တံခါးချပ်ကြီးမှာ တစ်ပတ်လည်၍ ပြန်ပိတ်သွားကာ မည်သည့်အရာမှမဖြစ်ခဲ့သလို ပကတိတည်ငြိမ်သွားသည်။