အခန်း (၂၂၀)
Vol. 3 Ch. 220
ရှန်းယွင်မှာ သူမ၏ခန္တာကိုယ်အတွင်းပို့လွှတ်ပေးသည့် ထင်းရှီ၏အတွင်းအားများကို အမှီပြု၍ ယခင်အတွင်းအားများကိုပြန်လည်ရရှိစေရန်ကြိုးပမ်းလျက်ရှိသည် ။
အကယ်၍ သူမ၏ခန္တာကိုယ်အတွင်း သွေးကြောများဒဏ်ရာရနေသေးသည်ဆိုပါက မည်မျှအတွင်းအားပို့လွှတ်ပါစေ အလဟာသဖြစ်ကာ အခြေအနေပို၍ဆိုးရွားရုံသာရှိသည် ။
ယခုမူ ထင်းရှီမှ သွေးကြောများကိုဦးစွာပြုပြင်ကာ အတွင်းအားဆက်ပို့ပေးခြင်းဖြစ်သဖြင့် သူမအတွက်လွန်စွာကောင်းမွန်ကာ တစ်ထိုင်တည်းဖြင့် ဆက်၍လေ့ကျင့်နေခြင်းဖြစ်သည်။
အချိန်မည်မျှကြာသွားသည်မသိပေ။ သူမ၏မျက်လုံးများပွင့်လာသည့်အချိန်တွင် လိုဏ်ဂူအတွင်း ထင်းရှီ၏အရိပ်အယောင်ကိုပင်မမြင်ရပေ။
ရှန်းယွင်မှာ ထင်းရှီတစ်နေရာရာသို့သွားရောက်မည်ဟုထင်လိုက်မိကာ စိတ်အေးလက်အေးရှိနေသော်လည်း တစ်စုံတစ်ခုကိုစဥ်းစားမိလိုက်ကာ တုန်လှုပ်သွားသည် ။
သူမအားကုသမပေးမီက ထင်းရှီမှာ အတွင်းအားဖြင့်အဆိပ်ဒဏ်ကိုထိမ်းချုပ်ထားရခြင်းဖြစ်သည်။
ယခု သူမအားအတွင်းအားများစွာစိုက်ထုတ်၍ကုသပေးသည့်အတွက် ထင်းရှီ၏အဆိပ်များပြန်၍ထကြွလာမည်မှ မြေကြီးလက်ခက်မလွဲပေ။
ထိုအခြေအနေမျိုးတွင် ထင်းရှီမှာ ပြင်ပသို့မည်သည့်နည်းနှင့်မှထွက်ခွာမသွားနိုင်ပေ။
ရှန်းယွင်လည်း ရုတ်တရက်ထိတ်လန့်သွားကာာ အပြင်သို့အလျှင်အမြန်ပြေးထွက်၍ ထင်းရှီအား ရှာဖွေလိုက်သည်။
ပြင်ပတွင် ညနေစောင်း၏နေရောင်ခြည်မှာ ရွှေအိုရောင်သမ်းလျက်ရှိနေကာ လွန်စွာလှပလျှက်ရှိသည်။
သို့သော် သူမ၏စိတ်ထဲတွင်မူ ပတ်ဝန်းကျင်အလှအပများကို အာရုံမစိုက်နိုင်ဘဒ အပူမီးများတဟုန်းဟုန်းကြွနေကာ ဗလောင်ဆူလျက်ရှိသည်။
ထို့နောက် နေ့လည်ကသူတို့သွားရောက်ခဲ့သည့် ရေကန်ကြီးဆီသို့ မီးခိုးတန်းတစ်ခုလိုအလျှင်အမြန်ပြေးထွက်သွားသည်။
ထို့အပြင် အနီးအနားမှ လိုဏ်ဂူငယ်လေးများထဲတွင်ပင် ရှာခဲ့သေးသည်။
သို့သော် ထင်းရှီအားရှာမတွေ့ပေ ။
ရှန်းယွင်မှာ တောအုပ်လေးထဲသို့ပင်သွားရောက်ရှာဖွေခဲ့သေးသည် ။ သူမ၏အတွင်းအားများပြန်လည်ရရှိကာ လူကောင်းပကတိဖြစ်သွားသဖြင့် သူမ၏ကိုယ်ဖော့ပညာမှာ ယခင်ကလိုထိပ်တန်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည် ။
သူမမည်မျှရှာဖွေစေကာမူ ထင်းရှီ၏အစအနလေးပင်မတွေ့ပေ။
ရှန်းယွင်မှာ သူမ၏စိတ်ထဲတွင်ဟာလာဟင်းလင်းဖြစ်သွားသလိုခံစားရကာ မျက်ရည်များရစ်ဝိုင်းလျက် လိုဏ်ဂူဆီသို့ လေးကန်သည့်ခြေလှမ်းများဖြင့်ပြန်လာမိသည် ။
သူမ၏စိတ်ထဲတွင်လည်း ယူကြုံးမရဖြစ်ကာ ဝမ်းနည်းနေမိသည် ။
သူမကိုကုသပေးရသည့်အတွက် ထင်းရှမှာ သူ၏အတွင်းအားများကိုများစွာသုံးစွဲခဲ့ရသည်။ ထို့အပြင် သူမဂရုမပြုမိသည့်အတွက် သဲလွန်စမဲ့ပျောက်ဆုံးသွားပေသည် ။
ချောက်နက်၏အောက်ခြေတွင် သူမတို့နှစ်ဦးမှလွဲ၍ အခြားတစ်စုံတစ်ယောက်ရှိနေမည်လားဆိုသည်ကို ရှန်းယွင်သေချာမသိပေ။
သို့သော် အနီးပတ်ဝန်းကျင်တစ်ခုလုံးအား နှံ့စပ်အောင်ရှာဖွေပြီးသည့်နောက်တွင်ပင် ထင်းရှီမှာ ပျောက်ဆုံးနေမြဲဖြစ်သည်။
ထို့နောက် တစ်စုံတစ်ခုအား သတိရသွားစလို ရှန်းယွင်၏မျက်နှာလေးဝင်းပသွားကာ လိုဏ်ဂူထဲသို့ပြန်၍ပြေးဝင်လာသည်။
သူမမှာ ဉာဏ်ရည်ထက်မြက်သူဖြစ်သော်လည်း ရုတ်တရက် စိတ်လှုပ်ရှားလွန်းသဖြင့် သေချာမစဉ်းစားမိခြင်းဖြစ်သည်။
ထင်းရှီမှာ ပြင်ပသို့ထွက်ခွာသွားသည့်လက္ခဏာမရှိသည့်အတွက် လိုဏ်ဂူထဲတွင်ပင် ပျောက်ဆုံးသွားခြင်းဖြစ်ရပေမည်။
ထိုအခြေအနေမျိုးတွင် သူကိုယ်တိုင်ထွက်ခွာခြင်းမဟုတ်ဘဲ တစ်စုံတစ်ယောက်မှ ခေါ်ထုတ်သွားခြင်းဖြစ်နိုင်သည် ။
သို့သော် ဤမျှနက်ရှိုင်းသည့်ချောက်နက်အောက်ခြေတွင် ကံကောင်းထောက်မ၍အသက်ရှင်ခဲ့သည့် သူမတို့နှစ်ဦးအပြင် တတိယလူရှိနေမည်ဟု သူမမထင်မိပေ ။
ထို့ကြောင့် ထင်းရှီမှာ လိုဏ်ဂူထဲတွင်သာပျောက်ကွယ်သွားခြင်းဖြစ်ရမည်ဟု သူမကောက်ချက်ချလိုက်မိသည် ။
အခြေအနေများကို စုပေါင်းစဉ်းစားလိုက်လျှင် လိုဏ်ဂူအထဲတွင် လျှို့ဝှက်ခန်းတစ်ခုခုရှိရပေမည် ။
ချောက်နက်အောက်ခြေမှလိုဏ်ဂူထဲတွင် မည်သညိ့အတွက်လျှို့ဝှက်ခန်းရှိနေသည်ကို သူမမသိသော်လည်း သူမ၏အိမ်တော်တွင်မူ လျှိူ့ဝှက်နေရာအနည်းငယ်ရှိသည် ။။
ထို့ကြောင့် လျှို့ဝှက်ခန်းများကိုရှာဖွေရာတွင် ရှန်းယွင်မှာ အတော်လေးအကျွမ်းဝင်ပေသည်။
ရှန်းယွင်မှာ လိုဏ်ဂူထဲသို့အလျှင်အမြန်ပြေးဝင်ကာ လျှို့ဝှက်ခန်းရှိမရှိ စတင်ရှာဖွေလိုက်သည်။
လိုဏ်ဂူကြမ်းပြင် အမိုးပေါ်နှင့် လိုဏ်ဂူနံရံများကိုလိုက်လံစမ်းသက်ကာ တစ်စုံတစ်ခုရှိနေမည်လောဟု ရှာဖွေနေသည် ။
နောက်ဆုံးတွင် သူမအတွင်းအားကျင့်သည့်နေရာအနီးလိုဏ်ဂူ၏နောက်ဘက်ဆုံးမှ နံရံအခြေတွင်သေးငယ်သည့်ကျောက်တုံးလေးကို စမ်းမိလိုက်သည် ။
ထိုနေရာမှာ လိုဏ်ဂူ၏နောက်ဘက်ဆုံးအပိုင်းဖြစ်၍ အတော်လေးအမှောင်ရိပ်ကျနေကာ ယခင်ကသူမတို့မမြင်ခဲ့ရခြင်းဖြစ်သည်။
ထင်းရှီသာ တိုက်တိုက်ဆိုင်ဆိုင် ထိုခလုပ်အားစမ်းမိလိုက်ကာ နံရံ၏နောက်သို့ရောက်သွားခြင်းဖြစ်သည် ။
ရှန်းယွင်လည်းထင်းရှီနည်းတူ ထိုခလုပ်လေးကို ဖိနှိပ်လိုက်ကာ ပွတ်တိုက်သံနှင့်အတူ ချောမွေ့နေသည့်လိုဏ်ဂူနံရံကြီးမှာ လည်လာသည်ကိုတွေ့လိုက်ရသည် ။
ရှန်းယွင်လည်း အချိန်မဆိုင်းဘဲ အတွင်းဘက်သို့လှစ်ခနဲခုန်ဝင်လိုက်ရာ လိုဏ်ဂူအတွင်းဘက်မှ လျှို့ဝှက်နေရာသို့ ရောက်ရှိသွားတော့သည် ။
&&&&&&&&&
လိုဏ်ဂူအနောက်ဘက်မှ လျှို့ဝှက်နေရာလေးမှာ မှောင်ရိပ်ကျနေသည်။
ရှန်းယွင်မှာ အတွင်းအားကောင်းမွန်သည့်အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်သည့်အတွက် အချိန်အနည်းငယ်အတွင်း အမှောင်ထဲတွင် မြင်လာရသည် ။
အခန်းအလယ်တွင် ခြေချိတ်ထိုင်နေကု အတွင်းအားလေ့ကျင့်ဟန်တူသည့်လူရိပ်တစ်ခုကြောင့်ရှန်းယွင်လည်း လွန်စွာဝမ်းမြောက်သွားကာ ထိုလူ၏အနီးသို့ အလျှင်အမြန်တိုးကပ်လိုက်သည် ။
သူမလိုက်လံရှာဖွေနေသည့်ထင်းရှီမှာ လျှို့ဝှက်ခန်းထဲတွင်ရောက်နေခြင်းဖြစ်ကာ သူ၏အဆိပ်များအား ပြန်၍ထိမ်းချုပ်နေဟန်ရသည်။
ရှန်းယွင်လည်း ထင်းရှီအား အနှောင့်အယှက်ပြုမည်စိုးသည့်အတွက် အသံတစ်စုံတစ်ရာမထွက်ဘဲ နောက်သို့အသာဆုပ်ကာ အခန်းထဲအား လိုက်လံစူးစမ်းနေသည် ။
လျှို့ဝှက်ခန်းလေးမှာ ပြင်ပရှိလိုဏ်ဂူလောက်ကျယ်ဝန်းကာ အတော်လေးသပ်သပ်ရပ်ရပ်ပြုလုပ်ထားသည် ။
အခန်းထဲတွင် ကျောက်စားပွဲနှင့် ထိုင်ခံသဏ္ဍာန်ပြုလုပ်ထားသည့် ကျောက်တုံးလေးများရှိနေကာ ကျိမ်းသေပေါက် လူတစ်ယောက်ယောက်၏ဖန်တီးထားမှုဖြစ်ပေသည်။
ရှန်းယွင်လည်း လိုဏ်ဂူနံရံတစ်နေရာတွင် အပြင်ဘက်မှ လျှို့ဝှက်တံခါး၏ခလုပ်ကဲ့သို့ ကျောက်တုံးလေးကိုတွေ့လိုက်ပြီးမှ သူမသက်ပြင်းကိုရဲရဲချလိုက်နိုင်သည် ။
ထို့နောက် ထင်းရှီအား စောင့်ဆိုင်းနေရင်း အနည်းငယ်ပျင်းရိလာသည့်အတွက် လျှို့ဝှက်ခန်းနှင့်ပတ်သတ်၍တွေးတောနေတော့သည် ။
ယခုလို လူသူမနီးသည့် ချောက်နက်အောက်ခြေမှကျောက်လိုဏ်ဂူထဲတွင် မည်သို့သောလူမျိူးနေထိုင်သွားခဲ့သည်ကို သူမစဉ်းစားမရနိုင်ပေ။
ပြင်ပတွင်မူ နေအလင်းရောင်မှာ တဖြေးဖြေးကွယ်ပျောက်သွားကာ ညအချိန်သို့ကူးပြောင်းလာလေပြီ။
ကျောက်ရုပ်ကြီးတစ်ခုကဲ့သို့ထိုင်ကာ အတွင်းအားလေ့ကျင့်နေသည့်ထင်းရှီမှာ ယခုအချိန်အထိလှုပ်ရှားမှုမရှိသေးပေ။
ရှန်းယွင်ပင် အပြင်ဘက်လိုဏ်ဂူသို့ထွက်လိုက် အထဲသို့ပြန်ဝင်လိုက်နှစ်ခါသုံးခါလုပ်ကြည့်ပြီးပြီဖြစ်သည်။
ထို့နောက် လျှို့ဝှက်အခန်းတွင်းသို့ငွေရောင်အလင်းတန်းများကျဆင်းလာသည့်အတွက် ရှန်းယွင်မှာ တစ်စုံတစ်ခုကို သတိပြုမိသွားသည် ။
ထိုအလင်းရောင်များမှာ လပြည့်ည၏လအလင်းရောင်ဖြစ်ကာ လျှို့ဝှက်ခန်းထဲသို့ ထူးဆန်းသည့်နည်းလမ်းဖြင့်ဝင်ရောက်လာခြင်းဖြစ်သည် ။
ရှန်းယွင်၏စိတ်ကို ဆွဲဆောင်နေသည့်အရာမှာ လိုဏ်ဂူကြမ်းပြင်ပေါ်မှ အရာများဖြစ်သည်။
လူတစ်ယောက်ဓားကိုကိုင်၍သိုင်းကစားနေဟန်ရုပ်ပုံများ၊ ထို့နောက် စာများကိုလည်းတွေ့ရသည် ။
အကယ်၍ လအလင်းရောင်သာဝင်လာခြင်းမရှိပါက ရှန်းယွင်မှာ ထိုအရာများကို သတိထားမိမည်မဟုတ်ပေ။
ထို့အတူ လရောင်မထွန်းလင်းနိုင်သည့်လမိုက်ညမျိုးဖြစ်လျှင်လည်း ထိုရုပ်ပုံများကိုတွေ့ရရန်မဖြစ်နိုင်ပေ။
အရေးအကြီးဆုံးအချက်ကား ဤလျှို့ဝှက်ခန်းထဲသို့ဝင်ရောက်ရန်ဖြစ်ကာ တိုက်တိုက်ဆိုင်ဆိုင်ထင်းရှီသာအထဲသို့ ရောက်မသွားဘဲ သူမတို့သာပြင်ပတွင်ဆက်ရှိပါက ရုပ်ပုံများကိုတွေ့ရရန်ဝေးစွ လျှို့ဝှက်ခန်းရှိနေသည်ကိုပင်သိကြမည်မဟုတ်ပေ။
အခြေအနေများမှာ ထူးဆန်းစွာတိုက်ဆိုင်နေသည့်အတွက် ရှန်းယွင်မှာ လွန်စွာအံ့အားသင့်မိသည်။
ရှန်းယွင်မှာ ထိုရုပ်ပုံများကို ဂရုတစိုက်လေ့လာကြည့်သော်လည်း ဓားသိုင်းလေ့ကျင့်နေသည့်ပုံများအဖြစ်မှလွဲ၍ ထိုပုံများကို နားမလည်ပေ။
ရုပ်ပုံများမှာ ခြောက်ခုခန့်ရှိကာ ပုံတိုင်းတွင် မတူညီသည့်ဟန်ဖြင့် လှုပ်ရှားနေကြသည်။
စာများမှာကား ထင်းရှီ၏အောက်သို့ရောက်နေသည့်အတွက် ရှန်းယွင်မှာ ဖတ်ရှုမရနိုင်သေးပေ။
ထို့ကြောင့် စိတ်အတွင်းမှထွက်ပေါ်လာသည့် သိလိုစိတ်များကို ချိုးနှိမ်ကာ ထင်းရှီအတွင်းအားလေ့ကျင့်ပြီးသည်အထိ စောင့်၍နေလိုက်သည် ။