ဓားပညာ၏ သဘောတရားတစ်ခု
Vol. 3 Ch. 221
အချိန်မှာ တဖြေးဖြေးနှင့်ကုန်လွန်သွားခဲ့သည်။ ထင်းရှီ၏ခန္တာကိုယ်မှာ တစ်ချက် လှုပ်ရှားသွားပြီး အသက်ကိုပြင်းပြင်းမှုတ်ထုတ်ကာ ထိုင်နေရာမှ ထရပ်လိုက်သည်။
သူ၏ရှေ့ဘက်တွင် လိုဏ်ဂူနံရံအားမီကာ အိပ်ငိုက်နေသည့်ရှန်းယွင်ကိုကြည့်ကာ သဘောကျစွာ ပြုံးလိုက်မိသည်။ ။
ထို့အတူ သူ၏စိတ်ထဲတွင်လည်း သက်ပြင်းဖွဖွရှိုက်လိုက်မိသည်။ ယခုတစ်ကြိမ်တွင် သူသေဆုံးရန်အတော်လေးနီးကပ်ခဲ့သည်။
ရှန်းယွင်အားအတွင်းအားဖြင့်အကြောထောက်ကုသပြီးနောက် သူ၏ခန္တာကိုယ်ထဲမှအဆိပ်များမှာ တမဟုတ်ချင်းပျံ့နှံ့သွားကာ သူ၏ခန္တာကိုယ်တစ်ခုလုံးလှုပ်ရှားမရတော့ဘဲ အားအင်ကုန်ခမ်းသွားသည် ။
ကံကောင်းထောင်မ၍ လျှို့ဝှက်ခန်း၏ခလုပ်ကိုလက်ဖြင့်ထောက်မိကာ သူ၏ခန္တာကိုယ်မှာ ကျောက်နံရံ၏သယ်ဆောင်မှုကြောင့် လျှို့ဝှက်ခန်းထဲသို့ရောက်ရှိသွားသည် ။
ထင်းရှီမှာ လျှို့ဝှက်ခန်း၏အလယ်တွင် အားအင်လျော့နည်းစွာလဲလျောင်းနေရင်းမှ သူ၏လက်မှာ လိုဏ်ဂူကြမ်းပြင်တွင်ရေးထွင်းထားသည့်စာလုံးအချို့ကို စမ်းသပ်မိလိုက်သည်။
ထိုစာလုံးများကို ရှင်းလင်းစွာမမြင်ရသေးသော်လည်း လက်ဖြင့်အချိန်အတော်ကြာစမ်းသပ်ဖတ်ရှုပြီးနောက်တွင် အသက်ရှုကျင့်စဉ်တစ်မျိုးဖြစ်သည်ကို သိလိုက်သည်။
ထင်းရှီလည်း ဖြစ်လိုရာဖြစ်စေတော့ဟူသည့်သဘောဖြင့် ထိုနည်းလမ်းအတိုင်း လိုက်ပါလေ့ကျင့်လိုက်ရာ သူ၏အတွင်းအားများမှာ ပြန်၍စုစည်းလာသည်ကိုတွေ့လိုက်ရသည် ။
ထင်းရှီလည်း မမျှော်လင့်ထားသည့်ကံကောင်းမှုကြောင့် အားအင်စုစည်းပြီးသည်နှင့် ခြေချိတ်ထိုင်ကာ အတွင်းအားများကို ပြန်လေ့ကျင့်ရင်း အဆိပ်များကို ထိမ်းချုပ်လိုက်သည်။
ထိုလျှို့ဝှက်ခန်းတွင် စိတ်ကိုတင်းကာ ထိုကျင့်စဉ်အတိုင်း အတွင်းအားလေ့ကျင့်ရင်း သူ၏အဆိပ်များကိုပြန်၍ထိမ်းချုပ်နိုင်ရန်ကြိုးစားခဲ့သည် ။
နာရီအတော်အတွင်းအားလေ့ကျင့်ပြီးမှ သူ၏အဆိပ်များကိုပြန်၍ထိမ်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုကျင့်စဉ်ကို သူအချိန်အနည်းငယ်သာလေ့ကျင့်ရသေးသော်လည်း သူ၏အတွင်းအားများကမူ လျှင်မြန်စွာဖြင့်ပြန်၍ တိုးတက်လာသည်။
ထို့ကြောင့်လည်း တစ်ကိုယ်လုံးတွင်ပျံ့နှံ့နေသည့်အဆိပ်များကို ပြန်၍ထိမ်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထင်းရှီမှာ အတွင်းအားလေ့ကျင့်နေစဉ်အတောအတွင်းပြင်ပပတ်ဝန်းကျင်ကို သတိမလွတ်ပေ။
ထို့ကြောင့် ရှန်းယွင်လျှို့ဝှက်ခန်းထဲသို့ရောက်လာခြင်းနှင့် အခန်းထဲတွင် အငြိမ်မနေဘဲ လျှောက်သွားခြင်းကိုပါ သူကောင်းစွာသိသည်။
ထိုမိန်းကလေးမှာ အပြင်ဘက်သို့ထွက်သည့်ခလုပ်ကိုပါရှာဖွေနိုင်ကာ ထွက်လိုက်ဝင်လိုက်လုပ်ကြည့်ခဲ့သေးသည်။
ထင်းရှီလည်း အိပ်ငိုက်ကာခေါင်းတဆက်ဆက်ဖြစ်နေသည့် သူမ၏နှာခေါင်းလေးအား လက်ဖြင့်ဆွဲညစ်ထားလိုက်သည်။
“ ဖူး... ဖလူး... “
“ ဝှီး . ဝုန်း.. “
ရှန်းယွင်မှာ ထင်းရှီအားစောင့်ရင်းအိပ်ငိုက်သွားခြင်းဖြစ်ကာ ရုတ်တရက်သူမ၏နှာခေါင်းကိုတစ်စုံတစ်ယောက်မှပိတ်ဆို့ထားသည့်အတွက် သိုင်းသမားတစ်ယောက်၏ပင်ကိုယ်သိစိတ်အတိုင်း ပြင်းထန်သည့်လက်ဝါးချက်တစ်ချက်ရိုက်ထုတ်လိုက်ခြင်းဖြစ်သည်။
ရှန်းယွင်၏အတွင်းအားများ ပြန်လည်ပြည့်ဝနေပြီဖြစ်သည်ဘအတွက် လက်ဝါးအရှိန်မှာ လွန်စွာပြင်းထန်ကာ ထင်းရှီမှ ဘေးဘက်သို့ကဗျာကယာဆုတ်၍ရှောင်တိမ်းပေးလိုက်သည့်အတွက် လိုဏ်ဂူထဲတွင် အသံအကျယ်ကြီးမည်ဟည်းသွားသည် ။
“ ဟူး.. ကံကောင်းလို့ပါလား “
ထင်းရှီမှာ အိပ်မူးစဝါးဖြစ်နေသည့်မိန်းမလှလေးအားကြည့်ကာ ပင့်သက်ရှိုက်လိုက်မိသည် ။
အကယ်၍ သူမ၏လက်ဝါးချက်သာထိမိပါက အတွင်းအားအသုံးမပြုနိုင်သေးသည့်သူ့အတွက် လုံးဝသက်သာလိမ့်မည်မဟုတ်ပေ။
“ ဟင် အစ်ကိုကြီးထင်း “
ရှန်းယွင်မှ သူမ၏မျက်လုံးလေးများကိုပွတ်သတ်ကာ ပြောလိုက်သည်။ ထို့နောက် ထင်းရှီ၏အနီးသို့တိုးကပ်လာကာ အလျှင်အမြန်စမ်းသပ်လိုက်သည်။
“ ဘယ်လိုနေသေးလဲ ။ ရှင်ပြန်ကောင်းသွားပြီလား ။ အဆိပ်တွေကပြန်ပြီးထသေးလား “
သူမ၏အဆက်မပြက်မေးခွန်းများကြောင့် ထင်းရှီမှာ အနည်းငယ်မူးနောက်နောက်ဖြစ်သွားကာ အလျှင်အမြန် ပြန်၍ဖြေလိုက်သည်။
“ ငါပြန်ကောင်းပါပြီ ။ နောက်ပြီး အဆိပ်တွေကိုလည်း ပြန်ထိမ်းချုပ်နိုင်လိုက်ပြီ “
သူ၏စကားကြောင့်ရှန်းယွင်၏မျက်နှာလေးဝင်းပသွားကာ လွန်စွာဝမ်းမြောက်သွားပုံရသည်။
“ ကောင်းလိုက်တာ။ အစ်ကိုကြီးထင်းကို ကျမပြစရာတစ်ခုရှိသေးတယ် “
ရှန်းယွင်မှ ထင်းရှီအားဆွဲယူကာ လျှို့ဝှက်ခန်း၏ကြမ်းပြင်ကို လက်ညိုးထိုးပြလိုက်သည်။
လရောင်ဖွေးဖွေးအောက်တွင် လူတစ်ယောက်သိုင်းကစားနေဟန်ရုပ်ပုံများမှာ ထင်ရှားလျက်ရှိသည်။
ထိုရုပ်ပုံများကိုမြင်သည်နှင့် ထင်းရှီ၏အကြည့်များမှာ ကြမ်းပြင်တွင်ကော်နှင့်ကပ်ထားသကဲ့သို့ လုံးဝရွေ့လျားခြင်းမရှိတော့ပေ ။။
သူ၏မျက်လုံးများမှာ တောက်ပနေကာ မျက်နှာထက်တွင်လည်း ထူးဆန်းသည့်အမူအယာတစ်ခုရှိနေသည် ။
ရှန်းယွင်မှာ ရုပ်ပုံခြောက်ခုကို နောက်ထပ်တစ်ကြိမ်ပြန်ကြည့်လိုက်သော်လည်း ထူးခြားချက်ကိုမတွ့ပေ။
ရုပ်ပုံများမှာ လူတစ်ဦးဓားကို ရေပြင်ညီပုံစံနှင့် ကိုင်ကာတိုက်ခိုက်ရန်အသင့်ဖြစ်နေပုံ ၊ နောက်ထပ်တစ်ပုံမှာ ဓားဦးကိုအောက်သို့အနည်းငယ်စိုက်ထားကာ ဘယ်ခြေရှေ့တက်၍ သိုင်းဟန်တစ်မျိုးရပ်နေပုံ ၊စသည်တို့ဖြစ်သည်။
သူမမြင်တွေ့ရသည်မှာ ရုပ်ပုံများမှာ အနည်းငယ်ဆန်းပြားကာ သိုင်းလောကအတွင်းမှဓားကွက်များနှင့်အနည်းငယ်ခြားနားခြင်းဖြစ်သည်။
ခြောက်ကွက်မြောက်သိုင်းကွက်၏အောက်တွင်ကား “ အဆုံးစွန်ထိလျှင်မြန်သွားရင် ဘယ်အရာကမှ ခုခံလို့မရနိုင်ဘူး “
ထိုစာတန်းလေးသာရှိသည်။
ဤသည်မှလွဲ၍ အခြားထူးခြားမှုတစ်စုံတစ်ခုကိုရှာမတွေ့ပေ။
အချိန်အနည်းငယ်ကြာမှ ထင်းရှီ၏မျက်နှာမှာ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်သွားသည့်ဟန်ပေါ်လာကာ အူလှိုက်သည်းလှိုက်ရယ်မောလိုက်သည် ။
“ ဟားးဟားး ငါသိပြီ ငါသိပြီ “
ထင်းရှီ၏ရယ်မောသံကြီးမှာ လျှို့ဝှက်ခန်းထဲတွင် ဟိန်းထွက်၍သွားသည် ။
ရှန်းယွင်လည်း မျက်လုံးလေးကလယ်ကလယ်လုပ်ကာ ရုပ်ပုံများကို နောက်ထပ်တစ်ကြိမ်ကြည့်လိုက်သည်။
သို့သော် သူမတစ်စုံတစ်ရာကိုမတွေ့ကသည့်အတွက် မနေနိုင်ဘဲ ထင်းရှီအားမေးလိုက်သည်။
“ အစ်ကိုကြီးထင်း ဒီသိုင်းကွက်တွေက ဒီလောက်ကြီးထူးခြားနေလို့လား “
သူမ၏မေးခွန်းကြောင့်ထင်းရှီလည်း ပြုံးရွှင်နေသည့်မျက်နှာဖြင့်ရှင်းပြလိုက်သည်။
“ ဒီသိုင်းကွက်တွေကိုဓားပညာမှာ အထွတ်အထိပ်ရောက်နေတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်ယောက်က ရေးထွင်းခဲ့တာပဲ ။
သိုင်းကွက်ဟန်တွေက ရိုးစင်းတယ်ဆိုပေမယ့် ဒီဓားကွက်တွေကိုခုခံနိုင်မယ့်လူက သိုင်းလောကမှာ လက်နှစ်ဖက်ပြည့်မှာမဟုတ်ဘူး “
ထင်းရှီ၏စကားကြောင့်ရှန်းယွင်မှာမျက်လုံးလှန်ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။
“ ဒီလောက်လေးကို အစ်ကိုကြီးထင်းကဝမ်းသာနေတာလား ။ ရှင့်ရဲ့သိုင်းပညာနဲ့ဆို နောက်ဆယ်နှစ်လောက်နေရင် သိုင်းလောကရဲ့ပထမဖြစ်မှာပဲ “
သူမ၏စကားကြောင့် ထင်းရှီလည်း ခေါင်းယမ်း၍ဆက်ပြောလိုက်သည် ။
“ အခုငါဝမ်းမြောက်သွားတာက ဒီသိုင်းကွက်တွေကို ရှာတွေ့တဲ့အတွက်ကြောင့် မဟုတ်ဘူး ။
ဒီသိုင်းကွက်တွေထဲက ဓားပညာရဲ့သဘောတရားတစ်ခုကိုတွေ့သွားလို့ပဲ “
ထင်းရှီမှ ပြောရင်းတက်ကြွလာကာ ပထမသိုင်းကွက်ကိုညွန်ပြလိုက်သည်။
“ ဒီသိုင်းကွက်မှာဆိုရင် သူ့ရဲ့ဓားကိုင်ပုံကရိုးစင်းတယ်ဆိုပေမယ့် အဓိကသေကွင်းသေကွက်နေရာခြောက်ခုကို ပြောင်းလဲတိုက်ခိုက်နိုင်တယ်။
ဘယ်သူမှမမြင်နိုင်လောက်တဲ့အမြန်နှုန်းမျိုးနဲ့သာ ရန်သူကဒီသိုင်းကွက်အတိုင်းတိုက်ခိုက်လိုက်ရင် “
ရှန်းယွင်မှာ ထင်းရှီ၏စကားကြောင့် ကျောချမ်းသွားမိကာ ဇာတ်လေးပုသွားတော့သည်။
“ သေသွားမှာပေါ့ “
ထင်းရှီမှာ ကျေနပ်စွာခေါင်းညိမ့်၍ထပ်ပြောလိုက်သည်။
“ တကယ်တမ်းကျ သိုင်းကွက်တွေအမျိုးအစားအများကြီးခွဲထားပေမယ့် အဓိကကျတဲ့နှစ်ခုက သူများကိုတိုက်ခိုက်တာနဲ့ သူများတိုက်ခိုက်တာကို ခုခံတာပဲမဟုတ်လား ။
တကယ်လို့ မင်းကသာဘယ်လိုမှလိုက်မမီနိုင်တဲ့အမြန်နှုန်ုးမျိုးနဲ့တိုက်ခိုက်မယ်ဆိုရင် မင်းရဲ့ရန်သူတွေက ခုခံချိန်တောင်မရလိုက်ဘဲ အသတ်ခံလိုက်ရမယ် “
ထင်းရှီ၏စကားများကြောင့် ရှန်းယွင်လည်း ခေါင်းတညိမ့်ညိမ့်ဖြင့်ရှိနေသည်။
ထင်းရှီမှ သူကိုတစ်ချက်စောင်းကြည့်ကာ မေးလိုက်သည်။
“ နောက်ရက်တွေမှာ ငါ့ရဲ့အဆိပ်တွေကိုကုသရင်းရင်းနဲ့ ဓားပညာကိုပိုပြီးတိုးတက်အောင်လုပ်မယ်လို့ဆုံးဖြတ်ထားတယ်။ ။
မင်းက ဒီချောက်နက်ထဲမှာရက်နည်းနည်းလောက် ထပ်ပြီးဒုက္ခခံနိုင်မှမလား “
ထင်းရှီ၏စကားကြောင့် ရှန်းယွင်လည်း နှစ်ခြိုက်စွာပြုံးလိုက်မိသည်။
“ ကျမအတွက်က ဘယ်နေရာပဲဖြစ်ဖြစ်အရေးမကြီးပါဘူး ။ အရေးကြီးတာက ဘယ်သူနဲ့အတူနေရမလဲဆိုတာပဲ “
ထင်းရှီလည်း စကားတက်လှသည့် မိန်းမလှလေးကိုကြည့်ကာ စိတ်မထိမ်းနိုင်ဘဲ ခပ်တင်းတင်းဖတ်ထားလိုက်မိသည်။