← Chapters

ဓားပညာ၏ သဘောတရားတစ်ခု

Vol. 3 Ch. 221

ဓားပညာ၏ သဘောတရားတစ်ခု

Vol. 3 Ch. 221

အချိန်မှာ တဖြေးဖြေးနှင့်ကုန်လွန်သွားခဲ့သည်။ ထင်းရှီ၏ခန္တာကိုယ်မှာ တစ်ချက် လှုပ်ရှားသွားပြီး အသက်ကိုပြင်းပြင်းမှုတ်ထုတ်ကာ ထိုင်နေရာမှ ထရပ်လိုက်သည်။

သူ၏ရှေ့ဘက်တွင် လိုဏ်ဂူနံရံအားမီကာ အိပ်ငိုက်နေသည့်ရှန်းယွင်ကိုကြည့်ကာ သဘောကျစွာ ပြုံးလိုက်မိသည်။ ။

ထို့အတူ သူ၏စိတ်ထဲတွင်လည်း သက်ပြင်းဖွဖွရှိုက်လိုက်မိသည်။ ယခုတစ်ကြိမ်တွင် သူသေဆုံးရန်အတော်လေးနီးကပ်ခဲ့သည်။

ရှန်းယွင်အားအတွင်းအားဖြင့်အကြောထောက်ကုသပြီးနောက် သူ၏ခန္တာကိုယ်ထဲမှအဆိပ်များမှာ တမဟုတ်ချင်းပျံ့နှံ့သွားကာ သူ၏ခန္တာကိုယ်တစ်ခုလုံးလှုပ်ရှားမရတော့ဘဲ အားအင်ကုန်ခမ်းသွားသည် ။

ကံကောင်းထောင်မ၍ လျှို့ဝှက်ခန်း၏ခလုပ်ကိုလက်‌ဖြင့်ထောက်မိကာ သူ၏ခန္တာကိုယ်မှာ ကျောက်နံရံ၏သယ်ဆောင်မှုကြောင့် လျှို့ဝှက်ခန်းထဲသို့ရောက်ရှိသွားသည် ။

ထင်းရှီမှာ လျှို့ဝှက်ခန်း၏အလယ်တွင် အားအင်လျော့နည်းစွာလဲလျောင်းနေရင်းမှ သူ၏လက်မှာ ‌လိုဏ်ဂူကြမ်းပြင်တွင်ရေးထွင်းထားသည့်စာလုံးအချို့ကို စမ်းသပ်မိလိုက်သည်။

ထိုစာလုံးများကို ရှင်းလင်းစွာမမြင်ရသေးသော်လည်း လက်ဖြင့်အချိန်အတော်ကြာစမ်းသပ်ဖတ်ရှုပြီးနောက်တွင် အသက်ရှုကျင့်စဉ်တစ်မျိုးဖြစ်သည်ကို သိလိုက်သည်။

ထင်းရှီလည်း ဖြစ်လိုရာဖြစ်စေတော့ဟူသည့်သဘောဖြင့် ထိုနည်းလမ်းအတိုင်း လိုက်ပါလေ့ကျင့်လိုက်ရာ သူ၏အတွင်းအားများမှာ ပြန်၍စုစည်းလာသည်ကိုတွေ့လိုက်ရသည် ။

ထင်းရှီလည်း မမျှော်လင့်ထားသည့်ကံကောင်းမှုကြောင့် အားအင်စုစည်းပြီးသည်နှင့် ခြေချိတ်ထိုင်ကာ အတွင်းအားများကို ပြန်လေ့ကျင့်ရင်း အဆိပ်များကို ထိမ်းချုပ်လိုက်သည်။

ထိုလျှို့ဝှက်ခန်းတွင် စိတ်ကိုတင်းကာ ထိုကျင့်စဉ်အတိုင်း အတွင်းအားလေ့ကျင့်ရင်း သူ၏အဆိပ်များကိုပြန်၍ထိမ်းချုပ်နိုင်ရန်ကြိုးစားခဲ့သည် ။

နာရီအတော်အတွင်းအားလေ့ကျင့်ပြီးမှ သူ၏အဆိပ်များကိုပြန်၍ထိမ်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုကျင့်စဉ်ကို သူအချိန်အနည်းငယ်သာလေ့ကျင့်ရသေးသော်လည်း သူ၏အတွင်းအားများကမူ လျှင်မြန်စွာဖြင့်ပြန်၍ တိုးတက်လာသည်။

ထို့ကြောင့်လည်း တစ်ကိုယ်လုံးတွင်ပျံ့နှံ့နေသည့်အဆိပ်များကို ပြန်၍ထိမ်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထင်းရှီမှာ အတွင်းအားလေ့ကျင့်နေစဉ်အတောအတွင်းပြင်ပပတ်ဝန်းကျင်ကို သတိမလွတ်ပေ။

ထို့ကြောင့် ရှန်းယွင်လျှို့ဝှက်ခန်းထဲသို့ရောက်လာခြင်းနှင့် အခန်းထဲတွင် အငြိမ်မနေဘဲ လျှောက်သွားခြင်းကိုပါ သူကောင်းစွာသိသည်။

ထိုမိန်းကလေးမှာ အပြင်ဘက်သို့ထွက်သည့်ခလုပ်ကိုပါရှာဖွေနိုင်ကာ ထွက်လိုက်ဝင်လိုက်လုပ်ကြည့်ခဲ့သေးသည်။

ထင်းရှီလည်း အိပ်ငိုက်ကာခေါင်းတဆက်ဆက်ဖြစ်နေသည့် သူမ၏နှာခေါင်းလေးအား လက်ဖြင့်ဆွဲညစ်ထားလိုက်သည်။

“ ဖူး... ဖလူး... “

“ ဝှီး . ဝုန်း.. “

ရှန်းယွင်မှာ ထင်းရှီအားစောင့်ရင်းအိပ်ငိုက်သွားခြင်းဖြစ်ကာ ရုတ်တရက်သူမ၏နှာခေါင်းကိုတစ်စုံတစ်ယောက်မှပိတ်ဆို့ထားသည့်အတွက် သိုင်းသမားတစ်ယောက်၏ပင်ကိုယ်သိစိတ်အတိုင်း ပြင်းထန်သည့်လက်ဝါးချက်တစ်ချက်ရိုက်ထုတ်လိုက်ခြင်းဖြစ်သည်။

ရှန်းယွင်၏အတွင်းအားများ ပြန်လည်ပြည့်ဝနေပြီဖြစ်သည်ဘအတွက် လက်ဝါးအရှိန်မှာ လွန်စွာပြင်းထန်ကာ ထင်းရှီမှ ဘေးဘက်သို့ကဗျာကယာဆုတ်၍ရှောင်တိမ်းပေးလိုက်သည့်အတွက် လိုဏ်ဂူထဲတွင် အသံအကျယ်ကြီးမည်ဟည်းသွားသည် ။

“ ဟူး.. ကံကောင်းလို့ပါလား “

ထင်းရှီမှာ အိပ်မူးစဝါးဖြစ်နေသည့်မိန်းမလှလေးအားကြည့်ကာ ပင့်သက်ရှိုက်လိုက်မိသည် ။

အကယ်၍ သူမ၏လက်ဝါးချက်သာထိမိပါက အတွင်းအားအသုံးမပြုနိုင်သေးသည့်သူ့အတွက် လုံးဝသက်သာလိမ့်မည်မဟုတ်ပေ။

“ ဟင် အစ်ကိုကြီးထင်း “

ရှန်းယွင်မှ သူမ၏မျက်လုံးလေးများကိုပွတ်သတ်ကာ ပြောလိုက်သည်။ ထို့နောက် ထင်းရှီ၏အနီးသို့တိုးကပ်လာကာ အလျှင်အမြန်စမ်းသပ်လိုက်သည်။

“ ဘယ်လိုနေသေးလဲ ။ ရှင်ပြန်ကောင်းသွားပြီလား ။ အဆိပ်တွေကပြန်ပြီးထသေးလား “

သူမ၏အဆက်မပြက်မေးခွန်းများကြောင့် ထင်းရှီမှာ အနည်းငယ်မူးနောက်နောက်ဖြစ်သွားကာ အလျှင်အမြန် ပြန်၍ဖြေလိုက်သည်။

“ ငါပြန်ကောင်းပါပြီ ။ နောက်ပြီး အဆိပ်တွေကိုလည်း ပြန်ထိမ်းချုပ်နိုင်လိုက်ပြီ “

သူ၏စကားကြောင့်ရှန်းယွင်၏မျက်နှာလေးဝင်းပသွားကာ လွန်စွာဝမ်းမြောက်သွားပုံရသည်။

“ ကောင်းလိုက်တာ။ အစ်ကိုကြီးထင်းကို ကျမပြစရာတစ်ခုရှိသေးတယ် “

ရှန်းယွင်မှ ထင်းရှီအားဆွဲယူကာ လျှို့ဝှက်ခန်း၏ကြမ်းပြင်ကို လက်ညိုးထိုးပြလိုက်သည်။

လရောင်ဖွေးဖွေးအောက်တွင် လူတစ်ယောက်သိုင်းကစားနေဟန်ရုပ်ပုံများမှာ ထင်ရှားလျက်ရှိသည်။

ထိုရုပ်ပုံများကိုမြင်သည်နှင့် ထင်းရှီ၏အကြည့်များမှာ ကြမ်းပြင်တွင်ကော်နှင့်ကပ်ထားသကဲ့သို့ လုံးဝရွေ့လျားခြင်းမရှိတော့ပေ ။။

သူ၏မျက်လုံးများမှာ တောက်ပနေကာ မျက်နှာထက်တွင်လည်း ထူးဆန်းသည့်အမူအယာတစ်ခုရှိနေသည် ။

ရှန်းယွင်မှာ ရုပ်ပုံခြောက်ခုကို နောက်ထပ်တစ်ကြိမ်ပြန်ကြည့်လိုက်သော်လည်း ထူးခြားချက်ကိုမတွ့ပေ။

ရုပ်ပုံများမှာ လူတစ်ဦးဓားကို ရေပြင်ညီပုံစံနှင့် ကိုင်ကာတိုက်ခိုက်ရန်အသင့်ဖြစ်နေပုံ ၊ နောက်ထပ်တစ်ပုံမှာ ဓားဦးကိုအောက်သို့အနည်းငယ်စိုက်ထားကာ ဘယ်ခြေရှေ့တက်၍ သိုင်းဟန်တစ်မျိုးရပ်နေပုံ ၊စသည်တို့ဖြစ်သည်။

သူမမြင်တွေ့ရသည်မှာ ရုပ်ပုံများမှာ အနည်းငယ်ဆန်းပြားကာ သိုင်းလောကအတွင်းမှဓားကွက်များနှင့်အနည်းငယ်ခြားနားခြင်းဖြစ်သည်။

ခြောက်ကွက်မြောက်သိုင်းကွက်၏အောက်တွင်ကား “ အဆုံးစွန်ထိလျှင်မြန်သွားရင် ဘယ်အရာကမှ ခုခံလို့မရနိုင်ဘူး “

ထိုစာတန်းလေးသာရှိသည်။

ဤသည်မှလွဲ၍ အခြားထူးခြားမှုတစ်စုံတစ်ခုကိုရှာမတွေ့ပေ။

အချိန်အနည်းငယ်ကြာမှ ထင်းရှီ၏မျက်နှာမှာ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်သွားသည့်ဟန်ပေါ်လာကာ အူလှိုက်သည်းလှိုက်ရယ်မောလိုက်သည် ။

“ ဟားးဟားး ငါသိပြီ ငါသိပြီ “

ထင်းရှီ၏ရယ်မောသံကြီးမှာ လျှို့ဝှက်ခန်းထဲတွင် ဟိန်းထွက်၍သွားသည် ။

ရှန်းယွင်လည်း မျက်လုံးလေးကလယ်ကလယ်လုပ်ကာ ရုပ်ပုံများကို နောက်ထပ်တစ်ကြိမ်ကြည့်လိုက်သည်။

သို့သော် သူမတစ်စုံတစ်ရာကိုမတွေ့ကသည့်အတွက် မနေနိုင်ဘဲ ထင်းရှီအားမေးလိုက်သည်။

“ အစ်ကိုကြီးထင်း ဒီသိုင်းကွက်တွေက ဒီလောက်ကြီးထူးခြားနေလို့လား “

သူမ၏မေးခွန်းကြောင့်ထင်းရှီလည်း ပြုံးရွှင်နေသည့်မျက်နှာဖြင့်ရှင်းပြလိုက်သည်။

“ ဒီသိုင်းကွက်တွေကိုဓားပညာမှာ အထွတ်အထိပ်ရောက်နေတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်ယောက်က ရေးထွင်းခဲ့တာပဲ ။

သိုင်းကွက်ဟန်တွေက ရိုးစင်းတယ်‌ဆိုပေမယ့် ဒီဓားကွက်တွေကိုခုခံနိုင်မယ့်လူက သိုင်းလောကမှာ လက်နှစ်ဖက်ပြည့်မှာမဟုတ်ဘူး “

ထင်းရှီ၏စကားကြောင့်ရှန်းယွင်မှာမျက်လုံးလှန်ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

“ ဒီလောက်လေးကို အစ်ကိုကြီးထင်းကဝမ်းသာနေတာလား ။ ရှင့်ရဲ့သိုင်းပညာနဲ့ဆို နောက်ဆယ်နှစ်လောက်နေရင် သိုင်းလောကရဲ့ပထမဖြစ်မှာပဲ “

သူမ၏စကားကြောင့် ထင်းရှီလည်း ခေါင်းယမ်း၍ဆက်ပြောလိုက်သည် ။

“ အခုငါဝမ်းမြောက်သွားတာက ဒီသိုင်းကွက်တွေကို ရှာတွေ့တဲ့အတွက်ကြောင့် မဟုတ်ဘူး ။

ဒီသိုင်းကွက်တွေထဲက ဓားပညာရဲ့သဘောတရားတစ်ခုကိုတွေ့သွားလို့ပဲ “

ထင်းရှီမှ ပြောရင်းတက်ကြွလာကာ ပထမသိုင်းကွက်ကိုညွန်ပြလိုက်သည်။

“ ဒီသိုင်းကွက်မှာဆိုရင် သူ့ရဲ့ဓားကိုင်ပုံကရိုးစင်းတယ်ဆိုပေမယ့် အဓိကသေကွင်းသေကွက်နေရာခြောက်ခုကို ပြောင်းလဲတိုက်ခိုက်နိုင်တယ်။

ဘယ်သူမှမမြင်နိုင်လောက်တဲ့အမြန်နှုန်းမျိုးနဲ့သာ ရန်သူကဒီသိုင်းကွက်အတိုင်းတိုက်ခိုက်လိုက်ရင် “

ရှန်းယွင်မှာ ထင်းရှီ၏စကားကြောင့် ကျောချမ်းသွားမိကာ ဇာတ်လေးပုသွားတော့သည်။

“ သေသွားမှာပေါ့ “

ထင်းရှီမှာ ကျေနပ်စွာခေါင်းညိမ့်၍ထပ်ပြောလိုက်သည်။

“ တကယ်တမ်းကျ သိုင်းကွက်တွေအမျိုးအစားအများကြီးခွဲထားပေမယ့် အဓိကကျတဲ့နှစ်ခုက သူများကိုတိုက်ခိုက်တာနဲ့ သူများတိုက်ခိုက်တာကို ခုခံတာပဲမဟုတ်လား ။

တကယ်လို့ မင်းကသာဘယ်လိုမှလိုက်မမီနိုင်တဲ့အမြန်နှုန်ုးမျိုးနဲ့တိုက်ခိုက်မယ်ဆိုရင် မင်းရဲ့ရန်သူတွေက ခုခံချိန်တောင်မရလိုက်ဘဲ အသတ်ခံလိုက်ရမယ် “

ထင်းရှီ၏စကားများကြောင့် ရှန်းယွင်လည်း ခေါင်းတညိမ့်ညိမ့်ဖြင့်ရှိနေသည်။

ထင်းရှီမှ သူကိုတစ်ချက်စောင်းကြည့်ကာ မေးလိုက်သည်။

“ နောက်ရက်တွေမှာ ငါ့ရဲ့အဆိပ်တွေကိုကုသရင်းရင်းနဲ့ ဓားပညာကိုပိုပြီးတိုးတက်အောင်လုပ်မယ်လို့ဆုံးဖြတ်ထားတယ်။ ။

မင်းက ဒီချောက်နက်ထဲမှာရက်နည်းနည်းလောက် ထပ်ပြီးဒုက္ခခံနိုင်မှမလား “

ထင်းရှီ၏စကားကြောင့် ရှန်းယွင်လည်း နှစ်ခြိုက်စွာပြုံးလိုက်မိသည်။

“ ကျမအတွက်က ဘယ်နေရာပဲဖြစ်ဖြစ်အရေးမကြီးပါဘူး ။ အရေးကြီးတာက ဘယ်သူနဲ့အတူနေရမလဲဆိုတာပဲ “

ထင်းရှီလည်း စကားတက်လှသည့် မိန်းမလှလေးကိုကြည့်ကာ စိတ်မထိမ်းနိုင်ဘဲ ခပ်တင်းတင်းဖတ်ထားလိုက်မိသည်။

All Chapters