← Chapters

ပထမဆုံးတိုက်ပွဲ

Vol. 3 Ch. 223

ပထမဆုံးတိုက်ပွဲ

Vol. 3 Ch. 223

“ ကဲ စလိုက်ကြတာပေါ့ “

နှင်းငွေ့မိစ္ဆာသခင်မှ ဖြေးညင်းစွာပြောလိုက်သည်။ သူ၏လေသံမှာ သာမန်ပုံစံဖြင့်ပြောခြင်းဖြစ်သော်လည်း တောင်ကုန်းပေါ်ရှိသိုင်းသမားအားလုံး ရှင်းလင်စွာကြားလိုက်ရသည် ။

“ ကောင်းလိုက်တဲ့အတွင်းအား ။ သူကသိုင်းဝိဇ္ဇာအဆင့်ကိုရောက်နေပြီးပြီ “

မျက်စေ့ကိုစုံမှိတ်ကာ ဘုရားကျမ်းစာများကို ခပ်တိုးတိုးရွတ်ဆိုနေသည့် ရှောင်လင်ဒုတိယကျောင်းထိုင် ရွှမ်းချန်ကိုယ်တော်မှဆိုလိုက်သည် ။

သူ၏စကားမှာ အားလုံးမျှော်လင့်ပြီးဖြစ်သည် ။အနည်းဆုံးသိုင်းဝိဇ္ဇာအဆင့်တစ်ယောက်မဟုတ်ပါက ခရမ်းရောင်သွေးလဂိုဏ်း၏ဂိုဏ်းချုပ်၏ခေါ်ဆိုရန်ထိုက်တန်မည်မဟုတ်ပေ။

ကောလဟာလများအရ ခရမ်းရောင်သွေးလဂိုဏ်းတွင် သိုင်းဝိဇ္ဇာအဆင့်ဘုရင်ငါးယောက်ရှိသည်ဟုဆိုကြသည်။ သို့သော် ယနေ့တစ်ယောက်မှပါမလာပေ။

လူများမှာ အတွေးကိုယ်စီဖြင့်ရှိနေကြစဉ် နှင်းငွေ့မိစ္ဆာသခင်မှ ဆက်ပြောလိုက်သည်။

“ ဒီနေ့ ကျုပ်တို့ခရမ်းရောင်သွေးလဂိုဏ်းက ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုဖိတ်ခေါ်ပြီး အဖြးအနက်နှိုင်းယှဉ်ပွဲပြုလုပ်ခဲ့တယ် ။

တကယ်တမ်းကျ ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲကန့်သတ်ထားတာမဟုတ်ပါဘူး။ ဒီတောင်ကုန်းပေါ်မှာရှိတဲ့လူတွေအကုန်လုံး ကျုပ်တို့ဆရာတပည့်သုံးယောက်ထဲက ကြိုက်တဲ့လူကိုစိန်ခေါ်တိုက်ခိုက်နိုင်တယ် “

ဝင့်ကြွားခြင်း ။

မှန်ပေသည်။ ‌အဆုံးစွန်မောက်မာခြင်းနှင့် ဝံ့ကြွားခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုစကားများထဲမှ လွန်ကဲသည့်ယုံကြည်မှုကိုလည်းတွေ့ရနိုင်သည်။

သူ၏စကားမှာ တောင်ကုန်းပေါ်မှလူများအားလုံးကို သိမ်းကျုံး၍စိန်ခေါ်လိုက်ခြင်းဖြစ်သည် ။တစ်နည်းအားဖြင့် ထိုလူများ၏မျက်နှာကိုဖျတ်ရိုက်လိုက်ခြင်းနှင့်မခြားပေ။

နှင်းငွေ့မိစ္ဆာသခင်မှာ ထိုစကားများကိုပြောဆိုပြီး သူ၏မျက်လုံးများမှာ ပို၍တောက်ပလာသလိုပင်ထင်ရသည် ။

ဝမ်းတနှင့်ဝမ်းတုတို့မှာလည်း သွေးဆာသည့်အကြည့်များဖြင့်တောင်ကုန်းထက်မှလူများအား သားရဲများကဲ့သို့ လိုက်လံကြည့်ရှုနေကြသည်။

တောင်ကုန်းပေါ်ရှိသိုင်းသမားများမှာ ဒေါသထောင်းခနဲထွက်သွားကြသော်လည်း မည်သူမှရှေ့သို့ချက်ခြင်းတက်မလာပေ။

ထိုလူများမှာ ဉာဏ်နည်းသည့်လူများမဟုတ်သည့်အတွက် မှန်းဆမရနိုင်ဘဲ သိုင်းပညာလွန်စွာနက်ရှိုင်းသည့် နှင်းငွေ့မိစ္ဆာသခင်ကိုစိန်မခေါ်ဝံ့ကြပေ။

ကံကောင်းထောက်မ၍အနိုင်ရခဲ့လျှင် နာမည်တဟုန်ထိကျော်ကြားသွားမည်ဖြစ်သော်လည်း ရှုံးနိမ့်ပါက ပေးဆပ်ရမည်မှာ သူတို့၏အသက်သာဖြစ်သည်။

ထိုအခြေအနေမျိုးတွင် မည်သူမှရှေ့ထွက်၍ အကဲမစမ်းလိုကြပေ။

တစ်ဖက်တွင် ဝမ်းတုနှင့်ဝမ်းတဆိုသည်မှာ နဂါးစိမ်းဂိုဏ်းက အလိုအရှိဆုံးစာရင်း အနီရောင်သတ်မှတ်ချက်တွင် အသက်အငယ်ဆုံးလူများအဖြစ် ရှိနေကြသည် ။

ဤသည်ကပင် သူတို့နှစ်ဦးမည်မျှအန္တရာယ်များသည်ကို သိရှိနိုင်သည်။

အကယ်၍ သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ယောက် မှ ဝမ်းတုနှင့်ဝမ်းတကိုစိန်ခေါ်တိုက်ခိုက်ပါက ကျိမ်းသေအနိုင်ရမည်ဖြစ်သည် ။

သို့သော် မည့်သည့်သိုင်းဝိဇ္ဇာကမှ သူတို့၏မျက်နှာကို ဂရုမစိုက်ဘဲ လူငယ်မျိူးဆက်များကို စိန်ခေါ်တိုက်ခိုက်မည်မဟုတ်ပေ။

သိုင်းဝိဇ္ဇာအဆင့်များမှာ သိုင်းလောကအတွင်း နဂါးများကဲ့သို့လွန်စွာရှားပါကာ ဂုဏ်သိက္ခာကြီးမြက်သူများဖြစ်ကြသည် ။

“ ဆရာ တပည့်ကိုတိုက်ခွင့်ပေးပါ “

ဝူတန်းဂိုဏ်းသားများထဲမှ အနည်းငယ် အက်ရှရှနိုင်သည့်အသံတစ်ခုထွက်ပေါ်လာသည် ။

ဝူတန်းဂိုဏ်းချုပ်ကြီး ကျန်းဟုန်းချင်မှ ထိုဂိုဏ်းသားကို စူးစိုက်ကြည့်ကာ ခေါင်းညိမ့်ပြလိုက်သည် ။

လူအများ၏အာရုံမှာ ထိုဂိုဏ်းသားဆီသို့ စုပြုံကျရောက်သွားကြသည်။ ရှေ့ထွက်တိုက်ခိုက်ရန် ဝန်လေးနေကြသည့်တိုက်ပွဲတွင် မည်သူမှဦးစွာတိုက်ခိုက််မည်ကို သူတို့သိလိုကြသည်။

အဖြူရောင်ဝတ်စုံနှင့် ဓားကိုကျောတွင်သိုင်းလွယ်ထားသည့်လူရွယ်တစ်ယောက်မှာ ရှေ့သို့တိုးထွက်လာသည် ။

ထိုလူရွယ်မှာ အသက်များစွာမကြီးသေးဘဲ ဝမ်းတတို့နှင့်မတိမ်းမယိမ်းသာရှိသည် ။

သူ၏အဖြူရောင်ဝတ်စုံမှာ ရှင်းသန့်နေသော်လည်း လူရွယ်၏မျက်နှာက ခတ်ထန်မာကျောနေကာ ငရဲဓားဝမ်းတုအား သတ်ဖြတ်လိုသည့်အကြည့်ဖြင့်ကြည့်နေသည် ။

ဝမ်းတုသည်လည်း ထိုလူငယ်ရည်ရွယ်သည်ကသူ့ကိုဖြစ်သည်ဟုသိလိုက်ကာ အသာရှေ့ထွက်လိုက်သည်။

ထိုလူရွယ်မည်သည့်အတွက် သူ့ကိုသတ်ဖြတ်လိုသည်ကို သူ မသိသော်လည်း ဂရုစိုက်နေမည်လည်းမဟုတ်ပေ။

ယနေ့တွင် သူတို့အားစိန်ခေါ်လာမည့်လူများကိုတစ်ယောက်မကျန်သတ်ဖြတ်ကာ ခရမ်းရောင်သွေးလဂိုဏ်း၏ဩဇာကိုထူထောင်ရန်ကြံရွယ်ထားသည်။

တောင်ကုန်းငယ်လေး၏အလယ်မြေကွက်လပ်တွင် သိုင်းသမားလူရွယ်နှစ်ဦးမျက်နှာချင်းဆိုင်မိကြသည် ။

ကျန်ရှိနေသည့်လူများမှာ ခပ်ဝေးဝေးတွင်ရှိနေကြကာ ယှဉ်ပြိုင်တိုက်ခိုက်ရန်ကျယ်ဝန်းသည့်နေရာလပ်တစ်ခုဖန်တီးပေးထားကြသည်။

“ ဝမ်းတု မင်းကိုငါသတ်မယ် ညီမလျှံအတွက် မင်းကိုငါသတ်မယ် “

လူရွယ်မှ အေးစိမ့်နေသည့်လေသံဖြင့်ပြောလိုက်သည့်အတွင် ဝမ်းတုပင်အနည်းငယ်ခေါင်းရှုပ်သွားမိသည် ။

ထိုလူရွယ်အား သူမပထမဦးဆုံးအကြိမ်အဖြစ်တွေ့ဖူးခြင်းဖြစ်သော်လည်း လူရွယ်မှသူ့အား ကမ္ဘာမကြေရန်သူတော်ကြီးကဲ့သို့ပြမူနေသည်။

ဝမ်းတုလည်း စိတ်ရှုပ်ရှုပ်ဖြင့် တင်းမာစွာပြောလိုက်သည်။

“ ညီမလျှံဆိုတာ ဘယ်သူလဲငါမသိဘူး မင်းငါ့ကိုသတ်ချင်ရင် သောက်ပါးစပ်ကိုပိတ်ထားပြီး လာသတ်လှည့် “

ဝမ်းတု၏စကားဆုံးသည်လည်း အလင်းတန်းတစ်ချက်လက်သွကာ ဝမ်းတုဆီသို့ ထက်ရှသည့်ဓားတစ်ချောင်းတိုးဝင်လာသည် ။

လူရွယ်၏နောက်ကျောမှာဓားမှာ မျက်လှည့်ပြလိုက်သလို သူ၏လက်ထဲသို့ရောက်လာကာ ဝမ်းတုအား လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ခုတ်ပိုင်းလိုက်သည်။

ဝမ်းတုလည်း ခေသူမဟုတ်သည့်အတွက် လူရွယ်၏ဓားတိုးဝင်လာသည်နှင့် ချက်ခြင်းပင်သူ၏ဓားဖြင့်ထိတ်တိုက်ရင်ဆိုင်လိုက်သည်။

“ ချွမ်း.. “

ကျယ်လောင်သည့်အသံနှင့်အတူ ပထမဦးဆုံးတိုက်ပွဲမှာ ခပ်ကြမ်းကြမ်းစတင်လိုက်ပြီးဖြစ်သည် ။

လူရွယ်မှ ဝမ်းတုအား တရကြမ်းလိုက်လံတိုက်ခိုက်နေသလို ဝမ်းတုမှလည်း တစ်ကွက်ဆို ဆိုသလောက်ပြင်းထန်ရက်စက်သည့်ဓားကွက်များဖြင့်တုံ့ပြန်တိုက်ခိုက်နေသည်။

သူတို့နှစ်ဦး၏တိုက်ပွဲမှာ လက်ရည်ညီနေသကဲ့သို့ဖြစ်ကာ တစ်ဦးကိုတစ်ဦးအသာစီးမရကြသေးပေ။

အထူးသဖြင့် တိုက်ပွဲစသည့်အချိန်မှစ၍ လူရွယ်၏ပုံစံမှာ အသက်ကိုပဓာနမထားဘဲ တရကြမ်းတိုက်ခိုက်နေသဖြင့် လူအများမှာ အံ့အားသင့်နေကြသည်။

“ အစ်ကိုကြီးက ဒီနေ့မှဘာဖြစ်နေတာလဲ “

“ ဟုတ်တယ် သူ့ကိုကြည့်ရတာ ဒေါသတကြီးအကျယ်ထွက်နေပုံပဲ “

ဝူတန်းဂိုဏ်းသားများမှာ အချင်းချင်းတီးတိုးပြောဆိုနေကြသည် ။

ခွန်လွန်ဂိုဏ်းချုပ်မာရှောင်ကျင်းနှင့် ဝါဆန်းဂိုဏ်းချုပ်လျှပ်စီးဓားရှင်တို့ပင် ဝူတန်းဂိုဏ်းချုပ်ရသေ့ကြီးအား အံ့ဩသလိုကြည့်လာသည်။

“ ဂိုဏ်းချုပ်ကျန်း မင်းရဲ့တပည့်က စိတ်ခံစားချက်တွေပြင်းထန်နေသလားလို့ “

ဝါဆန်းဂိုဏ်းချုပ် လျှပ်စီးဓားရှင်မှ မနေနိုင်ဘဲပြောလိုက်မိသည်။

ဝူတန်းဂိုဏ်းချုပ်ကြီးမှာ လျှပ်စီးဓားရှင်၏စကားကြောင့် တိုက်ပွဲဆီမှအကြည့်လွှဲ၍ ခေါင်းယမ်းလိုက်သည် ။

“ ဒီကလေးက ဝမ်းတုကိုသတ်ချင်တဲ့စိတ်ကြီးမားလွန်းနေတယ်။ ဒါပေမယ့် သူတို့ရဲ့အဆင့်ကနည်းနည်းကွာခြားနေတယ်။

အခုအချိန်အထိလက်ရည်ညီနေရတာလဲ ဝမ်းတုက နောက်ထပ်တိုက်ပွဲတွေလာနိုင်သေးလို့ အင်အားကိုချွေတာပြီး ဒဏ်ရာမရအောင်ဂရုစိုက်နေတာကြောင့်ပဲ “

ဝူတန်းဂိုဏ်းချုပ်ကြီး၏စကားကြောင့် ခွန်လွန်ဂိုဏ်းချုပ်မာရှောင်ကျင်းမှ အံ့ဩစွာမေးလိုက်သည်။

“ ဂိုဏ်းချုပ်ကြီး ဒါဆိုရင် ခင်ဗျားရဲ့တပည့်မနိုင်ဘူးဆိုတာ သိရက်နဲ့ခွင့်ပြုပေးခဲ့တာပေါ့ “

သူစကားကြောင့် ဝူတန်းဂိုဏ်းချုပ်ကြီးမှ ဖြေးညင်းစွာပြန်ဖြေလိုက်သည် ။

“ သူ့ရဲ့စိတ်အခြေအနေက ပုံမှန်မဟုတ်ဘဲနဲ့ တစ်ခုခုပြောင်းလဲနေတယ်ဆိုတာ ကျုပ်ရိပ်မိပါတယ်။ သူဒီနေ့ ဝမ်းတုကိုအနိုင်မရနိုင်ဘူးဆိုတာလဲ ကျုပ်ခန့်မှန်းမိတယ် ။

ဒါပေမယ့် ကျုပ်သူ့ကိုဟန့်တားလိုက်ရင် ဒီကိစ္စက သူ့ရဲ့ရင်ထဲမှာ အထုံးတစ်ခုဖြစ်သွားပြီး သူ့ရဲ့လမ်းကြောင်းကိုပိတ်ဆို့လိမ့်မယ်။

ဒါဆိုရင်သူဘယ်လောက်ပဲလေ့ကျင့်လေ့ကျင့် ရှေ့ဆက်မတတ်နိုင်ဘဲဖြစ်သွားလိမ့်မယ်။

ဓားသမားတစ်ယောက်က ခိုင်မာပြီး မယိုင်မလဲပြတ်သားတဲ့စိတ်ဓာတ်ရှိဖို့လိုတယ် ။ သေတာရှင်တာကတော့ သူ့ရဲ့ကံတရားပေါ့ “

ဝူတန်းဂိုဏ်းချုပ်ကြီးမှ စိတ်မကောင်းသည့်ဟန်ဖြင့်ပြောကာ တိုက်ပွဲအားပြန်ကြည့်လိုက်သည် ။

မာရှောင်ကျင်းနှင့် လျှပ်စီးဓားရှင်တို့မှာ ဝူတန်းဂိုဏ်းချုပ်ကြီး၏စကားများကြောင့် တစ်ယောက်မျက်နှာ‌တစ်ယောက်ကြည့်ကာခေါင်းညိမ့်လိုက်ကြမိသည်။

ထိုအချိန်တွင် တိုက်ပွဲမှ ဆက်၍ဖြစ်ပွားနေဆဲဖြစ်သည်။

ဝူတန်းဂိုဏ်းမှလူရွယ်မှ ဒေါသတကြီးတိုက်ခိုက်နေသော်လည်း သူ၏ဓားသိုင်းမှာတော့ လွန်စွာကောင်းမွန်ပေသည်။

ထိုက်ကျိဓားသိုင်းမှာ တိုက်စစ်ခံစစ်မျှတကာ ဟာကွက်နည်းပါးလှသည့်ဓားသိုင်းပင်ဖြစ်သည်။ သို့မဟုတ်ပါက ထိုဓားသိုင်းဖြင့် ထိုက်ကျိဓားစန်းဟုန်းလျန်ဟု နာမည်ကျော်လာနိုင်မည်မဟုတ်ပေ။

All Chapters